Chapter-25
ရွှီချင်းနှင့် လီချန်ဖုန်းတို့လည်း လီမိသားစုခြံဝင်းထဲမှာ နေ့လည်စာစားပြီးနောက် အိမ်ပြန်ရန်ပြင်ကြ၏။ အိမ်မှာ ဝက်ကလေးကို အစာကျွေးရဦးမှာဆိုတော့ စောစောပြန်ဖို့လိုတယ်လေ။ သူတို့ရွာအစွန်ရှိလမ်းဆုံကိုရောက်တော့ ဦးလေးရှဲ့ကသူတို့ကိုကြက်ပေါက်လေးတွေလာဖမ်းဖို့ မနေ့ကလီချန်ဖုန်းပြောထားတာကို မှတ်မိသွားသည်။ ထို့ကြောင့် ရှဲ့မိသားစုဆီ ကြက်ပေါက်တွေသွားဖမ်းရန် ဆုံးဖြတ်လိုက်၏။
"အာ အိမ်မှာဘယ်သူမှမရှိဘူးထင်တယ်။ ညနေမှပြန်လာကြတာပေါ့" လီချန်ဖုန်းက ခေါင်းညိတ်လျက် ရွှီချင်းလက်ကိုကိုင်ထားပြီး သူ့တို့အိမ်ဆီလမ်းလျှောက်သွားကြ၏။ ရှဲ့မိသားစုခြံဝင်းတံခါးသော့ခတ်ထားသည်မှာ ဦးလေးရှဲ့ရော အဒေါ်ရှဲ့ပါ အိမ်မှာမရှိမှန်း သိနိုင်ပေသည်။
သူတို့အိမ်ပြန်ရောက်တော့ ခဏနားပြီးနောက် လီချန်ဖုန်းက ပေါက်ပြားကိုင်လျက် အပြင်ထွက်သွား၏။ "ကိုယ်လယ်ကွင်းမှာ မြေဆွလိုက်ဦးမယ်။ မင်းက အိမ်မှာနားနေဦး။ ကိုယ်ပြန်လာခဲ့မယ်"
လယ်ကွက်တွေက အိမ်နားတစ်ဝိုက်မှာရှိ၍ မြန်ဆန်ကာ အဆင်ပြေစေသည်။ သို့သော် အပြင်ဘက်ရှိ ခြစ်ခြစ်တောက်နေရောင်ကိုကြည့်ကာ မျက်မှောင်ကြုတ်လျက် "မသွားခင် ခဏစောင့်လိုက်ပါဦး။ အခုချိန်က အရမ်းနေပူနေတာကို၊ ခင်ဗျားကိုလည်း အပူမလျှပ်စေချင်ဘူး"
"အဆင်ပြေပါတယ်ကွာ။ သိပ်မဝေးဘူးလေ၊ ကိုယ်မကြာခင်ပြန်လာမယ်နော်။ ရာသီဥတုသာယာတုန်း မြေဆွထားမှ နေရောင်အောက်မှာ မြက်တွေခြောက်လွယ်မှာလေ။ လိမ္မာနော်" လီချန်ဖုန်းက အပြင်ဘက်ရှိ နေကိုတစ်ချက်ကြည့်လိုက်ပြီး သိပ်ဂရုမစိုက်ချေ။ သူမသွားခင်မှာ ရွှီချင်းဆံပင်လေးကိုဖွသွားသေးသည်။
"ဒါဆို စောစောပြန်လာနော်! ခင်ဗျားဘာသာ အလုပ်မပိစေနဲ့နော်!" ရွှီချင်းလည်း လီချန်ဖုန်းနောက်ကျောကိုကြည့်ကာ စိုးရိမ်စွာပြောလိုက်၏။ ရာသီဥတုက တဖြည်းဖြည်းပိုပူလာ၍ နွေဦးကောက်စိုက်ရာသီနီးလာပြီမှန်း သူသိသဖြင့် အရမ်းကြီးလည်း တားဖို့မလုပ်တာဖြစ်၏။
တစ်မနက်ခင်းလုံး ခြံဝင်းထဲမှာ နေလှမ်းထားခဲ့တဲ့ အိပ်ရာခင်းကိုယူလာပြီးနောက် သပ်သပ်ရပ်ရပ်လေးခေါက်ကာ ဗီရိုမှာထည့်ဖို့ဖွင့်လိုက်တော့ မနေ့က လီချန်ဖုန်း ဗီရိုအပေါ်ဆုံးမှာထားလိုက်တဲ့စာအုပ်လေးကိုတွေ့လိုက်သည်။ "ဒီဟာက!" ရွှီချင်းလည်း မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း စာအုပ်လေးကို ဗီရိုအောက်ဆုံးမှာထား၍ ဖွက်ထားလိုက်တော့သည်။ သေချာဖွက်ပြီးနောက်မှ ရွှီချင်းမှာ သီချင်းလေးညည်းရင်း အိပ်ရာခင်းကိုနေရာချလိုက်၏။
လီချန်ဖုန်းပြန်မလာခင်မှာ ရွှီချင်းလည်း နေရာလွတ်ထဲမှ ပျိုးပင်တစ်ချို့ထုတ်ကာ အိမ်အနောက်ဘက်ရှိ ဟင်းရွက်စိုက်ခင်း၌ အတန်းလိုက်လေး သပ်သပ်ရပ်ရပ်စိုက်ပျိုးလိုက်သည်။ ပျိုးပင်များက အညှောက်ပေါက်နေပြီးဖြစ်ရာ စိမ်းလန်းနေပြီး မျက်စိပဒေသာဖြစ်စဖွယ်ပင်။ ၄င်းတို့ကို နေရာလွတ်မှာ ထားစရာမလိုတော့သဖြင့် ရွှီချင်းက ရက်အနည်းငယ်အတွင်း အပြင်မှာပြန်စိုက်ရန် ဆုံးဖြတ်ခဲ့တာဖြစ်သည်။ စိုက်ခင်းအဆင်သင့်ဖြစ်တာနဲ့ ၄င်းတို့ကို ပြောင်းစိုက်နိုင်ပြီလေ။
ရွှီချင်းက ပျိုးပင်များစိုက်ပျိုးပြီးချိန်တွင် နေဝင်သွားပြီဖြစ်၏။ ရွှီချင်းလည်း လက်ကိုဆေးကြောပြီးနောက် ခြင်းတောင်းကို ကျောပေါ်တင်ကာ တံစဥ်ကိုကိုင်လျက် ဝက်စာမြက်ဖြတ်ရန် ထွက်လာခဲ့သည်။ ခြံတံခါးမှ မဝေးသောလယ်ကွင်းမှာ လီချန်ဖုန်းအလုပ်များနေတာကိုတွေ့လိုက်ရသည်။
လီချန်ဖုန်းသည် မြေသုံးကွက်ကို တူးပြီးသွားပြီဖြစ်၍ သူ့အင်္ကျီမှာချွေးရွှဲနေသဖြင့် ပို၍ပူစေသည်။ ရွှီချင်းလည်းပြန်လှည့်လိုက်ပြီး သူ့ခင်ပွန်းရေငတ်ပြေစေရန်အတွက် ရေတစ်ခွက်သွားယူလိုက်သည်။ သူကတကယ်ခေါင်းမာတာပဲ၊ အပြင်မှာ ရာသီဥတုဒီလောက်ပူနေတာကို မစဥ်းစားဘူးပဲ။
"ဒီမှာ၊ ရေသောက်လိုက်ဦး။ ကြည့်စမ်း ခင်ဗျားဘယ်လောက်ပူနေသလဲလို့!" လီချန်ဖုန်း ပေါက်ပြားတူးနေသည်ကိုရပ်ခိုင်းကာ ရွှီချင်းက ရေကမ်းပေးလိုက်၏။
လီချန်ဖုန်းက ရွှီချင်းကို အကြိမ်များများပြုံးပြလိုက်ပြီးမှ ရေကိုလှမ်းယူသည့်အခါ သူ့ဇနီးလေးရဲ့နူးညံ့လှတဲ့လက်လေးကိုထိဖို့အခွင့်အရေးယူလိုက်သေးသည်။ အနှီလုပ်ရပ်ကြောင့် ရွှီချင်းဆီမှ မျက်စောင်းအကြီးကြီးရလိုက်တော့သည်။ "ကျေးဇူးပါကွာ ကိုယ့်ဇနီးလေး။ ဝက်စာမြက်သွားဖြတ်မလို့လား" ရွှီချင်းကိုယ်ပေါ်ကပစ္စည်းတွေကိုကြည့်လိုက်တော့ သူ့ဇနီးလေးဘာသွားလုပ်မလဲဆိုတာ သူသိလိုက်ပြီ။
"ဟုတ်တယ်၊ ဟိုဘက်လယ်ကွင်းမှာပဲ သွားဖြတ်မှာပါ။ ဝက်ကလေးက ငယ်သေးတော့ အများကြီးမစားသေးလို့ သိပ်ဒုက္ခမများပါဘူး" ဝက်တွေကြီးလာရင်တော့ အစာများများကျွေးဖို့လိုလာတဲ့အခါ ခက်ခဲလာပေမည်။ ဒီမှာက ဝက်တွေကိုအစာကျွေးဖို့ ပြောင်းဖူးတွေမရှိဘဲ တစ်နှစ်ပတ်လုံး ဝက်စာမြက်သာကျွေးရ၏။ အခုချိန်မှာတော့ လယ်ကွင်းများတွင် ကောက်ပံသီးနှံများနှင့် ဟင်းသီးဟင်းရွက်များ စိုက်ပျိုးနေကြပြီဖြစ်၍ ဝက်စာမြက်ဖြတ်ရန် တောင်အစွန်းပိုင်း သို့မဟုတ် မထွန်ယက်ရသေးတဲ့မြေကွက်ဆီသွားရပေမည်။
လီချန်ဖုန်း ရေတစ်ဝက်လောက်သောက်ချပြီးနောက် ရွှီချင်းပါးစပ်နားတေ့ပေးကာ "မင်းလည်းသောက်ဦးလေ" ရွှီချင်းလည်း လီချန်ဖုန်းသောက်တာကိုကြည့်ရင်း ရေဆာလာသဖြင့် တွန့်ဆုတ်မနေတော့ဘဲ လီချန်ဖုန်းလက်ထဲက ရေကို အလုတ်ကြီးသောက်ချလိုက်သည်။ သို့ရာတွင် သူအမြန်သောက်လိုက်၍ သူ့ပါးစပ်ထဲမှ ရေတစ်ချို့လျှံကျလာကာ သူ့ရဲ့နှင်းဖြူရောင်လည်ပင်းဆီစီးကျသွားပြီး အင်္ကျီတောင်စိုသွားလေ၏။ လီချန်ဖုန်းရဲ့မျက်လုံးမှာ တောက်လောက်သွားလျက် ဒီညတော့ သူနောက်ဆုတ်မှာမဟုတ်တော့ဘူးကွာ။
ရွှီချင်းလည်း ဝက်စာမြက်တွေဖြတ်နေရင်း လီချန်ဖုန်းရှိရာ မကြာမကြာလှမ်းကြည့်နေကာ တစ်ခါတစ်လေမှာတော့ လီချန်ဖုန်းနှင့် အကြည့်ချင်းတောင်ဆုံသွားသေးသည်မို့ သူ့စိတ်ထဲမှာ ကျေနပ်အားရနေလျက်။ အရိုးရှင်းဆုံးဘဝမှာ အပျော်ရွှင်ရဆုံးပင်။
ညနေခင်း၌ ရွာထဲကလယ်တောအိမ်ခေါင်မိုးများမှ မီးခိုးငွေ့တလူလူထွက်နေကြလျက်။ ရွှီချင်းလည်း လီချန်ဖုန်းပြင်ဆင်ပေးထားတဲ့ ငါးအတုံးလေးတွေကို မီးအေးအေးနဲ့တည်ထားတဲ့ စွပ်ပြုတ်အိုးထဲထည့်လိုက်၏။ ငါးကိုအကြာကြီးချက်ဖို့မလိုချေ။ ၁၅မိနစ်ကြာတော့ ရွှီချင်းက စားပွဲပြင်လိုက်တော့သည်။ လီချန်ဖုန်းသည် ရွှီချင်းအတွက် ငါးနှင့် ဟင်းရွက်တွေကို ပြင်ဆင်ပေးပြီးနောက် ကြက်ပေါက်လေးတွေဖမ်းရန် ဦးလေးရှဲ့အိမ်သို့သွားရာ အခုထိပြန်မလာသေးပေ။
"အာ ဟုတ်သားပဲ! မနေ့ကလုပ်ထားတဲ့ဂေါ်ဖီချဥ်!" စားပွဲဆီသို့ ထမင်းယူလာပြီးနောက် လီချန်ဖုန်းလက်ဖြင့်ပြင်ဆင်ထားခဲ့သော ဂေါ်ဖီချဥ်ကို ရွှီချင်းမှတ်မိသွားခဲ့သည်။ တူတစ်စုံနှင့် ပန်းကန်သေးတစ်လုံးယူကာ ဘူးအဖုံးကို ညင်ညင်သာသာလေးဖွင့်လိုက်၏။ ရင်းနှီးနေတဲ့အချဥ်နံ့လေးမှာ ပျံ့လွင့်လာလျက်။
"အဆင်သင့်ပဲကွ!" ရွှီချင်းမြည်းကြည့်လိုက်သည်။ ခေတ်သစ်အချိန်က ချဥ်ချဥ်စပ်စပ်အရသာနှင့်မယှဥ်နိုင်သော်လည်း စားလို့ကောင်းနေဆဲပင်။ ထို့အပြင် သူက စမ်းရေတစ်စက်ထည့်ထားလိုက်တော့ အနံ့လေးကလည်း မွှေးနေတာပေါ့။
"ဇနီးလေးရေ၊ ကိုယ်ပြန်လာပြီ!" လီချန်ဖုန်းရဲ့အသံမှာ ခြံဝင်းအပြင်ဘက်မှ ထွက်လာခဲ့၏။ ရွှီချင်းလည်း ဂရုတစိုက်ဖြင့် ဘူးအဖုံးပြန်ဖုံးလိုက်ကာ စားပွဲပေါ်မှာ ဂေါ်ဖီချဥ်တစ်ပန်းကန်ထပ်ဖြည့်လိုက်လေသည်။ "ညစာအဆင်သင့်ပဲနော်၊ စားလို့ရပြီ။ ဦးလေးရှဲ့ကို ကြက်ပေါက်တွေအတွက် ပိုက်ဆံပေးပြီးပြီလား"
လီချန်ဖုန်း လက်ဆေးပြီးနောက် ပုဝါဖြင့်သုတ်ရင်း ခေါင်းခါကာ "ဦးလေးရှဲ့တို့ ပြန်မရောက်ကြသေးဘူး။ ပြီးတော့ ရွာထိပ်မှာ ဝေ့လောင်အာ့နဲ့တွေ့တုန်းက မေးကြည့်လိုက်တော့ ရက်အနည်းငယ်အတွင်း ဗီရိုလုပ်ဖို့အတွက် သစ်တွေလာပို့ပေးမယ်ပြောသွားတယ်" ခြံဝင်းဆီမရောက်ခင်ကတည်းက သူ့ဇနီးပြင်ထားသော အရသာရှိတဲ့ အစားအစာအနံ့တွေရပြီးသားပင်။ သူအရမ်းစားချင်နေပါပြီ။
ရွှီချင်းက လီချန်ဖုန်းအတွက် ထမင်းခူးပေးလိုက်ပြီး ဘာမှသိပ်မတွေးလိုက်တော့ချေ။ "ကြည့်ရတာ ရှဲ့ကောအာဆီသွားကြတာနေမယ်" ရှဲ့ယွီမှာ ဦးလေးရှဲ့တို့၏ တစ်ဦးတည်းသောသားဖြစ်၏။ လွန်ခဲ့တဲ့နှစ်အနည်းငယ်က လက်ထပ်သွားကာ မြို့ကိုပြောင်းရွှေ့သွားတာဖြစ်သည်။ သူ့ခင်ပွန်းမိသားစုက မြို့မှာ စတိုးဆိုင်တစ်ဆိုင်ပိုင်၏။ ရွာသားတွေက သူ့ကိုအားကျနေခဲ့ကြသေးသည်။ ဦးလေးရှဲ့တို့နှစ်ယောက်ကတော့ သူတို့သားကိုတွေ့ရန် မကြာမကြာအလည်သွားကြ၏။ သူတို့ပြန်မလာကြသေးတာက မထူးခြားလှပေ။
လီချန်ဖုန်းသည် ညစာစားချိန်တွင် ဂေါ်ဖီချဥ်အများကြီးစားခဲ့သည်။ အရသာကို မြည်းကြည့်လိုက်သည်နှင့် ချက်ချင်းသဘောကျသွားပေ၏။ မနေ့က ငါးဟင်းကိုတောင်မှ ဂေါ်ဖီချဥ်လောက်မစားခဲ့ဘူး။ ရွှီချင်းလည်း ကူကယ်ရာမဲ့စွာဖြင့် လီချန်ဖုန်းအတွက် နောက်ထပ်ဂေါ်ဖီချဥ်ပန်းကန်တစ်ဝက် ထပ်ပေးလိုက်ရ၏ "ခင်ဗျား အများကြီးမစားသင့်ဘူးနော်! အဲ့ဒါကတအားချဥ်တယ်လေ!" အချဥ်တွေက စားချင်စိတ်ကိုလှုံ့ဆော်ပေးပေမယ့်လည်း အလွန်အကျွံစားတာက အစာအိမ်အတွက် မကောင်းဘူးလေ...
***
(လောလောဆယ် *ကား ဖြုတ်ထားတယ်နော်။ ဖတ်ချင်ရင် wpမှာလာဖတ်လို့ရပါတယ်)
.
.
.
ပြီးဆုံးသွားသည့်နောက် သန့်ရှင်းတဲ့အိပ်ရာပေါ်မှာ လီချန်ဖုန်းက ရွှီချင်းကို ဘေးချင်းကပ်ဖက်လျက် လှဲလိုက်၏။ သူတို့ကိုယ်ပေါ်မှ ချွေးတွေကိုသုတ်လိုက်ကာ ပြတင်းပေါက်မှတစ်ဆင့် လေအေးအေးများ တိုက်ခတ်လာသည်။ ပြင်းပြင်းထန်ထန် လေ့ကျင့်ခန်းလုပ်ပြီးချိန်မှာရှားပါးလှသည့် လန်းဆန်းစေတဲ့ခံစားချက်ကို ရစေလျက်။ အိပ်မပျော်ခင်မှာ ရွှီချင်းပြောလိုက်သည် "နောက်ရက်တွေထဲမှာ ကျွန်တော့်ကိုထိဖို့အကြောင်း လုံးဝမစဥ်းစားနဲ့!"
လီချန်ဖုန်းလည်း အိပ်ပျော်သွားတဲ့ ရွှီချင်းရဲ့ချစ်စဖွယ်မျက်နှာလေးကို ကြည့်ရင်း "ဟုတ်ပါပြီ၊ ကိုယ်မင်းကိုမထိတော့ဘူး၊ အဲ့ဒီအစား မင်းကကိုယ့်ကိုထိပေါ့..." ရွှီချင်းသာ သူပြောတဲ့စကားတွေကိုကြားရင် လည်ပင်းညှစ်ချင်မလားလို့ သိချင်မိပါရဲ့။ ဒါပေမယ့်လည်း ဒါကသူ့ရဲ့ရည်ရွယ်ချက်မဟုတ်ဘူးလေ!
နောက်တစ်နေ့မွန်းတည့်ချိန်လောက်မှ ရွှီချင်းနိုးလာခဲ့သည်။ "လာပြုံးပြမနေနဲ့! ဦးလေးရှဲ့နဲ့အဒေါ်ရှဲ့တို့ပြန်ရောက်ပြီလားလို့သွားကြည့်!" ရွှီချင်းက လီချန်ဖုန်းကို စိတ်တိုတိုဖြင့် နှင်ထုတ်လိုက်ကာ သူ့ခါးသူပွတ်ရင်း ခြံဝင်းထဲပတ်လျှောက်နေလိုက်၏။ မနေ့ညက သူတို့အတွက် မင်္ဂလာဆောင်ညထက်တောင် ပို၍စိတ်အားထက်သန်တဲ့ညတစ်ညဖြစ်ခဲ့ပေသည်။
လီချန်ဖုန်း ရွှီချင်းရဲ့အမိန့်အတိုင်း ပျော်ပျော်ကြီး ရွာထဲသွားကာ ရှဲ့မိသားစုအိမ်ခြံဝင်းတံခါးခေါက်တော့မည့်အချိန်မှာပင် အထဲမှအဒေါ်ရှဲ့ငိုသံကိုကြားလိုက်ရ၏။
"မာမိသားစု! သူတို့ဘယ်လိုတောင်နှလုံးသားမဲ့ကြတာလဲ! ငါတို့သားလေး အနာဂတ်မှာ ဘယ်လိုရှင်သန်မှာတုန်း!" အဒေါ်ရှဲ့ရဲ့အသံမှာ ဝမ်းနည်းမှုပြည့်နေလျက်။
"သူဘယ်လိုရှင်သန်မှာလဲ! ငါတို့မသေသေးပါဘူးကွ! ငါတို့သားလေးက ငါတို့ဆီ အချိန်မရွေးပြန်လာနိုင်တာပေါ့!" ဦးလေးရှဲ့ရဲ့ဒေါသသံလည်း ပျံ့လွင့်လာလျက်။ လီချန်ဖုန်းလည်း တံခါးခေါက်မည့်လက်ကို ပြန်ရုတ်လိုက်ကာ ခဏတွေးလိုက်ပြီးနောက် အသံမပေးတော့ဘဲ အိမ်ပြန်သွားလိုက်သည်။
"သူတို့ပြန်မရောက်ကြသေးဘူးလား!" ရွှီချင်းမှာ လီချန်ဖုန်းချန်ထားပေးတဲ့နေ့လည်စာကိုစားပြီးချိန်တွင် လီချန်ဖုန်း လက်ဗလာနဲ့ပြန်လာသည်ကို တွေ့လိုက်ရတော့ ဦးလေးရှဲ့နှင့်အဒေါ်ရှဲ့တို့ ပြန်မရောက်သေးဘူးလို့ သူထင်သွားခဲ့သည်။
လီချန်ဖုန်းက ခေါင်းခါလိုက်ကာ ခြံဝင်းတံခါးကိုပိတ်၍ ရွှီချင်းရဲ့ပဟေဠိအကြည့်အောက်မှာ ခပ်တိုးတိုးပြောပြလိုက်၏။ "ရှဲ့မိသားစုမှာ တစ်ခုခုဖြစ်နေပုံရတယ်၊ အထူးသဖြင့် ရှဲ့ကောအာနဲ့ပတ်သက်ပြီးတော့ပေါ့။ အသေးစိတ်တော့ ကိုယ်လည်းမသိဘူး။ ခဏလောက်ပဲ ခြံဝမှာနားထောင်ခဲ့တာဆိုတော့လေ။ ဒါပေမယ့် ကိုယ်က အပြင်လူလည်းဖြစ်၊ အမျိုးသားလည်းဖြစ်တော့ သူတို့မိသားစုကိစ္စတွေမှာ ဝင်ပါဖို့မသင့်တော်ဘူးလေ" သူ့ဇနီးလေးက အဒေါ်ရှဲ့နှင့် အဆင်ပြေကြတော့ ရွှီချင်းသာဆို သူ့ထက်စာရင် ပြဿနာတွေကိုင်တွယ်ဖို့ ပိုအဆင်ပြေမှာပင်။
လီချန်ဖုန်းစကားတွေကိုကြားတော့ ရွှီချင်းနှလုံးသားလေးနစ်မြုပ်သွားရကာ "ခဏနေကျွန်တော်အဲ့ကိုသွားလိုက်မယ်" ဦးလေးရှဲ့နှင့်အဒေါ်ရှဲ့တို့ မြို့ကိုသွားတာက သူတို့သားကိုတွေ့ချင်လို့ ရိုးရိုးလေးမဖြစ်နိုင်ဘူး။
"ဟုတ်ပါပြီ၊ ဒါဆို အခု ကိုယ်လယ်ထဲသွားတော့မယ်နော်!" လီချန်ဖုန်းက ရွှီချင်းနဖူးလေးကိုနမ်းကာ ပေါက်ပြားသယ်၍ ထွက်သွားခဲ့သည်။ ဒီရက်တွေထဲမှာ နေရောင်တောက်ပနေသဖြင့် လယ်ကွင်းထဲတွင် အလုပ်လုပ်ဖို့အကောင်းဆုံးအချိန်ပင်။
ရွှီချင်းလည်း မီးဖိုချောင်ကို သန့်ရှင်းလိုက်ပြီး အဒေါ်ရှဲ့ဆီပေးရန် ဂေါ်ဖီချဥ်တစ်ဘူးကို ယူလိုက်၏။ ရှဲ့မိသားစုအိမ်ရဲ့ခြံတံခါးဆီရောက်သောအခါ လီချန်ဖုန်းလာတုန်းကလိုမျိုး ဘာအသံမှမကြားရဘဲ တိတ်ဆိတ်နေခဲ့သည်။ ရွှီချင်းလည်း သော့ခတ်မထားတဲ့ခြံတံခါးကိုကြည့်လိုက်တော့ အိမ်မှာတစ်ယောက်ယောက်ရှိနေမှာသေချာ၍ တံခါးခေါက်လိုက်သည်။
"အဒေါ်ရှဲ့အိမ်မှာရှိလား။ ကျွန်တော်ချင်းကောအာပါ။ အဒေါ်တို့အတွက် တစ်ခုခုယူလာပေးတာ!"
ခဏအကြာမှာ ဦးလေးရှဲ့က တံခါးလာဖွင့်ပေးသည်။ "ချင်းကောအာ၊ လာလေ၊ ဝင်ခဲ့။ မင်းရဲ့အဒေါ်ရှဲ့က ခန်းမထဲမှာရှိတယ်။ သူနဲ့စကားပြောလိုက်ဦး။ ဦးလေးက လယ်ထဲသွားရဦးမှာ။ ဒီရက်ပိုင်း အလုပ်တောင်သေချာမလုပ်ဖြစ်လို့ ထပ်မစောင့်နိုင်တော့ဘူးလေ"
xxx