Ch-27
Viewers 9k

Chapter-27


ရှဲ့ယွီမှာ အဒေါ်ရှဲ့တို့ပြောတာကိုကြားတော့ မရယ်ပဲမနေနိုင်တော့၊ သို့ပေမယ့် သူ့မျက်လုံးထဲမှာ မျက်ရည်အပြည့်နှင့် ပြောလာလေသည်။ "ကျေးဇူးတင်ပါတယ် အဖေနဲ့အမေ" အဒေါ်ရှဲ့က လက်ကိုင်ပုဝါအမြန်ထုတ်ကာ ရှဲ့ယွီရဲ့မျက်လုံးတွေကို သေချာသုတ်ပေးလိုက်ပြီး "အမေတို့ကို ဘာလို့ကျေးဇူးတင်စကားပြောနေတာတုန်း။ မင်းက အမေတို့ရဲ့ကလေးပါကွယ်။ ဒီလိုကိစ္စသေးသေးလေးကြောင့် ငိုစရာလား" 


"မာမိသားစုက မင်းကိုထပ်ပြီးဒုက္ခပေးနေပြန်တာလား။ ငါသာသိခဲ့ရင် သူ့ကို ပိုတောင်ထိုးခဲ့လိုက်မှာကွာ!" ဦးလေးရှဲ့ရဲ့ဒေါသသံ​မှာ ပတ်ဝန်းကျင်ရှိ အခြားလူများ၏အာရုံစိုက်မှုကို ခံခဲ့ရသော်လည်း သူကတော့ သတိမထားမိခဲ့ပေ။ 


"အဖေ! အသံတိုးပါဦး!" ရှဲ့ယွီရင်ထဲထိသွားရတဲ့ခံစားချက်တွေက သူ့အဖေကြောင့် ပျက်စီးသွားရလေသည်။ နှစ်ပေါင်းများစွာကြာပြီးတာတောင်မှ သူ့အဖေက အရမ်း​မိုက်မဲနေတုန်း... 


"မပြောနဲ့တော့!" အဒေါ်ရှဲ့သည် ဦးလေးရှဲ့ ၏အကျင့်ဆိုးကိုပြောင်းလဲဖို့အကြောင်း တကယ့်ကို ထပ်မ​စဥ်းစားချင်တော့ဘူး။ အကောင်းဆုံးနည်းလမ်းမှာ သူ့ကိုပါးစပ်ပိတ်ထားစေတာပင်! ဦးလေးရှဲ့မှာ သူ့အချစ်ဆုံးလူနှစ်ယောက်ဆီက အပြောခံရသည်ဖြစ်၍ ဒေါသမထွက်ချေ။ သူက ပေါကြောင်ကြောင်ပြုံးနေရင်း သူ့လက်ဖက်ရည်ကိုသောက်နေကာ ခုနတုန်းက ရှဲ့ယွီရယ်လိုက်တာကို သတိထားမိလိုက်၏။ 


"သူ့ကိုအာရုံထားမနေနဲ့တော့ ရှောင်ယွီရေ။ အချိန်ယူပြီး ဖြေးဖြေးသောက်နော်။ အမေတို့လမ်းလျှောက်ဦးမယ်လေ။ အမေတို့အတူတူလျှောက်မသွားရတာ တော်တော်တောင်ကြာသွားပြီ!" ခဏနားပြီးနောက် မိသားစုသုံးယောက်သား တစ်ဖန်လမ်းပြန်လျှောက်ကာ အချိန်နောက်ကျမှ မာမိသားစုဆီပြန်လာခဲ့ကြသည်။ 


သူတို့ရဲ့အမြင့်နေရာမှာထိုင်နေကြတဲ့အကြီးအကဲသုံးယောက်နှင့်အတူတူ မာစုံတွဲနှင့် မာဖူကွေ့တို့က ခန်းမထဲမှာရှိနေသေးသည်။ ထိုသည်ကိုကြည့်ခြင်းဖြင့် ဤအကြီးအကဲသုံးယောက်မှာ မာမိသားစုတွင် သူတို့ထက်ပို၍မြင့်ကြောင်း သိနိုင်ပေသည်။ 


"ရှောင်ယွီ မင်းပြန်လာပြီပေါ့။ ယောက္ခမကြီးတို့" မာဖူကွေ့က ရှဲ့ယွီနှင့် ရှဲ့စုံတွဲတို့ကို ကသိကအောက်လေသံဖြင့် နှုတ်ဆက်လာသည်။ မာစုံတွဲအိုကြီးကတော့ အခုချိန်မှာ ဣန္ဒြေရရဖြစ်နေကာ အမေမာက ဘာမှမပြောပေမယ့် ဦးလေးရှဲ့ကိုသာ စိန်းစိန်းဝါးဝါးကြည့်နေခဲ့သည်။ 


"အင်း၊ အဖေနဲ့အမေ သူတို့က မာမိသားစုရဲ့ဦးလေးတွေပါ" ရှဲ့ယွီက ဦးလေးရှဲ့တို့နှင့်အတူထိုင်ရင်း သူတို့အထက်မှာ ထိုင်နေကြတဲ့ လေးနက်နေပုံရတဲ့ အကြီးအကဲသုံးယောက်ကို မိတ်ဆက်ပေးလိုက်သည်။ 


အဒေါ်ရှဲ့တို့မှာ သူတို့ထိုင်ခုံမှာတောင်သေချာမထိုင်ရသေးခင်မှာပင် အကြီးအကဲတွေရဲ့စကားကြောင့် ဒေါသထွက်လာခဲ့သည်။ 


"ဘာဖြစ်တယ်!" အဒေါ်ရှဲ့က သူကြားလိုက်ရတာကိုမယုံနိုင်စွာပင် အလယ်မှာထိုင်နေသည့် ခပ်ပြည့်ပြည့်အကြီးအကဲကို ကြည့်လိုက်သည်။ သူနားကြားမှားသွားတယ်လို့ထင်လိုက်၏။ 


အကြီးအကဲမှာ အဒေါ်ရှဲ့တို့ကို မယုံကြည်နိုင်သောအကြည့်ဖြင့် တစ်ချက်ကြည့်ကာ လည်ချောင်းရှင်း၍ ပြောလာ၏ "ဒီနေ့မှာ ရှဲ့မိသားစုမှရှဲ့ယွီက မာမိသားစုမှာ လက်ထပ်ခဲ့တာ ၃နှစ်ကြာပြီဖြစ်ပေမယ့်လည်း ကလေးတစ်ယောက်မှမရခဲ့ဘူး။ မာမိသားစုရဲ့မျိုးဆက်က နည်းနေတော့ ငါတို့မျိုးဆက်မရှိလို့မဖြစ်ဘူး။ ဒါပေမယ့် ရှဲ့ယွီက ကလေးမရှိပေမယ့် သူကလူကောင်းတစ်ယောက်ဖြစ်လို့ မာဖူကွေ့နှင့် သူ့မိဘတွေရဲ့ တောင်းဆိုချက်အရ ဒီနေ့မှာ မာဖူကွေ့နှင့် ရှဲ့ယွီတို့လမ်းခွဲလိုက်ကြပြီး အချင်းချင်းမနှောင့်ယှက်တော့ဘဲ သူတို့ဘဝနဲ့သူတို့ နေထိုင်သွားကြပေါ့!" 


အမေမာသည် မပြောဘဲမနေနိုင်၍ ဆိုးရွားသောလေသံဖြင့် "ငါတို့မိသားစုရဲ့ဖူကွေ့က ဒီလောက်ဖြောင့်မတ်တာ။ ငါတို့တောင်းဆိုချက်ကြောင့်သာမဟုတ်ရင် ကွာရှင်းစာချုပ်သာပေးလိုက်မှာပေါ့!" 


အဒေါ်ရှဲ့က ဒေါသတကြီးဖြင့် တုန်လှုပ်သွားပြီး "အဲဒီတုန်းက ငါ့သားကိုလက်ထပ်ချင်လို့ မရမကတောင်းဆိုခဲ့တာ မင်းတို့မိသားစုပဲလေ။ မင်းရဲ့သားက ရှောင်ယွီကလွဲပြီး တခြားဘယ်သူနဲ့မှလက်ထပ်မှာမဟုတ်ဘူးလို့ ပြောခဲ့တယ်။ အခုတော့ မင်းရဲ့စကားတွေကိုပြန်ရုတ်သိမ်းချင်တယ်ပေါ့လေ! မင်းတို့က ငါ့သားကို ဒီလိုမျိုးတွေနှိပ်စက်ထားပြီးတော့မှလေ! ဝန်ခံလိုက်စမ်းပါ!" 


အမေမာက သူ့မျက်လုံးလှိမ့်လိုက်ရင်း "မင်းရဲ့သားက ဒီလောက်နှစ်တွေအကြာကြီး ငါတို့အတွက် မြေးတစ်ယောက်တောင်မမွေးပေးခဲ့တာကို ငါမပြောရသေးဘူး! ကလေးမမွေးနိုင်တဲ့သူတစ်ယောက်အတွက် ကွာရှင်းတာက ချဲ့ကားတာမှမဟုတ်ဘဲ။" 


ဒီလိုစကားတွေကြားတော့ ရှဲ့ယွီက မာဖူကွေ့ကို ဗလာအကြည့်ဖြင့် "ခင်ဗျားကွာရှင်းချင်တာလား" ဤမေးခွန်းကိုကြားလိုက်သည်နှင့် အဒေါ်ရှဲ့မှာ အမေမာနှင့်ငြင်းခုံနေတာကိုရပ်လိုက်ပြီး ဦးလေးရှဲ့လည်း အဘိုးကြီးမာကိုတင်းတင်းဆွဲထားတာကို လက်လွတ်လိုက်၏။ 


ခဏအကြာမှာတော့ အကြီးအကဲတွေရဲ့လက်ဖက်ရည်သောက်နေသည့်အသံမှလွှဲ၍ ပင်မအခန်းထဲတွင် ဘယ်သူမှစကားမပြောကြပေ။ 


အမေမာက မာဖူကွေ့ရဲ့အင်္ကျီကို ဆွဲလိုက်၏။ သူက ရှဲ့ယွီရဲ့မျက်လုံးကို မကြည့်ရဲဘဲ ဟိုဟိုဒီဒီကြည့်နေခဲ့ကာ "ငါ...ငါ ဗီရိုအောက်မှာ မင်းဖွက်ထားတဲ့ဆေးညွှန်းကိုတွေ့လိုက်တယ်!" ထိုစကားလုံးတွေထွက်လာသည်နှင့် ရှဲ့ယွီရဲ့မျက်နှာမှာ ဖြူဖျော့သွားကာ "ဒီတော့ အဲ့တာကြောင့်ပေါ့လေ..." 


ရှဲ့စုံတွဲက သားဖြစ်သူရဲ့မျက်နှာအမူအရာမှတစ်ဆင့် တစ်ခုခုပြဿနာရှိနေပြီမှန်းသိလိုက်သည်။ ဦးလေးရှဲ့သည် ရှဲ့ယွီရဲ့ကျောကို အသာအယာပုတ်ပေးနေစဥ် အဒေါ်ရှဲ့ကမေးလိုက်၏။ "ဆေးညွှန်းလား! ဟမ်! ဘာဆေးညွှန်းလဲ!" သာမန်ဆေးညွှန်းတာဆိုရင် ကွာရှင်းဖို့လုပ်လာမည်မဟုတ်! ရှဲ့ယွီမျက်နှာကလည်း ဒီလိုဖြူဖျော့သွားမှာမဟုတ်ဘူး! 


"ဘာဆေးညွှန်းဖြစ်ရမှာလဲ။ မင်းရဲ့သားက တစ်သက်လုံး ကလေးရဖို့ခက်ခဲတဲ့အကြောင်းပေါ့။ ဒီဘဝမှာတော့ ကလေးရဖို့ဆိုတာ ကောင်းကင်ကိုတက်ဖို့ထက် ပိုခက်လိမ့်မယ်!" အမေမာသည် အဒေါ်ရှဲ့ကို ကြမ်းကြမ်းတမ်းတမ်းပြန်ပြောလိုက်သည်။ ဦးလေးရှဲ့က သူ့ဇနီးနှင့်ကလေးအတွက် အမေမာနဲ့တိုက်ခိုက်ခဲ့သည့်အချိန်ကို အခုထိမမေ့သေးချေ။ 


အဒေါ်ရှဲ့သည် ရှဲ့ယွီရဲ့မျက်လုံးမှာ နာကျင်ပြီး စိတ်ပျက်အားငယ်နေတာကိုတွေ့၍ စကားပင်ပြောမနိုင်တော့ဘဲ "ငါ့ကလေး! အား! ငါ့ကလေးလေး!!!" အဒေါ်ရှဲ့သည် ဖြူဖျော့နေတဲ့ရှဲ့ယွီကို တင်းတင်းဖက်လျက် မငိုဘဲမနေနိုင်တော့။ ဒီလိုမျိုးဆက်ဆံခံရဖို့ သူ့သားငယ်လေးက ဘာတွေများအပြစ်ကျူးလွန်ခဲ့ဖူးလို့လဲ! 

(Me: အဲ့ဒီမာမိသားစုက တကယ့်ရွံ့စရာလေးတွေ၊ ဘာသာပြန်ရင်း ဒေါသထွက်လွန်းလို့ 😡)


ရွှီချင်းမှာ ဒီလိုဖြစ်မယ်လို့ မမျှော်လင့်ထားခဲ့ချေ။ "နောက်တော့ဘာဆက်ဖြစ်သွားတာလဲ?" အဒေါ်ရှဲ့သည် လက်ကိုင်ပုဝါဖြင့် မျက်ရည်သုတ်လိုက်လျက် "နောက်တော့ မင်းရဲ့ဦးလေးရှဲ့က မာဖူကွေ့ကိုပြင်းပြင်းထန်ထန်ရိုက်လိုက်လို့ သမားတော်ဆီပို့လိုက်ရတယ်။ အဲ့ဒီမှာ အမေမာက ဘယ်အလွတ်ပေးပါ့မလဲ။ မာမိသားစုရဲ့ဦးလေးတွေကိုခေါ်ပြီးတော့ မင်းရဲ့ဦးလေးရှဲ့ကို တစ်ယောက်ယောက်ကို မတော်မတရားထိခိုက်စေပါတယ်ဆိုပြီး *ရာမန်ကိုအပြစ်ပေးဖို့တိုင်လိုက်တာ!" 


(*ရာမန် = ရှေးခေတ်ရဲစခန်း) 


အဲ့ဒီအခြေအနေကို အဒေါ်ရှဲ့ပြန်တွေးမိသည်နှင့် ငိုသံကိုမထိန်းနိုင်တော့ဘဲ "အစကတည်းက ငါတို့အမှားဆိုပြီး သူတို့ပြောကြတယ်။ မာဖူကွေ့ရဲ့ဝမ်းကွဲက ရာမန်မှာအလုပ်လုပ်တာလေ။ ငါတို့အမှားမရှိပေမယ့်လည်း သူတို့ရဲ့တမင်သက်သက်စွပ်စွဲချက်တွေကို မလွတ်မြောက်နိုင်ခဲ့ဘူး။ မင်းရဲ့ဦးလေးရှဲ့ရဲ့အကျင့်ကို မင်းလည်းသိတယ်မလား။ သူကအရမ်းဖြောင့်မတ်တော့ သူတို့လိုလူတွေနဲ့မယှဥ်နိုင်ဘူးလေ။ ရာမန်ဆီမရောက်အောင်လို့ ရှောင်ယွီက မတတ်နိုင်ဘဲ ကွာရှင်းဖို့သဘောတူလိုက်ရတော့တယ်။ အဲ့ဒီတော့မှ မာမိသားစုက ဒီကိစ္စကိုကျေအေးပေးလိုက်တာလေ။ အဲ့ဒီပြဿနာတွေကြောင့် အဒေါ်တို့လည်း မြို့မှာတစ်ညနေလိုက်ရတယ်!" 


ဦးလေးရှဲ့တို့နှစ်ယောက်လုံး အရမ်းပင်ပန်းနေပုံရသည်မှာ အံ့သြစရာမဟုတ်တော့။ သူတို့ကောင်းကောင်းအနားမယူရသေးတာရှင်းနေ၏။ "အစ်ကိုရှဲ့ရော?" ရွှီချင်းဝင်လာကတည်းက ရှဲ့ယွီကိုမတွေ့ရသေးချေ။ 


အဒေါ်ရှဲ့က အိမ်ထောင်မပြုခင်က ရှဲ့ယွီနေခဲ့သည့်ဘေးအခန်းကို ညွှန်ပြကာ "သူမနေ့ကအရမ်းပင်ပန်းထားလို့ ဆေးသောက်ပြီး အိပ်ပျော်သွားတာ၊ ပြီးတော့ သူ့ကျန်းမာရေးလည်းသိပ်မကောင်းဘူးလေ" ရှဲ့ယွီနှလုံးသားထဲမှာနာကျင်နေရမှန်း အဒေါ်ရှဲ့သိပေသည်။ မာမိသားစုက တကယ့်ကိုစက်ဆုပ်စရာကောင်းလိုက်တာ။ ဒီလက်ထပ်ပွဲကို သူအစကဘာလို့ များသဘောတူခဲ့မိတာပါလိမ့်! 


ရွှီချင်းလည်း စိတ်တိုနေခဲ့သည်။ အဒေါ်ရှဲ့မိသားစုမှာ သူ့အပေါ်အရမ်းကြင်နာကြပေမယ့် သူတို့မိသားစုမှာ ပြဿနာတစ်ခုခုဖြစ်လာတော့ သူဘာမှမကူနိုင်ဘူးလေ။ "အတိတ်ကိုတွေးမနေတော့ဘူး။ အဲ့ဒါတွေအားလုံးက အတိတ်ကကိစ္စတွေပဲ၊ အားလုံးပြီးသွားပြီပဲ! မင်း အဒေါ်ရှဲ့အတွက် အရသာရှိတဲ့တစ်ခုခုယူလာပေးတယ်ဆို" 


အဒေါ်ရှဲ့သည် သူ့စိတ်ထဲကအရာတွေအားလုံးပြောပြပြီးနောက် စိတ်သက်သာရာရသွားပြီး ရွှီချင်းရဲ့စိတ်အခြေအနေမှာ သူ့ကြောင့်ဆိုးရွားသွားတာကိုကြည့်ရင်း အနည်းငယ်ရှက်သွားရ၏။ ထို့ကြောင့် သူအကြောင်းအရာမြန်မြန်ပြောင်းလိုက်ခြင်းပင်။ 


ထိုအမေးကိုကြားတော့ ရွှီချင်းလည်း ဒီရက်တွေအတွင်းမှာ အဒေါ်ရှဲ့တို့မိသားစု ကောင်းကောင်းမစားသောက်နိုင်တာကို သတိရသွားခဲ့သည်။ စားပွဲပေါ်က ဘူးလေးကို ခပ်မြန်မြန်ဖွင့်ကာ "ဒါက ဂေါ်ဖီချဥ်လေ။ အချဥ်သိပ်တာနဲ့အတူတူပဲ။ ဒါပေမယ့် ဒီတစ်ခုက အရသာပိုကောင်းတယ်။ အဒေါ်ရှဲ့ များများစားရမယ်နော်။ စားတဲ့အချိန်ကျရင် ပန်းကန်ထဲတိုက်ရိုက်ထည့်ပြီးစားရုံပဲ။ အဲ့ဒါကတအားစားလို့ကောင်းတာ။ မနေ့က ချန်ဖုန်းဆို ဒီဟာစားပြီးတော့ ငါးတောင်မစားချင်တော့ဘူးလေ!" 


အဒေါ်ရှဲ့မှာ စားလို့ကောင်းတယ်လို့ သိလိုက်ရတော့ စိတ်လှုပ်ရှားသွားရ၏။ အသက်ကြီးကြီးစုံတွဲမှာ စားကောင်းလား မကောင်းလားဆိုတာ သူတို့အတွက်အရေးမကြီးပေမယ့် သူ့သားလေးရဲ့ခန္ဓာကိုယ်က အစကတည်းက သိပ်မကောင်းဘူးလေ။ ဒီဟာကသာ ရှဲ့ယွီကိုစားချင်စိတ်ဖြစ်စေပါက ဘာမှမရှိတာထက်တော့ပိုကောင်းတာပေါ့။ 


"ကောင်းတာပေါ့! ရှဲ့ကောအာက ဒီရက်ပိုင်းအစားသိပ်မစားနိုင်ဘူးဖြစ်နေလို့ အဒေါ်စိတ်ပူနေတာ! ကျေးဇူးပါပဲ ချင်းကောအာရယ်" 


"ဘာလို့ကျေးဇူးတင်နေတာလဲဗျာ! အဒေါ်တို့အကူအညီလိုနေတဲ့အချိန်မှာ ကျွန်တော်ဘာမှမလုပ်ပေးနိုင်ဘူးလေ။ ကျွန်တော်တတ်နိုင်တာလေးမကူညီရရင် စိတ်မကောင်းဖြစ်မိမှာ။ ကျွန်တော် အစ်ကိုရှဲ့အတွက် ယာဂုချက်ပေးမယ်နော်။ အဲ့ဒါက ဒီဂေါ်ဖီချဥ်နဲ့တွဲစားရင် အစာအိမ်အတွက်လည်းကောင်းတယ်လေ!" ဂေါ်ဖီချဥ်တွေမှာ ရှဲ့ယွီကျန်းမာရေးအတွက်အကျိုးရှိစေသည့် ဝိဥာဥ်စမ်းရေပါလေသည်။ 


"ဟုတ်ပါပြီ ဟုတ်ပါပြီ။ အာ အဒေါ်မေ့နေတာကြည့်စမ်း! ဒီရက်တွေထဲမှာ အလုပ်အရမ်းရှုပ်နေတာနဲ့ မင်းရဲ့ကြက်ပေါက်ကလေးတွေအကြောင်းတောင်မေ့နေတာ။ မင်းပြန်ယူသွားဖို့ ခြင်းတောင်းတစ်လုံးရှာလိုက်ဦးမယ်!" 


အဒေါ်ရှဲ့အိမ်မှထွက်လာပြီးနောက် မွန်းတည့်ချိန်တောင်ရောက်လုနေပြီဖြစ်သည်။ နူးနူးညံ့ညံ့အမွှေးဖွာဖွာကြက်ပေါက်လေး ၁၅ကောင်ကိုကျောမှာသယ်ထားသည့် ရွှီချင်းမှာ သူ့ကိုလာကြိုတဲ့လီချန်ဖုန်းနဲ့ လမ်းမှာဆုံကြလေသည်။ 


"ခင်ဗျားဘယ်သွားမလို့လဲ" ရွှီချင်းက ချွေးရွှဲနေတဲ့လီချန်ဖုန်းကိုကြည့်လျက် မေးလိုက်၏။ သူလယ်ကွင်းထဲမှာ အရမ်းအလုပ်ကြိုးစားနေပြန်ပြီလား။ ချွေးတွေကိုကြည့်လိုက်ပါဦး! ဘာကြောင့်ရယ်မသိ မနေ့ညက သူတို့နှစ်ယောက်ချစ်ကြည်နူးခဲ့တာကို သတိရသွားမိသည်... 


"ကိုယ်အနားယူဖို့အိမ်ပြန်သွားတော့ မင်းကိုမတွေ့လို့ ဒီမှာလာရှာတာလေ" လီချန်ဖုန်းသည် ရွှီချင်းကျောနောက်က ခြင်းတောင်းကိုလှမ်းယူကာ ကြိုးတွေကိုသူ့လက်မောင်းဆီမှာချည်လိုက်၏။ ထို့နောက် ရွှီချင်းလက်ကိုဆွဲလျက် သူတို့အိမ်ဆီသို့ လမ်းလျှောက်သွားကြသည်။ 


ရွှီချင်းရဲ့လက်ဖဝါးမှာ လီချန်ဖုန်းရဲ့ပူနွေးနွေးလက်ကြီးကြီးတစ်စုံကြောင့် သူ့နှလုံးသားလေးလည်းနွေးထွေးလာလျက် "ကျွန်တော့်ဘာသာကျွန်တော်လည်း အိမ်ပြန်တတ်ပါတယ်နော်" လီချန်ဖုန်းလည်း ရွှီချင်းအိမ်အပြန်လမ်းကိုသူ့ဘာသာသူရှာနိုင်တယ်ဆိုတာကို အသိအမှတ်ပြုဟန်ဖြင့် ခေါင်းညိတ်လျက်။ "ဒါပေမယ့် အိမ်မှာ ကိုယ်ကမင်းကိုမတွေ့လို့၊ မင်းမရှိရင်မနေချင်ဘူးလေ။" လီချန်ဖုန်းသည် ရွှီချင်းအနားမှာမရှိလျှင် စိတ်မအေးနိုင်ပေ။ 


နေ့လည်စာစားချိန်၌ ရွှီချင်းမှာ အများကြီးမစားနိုင်၍ အစောကြီးရပ်လိုက်၏။ မွန်းတည့်မရောက်ခင်ကမှ သူအိပ်ရာကထလာသည်မို့ အခုဗိုက်သိပ်မဆာချေ။ လီချန်ဖုန်းလည်းသိ၍ ရွှီချင်းကိုအများကြီးစားဖို့ တွန်းအားမပေးတော့ဘဲ "ဒီတော့ ရှဲ့ယွီက အိမ်​ပြန်ရောက်နေတာပေါ့?" 


"အဲ့တာကသိသာတာပဲမဟုတ်လား။ ဟေး ကျွန်တော် ခင်ဗျားကိုမေးပါဦးမယ်။ တကယ်လို့ ကျွန်တော့်မှာလည်း ကလေးမရရင် အဲ့လိုကွာရှင်းချင်မှာလား" ရွှီချင်းမှာ သူကလေးမွေးနိုင်တယ်ဆိုသည့်အချက်ကို လုံးလုံးလက်မခံနိုင်သေးချေ။ ရှဲ့ယွီအခြေအနေကြောင့်သာမဟုတ်ခဲ့ပါက သူလည်းကလေးမွေးနိုင်တယ်ဆိုတဲ့အကြောင်းကို မေ့တောင်နေပြီလေ! 


လီချန်ဖုန်းက စွပ်ပြုတ်သောက်နေရင်း ရွှီချင်းအမေးကိုကြားလိုက်တော့ စားလက်စကိုမျိုချလျက် ခေါင်းမြန်မြန်ခါကာ "ကိုယ်ကတော့ ကိုယ်တို့နှစ်ယောက်တည်းရှိတဲ့ကမ္ဘာလေးကို ပိုကြိုက်တာပေါ့!" အဲ့လိုသာဆိုရင် သူ့ဇနီးလေးကို သူနဲ့ပြိုင်လုမယ့်သူမရှိတော့ဘူးလေ။ အဲ့ဒါကမကောင်းဘူးလား! 


ရွှီချင်းမှာ မျက်လုံးလှိမ့်လိုက်မိသည်။ သူတို့နှစ်ယောက်တည်းကမ္ဘာကိုပိုကြိုက်တယ်ပေါ့လေ! အဆုံးမှာတော့ ဒါတွေအားလုံးက... အဲ့ဒီကိစ္စကြောင့်ပဲပေါ့! ယောကျ်ားတွေက ခြေထောက်သုံးချောင်းရှိတဲ့သတ္တဝါတွေဆိုတာ မှန်နေတာပဲဟ! သူ့မှာတောင် တစ်ခုရှိတာပဲလေ... 


နေ့လည်စာစားပြီးနောက် လီချန်ဖုန်းသည် ပန်းကန်ခွက်ယောက်တွေဆေးကြောပြီး ဝက်ခြံအနီးတစ်နေရာတွင် ကြက်လှောင်အိမ်တစ်ခုကို ပြင်ဆင်လိုက်၏။ ကြက်ပေါက်လေးတွေပဲရှိသောကြောင့် ကြက်လှောင်အိမ်ကို သစ်သားပြားကြီးဖြင့် ဖုံးအုပ်ထားလိုက်သည်။ ​ကြက်လှောင်အိမ်ကို လေးထောင့်ကျောက်တုံးကြီး၄တုံးဖြင့် ရိုးရိုးလေးသာလုပ်ထားပြီး နေ့အချိန်မှာ ကြက်ပေါက်လေးတွေ လှုပ်ရှားဖို့အဆင်ပြေစေရန် ကြက်လှောင်အိမ်မှ မနီးမဝေးတစ်နေရာတွင် သစ်သားတုံးတွေဖြင့် အကာအရံလုပ်လိုက်သည်။ ရွှီချင်းက အိမ်နောက်ဖေးမြေကွက်တွင် ပျိုးပင်လေးတွေကို စိုက်ပျိုးထားခဲ့သည်ဖြစ်၍ ဤကြက်ပေါက်ကလေးတွေဖျက်စီးပစ်ဖို့ သူခွင့်မပြုနိုင်ဘူး! 


လီချန်ဖုန်းက သူ့အလုပ်တွေပြီးသည့်နောက် ခြေလက်ဆေး၊ မျက်နှာသစ်ကာ ပင်မအခန်းသို့ဝင်လာခဲ့ရာ သူ့ဇနီးလေးကိုမတွေ့ချေ။ လီချန်ဖုန်းလည်း သူ့ဇနီးလေးက အိပ်ခန်းထဲမှာရှိနေမယ်ဆိုတာကိုသိ၍ ခြံဝင်းနဲ့ပင်မအခန်းတံခါးတွေကိုပိတ်လျက် ရွှီချင်းနှင့်အတူတူ တစ်ရေးတစ်မောအိပ်ရန် အိပ်ခန်းတွင်းသို့ ဝင်လိုက်ပေသည်။


xxx