Chapter 99
ချီရှင်းချန် ပိုင်ရဲ့ ရုတ်တရက် စိတ်ပြောင်းသွားပြီး သူ့ကို လာကြိုလိုသည့် အကြောင်းရင်းကို မသိပါချေ။
ပိုင်ရဲ့၏ ကမ်းလှမ်းချက်ကို သူ အမြန် ငြင်းပယ်ခဲ့ပါသည်။
[အစ်မအန်းရန်က ကျွန်တော့်ကို လာကြိုဖို့ ကားတစ်စီးလွှတ်ပေးဖို့ ပရိုဂရမ်အဖွဲ့ကို အကြောင်းကြားထားတယ်...ကောက ကိုယ့်အလုပ်နဲ့ကိုယ်တောင်အလုပ်များနေတဲ့ဟာကို]
ပိုင်: [လေယာဥ်ဆင်းချိန်]
ရှင်းရှင်း: [ကောတကယ်လုပ်စရာမလိုဘူးလို့!]
ပိုင်ရဲ့ :[ငါ အလုပ်မရှုပ်ပါဘူး]
ပြောစရာရှိသည်က သူတို့နှစ်ယောက် ခွဲရသည်မှာ တစ်ပတ်နီးပါးရှိပြီဖြစ်၏။ပိုင်ရဲ့ကို သူ S City ကို ရောက်ပြီးပြီးချင်း တွေ့နိုင်လျှင်...တကယ်ကောင်းမည်ပင်။
ချီရှင်းချန် သေသေချာချာ မေးလိုက်သည်။
[တကယ်လား?]
ပိုင်: [အင်း]
ရှင်းရှင်း :[ခေါင်းကြီးပိုင်းသတင်းတွေ ထပ်ဖြစ်မှာမကြောက်ဘူးလား]
ပိုင်ရဲ့က နှာမှုတ်လိုက်သည်။
ပိုင် : [ငါက ဘာတစ်ခုမှ မကြောက်တတ်ဘူး]
သူက အသက် 17 နှစ်မှာ ပွဲဦးထွက်ပြီး ရှစ်နှစ်နီးပါးကြာခဲ့ပြီဖြစ်၏။ပိုင်ရဲ့အနေဖြင့် အရာအားလုံးကို တွေ့ကြုံခံစားခဲ့ပြီး အရာအားလုံးကို ကျောဖြတ်နိုင်ခဲ့သည်။
အမှန်ပင် သူက အကြောက်အရွံ့မရှိခြင်းဖြစ်၏။
ချီရှင်းချန်၏ နှလုံးသားလေး တုန်ရီသွားပြီး လေယာဉ်လက်မှတ်ပုံကို နာခံစွာ ပို့ပေးလိုက်သည်။
ပျံသန်းချိန်က မနက်ကိုးနာရီဖြစ်၏။ချီရှင်းချန် အစောဆုံးလေယာဉ်ကို တမင်တကာ ရွေးချယ်ခဲ့သည်။သူ မနက်ခြောက်နာရီမှာ အိပ်ရာကနိုးပြီး ရေချိုးခဲ့သည်။ ခုနစ်နာရီတွင် မနက်စာစားရန် အောက်ထပ်သို့ဆင်းလာသောအခါ၊ချီကျားကျစ် အပါအဝင် ချီတစ်မိသားစုလုံးက သူ့ကိုကြည့်ကာ တပြိုင်တည်း ဝိုးခနဲပြုလိုက်ကြသည်။
ချီရှင်းချန်: "...ဘာတွေလုပ်နေတာလဲ"
"မင်းရဲ့ ချောမောမှုကြောင့် ငါတို့မှင်သက်သွားတာ"
ချီကျားကျစ်က ကြီးကြီးကျယ်ကျယ် ချဲ့ကားပြောလေသည်။
ချီရှင်းချန်: "…"
သူပုံစံက များသောအားဖြင့် လေယာဉ်စီးပြီးနောက် ပုံပန်းမကျဖြစ်သွားတတ်သည်။ယခု ပိုင်ရဲ့နှင့် တွေ့တော့မည်ဖြစ်၍ သေချာပေါက် သူ... သပ်ရပ်နေမှရမည်။
"ကော...မင်း ကျောင်းမှာ ဖန်တွေ ပိုများလာတာ အံ့သြစရာမဟုတ်ဘူးပဲ"
ချီကျားကျစ် ဒေါသတကြီးပြောသည်။
"နေ့တိုင်း ဖိုရမ်မှာ မင်းကို လောင်ကုန်းရေ ကောကောရေနဲ့ ခေါ်ကြတယ်...မင်းရဲ့ညီအစစ်က ဘယ်သူလဲဆိုတာတောင် မသိကြဘဲနဲ့"
သည်ကောင်လေးက သူ့ဖန်တွေကို တကယ်မနာလိုဖြစ်နေသည်။ချီရှင်းချန် ရယ်ရမလား ငိုရမလား မသိ။
ချီကျားကျစ်က သူ့ကိုတွေ့ဖို့ မနက်အစောကြီး အိပ်ရာထဲကုန်းရုန်းထွက်ပြီးရောက်လာသည်ကို တွေ့လိုက်ရသောအခါ ချီရှင်းချန် အပြစ်မဆိုဘဲ သူ့ခေါင်းကို အကြိမ်ရေအနည်းငယ် ပွတ်သပ်ပေးလိုက်သည်။ ချက်ခြင်းထမင်းစားပြီးသည်နှင့် သူခရီးဆောင်အိတ်ကို ကားပေါ်တင်လိုက်၏။
ထို့နောက် ချီကျားကျစ်၊ ချီယွီကျီး၊ ချီယွမ်ရှောင် နှင့် အဖေချီတို့သည် တစ်ယောက်ပြီးတစ်ယောက် ကားပေါ်တက်လာခဲ့သည်။
မိသားစုနှင့်ခွဲခွာခဲ့ရသည့် ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်ရခြင်း၏ ဝမ်းနည်းမှုကို သူ လေးလေးနက်နက် ခံစားခဲ့ရသည်။
S City သည် H City နှင့် မဝေးပါချေ။ တစ်ရေးတစ်မော အိပ်ပြီးနောက် လေယာဉ်က မြေပြင်ပေါ်သို့ ဆင်းသက်နေပြီဖြစ်သည်။
ချီရှင်းချန် အိပ်ချင်မူးတူး ထထိုင်လိုက်သည်။ စက္ကန့်အနည်းငယ်ကြာပြီးနောက် သူရုတ်တရက် အန်းရန်ကို လှမ်းဆွဲလိုက်သည်။
"ကျွန်တော့်ဆံပင်တွေရှုပ်နေလား"
"မရှုပ်ဘူး... မရှုပ်ဘူး...နင် အရမ်းကြည့်ကောင်းနေတယ်"
အန်းရန်က ဝမ်းသာအားရ ပြော၏။
"နင့်ရဲ့ပုံရိပ်ကိုထိန်းသိမ်းဖို့ ပိုသိလာတာပဲ...မဆိုးဘူး.."
ချီရှင်းချန် အနည်းငယ်ရှက်သွားပြီး သူ့မျက်လုံးများက ဟိုကြည့်သည်ကြည့်ဖြစ်သွားသည်။
"ကျွန်တော့်ရဲ့မသပ်မရပ်ဘက်ခြမ်းကို ဖန်တွေကို ပြတာက အဆင်မပြေဘူးဆိုတာ ကျွန်တော်သိပါတယ်…ထတော့ အစ်မအန်းရန်...လေယာဥ်ဆင်းပြီ"
"ဘာတွေ အလျင်လိုနေတာလဲဟယ်"
ချီရှင်းချန် အန်းရန်၏မြည်တွန်တောက်တီးသံကို မကြား ဟန်ဆောင်ကာ ခရီးဆောင်အိတ်တင်ချားဆီသို့ ပြေးသွားခဲ့သည်။ ခရီးဆောင်အိတ်ကို ယူပြီးနောက် သူမကို မနေနိုင်ဘဲတိုက်တွန်းလိုက်၏။
"ကျွန်တော့်ကို ခရီးဆောင်အိတ် ပေး... မြန်မြန်လုပ်"
"မရဘူး...ကုမ္ပဏီက နင့်ကို နှိပ်ဆက်တယ်လို့ဖန်တွေက ပြောလိမ့်မယ်...ငါ့ဘာသာပဲ ယူမယ်"
"ကျဲကလည်း...ပွစိပွစိလုပ်နေတာကို
ရပ်လိုက်ပါဗျာ...ယောက်ျားလေးတွေက မိန်းကလေးတွေကို ဂရုစိုက်သင့်တယ်..."
အန်းရန်က သူနှင့် နှစ်ချီတိတိ တိုက်ခိုက်ခဲ့သည်။ သူမက သူလောက် မသန်မာသည့်အတွက် နောက်ဆုံးမှာ ရှုံးခဲ့သည်။ သူမ ဒေါက်မြင့်ဖိနပ်စီးကာ သူ့နောက်ကနေ လိုက်လာခဲ့သည်။
ဆိုက်ရောက် ဂိတ်ပေါက်ကို ရောက်သောအခါ သူမ၏အနုပညာရှင် အဘယ်ကြောင့် ဤမျှ အလျင်လိုနေသည်ကို ရုတ်တရက် သဘောပေါက်သွားသည်။
ဆိုက်ရောက် ဂိတ်အပြင်ဘက်တွင် ယောက်ျားလေး၊ မိန်းကလေး၊ ညီအကို မောင်နှမများ၊ ဦးလေးများနှင့် အဒေါ်များ ဝိုင်းရံနေသော လူငယ်တစ်ဦး။ တစ်ချို့က သူ၏လက်မှတ်အတွက် အော်ဟစ်ပြီး ဓာတ်ပုံရိုက်ရန် ဖုန်းကိုင်ထားကြသည်။
အချို့က ချီရှင်းချန်ဟူသော မီးလင်းဆိုင်းဘုတ်များကိုပင် ကိုင်ဆောင်ထားကြပြီး လူအုပ်ကြားတွင်ညပ်နေသည်။ ရှင်းရှင်းပြောရလျှင် သူတို့က ချီရှင်းချန်ကို လာကြိုရန် ရောက်လာခဲ့မှန်း ထင်ရှား၏။ သို့သော် ဘုရားဖူးရင်းလိပ်ဥပါတူးနိုင်ခဲ့ကြသည်။ တကယ့်ကို စပရိုက်ကြီးပါပင်။
အန်းရန် ခဏလောက် အံ့အားသင့်သွားပြီးမေးသည်။
"ရဲ့ကောက ရိုက်ကူးရေးအဖွဲ့ထဲမှာ မဟုတ်ဘူးလား...သူက ဘာလို့ လေဆိပ်မှာ ရောက်နေတာလဲ"
ချီရှင်းချန်က သူမထက်ပင် ပို၍ စိတ်ရှုပ်ထွေးနေခဲ့သည်။
"သူ့ကိုလာကြိုမည်" ဟုပြောသောအခါ ပိုင်ရဲ့က ကားပါကင်၌ စောင့်နေသည်ဟု သူထင်ခဲ့သည်။
ဒီလူက ဆိုက်ရောက် ဂိတ်အပြင်မှာ ဒီလောက် ပြောင်ပြောင်တင်းတင်း ရပ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...
သူက ဒီအတိုင်ကြီး ဓာတ်ပုံအရိုက်ခံရအောင် ရပ်စောင့်နေတယ်...
အန်းရန် နားမလည်ဖြစ်နေတုန်းဖြစ်သည်ကို မြင်သောအခါ ချီရှင်းချန် ချောင်းဟန့်ပြီးဖြေလိုက်သည်။
"သူက ကျွန်တော့်ကိုလာကြိုဖို့ရောက်နေတာ
အန်းရန်: "... ဘာရယ်"
ပိုင်ရဲ့ လူတိုးခံရမည်ကိုစိုးရိမ်သည့်အပြင် အများပြည်သူ၏နေ့စဥ်ဘဝကို ထိခိုက်စေမည်ကို စိုးရိမ်သောကြောင့် ချီရှင်းချန် အန်းရန်အား အလွန်အကျွံ မရှင်းပြခဲ့ပေ။ထိုအစား သူက လူအုပ်ကြီးဆီ အမြန်လျှောက်သွားလိုက်သည်။
အားလွင်နှင့် သက်တော်စောင့်များသည် လူစုလူဝေးကို ဖြောင့်ဖြရန် ကြိုးစားနေကြသည်။ပိုင်ရဲ့က သူတို့ကြောင့် ပိတ်မိနေပြီး သူ့ရှေ့က စာအုပ်ကို လက်မှတ်ထိုးလိုက်သည်။
ထိုအခိုက်အတန့်မှာ လူအုပ်ထဲက တစ်ယောက်ယောက်က အော်လိုက်၏။
"ရှောင်ချီလောင်ရှီး"
ပိုင်ရဲ့ မော့ကြည့်လိုက်သောအခါ ဟိုနေ့က ဓာတ်ပုံထဲက လူငယ်လေးကို တွေ့လိုက်သည်။ သူ့မျက်နှာမှာ စိုးရိမ်မှုအရိပ်အမြွက်တို့ဖော်ပြနေပြီး ဓာတ်ပုံထဲကလို တောက်ပစွာ ပြုံးမနေပါချေ။
သူ့အမူအရာက ချက်ချင်း အေးစက်သွားသည်။
ချီရှင်းချန် ထွက်လာသည်ကိုတွေ့သောအခါ ပိုင်ရဲ့ပတ်လည်ရှိ စကားတွတ်ထိုးပြောဆိုနေကြသည့် ကြယ်အလင်းတန်းများက တုံ့ဆိုင်းစွာထွက်သွားပြီး သူတို့၏ idolထံ စုပြုံသွားကြသည်။ပွဲကြည့်ရန် သက်သက် ဖြတ်သွားဖြတ်လာ တချို့ကလည်း ချီရှင်းချန်ဆီကို စုပြုံလာကြ။။ နောက်ဆုံးတွင် ပိုင်ရဲ့ အနီးတစ်ဝိုက်တွင် နေရာလွတ်ကြီးတစ်ခု ရှိလာသည်။
"တင်~"
အကြောင်းကြားချက်တစ်ခု ထွက်ပေါ်လာပြီး ပိုင်ရဲ့က သူ့ဖုန်းကို ထုတ်လိုက်သည်။
ရှင်းရှင်း: [ကျွန်တော် သူတို့ကို မျှားခေါ်သွားလိုက်မယ်... မြေအောက်ကားပါကင်ကိုသွားပြီး ကျွန်တော့်ကိုစောင့်နေ]
ပိုင်ရဲ့ အကြောင်းမပြန်ဘဲ သူ့ဖုန်းကို သိမ်းလိုက်သည်။ ငါးမိနစ်အကြာတွင် ကြယ်အလင်းတန်းများနှင့် စကားပြောဆိုနေသည့် ချီရှင်းချန်တစ်ယောက် သူ၏အမြင်အာရုံ မှောင်မိုက်သွားခဲ့သည်။
အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက သူ့ကိုမိုးကာရပ်နေသည်။
ပိုင်ရဲ့က သူ့အိတ်ဆောင်အိတ်ကို ကိုင်လိုက်ပြီးအေးအေးဆေးဆေး ပြောလိုက်၏။
"သွားရအောင်"
ကြယ်အလင်တန်းများ နှင့် ဖြတ်သွားဖြတ်လာများ: "အမ် ဟမ် ဟင်"
CPဖန်များ: "အားးး"
အကြောင်းတစ်ခုခုကြောင့် ချီရှင်းချန် ပိုင်ရဲ့ စိတ်ကောင်းဝင်မနေဟု ခံစားခဲ့ရသည်။ သူ ကြယ်အလင်းတန်များ နှင့် စကားစမြည်ပြောရင်း ပိုင်ရဲ့၏နောက်သို့ လိုက်လာစဉ် ပိုင်ရဲ့ မပျော်မရွှင်ဖြစ်ရသည့်အရာကို ခန့်မှန်းရန် ကြိုးစားခဲ့သည်။
"ကော... ဒီရက်ပိုင်း ကောင်းကောင်းအနားယူခဲ့ရဲ့လား"
ချီရှင်းချန်: "မဆိုးပါဘူး"
"'My Time' ရဲ့ နောက်ဆုံးအပိုင်းမှာ Kevin ရဲ့မျက်နှာကို ဖြတ်ရိုက်ပစ်တာလေ... အရမ်းမိုက်တယ်သိတလား...ရက်ပ်ကို သင်ဖူးတာလား"
"သူ့မျက်နှာကို ဖြတ်ရိုက်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ...ကျွန်တော်က debut မလုပ်ခင် ရက်ပ်နည်းနည်းလေ့လာခဲ့တယ်
"F အတန်းက ကျောင်းသားတွေက အရမ်းတော်တယ်...သူတို့ ပိုကောင်းလာမှာ သေချာပါတယ်... ကော သူတို့အတွက် ဝမ်းနည်းနေစရာ မလိုဘူးနော်"
"ကျေးဇူးတင်ပါတယ်... ငါလည်း ဒီလိုပဲထင်တယ်"
"ရှင်းရှင်း"
မိန်းကလေးတစ်ယောက်က သေသေချာချာ မေးလာသည်။
"ရဲ့ကောက နင့်ကို လာကြိုတာလား"
ချီရှင်းချန် ဤမေးခွန်းကို မရှောင်နိုင်မှန်း သိသည်။ သူ မေးခွန်းမေးသည့်ကောင်မလေးကို ကြည့်လိုက်သောအခါ အတော်လေး ရင်းနှီးနေသလိုခံစားရသည်။
ရှေ့ကလျှောက်သွားနေသည့် ပိုင်ရဲ့က မေးခွန်းကိုကြားလိုက်ပုံရ၏။ ခဏလောက်ရပ်ပြီးကောင်မလေးကို ပြောလိုက်လေသည်။
"မင်းဆံပင်တိုသွားတယ်"
"အားး...ကော နင် ငါ့ကိုမှတ်မိတာလား" ကောင်မလေး စိတ်လှုပ်ရှားသွားသည်။
"မကြာခင် စစ်သင်တန်းတက်တော့မှာ...အရင်တစ်ခေါက် ပြန်သွားတုန်းက ဆံပင်ညှပ်လိုက်တာ"
ထိုမှသာ ချီရှင်းချန် သူမက ပထမအကျော့တုန်းက စတူဒီယိုထဲတွင် ၎င်းတို့၏ လက်မှတ်များတောင်းခဲသော "ကျိုရဲ့ရှင်းချန်"CPဖန်ဖြစ်ကြောင်း ရုတ်တရက် သတိရသွားမိသည်။
ပိုင်ရဲ့မှာ ဖန်တွေ အများကြီးရှိပေမဲ့ သူတစ်ခါပဲတွေ့ဖူးသည့် ဖန်တစ်ယောက်၏ ဆံပင်ပုံစံကို မှတ်မိနေဆဲပင်။ချီရှင်းချန် ပိုင်ရဲကို လူတွေ ပိုပိုပြီး နှစ်သက်လာသည်က အံ့သြစရာ မဟုတ်ဘူးဟုထမမိသည်။ သူ့မှာဖန်တွေ ဘယ်လောက်ပဲရှိပါစေ သူတို့ကို ငွေရှာသည့်ကိရိယာအဖြစ် ဘယ်တော့မှ မဆက်ဆံပါချေ။ သူက သူတို့ကို စိတ်ရင်းဖြင့် ဂရုစိုက်ပြီး သူတို့ကို သူငယ်ချင်းများနှင့် မိသားစုအဖြစ် ဆက်ဆံခဲ့သည်။
... ပိုင်ရဲ့က နတ်ဘုရားပဲ ဟုတ်တယ်မလား... ကောင်းကင်တမန်တပါးလား... ဘုရားရေ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးလူကို ချစ်မိသွားခဲ့တာပဲ...
ပျော်ရွှင်မှုပူဖောင်းလေးတွေပလုံစီ...
အမျိုးသားဇာတ်လိုက်ကို ပိုင်ရဲ့အစစ်၏သူ့အသက်မွေးဝမ်းကြောင်းအပေါ်ထားသည့်သဘောထားကဲ့သို့ပင် ထပ်တူ ဖော်ကြူးခဲ့သော "ည၏မက်မွန်" ၏ စာရေးဆရာကိုပင် သူ ကျေးဇူးတင်သွားမိသည်။
ပင်ကိုယ်စရိုက်နှင့်ပတ်သတ်၍မူ... သေချာပေသည်ဠ စာအုပ်ထဲက ပိုင်ရဲ့က ပိုကောင်း၏။ မဟုတ်လျှင် သူ မဆိုင်းမတွဘဲ အမျိုးသားဖဇာတ်လိုကိကို ချစ်မိမှာ မဟုတ်ပေ။
လက်တွေ့ဘဝတွင် ပိုင်ရဲ့က အလွန်မြင့်မားလွန်းသောကြောင့် သူ မျှော်ကြည့်ရုံသာတတ်နိုင်ခဲ့သည်။ သူ့အပေါ် လေးစားသဘောကျသည်က၍ တခြားဘာမှ မခံစားရပေ။
ချီရှင်းချန် ခေါင်းငုံ့ကာ အတွေးနယ်လွန်နေခဲ့သည်။ပိုင်ရဲ့ လမ်းလျှောက်ရပ်သွားသည်ကို သူ သတိမထားမိလိုက်ပေ။
"အမေ့ …"
သူက ရှေ့နှစ်လှမ်းတိုးလိုက်သည်။ ကံကောင်းထောက်မစွာ ချီရှင်းချန်က လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး ချက်ချင်းပင်ဘရိတ်အုပ်ခဲ့သည်။ သူ တစ်ဖက်လူ၏နောက်ကျောဆီပစ်ဝင်သွားလုနီးပါးပင်။
ချီရှင်းချန်က သူ့ဦးထုပ်အစွန်းကို နှိမ့်လိုက်သည်။ သူ့ရှက်ရွံ့မှုကို ဘယ်သူမှ သတိမထားမိသည်ကိုတွေ့သောအခါ တိုးတိုးလေး မေးလိုက်သည်။
"ဘာလို့ ဆက်မသွားတာလဲ"
ပိုင်ရဲ့က အေးစက်စွာပြော၏။
"မင်းက အပျင်းတစ်နေလို့"
ချီရှင်းချန်: "…"
ချီရှင်းချန်: "တောင်းပန်ပါတယ်...ကျွန်တော် မြန်မြန်လျှောက်ပါ့မယ်"
သခင်လေးပိုင်ကို ဘယ်သူက စော်ကားခဲ့တာလဲ... ဒီနေ့ သူအရမ်းရက်စက်တာပဲ...
ကားပါကင်ရှိ ဓာတ်လှေကားသည် ရှေ့မှာမဝေးတော့ပါချေ။ချီရှင်းချန် သူ၏ စိတ်ကူးယဉ် အတွေးများကို ရှင်းလိုက်ပြီး လမ်းလျှောက်ရန် ပြင်ဆင်လိုက်သည်။
မထင်မှတ်ပဲ၊ သူတို့နှစ်ယောက်အတူရပ်လိုက်သည့်အတွက် လူအုပ်ကိုထိန်းရာတွင်အလုပ်များနေသည့် သက်တော်စောင့်က သူတို့ကိုသတိမထားမိဘဲ ချီရှင်းချန်ကို တည့်တည့်ဝင်တိုက်လာသည်။
သက်တော်စောင့်က အရပ်ရှည်ပြီး သန်မာ၏။ သူ ချီရှင်းချန်ကို ဝင်တိုက်မိပါက မလဲလျှင်ပင် နာကျင်ပေလိမ့်မည်။
ထိုအပြင် ပတ်ပတ်လည်မှာ မိန်းကလေးဖန်တွေ ဝိုင်းအုံနေသည်။ သူ့မှာ ရှောင်ချင်လျှင်ပင် မရှောင်နိုင်ပေ။
သူ့အနေဖြင့် ခံစစ်အနေအထားတစ်ခုကိုသာ ရွေးချယ်နိုင်ပြီး ချီမိသားစုကို လူအများရှေ့မှောက်တွင် အရှက်မခွဲမိစေရန်ကြိုးစားလိုက်၏။
သို့သော် သက်တော်စောင့်က သူ့ကို တိုက်မိတော့မည့်အခိုက်တွင် လက်တစ်ဖက်က သူ့ပခုံးကို ပတ်ကာ သူ့ကို ပွေ့ဖက်၍ ညင်သာစွာ ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။၎င်းနောက် သက်တော်စောင့်ဘက် လှည့်ပြီး သူ့ရှေ့မှာ ရပ်လိုက်သည်။
"ဘန်း"
အသားချင်းထိခတ်သံထွက်ပေါ်လာသည်။ချီရှင်းချန် မည်သည့်နာကျင်မှုမျှ မခံစားခဲ့ရပါချေ။
ပိုင်ရဲ့က သူ့ကိုကာပေးခဲ့သည်။
အပြင်ကဖန်တွေက အတွင်းထဲမှာ ဖြစ်ပျက်နေသည်ကို မမြင်ရပေမဲ့ သူတို့ နှစ်ယောက်၏အနီးနားကဖန်တွေက ၎င်းကို မြင်လိုက်ကြရသည်။ သူတို့၏ CPဖန်တွေ ရှုပ်ထွေးကုန်သည်။ကြယ်အလင်းတန်းများနှင့် ဖြတ်သွားဖြတ်လာတွေက ဤကိစ္စကို သိပ်ပြီး မစဉ်းစားခဲ့ကြပေ။ သူတို့က ချီရှင်းချန်ကိုယ်စား ပိုင်ရဲ့ကို ကျေးဇူးတင်လိုက်ကြသည်။
"ကျေးဇူးတင်ပါတယ် ရဲ့ကော"
"... ကျေးဇူးတင်ပါတယ်...ကျေးဇူးတင်ပါတယ်... အဆင်ပြေရဲ့လား"
ချီရှင်းချန်က နောက်ကျမှ မေးလိုက်သည်။
ပိုင်ရဲ့က သူ့လက်ကို လွှတ်လိုက်သည်။ သူ့ကို ကြည့်ပြီး ဘာမှ မပြောပေ။
နွေးထွေးမှု ပျောက်ကွယ်သွားသည်နှင့်အမျှ ချီရှင်းချန်၏မျက်နှာ နီရဲလာခဲ့သည်။ သူ့တစ်ကိုယ်လုံးမှာ တခြားသူ၏အေးစက်စက်ကိုယ်သင်းရနံ့တွေနှင့် ပြည့်နှက်နေသည်ကို သူတွေ့လိုက်ရ၏။
.
ဖန်တွေကို လက်ပြနှုတ်ဆက်ပြီး ဟိုတယ်ကို ပြန်လာပြီးနောက် ပိုင်ရဲ့က စတူဒီယိုကို သွားခဲ့သည်။ချီရှင်းချန် နှင့် အန်းရန် တို့က နေ့လည်စာ ပြီးသည်နှင့် နေ့ခင်းတစ်ရေးတမော အိပ်ရန်ပြင်လိုက်သည်။
ချီရှင်းချန် တလှုပ်လှုပ်နှင့် ဟိုလှည့်သည်လှည့်ဖြင့်အိပ်မပျော်နိုင်။
သူက အားလွင်ထံ စာတစ်စောင် ပို့လိုက်သည်။
[အားလွင်...ခင်ဗျားရဲ့ သူဌေးကို ဒီရက်ပိုင်း ဒေါသထွက်အောင် လုပ်ခဲ့တဲ့သူ ရှိလား]
နာရီဝက်နီးပါးကြာပြီးနောက် အားလွင်က ပြန်ဖြေသည်။
[မရှိပါဘူး...သူ့ကို ဘယ်သူက သွားစရဲမှာလဲ]
ရှင်းရှင်း: [သူ အရမ်းအလုပ်များနေတာလား...သူ စိတ်အခြေအနေ မကောင်းဘူးထင်တယ်]
အားလွင်: […]
အားလွင်: [မင်းပြောတာက မနေ့က မနက်က ဖြစ်ကောင်းဖြစ်နိုင်တယ် ...သူ နည်းနည်း စိတ်တိုနေသလို ခံစားရတယ်]
ရှင်းရှင်: [ဘာဖြစ်ခဲ့တာလဲ?]
အားလွင်: [… ဘာမှ မဖြစ်ပါဘူး]
ချီရှင်းချန် သက်ပြင်းချလိုက်ပြီး ဖုန်းကိုချလိုက်သည်။
ပိုင်ရဲ့နှင့် အနီးကပ်ဆုံးဖြစ်သည့် အားလွင်ပင် သူ ဘာဖြစ်နေမှန်မသိဘဲ သူကမည်သို့သိပါမည်နည်း။
သူခဏစဉ်းစားလိုက်၏။ ထို့နောက် တစ်စုံတစ်ခုကို တွေးတောရင်း မျက်လုံးများ
က မီးသီးတစ်လုံးလို တောက်ပလာသည်။ ကုတင်ပေါ်မှ ခုန်ဆင်းကာ သူ့ကိုယ်သူ ထုပ်ပိုးကာ ဟိုတယ်မှထွက်ကာ ဘေးချင်းကပ်ရပ်ရှိ စူပါမားကတ်သို့ လှည့်လိုက်သည်။
နာရီဝက်လောက်ကြာသောအခါ အမဲသား၊ ပုဇွန်၊ ထောပတ်သီး၊ချီကိုရီစသည့် ဟင်းချက်စရာ အစုံအလင်နှင့် ပြန်လာခဲ့လေသည်။