Ch-24 Part-2
Viewers 9k

Part-2


"မနေ့ညက ခင်ဗျားတို့တွေ ဘယ်လောက်တောင်သောက်ခဲ့ကြလဲတော့ ကျုပ်မသိဘူး! ညလယ်ကြီးမှာ သားသတ်သမားလျိုက ခင်ဗျားကိုအိမ်ပြန်ခေါ်လာခဲ့တာ၊ ကျုပ်တို့ ခင်ဗျားကို ဘယ်လိုနှိုးနှိုး ခင်ဗျားနိုးမလာဘူးလေ!" အခုမှအိပ်ရာနိုးခါစချန်ချီကတော့ သူ့ဇနီးဆီမှ အဆူခံနေရသည်။ 


"ကိုယ် လီလောင်စန်းကို ဒေါသထွက်လွန်းလို့လေ! အဲ့ဒါ​နဲ့ သူ့ကိုမူးအောင်တိုက်ဖို့လုပ်တာ!"  အကြီးဆုံးအစ်ကိုက အဲ့ဒီကောင်ကို 'ကူညီ'ပြီးသောက်ပေးမယ်လို့ ဘယ်သူကသိမလဲ! လီလောင်စန်းကြောင့်သာမဟုတ်ခဲ့ရင် လီချန်ဖုန်းက အဲ့ဒီ'ရုပ်ဆိုးဆိုးကော'အိမ်ကို ဝင်ပါ့မလားကွ! 


ချန်ချီရဲ့ဇနီးမှာ ထိတ်လန့်သွားလျက် "အဲ့ဒီ'ရုပ်ဆိုးဆိုးကော'လား။ ဟိုဘက်ရွာကတစ်ယောက်လား" 


အိမ်ထဲမှ ခြေသံတစ်ချို့ကြားလိုက်ရပြီးနောက် မျက်တွင်းကျနေတဲ့ချန်ဟုန်ကလည်း ချန်ချီကိုကြည့်လာခဲ့သည်။ 


ချန်ချီလည်း ချက်ချင်းမတ်တပ်ထရပ်ကာ "ရှောင်ဟုန် မင်းနေလို့ပိုကောင်းလာပြီလား" 


ချန်ဟုန်သည် ခေါင်းညိတ်လျက် "အစ်ကိုကြီး​၊ အစ်ကိုချန်ဖုန်းက အဲ့ဒီ'ရုပ်ဆိုးဆိုးကော'နဲ့ လက်ထပ်လိုက်တာလို့ အစ်ကိုပြောလိုက်တာလား!" ချန်ချီမှာ အများကြီးမတွေးနေတော့ဘဲ "ဟုတ်တယ်လေ! မင်္ဂလာစုံတွဲနာမည်ကိုအော်တဲ့သူက မနေ့ကအဲ့လိုပြောတာပဲ။ ရွှီချင်း, ချင်းကောအာတဲ့! အဲ့ဒါက 'ရုပ်ဆိုးဆိုးကော'မဟုတ်လား! သူ့မိသားစုက တောင်ခြေမှာနေတာလေ၊ အဲ့နားမှာ သူတို့တစ်အိမ်ပဲရှိတာလေ!" 


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ! အစ်ကိုချန်ဖုန်းက အဲ့ဒီ'ရုပ်ဆိုးဆိုးကော'ကိုလက်ထပ်ဖို့ ဘယ်လိုလုပ်သဘောတူနိုင်မှာလဲ" ချန်ဟုန်မယုံနိုင်ခဲ့ချေ။ အရမ်းတော်တဲ့လီချန်ဖုန်းက အဲ့ဒီ'ရုပ်ဆိုးဆိုးကော'ကိုမှ ရွေးချယ်ခဲ့ရတာလဲ! 


"အမှန်ပဲ! လီချန်ဖုန်းဘာတွေတွေးနေလဲဆိုတာ ငါလည်းမသိပါဘူးကွာ" ချန်ချီညည်းညူလေ၏။ ယမန်နေ့က မင်္ဂလာပွဲတွင် လီချန်ဖုန်းမှာ တွန်းအားပေးခံရသလိုမျိုးမဟုတ်ဘဲ အရမ်းပျော်ရွှင်နေပုံရသည်။ အချိန်အကြာကြီးတစ်ကိုယ်တည်းဖြစ်နေခဲ့ရလို့ ဘယ်သူနဲ့ပဲဖြစ်ဖြစ် အိမ်ထောင်ပြုချင်နေခဲ့တာများလား။ 


"အဲ့ဒီ'ရုပ်ဆိုးဆိုးကော'ထက်စာရင် ငါတို့ညီလေးကိုလက်ထပ်လိုက်တာမှ ပိုကောင်းဦးမယ်!" ချန်ချီပြောလိုက်သည်။ 


"ချန်ချီ!!" 


"မင်းဘာတွေပြောနေတာတုန်း လူဆိုးကောင်ရဲ့!" 


ပထမအသံပိုင်ရှင်မှာ ချန်ချီရဲ့ဇနီးဖြစ်ပြီး ဒုတိယအသံကတော့ အခုလေးတင်အပြင်ကနေပြန်ရောက်လာတဲ့အမေချန်ပင်။ 


အမေချန်က အမြန်လျှောက်လာကာ ချန်ချီပါးကိုရိုက်လိုက်၍ ချန်ချီရဲ့ဇနီးနှင့် ချန်ဟုန်တို့မှာ ထိတ်လန့်သွားကြလျက်! 


"မင်းစိတ်ထဲကပေါ်လာသမျှတိုင်းပြောတာကို မလုပ်ဖို့ ငါပြောထားတယ်လေ! မင်းညီလေးက အိမ်ထောင်မပြုရသေးတဲ့ကောပဲ! ဒီစကားတွေသာပျံ့သွားခဲ့ရင် သူဘယ်လိုနေမလဲဆိုတာ မင်းစဥ်းစားထားရဲ့လား!" အမေချန်ရိုက်လိုက်သည်မှာ ဟန်ပြသက်သက်မဟုတ်ဘဲ တကယ်ရိုက်လိုက်တာဖြစ်၍ ချန်ချီရဲ့မျက်နှာပေါ်မှာ နီနီရဲရဲလက်ဝါးရာထင်းလျက်။ 


ချန်ချီလည်း ကြောင်အသွားရ၏။ အမေချန်နှင့်အဖေချန်တို့ဆီက အဆူမခံရ၊ အရိုက်မခံရတော့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီလေ။ သူစကားပြောတော့မည့်အချိန်မှာပင် အမေချန်ရဲ့ဒေါသပေါက်ကွဲသံက သူ့ကိုရပ်တန့်သွားစေခဲ့သည်။ 


ချန်ချီရဲ့ဇနီးကလည်း ကြောင်အနေသေးတဲ့ ချန်ချီကို ရိုက်လိုက်ကာ "ခင်ဗျားဘာလို့ဒီတိုင်းရပ်နေသေးတာလဲ! အမေနဲ့ ညီလေးကို မြန်မြန်တောင်းပန်လိုက်လေ!" အမေချန်ရဲ့ရိုက်ချက်မှာ ကြည့်ရုံနဲ့တင် နာကျင်ရ၏။ ဒီလူကတော့ ဒီတိုင်းရပ်နေပြီးတော့ ဘယ်လိုများအရိုက်ခံနေရတာလဲ! 


"ကျွန်တော်တောင်းပန်ပါတယ် အမေ၊ ရှောင်ဟုန်။ ကျွန်တော့်အပြစ်တွေပါ! ကျွန်တော်မပြောင်းလဲနိုင်ဘူးပဲ! ဒီအသုံးမကျတဲ့ပါးစပ်ကို မ​ထိန်းနိုင်သေးဘူး!" ချန်ချီသည် ဒေါသထွက်နေဆဲအမေချန်နဲ့ မျက်ရည်ဝဲနေတဲ့ချန်ဟုန်ကို တောင်းပန်နေရင်း သူ့ပါးစပ်သူပြန်ရိုက်နေခဲ့သည်။ 


ချန်ချီရဲ့ဇနီးသည်လည်း နာကျင်နေတဲ့အမူအရာဖြင့် သူ့ကိုကြည့်နေပေမယ့် တားတော့မတားပေ။ ဒါက တကယ့်ကိုပြင်ဆင်ပြောင်းလဲသင့်တာပဲလေ! အမေချန်သည် ချန်ချီရဲ့အခြေအနေကိုကြည့်လိုက်ကာ သူ့အတွက်သနားသွားခဲ့သော်လည်း သူ့ဒေါသထွက်နေသေး၍ တင်းမာနေဆဲပင်။ ထို့နောက် အမေချန်က ချန်ဟုန်ကို အခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။ 


"ခင်ဗျားကြည့်စမ်း! လာ လာ၊ ခင်ဗျားအတွက် ဆေးထည့်ပေးမယ်!" ချန်ချီဇနီးမှာ သူ့ခင်ပွန်း၏အနည်းငယ်ယောင်နေသောပါးကို ညင်ညင်သာသာလေးထိလိုက်ကာ အခန်းထဲဆွဲခေါ်သွားတော့သည်။ 


အမေချန်ရဲ့ ဆွဲခေါ်သွားခံရတဲ့ချန်ဟုန်မှာ ချန်ချီပြောခဲ့တဲ့အကြောင်းကို တစ်ချိန်လုံးတွေးနေဆဲ။ သူ့အစ်ကိုကြီးတောင် ဒီလိုတွေးနေခဲ့တာကို အစ်ကိုချန်ဖုန်းက ဘာကြောင့်များအဲ့လိုမတွေးရတာလဲ! 


"မဖြစ်နိုင်တဲ့အရာတွေ စဥ်းစားမနေနဲ့တော့!" အမေချန်က သူ့သားအမူအရာကိုကြည့်လိုက်ရုံနှင့် ဘာတွေစဥ်းစားနေသလဲဆိုတာသိပေ၏။ 


"အမေ..." ချန်ဟုန်လည်း မျက်ရည်ပြည့်နေတဲ့မျက်လုံးတွေနှင့် အမေချန်ကို ကြည့်လိုက်သည်။ ဒီလောက်နှစ်တွေအကြာကြီးကြိုက်လာခဲ့ရတာကို သူဘယ်လိုများမေ့နိုင်မှာလဲ။ 


အမေချန်သက်ပြင်းချ၍ "လီချန်ဖုန်းက အိမ်ထောင်ပြုပြီးသွားပြီ။ မင်းရဲ့ရုပ်ရည် မင်းရဲ့စရိုက်နဲ့ဆိုရင် မင်းနဲ့လိုက်ဖက်တဲ့ပါတနာကိုမရှာနိုင်ဘူးလို့ တကယ်ထင်နေတာလား!" 


ချန်ဟုန်လည်း နာကျင်စွာဖြင့် ခေါင်းယမ်းလိုက်၏။ အစ်ကိုချန်ဖုန်းနဲ့ ထိုက်တန်တဲ့သူဖြစ်အောင်လို့ သူအရမ်းကြိုးစားခဲ့တာတောင်မှ တစ်ဖက်လူက သူ့ကိုမလိုချင်ခဲ့ဘူး။ အဲ့ဒီအစား သူက 'ရုပ်ဆိုးဆိုးကော'ကိုရွေးလိုက်တယ်! သူ့ထက်ပိုသာတဲ့သူနဲ့ဆုံခဲ့ရင်တောင်မှ သူတို့က လီချန်ဖုန်းမှမဟုတ်ပဲ! 


အမေချန်သည် ချန်ဟုန်ရဲ့အမူအရာကိုကြည့်ပြီး စိတ်ပျက်သွားလျက် သူ့နှလုံးသားထဲမှာ စိတ်ပိုင်းဖြတ်လိုက်ကာ အစီအစဥ်တစ်ချို့ချလိုက်တော့သည်။ 


*** 


ရွှီချင်းသည် သူ့အရှေ့မှ သစ်သားရေချိုးကန်ကိုကြည့်ရင်း စိတ်လှုပ်ရှားနေ၏။ "အိုး ခင်ဗျားက လက်သမားမဟုတ်တာ ဝမ်းနည်းစရာပဲ!" သူက ရေချိုးကန်ထဲမှာ ရေစိမ်ရရင်ကောင်းမှာပဲလို့ သာမန်ကာလျှံကာ ညည်းညူနေခဲ့၍ လီချန်ဖုန်းက သိပ်နားမလည်ပေမယ့် ရေချိုးကန်ရဲ့ပုံစံကိုမေးခဲ့တာဖြစ်၏။ ရလဒ်အနေဖြင့် လီချန်ဖုန်းသည် တစ်နေ့လည်ခင်းလုံး တောင်အနောက်ဘက်မှသစ်သားတွေကို ရွေးချယ်နေခဲ့ပြီး သူ့အရှေ့မှာပဲ ရေချိုးကန်ကို ပြုလုပ်ပေးခဲ့ခြင်းပင်။ 


လီချန်ဖုန်းက ရေချိုးကန်အပြင်ဘက်၌ ပုံစံတစ်ချို့ကို ထွင်းထုခဲ့ကာ ၄င်းတို့မှာ အလွန်လှပပြီး မျက်စိပဒေသာရှိလှသည်! "ကိုယ်၁၃နှစ်သားအရွယ်ကတည်းက အိမ်အလုပ်တွေပြီးသွားတာနဲ့ မြို့ကိုတိတ်တိတ်ကလေးသွားပြီးတော့ လက်သမားကြီးတွေရဲ့လက်ထောက်လုပ်ခဲ့တာလေ။ တဖြည်းဖြည်းနဲ့ ရိုးရှင်းတဲ့အရာတွေကို သင်ယူနိုင်ခဲ့တာပေါ့" 


မနေ့ညက လီချန်ဖုန်းပေးခဲ့သော ငွေ ၂၅လျန်ကို ရွှီချင်းသတိရသွားကာ သူ့နှလုံးသားထဲမှာ အနည်းငယ်ချဥ်လာခဲ့ရသည်။ ကျေးလက်ကလေးတွေက စောစောရင့်ကျက်ကြတယ်ဆိုတာ သူသိပေမယ့်လည်း လီချန်ဖုန်းအတွက် ဝမ်းနည်းမိသေးသည်။ 


"ခင်ဗျားဘာတွေလုပ်နိုင်တာလဲ" ဒါကလည်း အသက်မွေးဝမ်းကြောင်းအတွက် နည်းလမ်းတစ်ခုဖြစ်နိုင်တာပဲလို့ ရွှီချင်းတွေးလိုက်မိသည်။ 


"ဗီရို၊ ကြောင်အိမ်နဲ့ ထိုင်ခုံတွေပါပဲ။ ရိုးရိုးရှင်းရှင်းတွေဆို ကိုယ်လုပ်နိုင်တယ်!" လီချန်ဖုန်းသည် နေရောင်မရှိသေးတဲ့နေရာသို့ သစ်သားရေချိုးကန်ကို ရွှေ့လိုက်ကာ ထင်းတဲမှ ထင်းခြောက်တစ်ချို့ကိုထုတ်လိုက်ပြီး သုံးရလွယ်ကူစေရန် အပိုင်းပိုင်းခွဲလိုက်၏။ 


ရွှီချင်းက ခေတ်သစ်ပရိဘောဂတွေကိုတွေးမိသွားကာ မျက်လုံးအစုံမှာတောက်ပသွားခဲ့သည်။ သူသာ ခေတ်သစ်ပရိဘောဂဒီဇိုင်းတွေကိုပြုပြင်ပြီး ဒီနေရာမှာရောင်းချပါက ဆွဲဆောင်နိုင်မှာပဲ! 


ရွှီချင်းမှာ လီချန်ဖုန်းနှင့် အကြံဥာဏ်တွေဆွေးနွေးဖလှယ်ဖို့ စဥ်းစားနေရင်း ကြည့်လိုက်သောအခါ ရုတ်တရက်ပြောစရာစကားပျောက်ရှသွားရသည်။ 


လီချန်ဖုန်းက ထင်းခွဲနေစဥ် အားသုံးရသဖြင့် မကြာမီမှာပင် ပူအိုက်လာခဲ့သည်။ သူ့အပေါ်အင်္ကျီကိုချွတ်လိုက်ကာ စွပ်ကျယ်အင်္ကျီသာကျန်ပေသည်။ သူပုဆိန်ကိုမလိုက်သောကြောင့် သူ့ရဲ့လှပတဲ့ကြွက်သားတွေက ရွှီချင်းမျက်စိရှေ့မှာ တောက်ပနေသဖြင့် မနေ့ညက သူတို့ရဲ့ချစ်စိတ်ပြင်းပြခဲ့သည့်အချိန်ကိုသတိရစေသည်။ လီချန်ဖုန်းရဲ့ပြတ်သားခိုင်မာတဲ့မျက်နှာပေါ်မှ ချွေးစက်တွေက ရင်ဘတ်နှင့် ဝမ်းဗိုက်ကြွက်သားတွေဆီ စီးကျနေရင်း အောက်သို့ဆက်ဆင်းသွားပေ၏! 


ရွှီချင်းလည်း မသိလိုက်မသိဘာသာဖြင့် တံတွေးမျိုချမိလျက်။ လီချန်ဖုန်းမှာ ပူလောင်လှတဲ့အကြည့်ကို သဘာဝအတိုင်းခံစားမိကာ ပြုံးလိုက်ပြီး ရွှီချင်းပျော်ပျော်ကြီးကြည့်စေရန် သူ့ကိုယ်ကို သေချာမြင်နိုင်စေတဲ့ဘက်သို့လှည့်ပြလိုက်၏။ 


"ကျေနပ်ရဲ့လား" လီချန်ဖုန်းရဲ့ခပ်နိမ့်နိမ့်စွဲမက်ဖွယ်အသံမှာ ရွှီချင်းနားဆီ ပျံ့လွင့်လာလျက်။ သူ့အသံက အရမ်းညှို့ယူဖမ်းစားနိုင်တာပဲ! လီချန်ဖုန်း၏ရယ်သံတိုးတိုးလေးကို မကြားခင်အချိန်ထိ ရွှီချင်းလည်း မနေနိုင်ဘဲ သဘောတူစွာ ခေါင်းညိတ်နေမိသည်။ ရယ်သံကြားတော့မှ လက်တွေ့ကိုပြန်ရောက်လာခဲ့၏! ရှက်လိုက်တာ! တကယ့်ကို ရှက်စရာပဲကွာ! 


"မင်းခန္ဓာကိုယ်ကကျင့်သားရလာတဲ့အထိစောင့်ဦးနော်၊ အဲ့ဒီအခါကျ ကိုယ်မင်းကိုပေးမှာပါ။ အလျင်မလိုပါနဲ့ကွာ!" 


လီချန်ဖုန်းရဲ့အရိပ်အမြွက်စကားတွေကိုကြားတော့ ရွှီချင်းမှာ ရှက်သွေးဖြာကာ အော်ပစ်လိုက်၏ "ဘယ်သူကအလျင်လိုနေလို့လဲ! ကျွန်တော်မဟုတ်ဘူး!" 


"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်။ ကိုယ်ကအလျင်လိုတာပါ! ကိုယ်ကအလျင်လိုနေတာပါ!" လီချန်ဖုန်းရဲ့စကားတွေကြောင့် ရွှီချင်းမှာ နောက်တစ်ခါရှက်ရွံ့သွားရပြန်သည်။ သူကဆင်ခြင်တုံတရားမရှိသလိုခံစားရသော်လည်း အစပြုဖို့ တကယ်အလျင်မလိုသေးချေ။ 


နေ့လည်ခင်းနေရောင်နွေးနွေးက သူ့အပေါ်ဖြာကျနေသဖြင့် ရွှီချင်းမှာ အနည်းငယ်အိပ်ငိုက်လာ၏။ သူသမ်းဝေလိုက်ကာ အနည်းငယ်နာနေသေးတဲ့ခါးကို နေရာတကျရွှေ့လျက် ခုံပေါ်တွင် သူထိုင်နေတဲ့ပုံစံပြောင်းလိုက်သည်။ လီချန်ဖုန်းက မြန်မြန်ဆန်ဆန်ထင်းခွဲနေတာကိုကြည့်ရင်း နည်းနည်းအံ့သြသွားရလျက် "အိမ်မှာကာယလုပ်သားတစ်ယောက်ရှိတာက တကယ်မတူဘူးပဲ!" 


လီချန်ဖုန်းသည် ဤမှတ်ချက်ကိုကြားပြီးနောက် ရွှီချင်းတစ်ယောက်တည်းနေတုန်းက အတော်လေးခက်ခဲခဲ့မှာပဲဟု တွေးမိသွားပြန်သည်။ သူက ထင်းလေးနည်းနည်းပဲခွဲပေးရသေးတာကို ရွှီချင်းရင်ထဲထိသွားပြီပေါ့! 

(ရွှီချင်း: ".......ငါရင်ထဲထိသွားပြီလို့ ဘယ်သူပြောတုန်း!") 


"ခင်ဗျားဘာလုပ်မလို့လဲ" ရွှီချင်းသည် ထင်းတွေကိုဘေးမှာသပ်သပ်ရပ်ရပ်စုပုံပြီးနောက် ပေါက်ပြားကိုင်ထားသည့် လီချန်ဖုန်းကို ကြည့်နေခဲ့သည်။ 


လီချန်ဖုန်းသည် ခြံဝင်းအတွင်းရှိ ရွှီချင်းမြေဆွထားခဲ့တဲ့မြေဆီလွှာကို ကျစ်လစ်သိပ်သည်းစေရန် ပေါက်ပြားကိုအသုံးပြုခဲ့သည်။ ခြံအရှေ့ပိုင်းမှာ ဟင်းသီးဟင်းရွက်တွေ စိုက်စရာမလိုဘူးလေ။ နွေဦးရာသီအပြီးတွင် မိုးရာသီမှာ ရေစုပြုံလွယ်သောကြောင့် အိမ်ကိုပျက်စီးစေနိုင်သည်။ သို့သော် လီချန်ဖုန်းက တိုက်ရိုက်မပြောဘဲ မလိုအပ်တဲ့ကိစ္စတွေကိုရှောင်ဖို့ စကားတစ်ချို့သာပြောခဲ့သည်။ 


"မနေ့က ဒီမှာဧည့်သည်တွေအရမ်းများတော့ နေရာတိုင်းကို နင်းထားကြတယ်လေ။ ကိုယ်တို့ထပ်မလိုတော့ဘူး" လီချန်ဖုန်းက ရွှီချင်းစိုးရိမ်မည်ကိုမလိုချင်၍ "နေရာတိုင်း"ကို သိသိသာသာဖိပြောလိုက်၏။ 


ရွှီချင်းလည်း ခြံထဲရှိ ရှုပ်ပွနေတဲ့"ဟင်းရွက်စိုက်ခင်း"ကိုကြည့်လိုက်ကာ လီချန်ဖုန်း၏စကားတွေကို သဘောတူလိုက်သည်။ သို့သော် မကြာခင်မှာ စိုက်လို့ရတော့မယ့် နေရာလွတ်ထဲက မျိုးစေ့တွေကို သတိရသွား၏! 


"ကျွန်တော်တို့ လယ်တွေကိုစိုက်ပျိုးထွန်ယက်ဖို့ ဘယ်လောက်ကြာဦးမှာလဲဟင်။ အရင်က ကျွန်တော်တစ်ယောက်ထဲနေတုန်းကတော့ စားဖို့လုံလောက်ရုံ ၁ဧကပဲစိုက်ခဲ့တာလေ။ အခွန်တွေပေးပြီးတဲ့နောက် ကျွန်တော့်အတွက် လုံလောက်ရုံပဲရှိတာ။ ဟင်းရွက်စိုက်ခင်းကလည်းသေးတော့ လူတစ်ယောက်စာလုံလောက်ရုံပဲ အိမ်နားတစ်ဝိုက်မှာစိုက်ထားလိုက်တာ။ အခုတော့ သူတို့ကလူနှစ်ယောက်ဖြစ်လာတော့ ကျန်တဲ့မြေတွေကိုလည်း ပိုစိုက်ပျိုးနိုင်မယ်လို့ထင်တယ်!" ရွှီချင်းလည်း အသံတိုးတိုးလေးဖြင့် လီချန်ဖုန်းအား အခြေအနေကို အတိုချုပ်ရှင်းပြလိုက်သည်။ သူတို့ကမိသားစုတွေဖြစ်နေပြီပဲလေ! 


လီချန်ဖုန်းက သူ့နဖူးမှချွေးတွေကိုသုတ်လျက် နောက်ဆုံးလယ်ကွက်ထွန်ယက်ပြီးသည်နှင့် ပေါက်ပြားကိုဖယ်လိုက်၏။ ရေတွင်းတွင် လက်ဆေးလိုက်ပြီး "နောက်ရက်အနည်းငယ်မှာ ကိုယ်မြေဆွပြီးရင်တော့ စိုက်လို့ရပြီ။ ဒီမနက်တုန်းက မစိုက်ရသေးတဲ့​လယ်ကွက်ကို ကိုယ်တစ်ချက်ကြည့်ခဲ့ပြီးတော့ ရေလောင်းခဲ့တယ်။ နှစ်ရက်အတွင်း စိုက်ပျိုးလို့ရလောက်ပြီ။ အဲ့ဒီအခါကျ စိုက်ပျိုးဖို့ပိုလွယ်အောင်လို့ ကိုယ်မြေနည်းနည်းဆွလိုက်မယ်!" 


ရွှီချင်းလည်း အပူသက်သာစေရန်အတွက် လီချန်ဖုန်းမျက်နှာသစ်ဖို့ ပုဝါတစ်ထည်ကမ်းပေးလိုက်၏။ 


"နေလို့ပိုကောင်းလာပြီလား" လီချန်ဖုန်းလည်း ရွှီချင်းနားကပ်လာကာ သူ့လက်ကြီးနှင့် ခါးကိုပွတ်ပေးနေခဲ့သည်။ "​ပိုကောင်းလာပါပြီ။ ဒီညခင်ဗျားဘာစားချင်လဲ" ရွှီချင်းမှာ နွေးထွေးမှုကိုခံစားလျက် လီချန်ဖုန်းရဲ့အနည်းငယ်ချွေးထွက်နေဆဲရင်ဘတ်မှာ ပျင်းရိစွာ မှီလိုက်သည်။ 


"ကျွန်တော်ကတော့ ယာဂုပဲစားမယ်!" ရွှီချင်းက ပေါ့ပေါ့ပါးပါးအစားအစာပဲ စားလို့ရတယ်လေ။ "ကျွန်တော်က ယာဂုပဲစားလို့ရတာ၊ ဒါပေမယ့် ခင်ဗျားကရော" သူ့ခါးကိုပွတ်နေဆဲလက်ကို ဖယ်လိုက်ကာ စောစောတုန်းက လီချန်ဖုန်းချွတ်ထားသောအင်္ကျီကို ကမ်းပေးလိုက်သည်။ နေ့ခင်းအပူချိန်မှာ မွန်းတည့်ချိန်နှင့်မတူပေ။ သူချွေးထွက်ပြီး လေအေးတိုက်ခံရရင် လွယ်လွယ်လေးအအေးမိနိုင်ပေသည်။ 


"ကိုယ်လည်းမင်းနဲ့အတူတူပဲစားမယ်လေ!" 


လီချန်ဖုန်းက အင်္ကျီဝတ်လိုက်ပြီး ရွှီချင်းလက်ကိုဆွဲကာ အခန်းတွင်းဝင်သွားလိုက်သည်။ 


"ကိုယ်ဝက်စာမြက်တွေသွားဖြတ်လိုက်ဦးမယ်၊ မင်းနားလိုက်ဦးနော်။ ကိုယ်မကြာခင်ပြန်လာမယ်နော်" ရွှီချင်းပါးလေးကိုအနမ်းပေးပြီးမှ လီချန်ဖုန်းလည်း ကျောမှာအိတ်လွယ်ကာ အပြင်ထွက်သွားခဲ့၏။ 


ရွှီချင်းမှာ ထပ်မအိပ်ချင်တော့ပေ။ ဒီနေ့နေ့လည်ထိ သူအိပ်ထားပြီး​ပြီလေ။ ဒီတော့ သူ့ကိုယ်ကို နည်းနည်းပါးပါးလှုပ်ရှားပြီး အကျောဆန့်ချင်နေ၏။ လီချန်ဖုန်းကို သူ့လိုပဲ ယာဂုမစားစေချင်ပါဘူး!


xxx