Ch-26
Viewers 9k

Chapter-26


အမှန်တကယ်ပင် ဦးလေးရှဲ့ရဲ့လေသံမှာ လွန်ခဲ့တဲ့ရက်အနည်းငယ်ကလို ရွှင်ပျပျရှိမနေ။ ယခု သူ့မျက်လုံးတွေအောက်မှာ အမည်းကွင်းတွေနှင့် ပင်ပန်းနွမ်းနယ်နေ၏။ ပြီးခဲ့တဲ့နှစ်ရက်အတွင်းမှာ ကောင်းကောင်းမအိပ်ခဲ့ပုံရသည်။ ဦးလေးရှဲ့တောင် ဒီလိုပုံစံဖြစ်နေရင် အဒေါ်ရှဲ့ကရော... ရွှီချင်းအတွေးစကိုဖြတ်လျက် ဦးလေးရှဲ့ကို ခေါင်းညိတ်ကာ "ကျွန်တော်သိပါပြီ။ ဦးလေးလည်း လုပ်စရာရှိတာသွားလုပ်လို့ရပါတယ်ဗျာ။" 


ဦးလေးရှဲ့ ပင်ပန်းနေတဲ့အမူအရာဖြင့် ရွှီချင်း ပင်မခန်းထဲဝင်သွားသည်ကိုကြည့်နေခဲ့၏။ ဒီရက်တွေထဲမှာ သူတကယ်ပဲ ကောင်းကောင်းမနားရသေးဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ရွှီချင်းနှင့်လီချန်ဖုန်းတို့ရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ပေးရတာနဲ့ အလုပ်တွေရှုပ်နေခဲ့တာ၊ ပြီးတော့ ဒီ၂ရက်မှာလည်း... ဟင်း! 


ရွှီချင်းအခန်းထဲဝင်လိုက်သည်နှင့် အဒေါ်ရှဲ့ကအသက်မဲ့သလိုခေါင်းငုံ့ထိုင်နေတာကို တွေ့လိုက်ရသည်။ ရွှီချင်းလည်း ဂေါ်ဖီချဥ်ဘူးကို စားပွဲပေါ် ညင်ညင်သာသာတင်လိုက်ပြီး အဒေါ်ရှဲ့ဘေးမှာထိုင်ချကာ "အဒေါ်ရှဲ့..." အဒေါ်ရှဲ့ဒီလိုပုံစံမျိုးဖြစ်နေတာကို အရင်က သူတစ်ခါမှမမြင်ဘူးခဲ့ပေ။ ကောင်းကင်ကြီးပြိုကျနေသလို အဒေါ်ရှဲ့၏အခြေအနေမှာ ပြင်းထန်ပုံပေါ်သည်။ 


ရွှီချင်းက အဒေါ်ရှဲ့အသိပြန်ဝင်လာအောင် အကြိမ်ပေါင်းများစွာ ခေါ်နေခဲ့ရသည်။ ဖြေးဖြေးချင်း ခေါင်းကိုမော့၍ ရွှီချင်းဆီ အကြည့်ရောက်လာခဲ့၏။ သူ့မျက်လုံးတွေက ယောင်နေပြီး မျက်ရည်များပြည့်နေကာ မျက်နှာလည်း ဖြူလျော်လျော်နှင့် မျက်တွင်းချောင်နေပြီး မျက်လုံးများက အသက်မဲ့နေသလိုပင်။ 


ရွှီချင်းက အဒေါ်ရှဲ့ကို ဂရုတစိုက်ကြည့်နေ၏။ အချိန်အတော်ကြာမှ အဒေါ်ရှဲ့လည်း စကားစပြောလာရာ သူ့အသံမှာ အချိန်အကြာကြီးမဖွင့်ထားတဲ့ သစ်သားတံခါးဟောင်းအိုကြီးဆီမှထွက်လာသောအသံကဲ့သို့ပင်။ "ချင်းကောအာရောက်နေတာပဲ။ အဒေါ်ရဲ့ပုံစံကြောင့်လန့်မသွားနဲ့နော်။ မင်းနဲ့ချန်ဖုန်းရောဘယ်လိုလဲ။ မင်းတို့ကောင်းကောင်းအဆင်ပြေကြတယ်မလား" သူ့အသံကအားနည်းနေသော်လည်း ဂရုစိုက်မှုအပြည့်ပင်။ 


အဒေါ်ရှဲ့၏တုန်ယင်နေတဲ့လက်တွေကို ရွှီချင်းလက်လှမ်း၍ ဆုပ်ကိုင်လိုက်ပြီး "ကျွန်တော်တို့အဆင်ပြေပါတယ်ဗျာ။ ဒါပေမယ့် အဒေါ်တို့ဘာဖြစ်ကြလို့လဲဟင်။ တကယ်လို့ တစ်ခုခုရှိရင် တစ်ယောက်တည်းမြိုသိ​ပ်မထားပါနဲ့။ အဲ့ဒါက အဒေါ့်ကိုပိုဆိုးစေမှာပေါ့။" သူတို့အဆင်ပြေကြောင်း ရွှီချင်းပြောတာကိုကြားတော့ အဒေါ်ရှဲ့လည်း အနည်းငယ်စိတ်ချလက်ချဖြစ်သွား၏။ သို့ပေမယ့် သူ့ရဲ့ကံမကောင်းလှတဲ့သားလေးအကြောင်းစဥ်းစားမိသည်နှင့် မငိုပဲမနေနိုင်တော့။ 


"တကယ်ပဲ ဘာဖြစ်လို့လဲဟင်။ ကျွန်တော့်ကိုပြောလေ၊ ကျွန်တော်ကူညီနိုင်ချင်ကူညီမှာပေါ့။" 


"ကျုပ်ဘဝမှာ ဘယ်လိုအပြစ်မျိုးတွေကျူးလွန်ခဲ့လို့လဲ၊ ကျုပ်ချစ်ရတဲ့သားလေးကို ဘယ်လိုလုပ်ဒီလိုမျိုးခံစားခိုင်းရတာလဲ!" 


ဖြစ်ပုံမှာ လွန်ခဲ့တဲ့၂ရက်တုန်းက ဦးလေးရှဲ့နှင့်အဒေါ်ရှဲ့တို့ဆီ သူတို့ရဲ့သားလေးဆီမှ စာတစ်စောင်ရောက်လာခဲ့သည်။ စာထဲမှာကတော့ သူတို့ကိုမြို့သို့လာခိုင်းသည်ဖြစ်၍ အိမ်လွမ်းနေတာလို့ သူတို့ထင်လိုက်တာဖြစ်လေသည်။ သူတို့သားလေးကြိုက်တဲ့အစားအစာတွေယူသွားကာ မြို့ကမာမိသားစုဆီသွားလည်ခဲ့သည်။ 


သို့ရာတွင် သူတို့ မာမိသားစုဆီရောက်တော့ အရင်ဆုံးတွေ့ရသည်မှာ လူအိုကြီးမာစုံတွဲပင်။ "အာ ခင်ဗျားတို့ရောက်လာပြီပေါ့! ဘာတွေယူလာကြတာလဲ။ လာထိုင်ကြလေ" အမေမာက ဦးလေးရှဲ့သယ်ထားတဲ့ အိတ်ကိုကြည့်ရင်း ပြောလာသည်။ သူ့မျက်လုံးထဲမှာတော့ စိတ်မရှည်တဲ့အရိပ်အယောင်တို့ဖြင့်။ သူတို့ရောက်လာတိုင်း သူတို့သားကြိုက်တတ်တဲ့အစားအစာတွေယူလာပေးကြပေမယ့် သူကိုယ်တိုင်မစားနိုင်ဘူးလေ။ သူတို့တခြားအရာတွေယူလာဖို့ မျှော်လင့်နေခဲ့သည်။ 


အဘိုးကြီးမာ(အဖေမာ)လည်း ဦးလေးရှဲ့ကိုနှုတ်ဆက်ရင်း ထိုင်လိုက်၏။ သူစကားမပြောနိုင်သော်လည်း သူ့မိသားစုမှာ မြို့တွင်းရှိ ကုန်ပစ္စည်းမျိုးစုံရောင်းတဲ့ဆိုင်ဖြင့် မျိုးဆက်တွေအဆက်ဆက် အသက်မွေးလာခဲ့သည်ပင်။ စီးပွားရေးကောင်းတဲ့အခါ သူတို့အဆင်ပြေကြ၏။ ဝင်ငွေမကောင်းတဲ့အချိန်မှာတောင် အနည်းဆုံးတော့ သူတို့စားနိုင်သောက်နိုင်သေးသည်။ 


အဒေါ်ရှဲ့ထိုင်လိုက်ကာ သူတို့သားကိုမတွေ့၍ အမေမာကို သာမန်ကာလျှံကာမေးလိုက်၏ "ရှောင်ယွီနှင့် ဖူကွေ့တို့ရော မရှိဘူးလား" သူတို့သားရဲ့နာမည်က ရှဲ့ယွီဖြစ်ပြီး သူ့ခင်ပွန်းကတော့ မာဖူကွေ့ပင်။ သူတို့မိသားစုရဲ့ကုန်စုံဆိုင်ကို မာဖူကွေ့က ဦးစီးနေပြီဖြစ်သည်။ 


အမေမာက မျက်ခုံးပင့်လျက် သူ့အင်္ကျီပေါ်ကဖုန်ကိုခါကာ ခေါင်းမော့လာပြီး "ရှဲ့ယွီက အခန်းမှာလှဲနေတယ်။ ပြီးခဲ့တဲ့၂နှစ်အတွင်းမှာ သူ့ကျန်းမာရေးက ပိုဆိုးလာတာ။ ကျုပ်တို့ဖူကွေ့ကတော့ သေချာတာပေါ့၊ သူက ဆိုင်နဲ့အလုပ်ရှုပ်နေတာလေ" ဖူကွေ့ကသာ အဲ့ဒီရှဲ့ယွီရဲ့ရုပ်ရည်ကြောင့် ဆွဲဆောင်မခံရဘူး၊ ကျေးလက်မိသားစုမှ ကလေးတစ်ယောက်ကိုမကြိုက်ခဲ့ဘူးဆိုပါက အမြဲတမ်းဖျားနာနေပြီး ဥတောင်မဥနိုင်တဲ့ အဲ့လို'အဖိုးတန်'လူမျိုးကို အိမ်ထောင်ပြုခိုင်းခဲ့မှာမဟုတ်ဘူး။ 


အဒေါ်ရှဲ့သည် အမေမာရဲ့လေသံကြောင့် ဒေါသပေါက်ကွဲချင်နေတဲ့ဦးလေးရှဲ့လက်ကို ကိုင်ကာ သူခံပြင်းတာကိုဖိနှိပ်ရင်း အားတင်းပြုံးလျက် အမေမာကိုပြောလိုက်၏။ "အာ ကျုပ်သိပြီ။ တစ်ယောက်ယောက်ကတစ်ဆင့် ကျုပ်တို့ဆီကိုစာပို့ခိုင်းလိုက်တာ အံ့သြစရာမရှိတော့ဘူး။ ဖြစ်နိုင်တာက သူ့နေမကောင်းလို့ အိမ်လွမ်းနေတာဖြစ်ရမယ်။" သူတို့ရဲ့သားလေးက မာမိသားစုမှာ အိမ်ထောင်ပြုပြီးကတည်းက ကလေးမရခဲ့ချေ။ ထိုကိစ္စကြောင့်ပင် သူ့ရဲ့ကျန်းမာရေးကလည်း ပိုဆိုးလာခဲ့ခြင်းဖြစ်သည်။ 


"ဟမ့် ဒီတစ်ခါစာပို့ခိုင်းလိုက်တဲ့သူက ရှဲ့ယွီမဟုတ်ဘူး။ အဲ့ဒါကျုပ်ပို့ခိုင်းလိုက်တာပဲ" အမေမာက မျက်မှောင်ကြုတ်လျက် "စကားတွေကွေ့ဝိုက်မနေတော့ဘူး။ ခင်ဗျားတို့နှစ်ယောက်လုံးဒီနေ့ရောက်လာကြပြီဆိုတော့ ကျုပ်တို့ကလေးတွေကိစ္စပြောကြတာပေါ့" 


အဒေါ်ရှဲ့မှာ သူတို့နောက်ဆက်တွဲဆွေးနွေးကြမည့်အကြောင်းအရာမှာ ကောင်းသည့်ကိစ္စမဟုတ်မှန်း အလိုလိုခံစားမိလိုက်၏။ 


"ကျုပ်တို့မိသားစုမှာ ကလေးတစ်ယောက်ပဲရှိတာ၊ ဖူကွေ့အကြောင်းလည်း ခင်ဗျားတို့သိပါတယ်။ သူက လူကောင်းတစ်ယောက်ပါ။ ဒါပေမယ့် ခင်ဗျားတို့ရဲ့သားက ကလေးမရသေးဘဲ ကျုပ်တို့မာမိသားစုမှာ လက်ထပ်ထားတာအချိန်အကြာကြီးရှိနေပြီ။ သူ့ကျန်းမာရေးကလည်း ပိုပိုပြီးဆိုးလာနေတာ။ ဒါက...!" အမေမာလည်း သူ့ကိုယ်သူအပြစ်တင်ရင်း ညည်းညူနေကာ "ဖူကွေ့ကလည်းမငယ်တော့ဘူးလေ။ ကျုပ်တူလေးတောင် ကလေးသုံးယောက်အဖေဖြစ်နေပြီ!" အဘိုးကြီးမာလည်း မလှုပ်ရှားပေမယ့် သူ့အမူအရာကတော့ အမေမာစကားကို ထောက်ခံနေခဲ့သည်။ 


"မင်းဘာပြောလိုက်တယ်! ထပ်ပြောလိုက်စမ်း။ ငါတို့သားရဲ့ကျန်းမာရေးက ဘာလို့ပိုဆိုးလာရတာလဲ။ ဟမ် အဲ့ဒါက မင်းတို့ဆက်တိုက်ဝင်ရှုပ်နေကြလို့ပဲလေ!" ဦးလေးရှဲ့က စားပွဲကိုဒေါသတကြီးရိုက်ချ၍ မတ်တပ်ထရပ်ကာ အမေမာကိုအော်ဟစ်လိုက်တော့ အမေမာရော အဘိုးကြီးမာပါ ထိတ်လန့်သွားကြ၏။ 


အဒေါ်ရှဲ့လည်း ဒေါသထွက်နေလျက်။ အကယ်၍ အမေမာ​သာ တစ်ယောက်ယောက်ရဲ့စကားတွေကိုယုံကြည်ပြီး ရှဲ့ယွီသောက်ဖို့ "သန္ဓေအောင်စေတဲ့စွပ်ပြုတ်"ကို မပေးခဲ့ရင် သူတို့သားရဲ့ကျန်းမာရေးက ဒီလိုဆိုးရွားသွားမှာမဟုတ်ဘူး! 


"ဘာတွေဖြစ်နေကြတာလဲ" ပိန်ပိန်ရှည်ရှည်လူတစ်ယောက်က အခန်းထဲသို့လျှောက်လာကာ အမေမာတို့ကိုကြည့်လိုက်သည်။ အမေမာလည်း ဝင်လာတဲ့သူကိုတွေ့တွေ့ချင်း ငိုယိုကာ "သား! ဒီရှဲ့မိသားစုစုံတွဲအိုကြီးက ငါတို့မိသားစုရဲ့မျိုးဆက်ကို ပြတ်စေချင်နေကြတာ!" 


မာဖူကွေ့သည် အမေမာကိုထောက်ပံ့ရန် ရှေ့တိုးလိုက်ကာ နှစ်သိမ့်ပေးပြီးမှ အဒေါ်ရှဲ့တို့ဆီ အာရုံစိုက်လာ၏။ "ယောက္ခမကြီးတို့ ဘယ်တုန်းကရောက်ကြတာလဲ" 


ဦးလေးရှဲ့စကားမပြောဘဲ မာဖူကွေ့အနောက်မှာပုန်းနေသော အမေမာကိုသာ စိုက်ကြည့်နေခဲ့သည်။ အဒေါ်ရှဲ့က သူတို့သားအကြောင်းတွေးမိကာ မျက်နှာထားတင်းမာသွားပြီး"ငါတို့ရောက်နေတာ သိပ်မကြာသေးဘူး" 


"ကျုပ်ကိုဘာလို့လာစိုက်ကြည့်နေတာတုန်း။ ကျုပ်ပြောတာအမှန်တွေပဲလေ! ဒီလောက်နှစ်တွေကြာနေပြီ၊ ကလေးတစ်ယောက်မှမရသေးဘူး! အမလေး ကျုပ်ရဲ့သနားစရာကောင်းတဲ့သားလေး!!" 


အဒေါ်ရှဲ့လည်း ထပ်နားမထောင်နိုင်တော့၍ ရှေ့တက်ကာ မာဖူကွေ့ကိုဘေးတွန်းလိုက်ပြီး အမေမာကို ပါးရိုက်ပစ်လိုက်၏။ အမေမာလည်း နာကျင်မှုကြောင့် အော်ဟစ်လျက်! 


ချက်ချင်းပင် အဘိုးကြီးမာက အမေမာကို ကာပေးလိုက်ပြီး အဒေါ်ရှဲ့ဆီ လက်ဟန်အမူအရာဖြင့် အပြစ်တင်ဝေဖန်လိုက်၏။ အဒေါ်ရှဲ့၏လုပ်ရပ်ကို မကျေမနပ်ဖြစ်နေပုံပင်။ 


"ကျုပ်အရှေ့မှာ ကျုပ်မွေးထားတဲ့သားက နေမကောင်းဖြစ်လာခဲ့ရတဲ့အကြောင်းကို ခင်ဗျားပြောရဲတယ်ပေါ့လေ! ခင်ဗျားကိုယ်တိုင်က အရိုက်ခံရဖို့တောင်းဆိုနေတာပဲ!" အဒေါ်ရှဲ့သည် အဘိုးကြီးမာကိုရော အငယ်ဖြစ်တဲ့မာဖူကွေ့ကိုပါ မကြောက်ချေ။ သူက အဒေါ်ရှဲ့ သို့မဟုတ် ဦးလေးရှဲ့အပေါ် လက်တင်ရဲမှာမဟုတ်ဘူး။ မဟုတ်ပါက သတင်းတွေထွက်လာရင် သူတို့ဆိုင်ကပြီးဆုံးသွားမှာလေ! 


အမေမာက သူ့ရဲ့ပူစပ်နေတဲ့ပါးကို ကိုင်ကာ ဒေါသဖြင့် "ငါပြောတော့ဘာဖြစ်လဲ။ ငါပြောတာမှားနေလို့လား။ မင်းရဲ့သားက ငါတို့မာမိသားစုမှာ လက်ထပ်ထားတာ၊ ပြီးတော့ ဒီလောက်နှစ်တွေအကြာကြီး ကလေးတစ်ယောက်တောင်မရဘူး! မင်းရဲ့သားက မင်းနဲ့တူတာပဲ!! အား!!" 


"မင်းက ငါ့ဇနီးနှင့်ကလေးအကြောင်းမကောင်းပြောရဲတယ်ပေါ့လေ! အသက်ရှင်ရတာပင်ပန်းနေပြီလားကွ!" ဦးလေးရှဲ့က အဘိုးကြီးမာကို ကန်ထုတ်၍ သူ့ရဲ့သန်မာတဲ့လက်ဖြင့် အမေမာလည်ပင်းကိုတင်းတင်းညှစ်ထားခဲ့သည်! 


အစကတော့ မာဖူကွေ့မှာ လူကြီးတွေကြားက ပြဿနာကိုဝင်ပါဖို့ တွန့်ဆုတ်နေသေးသော်လည်း သူ့အမေက လေပေါ်မှာ လည်ပင်းအညှစ်ခံထားရသည်ကိုတွေ့လိုက်သဖြင့် အကြီးတွေ၊ အငယ်တွေကြားက မျိုးဆက်ကွာခြားချက်ကို လျစ်လျူရှုပြီး ဦးလေးရှဲ့နှင့် ရင်ဆိုင်တော့သည်။ 


မာဖူကွေ့နှင့် အဘိုးကြီးမာတို့နှစ်ယောက်လုံး တားရင်တောင်မှ ဦးလေးရှဲ့လက်ထဲက အမေမာကို ဆွဲထုတ်လို့မရခဲ့။ အမေမာရဲ့မျက်နှာက အနည်းငယ်ပြာနှမ်းစပြုလာတာကို အဒေါ်ရှဲ့မြင်လိုက်သည့်အခါ သူ့ခင်ပွန်းကို လက်လွတ်ခိုင်းရန် မပြောခင်မှာပင် အားနည်းညင်သာလှတဲ့အသံလေးက ဦးလေးရှဲ့ကိုတားလိုက်၏။ "အဖေ လွှတ်ပေးလိုက်ပါ" 


ရှဲ့ကောအာမှာ အဒေါ်ရှဲ့နှင့် အတော်လေးတူသော်လည်း အနည်းငယ် ပိုအားနည်းပေ၏။ သူ့အသားအရေမှာ အနည်းငယ်ဖြူဖျော့နေကာ မကြာမကြာဖျားနာခြင်းနှင့် အိမ်ထဲမှာသာအချိန်အကြာကြီးနေရခြင်းတို့ကြောင့် နေမကောင်းတဲ့အလှလေးဖြစ်နေခဲ့သည်။ မြို့မှာလက်ထပ်နိုင်ခဲ့တာ အံ့သြစရာမရှိပေ။ သို့သော် ယခုတော့ အဒေါ်ရှဲ့မှာ ရှဲ့ကောအာက ဒီမှာအိမ်ထောင်ပြုခဲ့တာကို နောင်တရမိသည်။ နာကျင်နေတဲ့အမူအရာဖြင့် သူ့သားအနားသွားကာ ပွေ့ဖက်လိုက်ရင်း "ငါ့ရဲ့ကလေးလေး၊ ကျန်းမာရေးက အခုထိပြန်မကောင်းသေးတာကို ဘာလို့အပြင်ထွက်လာရတာလဲ" 


ရှဲ့ကောအာမှာ သူ့အမေရဲ့နွေးနွေးထွေးထွေးပွေ့ဖက်မှုကို တောင့်တနေခဲ့ရာ "ဒီမှာ ဆူဆူညံညံအသံတွေကြားလို့ တစ်ခုခုဖြစ်သွားမှာစိုးရိမ်လို့လေ။ အမေသိတဲ့အတိုင်း အဖေကဒေါသတအားကြီးတာကို" မာမိသားစုထဲမှာ နှစ်တွေအကြာကြီးအိမ်ထောင်ပြုခဲ့ပြီးနောက် မာစုံတွဲရဲ့ စရိုက်ကဘယ်လိုဆိုတာကို သူမသိဘဲနေမှာလဲ။ သူ့အမေနဲ့အဖေက အရမ်းကိုကာကွယ်ပေးတတ်တဲ့သူတွေလေ။ အားလုံးပြောကြဆိုကြရန်ဖြစ်ကြတဲ့အခါ တစ်ခုခုဖြစ်သွားမှာစိုးရတယ်။ 


"ရှောင်ယွီ မင်းရဲ့ကျန်းမာရေးက မကောင်းဘူးလေ။ အိမ်ထဲပြန်ဝင်တော့" မာဖူကွေ့က အသက်လုရှူနေရဆဲ အမေမာကိုကူညီနေရင်း ထိုင်ချကာ ရှဲ့ယွီကိုပြောလိုက်၏။ 


ရှဲ့ကောအာက အဖေရှဲ့ကိုပြုံးပြလိုက်ပြီးမှ သူ့အပြုံးကိုပြန်သိမ်း၍ မာဖူကွေ့ဆီကြည့်ကာ အေးစက်စက်လေသံဖြင့် "ဒီနေ့ ကျုပ်အိပ်တာအရမ်းများနေပြီမို့လို့ အပြင်လမ်းလျှောက်ထွက်ချင်လို့လေ။ အဖေအမေ၊ ဒီနေ့ နေသာနေတာပဲ။ ကျွန်တော်နဲ့အတူတူ လမ်းလျှောက်ထွက်ကြရအောင်။ ကျွန်တော်အပြင်မထွက်ရတာ ကြာနေပြီ" 


အဒေါ်ရှဲ့နှင့် ဦးလေးရှဲ့တို့မှာ ဒီစကားတွေကိုကြားတော့ သူတို့ရဲ့နှလုံးသားမှာ ပို၍နာကျင်သွားကြ၏။ မာမိသားစုဝင်တွေရဲ့အမူအရာကို ဂရုစိုက်မနေတော့ဘဲ အဒေါ်ရှဲ့က ရှဲ့ကောအာရဲ့လက်လေးကို ညင်ညင်သာသာလေးဆွဲလျက် နောက်ပြန်မကြည့်ဘဲ လျှောက်ထွက်လာခဲ့သည်။ 


ရှဲ့ကောအာမှာ လမ်းပိုလျှောက်ချင်သော်လည်း ကာလကြာရှည်ဖျားနာမှုကြောင့် အားနည်းနေဆဲ သူ့ခန္ဓာကိုယ်က ဝေးဝေးမလျှောက်နိုင်ပေ။ အဒေါ်ရှဲ့သည် ရှဲ့ကောအာရဲ့နဖူးမှာ ချွေးတွေထွက်လာတာကိုတွေ့၍ လက်ဖက်ရည်ဆိုင်အသေးလေးကို ချက်ချင်းပင်ရှာကာ ပုံမှန်လက်ဖက်ရည်တစ်အိုးနှင့် ပျားလက်ဖက်ရည်တစ်ခွက်မှာလိုက်၏။ "ဒီမှာ ချိုတာလေးသောက်လိုက်။ မင်းကိုပိုအဆင်ပြေလာစေလိမ့်မယ်" 


ရှဲ့ကောအာမှာ နူးနူးညံ့ညံ့လေးပြုံးလျက် သူ့အရှေ့က အထူးလက်ဖက်ရည်ကို နာနာခံခံလေးသောက်လိုက်၏။ သူ့မျက်လုံးတွေထဲမှာ ကျေးဇူးတင်မှုအပြည့်ဖြင့်။ သူ့အမေနှင့်အဖေကသာ သူ့ကို အကြွင်းမဲ့ချစ်ခင်ကြင်နာပေးကြတာဖြစ်သည်။ 


"မနေ့က ချင်းကောအာလက်ထပ်တာမလား။ ကျွန်တော့်ကျန်းမာရေးသိပ်မကောင်းတော့ သူ့ကိုသွားမတွေ့နိုင်လိုက်ဘူး။ အမေ ကျွန်တော့်ကိုယ်စားတောင်းပန်ပေးပါဦး" ရှဲ့ယွီက ရွှီချင်းထက် နှစ်နည်းနည်းပိုကြီးပေသည်။ ရှဲ့ယွီမှာ ရွှီချင်းကို မကြာမကြာဂရုစိုက်ပေးခဲ့ပေမယ့်လည်း မူလကိုယ်က ရွာသားတွေနဲ့ မဆက်ဆံချင်ခဲ့ပေ။ အထူးသဖြင့် ရွာမှာ အချောဆုံးအလှဆုံးဖြစ်တဲ့ ရှဲ့ယွီကိုပေါ့။ 


"ဟုတ်ပါပြီ၊ ဟုတ်ပါပြီ။ မင်းအဖေနဲ့အမေက မင်းကြိုက်တဲ့အစားအစာတွေယူလာခဲ့တယ်၊ အားလုံးက အမေတို့ကိုယ်တိုင်စိုက်ထားတာချည်းပဲ။ တခြားသူတွေစိုက်ပျိုးထားတာနဲ့ အရသာကတော့မတူဘူးနော်!" အဒေါ်ရှဲ့လည်း သူတို့နောက်ဆုံးတစ်ကြိမ်ကတွေ့တုန်းကထက် ပို၍ပိန်ပါးလာပုံရတဲ့ ရှဲ့ကောအာကိုကြည့်ကာ နှလုံးသားမှာ နာကျင်လာခဲ့သည်။ 


"ဟုတ်တယ် ဟုတ်တယ်။ မလောက်ရင် ထပ်ယူလာပေးမယ်။ အများကြီးရှိတယ်!" ဦးလေးရှဲ့က သူ့သားကို တုန်နေအောင်ချစ်တာပင်။ ရှဲ့ကောအာပြောတဲ့အတိုင်း သူအကုန်လုပ်ပေးမှာဖြစ်သည်။


xxx