Chapter 56
ညမှာ နက်လာပြီး လင်းဖေးက ကျိလဲ့ယွီ၏ အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပါပေ။ သူက ကျိလဲ့ယွီ၏ ပါးများက ကြောင်ဝတုတ်တစ်ကောင်ကဲ့သို့ ဖောင်းနေမည်ကို မှန်းဆလိုက်သည်။
"ငါပြောတာတွေကို မလုပ်ဘူး ဟုတ်တယ်မလား..."
လင်းဖေးက ထပ်မံမေးလိုက်သည်။
ကျိလဲ့ယွီက သူ့ပါးစပ်ကို ပြားလိုက်ပြီး မကျေမနပ် သလိုနေပေသည်။
"ကိုကိုက လူတွေကို ဒီလိုပဲ ဖျောင်းဖျတာလား..."
...သူက တကယ်ကြီး ပြောတိုင်းယုံတာပဲ...
ကလေးဆန်လိုက်တာ...
အဲ့ဒါက လင်းလော့ချင်းနဲ့ အတူတူပင် ဖြစ်သည်။
ကံကောင်းစွာဖြင့် လင်းဖေးက လူများကို မည်သို့ချော့ရမည်ကို ခံစားမိပေသည်။
သို့ဖြစ်၍ သူက လက်ဆန့်ကာ ကျိလဲ့ယွီ၏ နဖူးကိုထိလိုက်သည်။
"မင်းက တော်တယ်..."
ကျိလဲ့ယွီက ယခုတွင် အနည်းငယ်ပိုမို သက်တောင့်သက်သာ ဖြစ်သွားသည်ဟု ခံစားရပြီး မရဲတရဲဆိုလိုက်လေသည်။
"ကိုကိုက အများကြီးပြောတာကို... ကိုကိုက အဲ့ဒါကို ပိုပြီးရိုးရှင်းအောင် ပြောနိုင်ပါတယ်..."
လင်းဖေးက ၄င်းကို တွေးလိုက်သည်။
"အဲ့ဒါဆိုရင် မင်းတစ်ခုခုမကောင်းတာလုပ်တော့မယ်ဆို ငါ့ကိုပြောလေ...ငါသဘောမတူရင် မင်းမလုပ်ရဘူး...."
ကျိလဲ့ယွီ : "..."
ဘာက မကောင်းတာလဲ ဆိုတာ သိလား... ငါက တခြားသူတွေကို ပြောပြလို့ရရင် မကောင်းတဲ့ ကိစ္စလို့ ခေါ်ဦးမှာလား...ပြီးတော့ ကိုကိုက သားလုပ်လို့မရဘူးလို့ပြောတာနဲ့ပဲ သားက ဘာလို့ မလုပ်ပဲနေရမှာလဲ....
"အဲ့ဒါက မကောင်းတဲ့ဟာဆိုတာ မင်းလည်းသိတယ်မလား..."
လင်းဖေးက တည်ငြိမ်စွာဆိုလိုက်သည်။
ကျိလဲ့ယွီ : "..."
ကောင်းပြီလေ... လိမ္မာတဲ့ ကောင်လေးတွေက တကယ်ပဲ မကောင်းတဲ့ ကိစ္စတွေကို မလုပ်သင့်ဘူး...
"အဲ့ဒါဆိုရင် ကျောင်းမှာတစ်ခုခုဆိုးတာလုပ်မယ်ဆို ကိုကို့ကို ဖုန်းခေါ်ပြီး စကားပြောရမှာပေါ့...."
"ဟုတ်တယ်..."
ကျိလဲ့ယွီက သူ့နဖူးကို ကိုင်ထားလိုက်သည်။
"မင်းရန်ဖြစ်တာတို့ စကားများတာတို့ဆိုရင်တော့ မလိုပါဘူး..."
လင်းဖေးက ထပ်ဆိုလိုက်သည်။
"...ကျေးဇူးပါ..."
"ရပါတယ်..."
လင်းဖေးက တည်ငြိမ်စွာဆိုလိုက်သည်။
ကျိလဲ့ယွီက အလွန်မကျေနပ်သော အမူအရာဖြင့် ထပ်မံ နှာမှုတ်လိုက်သည်။
လင်းဖေးမှာ ထိုလူက သဘောမတူသင့်ဟု ခံစားရပြီး သူ့လက်ကို ဆွဲလိုက်သည်။ သူက မျက်လုံးကို ထပ်မံပိတ်လိုက်ပြီး အိပ်ရန်ပြင်လိုက်သည်။
သို့သော် သူက အေးအေးချမ်းချမ်းအိပ်ပျော်ရန် စိတ်ဓာတ်ကျနေပေသည်။
အတန်ကြာပြီးနောက် ကျိလဲ့ယွီက ပြဿနာထပ်ရှာလာပေသည်။
သူက အိပ်ယာပေါ်တွင်လှဲနေပေသည်။ သူက ၄င်းကို တွေးလေလေ များများခံစားရလေလေ ဖြစ်လေသည်။
လင်းဖေးက သူကောင်းနေစဉ်က မည်သည့်ကတိမှ မပေးပဲ သူက လင်းဖေး၏ စည်းမျဉ်းနာကို နာခံခဲ့သည်။ သူက တွေးလေလေ မတရားဟု ခံစားရလေလေဖြစ်ကာ အင်တင်တင် ဖြစ်လာလေလေဖြစ်သည်။
ကျိလဲ့ယွီက ခေါင်းလှည့်လိုက်ရာ လင်းဖေးက မလှုပ်မယှက် လှဲနေသည်ကို မြင်လိုက်သည်။ သူက အိပ်ပျော်တော့မည် ဖြစ်သည်။ ၄င်းက ကျိလဲ့ယွီကို ပို၍ပင် မပျော်မရွှင်ဖြစ်စေပေသည်။
သူက ခန္ဓာကိုယ်ကို မြှောက်ကာ လင်းဖေး၏ နားနားသို့ ကပ်လိုက်ပြီး နှာမှုတ်လိုက်သည်။
လင်းဖေး : "..."
လင်းဖေးက မျက်လုံးဖွင့်ကာ သူ့ကို ကြည့်လိုက်သည်။
"မင်း အိပ်နေပြီလား...."
အိပ် အိပ် အိပ်...
ကိုကိုက အိပ်ပဲ အိပ်ချင်နေတာ...
ကျိလဲ့ယွီက သူက ထပ်မံ စိတ်ဆိုးလာသည်ဟု ခံစားလိုက်ရပေသည်။
ထိုပုံစံက လင်းဖေးချော့သည့် ပုံစံ ဖြစ်ရပေမည်။
"သားက အခုထိ ကတိမပေးရသေးဘူးလေ..."
သူက ဆိုလိုက်သည်။
"...အိုး..."
"သားစိတ်ဆိုးနေတာ..."
ကျိလဲ့ယွီ၏ အသံမှာ မကျေမနပ် ဖြစ်နေလေသည်။
"အိုး..."
"အိုးက ဘာလဲ..."
ကျိလဲ့ယွီက သူ့ကြောင့် စိတ်ဆိုးသွားပေသည်။
"ဒီအချိန်မှာ သားကို ချော့သင့်တာ မဟုတ်ဘူးလား..."
လင်းဖေး : "..."
လင်းဖေးမှာ တခြားသူက အလွန်ပြောရခက်သည်ဟု ခံစားလာရပေသည်။
ပြောရခက်တယ်၊ ကလေးဆန်တယ်၊ ပြောတိုင်းယုံတယ်... သူက လင်းလော့ချင်းနဲ့ အရမ်းကို ခြားနားတယ်...
ပြီးတော့ လင်းဖေးက ခုဏေလးတင် သူ့ကို ချော့လိုက်တာ မဟုတ်ဘူးလား...
လင်းဖေးက ကူကယ်ရာမဲ့စွာ လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ကျိလဲ့ယွီ၏ ခေါင်းကို ထိလိုက်လေသည်။
"မင်းက တော်ပါတယ်...."
ဒါက ဘာလဲ...
"ကိုကိုက ဒါပဲ လုပ်နိုင်တာလား..."
ကျိလဲ့ယွီက ဆိုလိုက်သည်။
လင်းဖေးက ရိုးရိုးသားသားဆိုလိုက်သည်။
"ဟုတ်တယ်..."
ကျိလဲ့ယွီ : "..."
ကျိလဲ့ယွီက သက်ပြင်းချလိုက်လေသည်။
"ကိုကိုသားကို ဖက်ထားလို့ရတယ်လေ..."
သူက ကူကယ်ရာမဲ့ တွေးမိလေသည်။
"ကိုကိုက ဘာလို့ အဲ့လောက် တုံးရတာလဲ..."
"ငါက မတုံးပါဘူး... မင်းက မင်းကိုယ်မင်း ကံဆိုးမှုသယ်ဆောင်သူလို့ ထင်နေတုန်းလား..."
လင်းဖေးက သူ့ကို ကြည့်လိုက်သည်။
ကျိလဲ့ယွီမှာ အလွန်ဒေါသထွက်နေ၍ သူ့ကို ကန်ရန် ခြေထောက်ကိုမြှောက်လိုက်သည်။ သို့သော် လင်းဖေးက ကျိလဲ့ယွီ၏ ခြေထောက်ကို သူ့ခြေထောက်ဖြင့်ညှပ်ကာ သူ့ကို သင်ပေးလိုက်သည်။
"လူတွေကို မကန်ရဘူး..."
ကျိလဲ့ယွီက နှာမှုတ်လိုက်သည်။
"သားကို လွတ်..."
လင်းဖေးက သူခြေထောက်ကို လွတ်ပေးလိုက်သည်။
ကျိလဲ့ယွီက နောက်လှည့်ကာ စကားပြောခြင်းကို ရပ်တန့်လိုက်သည်။
'အခု သူက တကယ်ကြီး စိတ်ဆိုးနေပြီပေါ့...'
လင်းဖေးက တွေးလိုက်သည်။
သူက စိတ်ထဲတွင် သက်ပြင်းချကာ ကူကယ်ရာမဲ့ လက်တစ်ချောင်းဆန့်ပြီး ကျိလဲ့ယွီ၏ ခါးကို ဖက်ထားလိုက်သည်။
ကျိလဲ့ယွီက သူ့လက်ကို မြှောက်ကာ ၄င်းကို ဆွဲလိုက်ပြီး ဘေးသို့ တိုက်ရိုက်ပစ်ထုတ်လိုက်သည်။
လင်းဖေးက သူ့ခေါင်းကို ထိလိုက်သည်။
"လိမ်လိမ်မာနေ..."
"သားက မလိမ္မာဘူး..."
ကျိလဲ့ယွီက ပြန်ပြောလိုက်သည်။
လင်းဖေးက ရှေ့သို့ ရွေ့သွားပြီး ကျိလဲ့ယွီကို ဖက်ကာ သူ့ခေါင်းကို ထိပြီး ချော့မော့လိုက်သည်။
ကျိလဲ့ယွီမှာ အတန်ကြာအောင် ကြောင်တစ်ကောင်သဖွယ် ပွတ်သပ်ခံရပြီး ဆူအောင့်အောင့်နှင့် ဆိုလိုက်လေသည်။
"သားက ကံဆိုးမှုသယ်ဆောင်သူ မဟုတ်ဘူး..."
"ဟုတ်တယ်..."
လင်းဖေးက တီးတိုးဆိုလိုက်သည်။
"မင်းက မဟုတ်ဘူး..."
"အဲ့ဒါဆို ခုဏက ဘာလို့ အဲ့လိုပြောလဲ..."
"ငါမှားသွားပါတယ်..."
လင်းဖေးက သူ့ကို ဆိုလိုက်သည်။
"ငါနောက်ဆို မပြောတော့ပါဘူး..."
"သားက လုံးဝ မဟုတ်ဘူး..."
ကျိလဲ့ယွီက ခေါင်းမာပေသည်။
"ဟုတ်တယ်..."
"သားက ဘယ်တုန်းကမှ မဟုတ်ဘူး..."
"ဟုတ်တယ်..."
လင်းဖေးက ခေါင်းညိတ်ပြလိုက်သည်။
"မင်းက အရမ်းတော်တယ်..."
ထိုအချိန်မှသာ ကျိလဲ့ယွီက ပြန်လှည့်လာပေသည်။ သူက လင်းဖေးကို အနည်းငယ် ဝမ်းနည်းသော အမူအရာဖြင့် ကြည့်ကာ အေးအေးဆေးဆေးဆိုလိုက်သည်။
"သားက တော်လည်း မတော်ပါဘူး..."
"မင်းက အချိန်တော်တော်များများ တော်ပါတယ်..."
လင်းဖေးက သူ့ခေါင်းကို ထိလိုက်သည်။
"တကယ်လား..."
"ဒါပေါ့..."
"အဲ့ဒါဆိုရင် ကိုကို စောစောက ပြောတာကို သားနည်းနည်း ပြန်စဉ်းစားကြည့်မယ်..."
ကျိလဲ့ယွီ၏ နှုတ်ခမ်းထောင့်များက ကွေးတက်သွားသည်။
လင်းဖေးက ၄င်းကိုကြားပြီး သူ့ခေါင်းကို နောက်ဆုံးတစ်ကြိမ် ထိလိုက်သည်။
"ဟုတ်ပြီ..."
သူက သူ့လက်ကိုဆွဲထုတ်ကာ ကျိလဲ့ယွီ၏ ခါးကိုဖက်ထားသော လက်မောင်းကို ဆွဲထုတ်လုဆဲဆဲတွင် ကျိလဲ့ယွီက ပြန်ကိုင်ထားလိုက်သည်။
လင်းဖေးက ကြောင်သွားလေသည်။
သူက ချော့လို့ ပြီးသွားပြီမဟုတ်ဘူးလား... ကျိလဲ့ယွီက စိတ်ပြေသွားပြီး မဟုတ်ဘူးလား... ဘာလို့ကိုင်ထားသေးတာလဲ...
ကျိလဲ့ယွီက အနားကပ်လာကာ သက်သောင့်သက်သာဖြစ်သော အနေအထားကိုရှာပြီး လင်းဖေး၏ လက်မောင်းများကို ဖက်လိုက်သည်။ ထို့နောက် သူကမျက်လုံးများကို ပိတ်လိုက်သည်။
"မလွတ်ပါနဲ့~"
သူက လင်းဖေးကို ဆိုလိုက်သည်။
"သားက ဖက်ပြီး မအိပ်ရတာ အတော်ကြာပြီ... ဒီညသားကို ဖက်ထားပေး~"
သူ့အသံက ချိုမြိန်ကာ တိုးဖျော့ပြီး တုန်ခါနေကာ တောက်ပပြီး ချွဲတဲတဲနိုင်လှပေသည်။
လင်းဖေးက ဘာမှမဆိုသော်လည်း မငြင်းပါပေ။
ကျိလဲ့ယွီက ပျော်ရွှင်သွားသည်။
"ကောင်းသောညပါ ကိုကို..."
"ကောင်းသောညပါ..."
လင်းဖေးက စကားပြောခြင်းပြီးဆုံးကာ မျက်လုံးပိတ်လိုက်လေသည်။
ဤတစ်ကြိမ်တွင် ကျိလဲ့ယွီက နောက်ဆုံး၌ ပြဿနာမရှာတော့ပါပေ။ သူတို့နှစ်ဦးက ချောမွေ့စွာပင် အတူတူအိပ်ပျော်သွားလေသည်။
နောက်တစ်နေ့ နံနက်တွင် လင်းလော့ချင်းက ကျိလဲ့ယွီနှင့် လင်းဖေးကို ကျောင်းသွားရန် လာနိုးလိုက်ရာ သူတို့နှစ်ဦးက တစ်ယောက်နှင့်တစ်ယောက်ဖက်ကာ အတူတူအိပ်နေသည်ကို တွေ့လိုက်လေသည်။
'...ကြည့်ရတာ မနေ့က ငါထွက်သွားပြီးတော့ ကျိလဲ့ယွီက စိတ်မအေးဘူးထင်တယ်...'
အဲ့ဒါကြောင့် သူက လင်းဖေးကို ပြန်လာရှာတာနေမယ်…
ဒါပေမဲ့ ဘာလို့ ဖက်ထားကြတာလဲ...
လင်းဖေးက ကျိလဲ့ယွီလူတွေကို တွန်းတာကို သိထားပြီးပြီပဲဖြစ်ရမယ်... သူမကြောက်ဘူးလား...
ကျိလဲ့ယွီကလည်း လင်းဖေးက သူ့ရဲ့ မျက်နှာအစစ်ကို မြင်ပြီးပြီဆိုတာကို သိတယ်လေ... သူမကြောက်ဘူးလား...
လင်းလော့ချင်းက ကျွတ်သတ်ကာ သူတို့က စာအုပ်ထဲမှ ဗီလိန်နှင့် အေးစက်သော ငရဲဘုရင်တို့ဖြစ်ရန် ထိုက်တန်သည်ဟု တွေးလိုက်ပေသည်။ သူတို့၏ စိတ်နေစိတ်ထားက တကယ်ထူးဆန်းပေသည်။
သူက လူနှစ်ဦးကို နိုးလိုက်ပြီး ကျိလဲ့ယွီ သူ့အခန်းထဲသို့ ပြန်ကာ ဆေးကြောသည်ကို အခွင့်ကောင်းယူပြီး လင်းဖေးကို မေးလိုက်သည်။
"ဘာတွေ ဖြစ်နေတာလဲ... မင်းတို့နှစ်ယောက်ကဘာလို့ ထပ်ပြီး အတူတူ အိပ်နေတာလဲ..."
"သူက အိပ်မရဘူး ကျွန်တော်နဲ့အတူအိပ်ချင်တယ်ဆိုလို့..."
လင်းဖေးက တည်ငြိမ်စွာ ရှင်းပြလိုက်သညိ။
"အဲ့ဒါကြောင့် သူ့ကို ဖက်ထားတာလား..."
"သူက ဖက်ထားခိုင်းတာ..."
လင်းဖေးက လင်းလော့ချင်းကို ကြည့်လိုက်သည်။
"သူက သူ့ကို ဘယ်သူမှ ဖက်မအိပ်တာ ကြာပြီလို့ပြောတယ်..."
လင်းလော့ချင်းက ထိုစကားများကိုကြားပြီး အနည်းငယ် စိတ်ဓာတ်ကျသွားလေသည်။
သူက ပြောလိုက်သည်။
"ကြည့်ရတာ သူက မင်းကို ကြိုက်တဲ့ပုံပဲ..."
လင်းဖေးမှာ ၄င်းက အရေးပါသော ကိစ္စမဟုတ်ဟု ခံစားရပေသည်။
"အဲ့ဒါဆိုရင် မင်းက ငါ့ကိုကူပြီး သူ့ကို ဂရုစိုက်ပေးလို့ရတာပေါ့..."
လင်းလော့ချင်းက ငုံ့ကာ သူ့နဖူးကို ထိလိုက်သည်။
"မင်းတို့ ၂ယောက်စလုံးက ကလေးတွေပဲ ရှိသေးတယ်... ရှုရှုက အရွယ်ရောက်နေပြီ... သူက ရှုရှူကို တစ်ချို့ကိစ္စတွေ မပြောလောက်ပေမဲ့ မင်းကိုတော့ ပြောလောက်မှာ... သူ့ကို ဂရုစိုက်ပေးဖို့ ရှုရှုကို ကူညီပေး… တခြားသူတွေ သူ့ကို အနိုင်မကျင့်စေနဲ့နော်... သူကလည်း တခြားသူတွေကို အနိုင်မကျင့်စေနဲ့ ဟုတ်ပြီလား..."
လင်းဖေးက တခြားသူ၏ မျက်နှာထက်မှ အပြုံးကိုမြင်လိုက်ပြီး ခေတ္တမျှ တုံ့ဆိုင်းသွားကာ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်သည်။
လင်းလော့ချင်းက သူ့မျက်နှာကို ဆွဲဆိတ်လိုက်သည်။
"ဖေးဖေးက အရမ်းတော်တာပဲ..."
လင်းဖေး၏ အမူအရာက ရှုံ့မဲ့လာလေသည်။
လင်းလော့ချင်းက ရယ်လိုက်သည်။
"အခုထိ ငါချီးကျူးတာကို မကြိုက်တုန်းပဲလား... မင်းကို ချီးကျူးတာက မကောင်းလို့လား..."
"ကျွန်တော် ရှုရှု ချီးကျူးတာကို ခွင့်မပြုဘူး..."
"ဟုတ်တယ်... ဟုတ်တယ်... ငါလည်း မင်းကို မချီးကျူးပဲ မနေနိုင်နေဘူး... ငါကတော့ မင်းက အရမ်းတော်ပြီး ကမ္ဘာပေါ်မှာ အတော်ဆုံးကလေးလို့ထင်တယ်... အဲ့ဒါက ငါ့ပြဿနာပဲ ဟုတ်တယ်မလား..."
လင်းဖေး၏ နားရွက်ထိပ်များက အနည်းငယ်နီလာလေသည်။ သူက အနည်းငယ် ပျော်ရွှင်ပုံရသော်လည်း ၄င်းကို မပြလို၍ ခေါင်းငုံ့ကာ နောက်လှည့်လိုက်သည်။
"အောက်ထပ်သွားပြီး စားရအောင်..."
လင်းလော့ချင်းက ရုတ်တရက် ရွှင်မြူးလာသည်။ သူက အလျင်အမြန် လျှောက်လာပြီး လင်းဖေးကို ထူလိုက်သည်။
လင်းဖေးက သူ့ကို သံသယအပြည့်နှင့် ကြည့်လိုက်သည်။
"ဒါက ဘာအတွက်လဲ..."
လင်းလော့ချင်းက သူ့ကို မျက်နှာထက်ကိုနမ်းလိုက်ကာ ပြုံးလိုက်သည်။
"ငါလည်း မင်းကို ဖက်ထားချင်လို့လေ..."
သူက ထပ်ဆိုလိုက်သည်။
"ငါလည်း မင်းကိုနမ်းချင်လို့..."
လင်းဖေး : "..."
သူက တကယ်ကြီး တွယ်ကပ်တတ်တာပဲ...
အီး...
ကံကောင်းစွာဖြင့် လင်းဖေးမှာ ၄င်းနှင့် အသားကျနေပြီဖြစ်သည်။
လင်းဖေးက တစ်ခွန်းမှမဆိုပါပေ။ သူ့မျက်လုံးများထဲတွင် ပျော်ရွှင်မှု၃၀%၊ အလိုလိုက်ခြင်း ၆၀% နှင့် ရှက်ရွံ့မှု ၁၀%တို့ပါဝင်ပေသည်။ လင်းလော့ချင်းက သူ့ကို ထပ်မံနမ်းလိုက်ကာ ပြန်ချပေးလိုက်သည်။
တစ်မနက်လုံးတွင် လင်းလော့ချင်းက လင်းဖေးနှင့် ကျိလဲ့ယွီအဆင်ပြေနေသည်ကို ကြည့်နေခဲ့ပေသည်။ သူက သူတို့ကို အချိန်အတန်ကြာအောင်စိုက်ကြည့်လိုက်သော်လည်း မည်သည့်ခြားနားမှုမှ မတွေ့ပါပေ။
သူအတွေးလွန်နေတာလား...
သူတို့နှစ်ယောက်က မနေ့ညက ကျိရှင်းကိစ္စနှင့်ပတ်သတ်ပြီး ဘာမှထပ်မပြောကြဘူးလား... ကျိလဲ့ယွီက တကယ်ပဲ အိပ်မရလို့ သူနဲ့အတူတူအိပ်ဖို့ တစ်ယောက်ယောက်ကို လာရှာတာလား...
သို့သော် လင်းလော့ချင်းက မကြာမီတွင် သူက အတွေးလွန်နေသည်မဟုတ်ခြင်းကို သိသွားလေသည်။
၄င်းမှာ နေ့လည်ခင်းကျောင်းဆင်းသည့်အချိန်တွင် ကျိလဲ့ယွီက လင်းဖေးအခန်းထဲသို့သွားခြင်းကြောင့် ဖြစ်သည်။
လင်းဖေးက ပြတင်းပေါက်ဘောင်ပေါ်တွင် ထိုင်ကာ သူ့၏ ရှားစောင်းပင်လေးကို ရေလောင်းနေသည်။
လင်းလော့ချင်းက သူ့၏ ရှားစောင်းပင်လေးများကို ဂရုစိုက်ရန် အထူးရေလောင်းသည့်ဘူးလေးတစ်ခု ဝယ်ပေးထားပေးသည်။
"ရှားစောင်းတွေက ရေအများကြီးလောင်းစရာ မလိုဘူး..."
လင်းလော့ချင်းက သတိပေးထားသည်။
လင်းဖေးက ၄င်းကို သိပေသည်။ သူက နေ့တိုင်း ရေအနည်းငယ်သာလောင်းပြီး ရေအများကြီး မလောင်းပါပေ။
ကျိလဲ့ယွီက သူ့လှုပ်ရှားမှုများကို ကြည့်ကာ မျက်လုံးလှန်လိုက်သည်။ ထို့နောက် သူက အခန်းထဲသို့ ပြန်သွားပြီး ရှားစောင်းအိုး အသေးတစ်ခုကို ယူလာပေးလိုက်သည်။
သူက အိုးကို လင်းဖေး၏ ရှားစောင်းပင်ဘေးတွင် ထားကာ ချိုသာစွာ တောင်းဆိုလိုက်သည်။
"သားကိုလည်း ရေကူလောင်းပေး..."
လင်းဖေးက အိုးထံမှ ခြောက်သွေ့နေသော မြေများကို မြင်လိုက်သည်။ သူက ဤရှားစောင်းပင်မှာ ရေ လုံးဝ လောင်းမထားသည်ကို ပြောနိုင်ပေသည်။
သူက ကျိလဲ့ယွီကို အမူအရာမဲ့ကြည့်လိုက်ရာ ကျိလဲ့ယွီက အနည်းငယ် ကြောင်နေပေသည်။
"ဘာဖြစ်လို့လဲ..."
"မင်း ဒါကို မကြိုက်ဘူးလား..."
လင်းဖေးက မေးလိုက်သည်။
"မဟုတ်ပါဘူး..."
ကျိလဲ့ယွီက ဝန်ခံရန် ငြင်းဆန်လိုက်သည်။
"သားကြိုက်ပါတယ်..."
၄င်းမှာ ယခင်က ရှားစောင်းပင်က တုံးအသည်ဟု တွေးခဲ့သည်မှာ သူမဟုတ်သည့်အတိုင်းပင်။
လင်းဖေးက ပန်းအိုးထဲမှ မြေကြီးကို ညွှန်ပြလိုက်သည်။
"မင်းက ရေလုံးဝ လောင်းမထားဘူးပဲ..."
ကျိလဲ့ယွီက အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ မှန်ပေသည်။ သူက ဤရှားစောင်းအိုးကို စားပွဲထောင့်တွင်ထားကာ လုံဝ ဂရုမစိုက်ခဲ့ပါပေ။ မည်သို့ပင်ဆိုစေ သူက ရှားစောင်းပင်ကဲ့သို့ ရူးသွပ်ကာ ကြည့်မကောင်းသော အပင်များကို လုံးဝမကြိုက်ပါပေ။
"သားက ဆရာကို မေးလိုက်တာ... ဆရာက ပြောတယ် ရှားစောင်းတွေက ရေခဏခဏ လောင်းပေးလို့မရဘူးတဲ့... ရေ
အလောင်းလွန်ရင် သေသွားတတ်တယ်တဲ့..."
သူက အပြစ်ကင်းသောအမှုအရာဖြင့် ရှင်းပြလိုက်သည်။
လင်းဖေးက သူ့ကို မယုံပါပေ။
သူက ကျိလဲ့ယွီမှာ အပြုအမူကောင်းပြီး လှပကာ ချစ်စရာကောင်းသည်ဟု တွေးခဲ့သည့် ကျိလဲ့ယွီကို ပထမဆုံး တွေ့ခဲ့သည့်နေ့ကလို မဟုတ်ပါပေ။
သူက ကျိလဲ့ယွီက မည်ကဲ့သို့ လူမျိုးဖြစ်သည်ကို သိထားပြီး ဖြစ်လေသည်။
သို့သော် လင်းဖေးက ဘာမှမပြောလိုပါပေ။