Ch-24 Part-3
Viewers 9k

Part-3 


မနေ့ကပွဲမှာ အစားအစာတချို့ကျန်နေသေးပေမယ့် လီချန်ဖုန်းက နှစ်ခါတောင်စားထားပြီးပြီဆိုတော့ ရွှီချင်းက ငါးဟင်းချက်ဖို့စီစဥ်လိုက်သည်! ဒါပေါ့! ရွှီချင်းက အခုအခြေအနေနှင့်ဆို ငါးဖမ်းလို့မရသောကြောင့် လီချန်ဖုန်းပြန်လာတဲ့အခါမှ ငါးနည်းနည်းဖမ်းခိုင်းရမှာပေါ့။ 


ရွှီချင်းမှာ ကျန်နေတဲ့တရုတ်ဂေါ်ဖီသုံးထုပ်ကိုကြည့်ရင်း စိတ်ဖိစီးနေ၏။ သူနှင့်လီချန်ဖုန်းနှစ်ယောက်သာရှိ၍ ဒီဂေါ်ဖီတွေအကုန်မစားနိုင်ဘူးလေ။ ဒါပေမယ့် သူတို့မစားရင်လည်း မနက်ဖြန်မနက်ဆို ကောင်းတော့မှာမဟုတ်ဘူး! 


"ဟုတ်သား! ငါဂေါ်ဖီချဥ်လုပ်လို့ရတာပဲ!" 


ဂေါ်ဖီချဥ်လုပ်ဖို့ဆုံးဖြတ်လိုက်သည်နှင့် ရွှီချင်းက ဖန်ဘူးအလတ်စားနှစ်ဘူးကိုရှာ၍ ဆေးလိုက်ကာ ရေနည်းနည်းဖြည့်လိုက်ပြီး ဝိဥာဥ်စမ်းရေတစ်စက်ထပ်ထည့်လိုက်၏။ အဲ့ဒါက အရသာပိုရှိစေမှာပဲ။ ထို့နောက် သူမီးမွှေးလိုက်ပြီး သိပ်မကြာခင်မှာပဲ အိုးထဲကရေတွေပွက်ပွက်ဆူလာခဲ့သည်။ လီချန်ဖုန်းပြန်ရောက်လာသည့်အချိန်မှာ သူက ရေပူနဲ့ဖန်ဘူးတွေကိုဆေးကြောတော့မည်ပင်။ 

"ဘာလို့ကိုယ်ပြန်လာတာမစောင့်တာလဲကွာ။ ကိုယ်လုပ်ပေးမှာပေါ့။ မင်းကပိုနားဖို့လိုတယ်လေကွာ!" လီချန်ဖုန်းက အိုးအဖုံးကိုဖွင့်တော့မည့် ရွှီချင်းရဲ့လက်ကိုကိုင်၍ ခုံပေါ်ထိုင်စေလိုက်၏ "အဲ့ဒါက ခင်ဗျားကြောင့်ပဲလေ!" 


"ဟုတ်ပါတယ်၊ ဟုတ်ပါတယ်၊ အားလုံးက ကိုယ့်အမှားတွေပါ။ မင်းဘာလုပ်ချင်တာလဲ၊ ပြောသာပြောလိုက် ကိုယ်လုပ်ပေးမယ်နော်!" လီချန်ဖုန်းက အိုးအဖုံးဖွင့်လိုက်တော့ ရေပူတွေတွေ့လိုက်သည်။ ရွှီချင်းရေချိုးချင်နေတာလို့ သူထင်ခဲ့ပေမယ့် ကံမကောင်းစွာပင် ရေချိုးကန်က အခြောက်ခံဖို့ ၂ရက်လောက်ကြာဦးပေမည်။ 


"ရေပူတစ်ချို့ကိုခပ်ပြီးတော့ စားပွဲပေါ်ကဒီဖန်ဘူးနှစ်ဘူးကိုကျင်းပေး!" ရွှီချင်းလည်း ဟန်ဆောင်မနေတော့ဘဲ သူ့အတွက်အလကားလုပ်အားပေးနေတဲ့သူရှိတော့ ပိုတောင်ပျော်သေး! 


လီချန်ဖုန်းသည် ရွှီချင်းညွှန်ကြားချက်အတိုင်း ဖန်ဘူးတွေကို ဂရုတစိုက်နဲ့ ရေကျင်းလိုက်သည်။ အမျိုးသားတွေက သူတို့အလုပ်မှာမစေ့စပ်တတ်တာကို စိုးရိမ်နေသော ရွှီချင်းကို ကျေနပ်သွားစေ၏။ 


"ပြီးရင် ဟင်းရွက်ဇလုံထဲကို အိုးထဲကရေပူတွေ လောင်းထည့်လိုက်ပြီးတော့ အအေးခံထားရမယ်။ ကျွန်တော်တို့အချိန်ရှိသေးတယ်။ မြစ်အောက်ပိုင်းနားသွားပြီး ကျွန်တော့အတွက် ငါးနည်းနည်းဖမ်းခဲ့ပေးပါဦး" ရွှီချင်းပြောလိုက်တော့ လီချန်ဖုန်းလည်း သံသယတစ်ချို့ဖြင့်ကြည့်နေ၍ သူထပ်ပြောလိုက်သည်။ "ကျွန်တော်သုံးစရာရှိလို့!" 


သို့ရာတွင် လီချန်ဖုန်းက ဘာမှထပ်မမေးတော့ဘဲ ရေတွင်းနားက သစ်သားရေပုံးကိုယူကာ ရွှီချင်းကိုနှုတ်ဆက်၍ ထွက်သွားခဲ့သည်။ လီချန်ဖုန်းနှင့် သူ့ညီအစ်ကိုတွေက ငယ်ငယ်တုန်းက ငါးတွေကိုဖမ်းလေ့မရှိကြသော်လည်း သူ့အရှိန်ကမြန်နေသေးသည်။ ဟင်းရွက်ဇလုံထဲက ရေပူတွေလုံးဝမအေးသွားခင်မှာပဲ သူ့လက်ထဲမှာ ငါးတွေနဲ့ပြန်ရောက်လာခဲ့သည်။ "ငါးတစ်ကောင်တည်းက မင်းဆော့ကစားဖို့မလောက်မှာစိုးလို့ ကိုယ်ပိုများများဖမ်းလာပေးတာ" သူ့ဘောင်းဘီက မြစ်ရေကြောင့် နည်းနည်းစိုနေပေမယ့် ကိုယ်ကတော့ခြောက်သွေ့နေဆဲပါပဲ။ 


ထိုစကားကိုကြားတော့ ရွှီချင်းလည်း သူ့မျက်လုံးသာလှိမ့်လိုက်ချင်တော့သည်။ ဘယ်သူက ငါးနဲ့ကစားချင်နေတယ်ပြောလို့လဲ! "အရင်ဆုံး ဝက်ကလေးကိုအစာကျွေးပေးဦး၊ ပြီးမှ ဘာလုပ်ရမလဲဆက်ပြောမယ်" လီချန်ဖုန်းကို ယခုငါးအူတွေသန့်စင်ဖို့မလုပ်ခိုင်းနိုင်ချေ။ မဟုတ်ပါက သူ့လက်တွေက ငါးညှီနံ့တွေစွဲသွားလိမ့်မယ်! 


လီချန်ဖုန်းက ဝက်ကလေးကို အစာကျွေးပြီးနောက် ဝက်ခြံကိုသန့်ရှင်းလိုက်သည်။ နောက်ဆုံးမှာတော့ ဇလုံထဲကရေတွေလည်း အေးသွားလေပြီ။ 


"ရေကို ဘူးနှစ်ဘူးထဲမှာ တစ်ဝက်စီဖြည့်လိုက်။ ဟုတ်တယ်၊ နည်းနည်းပိုထည့်ဦး။ ကွက်တိပဲ!" 


"ဒီဂေါ်ဖီထိပ်ပိုင်း၃ခုကိုရေဆေးပြီးတော့ အရိုးတွေနဲ့အရွက်တွေကို သက်သက်ခွဲထားပေး၊ အမြှောင်းလေးတွေဖြတ်ထားလိုက်နော်" ရွှီချင်းလည်း လီချန်ဖုန်း၏ကျွမ်းကျင်လှတဲ့ဓားကိုင်စကေးကိုကြည့်ကာ မညွှန်ကြားဘဲမနေနိုင်တော့။ 


"အဆင်ပြေလား" လီချန်ဖုန်းရပ်လိုက်ကာ ရွှီချင်းကို တစ်ချက်ကြည့်ခိုင်းလိုက်၏။ ရွှီချင်းခေါင်းညိတ်လိုက်တော့မှသာ လီချန်ဖုန်းလည်း ခပ်မြန်မြန်ဆက်လှီးဖြတ်နေတော့သည်။ 


"ဂျင်းကို အပိုင်းသေးသေးလေးလှီးပြီးတော့ အိုးထဲထည့်ထားလိုက်၊ ပြီးတော့ ဒါလည်းထည့်လိုက်ဦး" ရွှီချင်းလည်း စီချွမ်ငရုတ်ကောင်းကိုရှာတွေ့သွားကာ ကမ်းပေးလိုက်သည်။


လီချန်ဖုန်းက စီချွမ်ငရုတ်ကောင်းရဲ့အရသာကို စူးစမ်းနေသော်လည်း မမေးလိုက်ပေ။ ဒီဟင်းအရသာ ဘယ်လိုဖြစ်မလဲဆိုတာ သူမျှော်လင့်နေမိပြီ! 


"ဆားများများထည့်ဦးနော်!" သူတို့ပထမဆုံးလုပ်တဲ့ဂေါ်ဖီချဥ်ဖြစ်လို့ ရိုးရိုးရေသာသုံးထားပြီး ဆားများများထည့်နိုင်သည်။ ဒီနေရာမှာ ဆားတွေကသိပ်စျေးမကြီး၍ အိမ်တိုင်းသုံးနိုင်ကြ၏။ 


"ပြီးတော့ လှီးထားတဲ့ဂေါ်ဖီတွေကို အထဲထည့်မယ်၊ အရွက်သက်သက်တစ်ဘူးထည့်၊ အရိုးတွေက သက်သက်တစ်ဘူးထည့်နော်" 


လီချန်ဖုန်းပြီးသွားသည်နှင့် ရွှီချင်းပြောလိုက်၏ "ဘူးအစွန်နားတစ်လျှောက်လုံး ရေနည်းနည်းစီလောင်းပြီးရင် ဘူးတွေကို အဖုံးနဲ့ဖုံးထားလိုက်တော့။ မနက်ဖြန်ညဆိုရင် ကျွန်တော်တို့စားလို့ရပြီ!" ရွှီချင်းသည် အချဥ်ဖောက်တဲ့လုပ်ငန်းစဥ်ပိုမြန်စေရန် ဝိဥာဥ်စမ်းရေတချို့ကို ထည့်ထားပြီးဖြစ်သည်။ 


လီချန်ဖုန်းလည်း ညွှန်ကြားချက်အတိုင်း စတိုခန်းထဲက နေရာအလွတ်တစ်ခုမှာ ဘူးတွေကိုထားလိုက်ပြီးနောက် ရွှီချင်းရဲ့ဆန္ဒအတိုင်း ငါးကြီးကြီးတစ်ကောင်ကို သတ်လိုက်၏။ "မင်းဒီငါးကိုအရင်က စားဖူးတာလား" လီချန်ဖုန်းရဲ့လေသံမှာ အနည်းငယ်ထူးဆန်းနေခဲ့သည်။ 


"ခင်ဗျားဘာတွေးနေလဲဆိုတာ ကျွန်တော်သိသားပဲ။ ကျွန်တော်ချက်တဲ့ငါးကို ခင်ဗျားစားပြီးသွားရင် နေ့တိုင်း ကျွန်တော်ချက်ဖို့ဆိုပြီး ငါးပဲဖမ်းနေတော့မှာမြင်ယောင်နေတယ်!" အဒေါ်ရှဲ့၏ငါးဟင်းလက်ရာ တိုးတက်လာသည်မှာ ဦးလေးရှဲ့ကိုလည်းကျေးဇူးတင်ရပေမည်။ သူချက်ဖို့အတွက် ဦးလေးရှဲ့က မကြာမကြာငါးတွေဖမ်းပေးနေတာလေ! 


"မလိုပါဘူးကွာ။ အခုဘယ်လိုလုပ်ရသလဲဆိုတာ ကိုယ်သိသွားတော့ မင်းအတွက် ကိုယ်ချက်ပေးမှာပေါ့!" သူငါးကိုဘယ်လိုချက်ရတယ်ဆိုတာသိတယ်လို့ ရွှီချင်းပြောကတည်းက လီချန်ဖုန်းက သဘောတူလက်ခံပြီးသားပင်။ အရသာမကောင်းပါက အနာဂတ်မှာ ရွှီချင်းနေ့တိုင်းအသားစားနိုင်စေဖို့ သူပိုက်ဆံပိုရှာမှာပါ။ သူ့ကိုစိတ်ဆိုးအောင်မလုပ်နိုင်ပါဘူးနော်! 


"စကားချည်းပြောမနေပါနဲ့နော်၊ အလုပ်နဲ့သက်သေပြပေါ့!" ရွှီချင်းသည် အိုးထဲကငါးကိုကြည့်ရင်း လီချန်ဖုန်းကို စနောက်လေ၏။ 


လီချန်ဖုန်းကမငြင်းခုံချေ။ "စကားမစပ် မနက်က ဦးလေးရှဲ့နဲ့တွေ့လိုက်တော့ မနက်ဖြန်ကျရင် ကိုယ်တို့ ကြက်ပေါက်လေးတွေလာဖမ်းလို့ ရပြီလို့ သူပြောလိုက်တယ်!" 


ရွှီချင်းမှာ ကြက်ပေါက်တွေအကြောင်းမေ့တောင်နေပြီ! "ကြက်တွေပေါက်နေပြီပေါ့လေ! ကျွန်တော်လုံးဝမေ့နေတာပဲ!" 


"မကြာခင်က ပေါက်လာကြတာပဲ၊ ဒါပေမယ့် ကြက်ပေါက်တွေကိုမဖမ်းခင်မှာ သူတို့သန်မာလာတဲ့အထိ ကိုယ်တို့စောင့်ရဦးမယ်။ ဖမ်းတာစောလွန်းသွားရင် သူတို့ရှင်မှာမဟုတ်ဘူး!" ရွှီချင်းက ငါးဟင်းကိုခပ်ထည့်လိုက်၏။ သူ့ဇနီးလေးက အရမ်းတော်တာပဲ! ဒီဆူးထောင်ငါးကိုတောင် အရသာရှိတဲ့ဟင်းအဖြစ်ပြောင်းနိုင်တယ်။ ဝက်သားထက်အရသာရှိသေးတယ်ကွာ! 


"ဒါဆို မနက်ဖြန်ကျွန်တော်တို့ပြန်လာတာနဲ့ ဦးလေးရှဲ့အိမ်မှာ သွားဖမ်းကြမယ်လေ!" ငါတို့စောစောဖမ်းရင် ကြက်သားစောစောစားရမှာပေါ့! 


"ကောင်းပါပြီကွာ!" 


ယာဂုတစ်ပန်းကန်နှင့် အရသာရှိလှတဲ့ငါးဟင်းစားသောက်ပြီးနောက် ကိုယ်လက်သန့်စင်လိုက်ကြကာ အိပ်ရာဝင်လိုက်ကြ၏။ သူတို့နောက်နေ့မနက်စောစောထရမယ်လေ။ 


ညဘက်၌ သူ့လက်မောင်းထဲမှာ ပူပူနွေးနွေးဇနီးလေးကို ဖက်ထားရင်း လီချန်ဖုန်းမှာ အနည်းငယ်စိတ်ပျက်နေလျက်။ သွေးသားဆန္ဒကို တစ်ခါမြည်းစမ်းပြီးသည်နှင့် ဆွဲဆောင်မှုကိုမခံနိုင်တော့။ ရွှီချင်းကဘာမှမလုပ်ရင်တောင်မှ သူ့ဇနီးလေးကို ဒီတိုင်းဖက်ထားတာနဲ့ သူတုံ့ပြန်လာတာပဲ! အိုး သူ့ဇနီးလေးအဆင်ပြေဖို့က ပိုအရေးကြီးတာပေါ့! 


**** 


ကြင်စဦးဇနီးမောင်နှံစုံတွဲတို့မှာ မင်္ဂလာဆောင်ပြီးနောက်တစ်နေ့တွင် မိဘအိမ်သို့ပြန်လည်ပတ်ရမည်ဖြစ်သည်။ ရွှီချင်းမနက်စောစောနိုးလာတော့ သူ့ဘေးမှာ ဘယ်သူမှမရှိပေ။ ပြတင်းပေါက်အပြင်ကိုလှမ်းကြည့်လိုက်တော့ မှောင်နေဆဲ။ လီချန်ဖုန်းဘယ်သွားတာပါလိမ့်။ သူ့အင်္ကျီဝတ်လိုက်ပြီးနောက် မီးဖိုချောင်ဆီလျှောက်သွားရာ မနက်စာပြင်ပြီးသားဖြစ်နေသည်ကို တွေ့လိုက်ရ၍ ရွှီချင်းမှာ ပိုအံ့သြသွားရပြန်သည်။ ဒီလူဘယ်သွားနေတာတုန်းဟ! သိပ်မကြာခင်မှာပင် လီချန်ဖုန်းသည် တစ်နေရာရာမှ ကြက်မတစ်ကောင်နဲ့ ပြန်လာခဲ့သည်။ 


"ဝေ့မိသားစုကရခဲ့တာလား" သူတို့မိဘအိမ်ဆီ ပြန်ယူသွားရမည့်လက်ဆောင်ကို သူဂရုစိုက်လိုက်မည်ဟု မနေ့ညက လီချန်ဖုန်းပြောခဲ့တာဖြစ်၍ ရွှီချင်းစိတ်ပူစရာမလိုခဲ့ချေ။ 


ရွာထဲက ဝေ့မိသားစုရဲ့ဒုတိယသားနှင့် လီချန်ဖုန်းတို့က စစ်မှုထမ်းစဥ်ကတည်းက သူငယ်ချင်းကောင်းတွေဖြစ်ခဲ့ကြ၏။ ယမန်နေ့က သူတို့လက်ဆောင်ပေးရန်အတွက် ရွှီချင်းအိမ်သို့ တခြားသူတွေနှင့်အတူတူရောက်လာခဲ့ကာ သူတို့လာတွေ့ကြသည့်သူမှာ လီချန်ဖုန်းဖြစ်နေခဲ့သည်! 


လီချန်ဖုန်းက လက်သမားအတတ်ကျွမ်းကျင်သည်ကိုသိ၍ သူကိုယ်တိုင်လည်းအိမ်ထောင်ပြုရတော့မည်ဆိုကတည်းက လီချန်ဖုန်းကို သူ့အတွက် ဗီရိုကြီးကြီးနှစ်လုံးကိုလုပ်ပေးစေချင်ခဲ့သည်။ လီချန်ဖုန်းလည်း အခကြေးငွေအကြောင်းမပြောဘဲ လက်ခံခဲ့ပေမယ့် ဝေ့လောင်အာ့မှာ သဘောမတူခဲ့ပေ။ ဒါ့ကြောင့် သူတို့အိမ်မှာ ကြက်တွေရှိလားလို့ လီချန်ဖုန်းမေးလာပြီး ဗီရိုလုပ်ခအတွက် ကြက်မတစ်ကောင်နဲ့ အလဲအလှယ်လုပ်ဖို့သာပြောလာ၏။ 


မနေ့ညက လီချန်ဖုန်းလည်း ဤကိစ္စကို ရွှီချင်းဆီ ပြောပြခဲ့သေးသည်။ သူတို့နှစ်ယောက်က စစ်တန်းလျားတွင် တစ်နေရာတည်းမှာ တာဝန်အတူတူကျခဲ့တာဖြစ်ပြီး အချိန်ကြာလာတော့ ရဲဘော်ရဲဖက်တွေဖြစ်လာခဲ့၏။ ထို့ကြောင့် ဝေ့လောင်အာ့ရဲ့မင်္ဂလာပွဲအတွက် ဗီရိုလုပ်ပေးခဲ့ပြီး  ငွေစကားမပြောခဲ့တာဖြစ်သည်။ သူတို့အိမ်ပြန်လက်ဆောင်လည်းမပြင်ဆင်ရသေးတော့ ဒီလိုအလဲအလှယ်ကိုပြောလိုက်ခြင်းသာ။ 


"ဒီကြက်မအိုကြီးက အကောင်အရမ်းကြီးတာပဲ! ဒုတိယဝေ့က သူ့အဖေနဲ့တကယ်တူတာပဲနော်၊ ​ရိုးသားလိုက်တာဗျာ!" ရွှီချင်းလည်း ကြက်မအိုကြီးကို သေချာကြည့်ကာ ကျေနပ်နေ၏။ လီချန်ဖုန်း ဒီရွာကိုရောက်လာသောအခါ ရွာမှာ မည်သူနဲ့မျှမရင်းနှီးသဖြင့် အထီးကျန်သလိုခံစားနေရမှာကို ရွှီချင်းစိုးရိမ်နေမိသည်။ သို့ရာတွင် အနည်းဆုံးတော့ လီချန်ဖုန်းမှာ သူ့အပြင် သူနဲ့စကားပြောနိုင်တဲ့သူတစ်ယောက်တော့ရှိနေသောကြောင့် အခုတော့ သူစိတ်သက်သာရာရသွားပြီလေ။ 


*** 


အမေလီသည် မနက်စောစောထ၍ အထူးပွဲတော်တွေမှာသာ ဝတ်လေ့ရှိသည့် အပြာရောင်ရှပ်အင်္ကျီကို ဝတ်ဆင်ကာ သူ့ဆံပင်တွေကိုလည်း သပ်သပ်ရပ်ရပ်ဖြီးထားပြီး ခန်းမထဲမှာ ထိုင်နေ၏။ အဖေလီသည်လည်း အလုပ်မသွားပေ။ ယနေ့သည် အသစ်စက်စက်စုံတွဲက မိဘဘိုးဘွားအိမ်ကို ပြန်လာရမည့်နေ့ဖြစ်သောကြောင့် လီမိသားစုဝင်အားလုံးလည်း အိမ်မှာရှိနေကြသည်။ 


အကြီးဆုံးသားလီနှင့် တခြားသူများလည်း ဝတ်လေ့မရှိတဲ့အဝတ်အစားများကို သန့်သန့်ပြန့်ပြန့်ဝတ်ဆင်ထားကြလျက်။ ဤအိမ်ပြန်လာသည့်နေ့မှာ ဒုတိယညီရဲ့ဇနီးကို သူတို့နှင့်တရားဝင်မိတ်ဆက်ရန် အခွင့်အရေးတစ်ခုလည်းဖြစ်လေသည်။ ဒုတိယညီကို မျက်နှာလေးတော့ပေးရမှာပေါ့ ဟုတ်တယ်မဟုတ်လား! 


"သူတို့ရောက်လာပြီ! သူတို့ရောက်လာကြပြီ!" ခြံတံခါးကိုစောင့်ကြပ်နေသည့် အစ်ကိုကြီးလီရဲ့ဒုတိယသားက မနီးမဝေးမှ လှည်းတစ်စီးကိုမြင်လိုက်ရာ ထိုင်နေတဲ့လူတွေထဲမှတစ်ယောက်မှာ လီချန်ဖုန်းဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ခန်းမထဲကို အမြန်ပြေးကာ သတင်းပို့လိုက်၏! 


စုံတွဲရောက်လာပြီဟုကြားသည်နှင့် လူတိုင်းလည်း ထိုင်နေတဲ့ပုံစံကို ပြောင်းလိုက်ကြသည်။ 


"အဖေ၊ အမေ၊ အစ်ကိုကြီး၊ အစ်ကိုကြီးဇနီး၊ တတိယညီ၊ တတိယညီဇနီး၊ ရှောင်းအာ၊ သူက ကျွန်တော့်ဇနီးလေး ရွှီချင်းပါ" 


လီမိသားစုဝင်အားလုံးသည် ရွှီချင်းရဲ့ဖြူဖွေးနူးညံ့နေတဲ့မျက်နှာလေး၊ မျက်လုံးတောက်တောက်လေးနှင့် သူ့ရဲ့ချိုမြိန်လှတဲ့အပြုံးလေးတွေကို ကြည့်လိုက်ကာ အံ့သြသွားရသည်။ သူက "ရုပ်ဆိုးဆိုးကော"ဆိုတာ တကယ်ပဲလားဟ! ရွှီချင်းလှပလာပြီဆိုတဲ့သတင်းမှာ သူ့ရွာထဲရှိလူတွေဆီမှာပဲ ပျံ့နှံ့နေသေးကာ တခြားနီးစပ်သောရွာတွေဆီ ထိုအကြောင်းမရောက်သေးချေ။ 


"ဇနီးလေး၊ ဒါက ကိုယ့်အဖေ၊ အမေ၊ အစ်ကိုကြီးနဲ့ သူ့မိသားစုတွေ၊ တတိယညီနဲ့ သူ့မိသားစု၊ ပြီးတော့ သူက ကိုယ့်အငယ်ဆုံးညီလေးလေ" လီချန်ဖုန်းသည် ကလေးတွေကိုညွှန်ပြကာ မည်သူ့ကလေးတွေဖြစ်ကြောင်း ရွှီချင်းအား ဂရုတစိုက်ပြောပြနေသည်။ 


"အဖေ အမေ ဒါက ကျွန်တော်နဲ့ ချန်ဖုန်းဆီက ဂါဝရပြုလက်ဆောင်သေးသေးလေးပါ။ နှစ်ယောက်လုံးကျန်းမာကြပြီး အရာအားလုံးအကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်နော်!" 


ရွှီချင်းသည် လီချန်ဖုန်းအား ကြက်မကိုထုတ်ယူခိုင်းကာ အမေလီကိုလက်ဆောင်ပေးလိုက်၏။ အမေလီ၊ အစ်ကိုကြီးဇနီး၊ လီလောင်စန်းဇနီးနှင့် လီရှောင်းအာတို့အတွက် အထည်စအသစ်တစ်ချို့ကိုထုတ်ယူကာ "ဒါတွေက ကျွန်တော်ရွေးထားတဲ့အရောင်တွေပါ။ အမေတို့အကြိုက်နဲ့ကိုက်ပါ့မလား ကျွန်တော်သေချာမသိလို့!" 


"ဘာပေါက်ကရတွေပြောနေရတာတုန်း။ အားလုံးက မိသားစုတွေပဲလေ!! အမေလီသည် ရွှီချင်းမှာ သူမှန်းထားသည်နှင့်လုံးလုံးမတူကတည်းက အပြုံးတွေနှင့်ကြိုဆိုနေခဲ့ကာ ဒေါသဖြစ်ဟန်ဆောင်၍ပြောလိုက်၏။ အမေလီက လက်ခံလိုက်ပြီဆိုသည်နှင့် လူတိုင်းကလည်း ရယ်ရယ်မောမောနှင့် စတင်စနောက်ပြောဆိုလာကြလျက်။ သူတို့နှစ်ယောက်မှာ အဖေလီဆီမှ စာအိတ်နီရခဲ့ပြီး ရွှီချင်းလည်း ကလေးတွေကို သကြားလုံးတွေဝေပေးနေခဲ့သည်။ 


ကျင့်ဝတ်တွေနည်းသောကျေးလက်မိသားစုအနေဖြင့် ကလေးများက သူတို့စားရခဲလှတဲ့ သကြားလုံးများရ၍ ဝမ်းသာနေကြကာ သူတို့သူငယ်ချင်းလေးများကို ကြွားဝါရန် အပြေးအလွှားသွားကြလေသည်။ အစ်ကိုကြီးလီရဲ့ဇနီးနှင့် လီလောင်စန်းရဲ့ဇနီးတို့လည်း ပိတ်စအသားကောင်းကောင်းတွေရ၍ ကျေနပ်နေကြပြီး သူတို့ခင်ပွန်းနှင့်ကလေးများအတွက် အဝတ်တွေချုပ်ပေးနိုင်ပြီလေ။ လီရှောင်းအာလည်း ပျော်ရွှင်နေလျက်။ အဝတ်အစားအသစ်တွေကိုမကြိုက်တဲ့ကော မရှိဘူးလေနော်! 


"မင်းကလူကောင်းတစ်ယောက်ပဲ။ ငါတို့ဒုတိယသားက စကားသိပ်မပြောပေမယ့် ရိုးသားတဲ့လူပါ။ သူသာမင်းကိုအနိုင်ကျင့်ခဲ့ရင် ငါတို့ သူ့ကိုအလွတ်ပေးမှာမဟုတ်ဘူး! ကောင်းကောင်းနေနိုင်ပြီး အနာဂတ်မှာ ကလေးလေးတွေအများကြီးရှိလာမှာပါ!" အမေလီသည် ရွှီချင်းကိုကြည့်လေလေ ပိုပြီးသဘောကျလာလေလေပင်။ သူ့မိဘတွေကမရှိတော့ဘူးဆိုတာ သူမှတ်မိသွား၍ သူ့လေသံမှာ ပို၍ပင်နူးညံ့လာလျက်။ 


ရွှီချင်းလည်း ပြုံးကာ ခေါင်းညိမ့်လိုက်၏။ အဲ့ဒီလူက လုံးဝမရိုးသားပါဘူးနော်၊ ဒါပေမယ့် သူကိုင်တွယ်နိုင်ပါတယ်လေ! 


"ဒါက ကိုယ့်အခန်းလေ။ ကိုယ်ရွှေ့ပြောင်းလိုက်တော့ ရှောင်းအာကိုပေးခဲ့လိုက်တာ" လီချန်ဖုန်းသည် ရွှီချင်းကို သူ့အခန်းပတ်ပတ်လည် လိုက်ပြခဲ့သည်။ 


"ရှောင်းအာက အိမ်ထောင်ပြုရမယ့်အရွယ်ရောက်နေပြီဆိုတော့ သူ့မှာအခန်းကျယ်ကျယ်ကြီးရှိသင့်တဲ့အချိန်ပါပဲ!" သူနှင့်လီရှောင်းအာမှာ အသက်တူတူပဲဆိုတာ ရွှီချင်းမစဥ်းစားမိဘူး။ 


"ဒုတိယအစ်ကို ဒုတိယအစ်ကို နေ့လည်စာစားလို့ရပြီနော်!" လီရှောင်းအာသည် ပွင့်နေဆဲတံခါးကိုခေါက်ကာ သူတို့နှစ်ယောက်ကို ပြုံးပြီးကြည့်နေ၏။ ဤ"ရုပ်ဆိုးဆိုးကော"က သူ့ရဲ့ဒုတိယအစ်ကိုနှင့် မလိုက်ဖက်ဘူးလို့ အစကတွေးထားတာဖြစ်သည်။ သို့ပေမယ့် အခုတော့ ကြော့ရှင်းလှပနေတဲ့ရွှီချင်းကိုကြည့်ရင်း သူ့ဒုတိယအစ်ကိုက သူ့ကိုကိုင်တွယ်နိုင်ပါ့မလား သိချင်နေမိပြီ! 


*** 


"မင်းဘယ်သွားမလို့လဲ" အမေချန်သည် ခြံဝင်းတံခါးဆီလျှောက်သွားနေသော ချန်ဟုန်ကိုကြည့်လိုက်၏။ 


ချန်ဟုန်လည်း သူ့လက်သူညှစ်လိုက်ကာ တည်တည်ငြိမ်ငြိမ်ဖြေလိုက်သည်။ "ဟင်းရွက်တွေသွားခူးမလို့ပါ" 


"ချန်ချီရဲ့ဇနီးရေ!" 


"ဟုတ်!" နေ့လည်စာပြင်ဆင်နေသော ချန်ချီ၏ဇနီးမှာ အမေချန်ခေါ်သည်ကိုကြား၍ အမြန်ထွက်လာခဲ့သည်။ 


"ဒီနေ့ နေ့လည်စာအတွက် ဟင်းရွက်တွေမလုံလောက်ဘူးလား" အမေချန်သည် အနည်းငယ်တုန်ယင်နေသောချန်ဟုန်ကိုကြည့်ကာ ချန်ချီရဲ့ဇနီးကို မေးလိုက်၏။ 


"လောက်ပါတယ် အမေ။ ခုနကပဲ သွားခူးထားတာပါ" ချန်ချီရဲ့ဇနီးလည်း သိပ်စဥ်းစားမနေတော့ဘဲ အမေချန်က ဟင်းရွက်မလုံလောက်မှာစိုးရိမ်၍မေးတာလို့ ထင်လိုက်တာဖြစ်သည်။ 


"ရှောင်ဟုန်က ဟင်းရွက်သွားခူးမယ်ဆိုလို့ မလောက်ဘူးလို့ ငါထင်သွားတာ။ မင်းသွားချက်လေ။ ရှောင်ဟုန် သွားကူပေးလိုက်!" သူ့သားဘာလုပ်ချင်နေလဲဆိုတာ သူမသိဘူးများထင်နေတာလား။ ယနေ့မှာ လီမိသားစု၏ဒုတိယသား မိဘအိမ်ပြန်လာလည်တဲ့နေ့လေ၊ သူ့သားက လီချန်ဖုန်းကို သွားတွေ့ချင်နေတယ်ဆိုတာ အသေအချာပဲ! 


အမေချန်က သူ့ရည်ရွယ်ချက်တွေကိုမြင်နိုင်မှန်း ချန်ဟုန်သိပေသည်။ သူက လီချန်ဖုန်းနှင့်ရွှီချင်းကို တစ်ချက်လောက်သွားခိုးကြည့်ချင်သည်။ လီချန်ဖုန်းက အဲ့ဒီ"ရုပ်ဆိုးဆိုးကော"ရဲ့အိမ်ကို သူ့ဆန္ဒအလျောက်ဝင်သွားတာလား ကြည့်ချင်ရုံပါ! 


"မင်းဘာစောင့်နေတာတုန်း။ သွားတော့လေ!" 


နောက်ဆုံးတော့ ချန်ချီရဲ့ဇနီးမှာ အမေချန်နှင့် ချန်ဟုန်တို့ကြားမှ ထူးဆန်းတဲ့လေထုကို သတိထားမိသွားသည်။ သူ့လက်ကိုသုတ်ကာ ချန်ဟုန်ကို ညင်ညင်သာသာလေးဆွဲခေါ်ပြီး ပြောလိုက်၏။ "အထဲသွားရအောင်လေ မဟုတ်ရင် အမေဒေါသထွက်တော့မယ်နော်" 


ချန်ဟုန်လည်း အမေချန်ရဲ့မျက်လုံးထဲက သတိပေးနေတဲ့မကျေမနပ်အကြည့်ကို မြင်လိုက်ရာ သူ့နှလုံးသားလေးနစ်မြုပ်သွားရပြီး ချန်ချီရဲ့ဇနီးဆွဲခေါ်ရာကိုပါသွားတော့သည်။ သူ့အမေက သူ့ကို အရင်ကဒီလိုမျိုးတစ်ခါမှမကြည့်ဖူးပေ။ သူ့ကို တကယ်ပဲစိတ်ပျက်သွားတာများလား။ လီချန်ဖုန်းအတွက် ပိုကောင်းလာစေဖို့ သူလုပ်ခဲ့သမျှအရာအားလုံးက အချည်းနှီးပဲလား။ သူမယုံနိုင်ပါဘူး! 


ဘာသာပြန်သူမှာ ပြောစရာရှိပါတယ်:


မင်ဂါဦးတုန်းက ဖြတ်​သွားတဲ့ပြိုင်ကားက နောက်တပိုင်းမှာ တကယ်လာပါပြီနော် အချစ်တို့ရေ 😆😆 မျှော်ကြဦးနော် 😝😝

အပိုင်းတွေ ခွဲထားလို့ဆိုပြီး တိုတယ်မထင်နဲ့နော် စာလုံးရေ ၄၀၀၀လောက်ရှိတယ်ဗျို့ 😞


xxx