မုကျင်နိုးလာတဲ့အချိန်မှာ နေရောင်ပျောက်လို့ ညမိုးချုပ်နေပါပြီ။ ပိန်းပိတ်နေတဲ့မိုးကောင်းကင်ကြီးက ကားလိပ်ချလိုက်သလို မည်းမှောင်နေပြီ။ ကောင်းကင်ကြီးပေါ်မှာ မှိတ်တုတ်မှိတ်တုတ်လက်နေတဲ့ ကြယ်လေးအနည်းငယ်ရှိတယ်။ ပတ်ဝန်းကျင်တခွင်မှာတော့ တိတ်ဆိတ်ငြိမ်သက်နေတာ ဖြတ်တိုက်သွားတဲ့လေသံကိုတောင် ကြားနေရပါတယ်။
မုကျင်က ပင်ပန်းနေတဲ့သူ့မျက်ခွံတွေကိုဖွင့်လိုက်တယ်။ တစ်ကိုယ်လုံးကလည်း သည်းမခံနိုင်လောက်အောင် ညောင်းညာကိုက်ခဲနေခဲ့တယ်၊ တစ်ခုခုနဲ့အကြမ်းပတမ်းရိုက်ခံထားရတဲ့အတိုင်းပဲ။ သူ့အနောက်ဖက်ကတော့ အစောကလို စေးကပ်စေးကပ်မခံစားရတော့ဘူး။ အိပ်ရာခင်းတွေ စောင်တွေကိုလည်း အသစ်လဲပြီးပြီ။ အဝတ်အစားတွေကို သပ်သပ်ခေါက်ပြီး ဆိုဖာပေါ်တင်ထားတယ်။ အခန်းက ရှုပ်ပွမနေတော့ပါဘူး။
အခန်းတံခါးခေါက်သံသုံးချက်က အခန်းထဲက ငြိမ်သက်မှုကိုဖြိုခွင်းလိုက်ပါတယ်။ မွှေးပျံ့နေတဲ့ ဆန်ပြုတ်ပူနွေးနွေးတစ်ခွက်ကို ကိုင်ထားတဲ့မုသခင်မက တံခါးကို ညင်ညင်သာသာတွန်းဖွင့်ပြီး အခန်းထဲဝင်လာတယ်။
မုသခင်မက သူ့သားနိုးလာတာကိုမြင်ပြီး ဆန်ပြုတ်ပန်းကန်ကို ဘေးနားကစားပွဲပေါ်ချကာ ကုတင်စွန်းမှာဝင်ထိုင်လိုက်ပါတယ်။ သူမရဲ့ချစ်စရာမျက်ဝန်းတွေကတော့ ဂနာမငြိမ်ဖြစ်နေပါတယ်။
“အမေ.. အဟွတ်…အဟွတ်…” သူ့အမေ ချီတုံချတုံဖြစ်နေတာကိုမြင်ပြီး မုကျင်ကအရင် တိတ်ဆိတ်မှုကို ဖြိုခွဲဖို့ကြိုးစားတယ်။ ဒါပေမယ့် အက်ကွဲနေတဲ့ သူ့အသံသူပြန်ကြားပြီး လျှာခလုတ်တိုက်သွားလို့ ချောင်းတဟွတ်ဟွတ်ဖြစ်သွားပါတယ်။
မုသခင်မက ချက်ချင်းထရပ်ပြီး သူမသားအတွက် ရေနွေးနွေးတစ်ခွက်ငှဲ့ပေးတယ်။ သူ့ကို ကုတင်ပေါ်ကတွဲထူပေးပြီး မှီထိုင်ဖို့ ကျောမှာ ခေါင်းအုံးလေးခုပေးလိုက်ပါတယ်။
ဖြည်းဖြည်းချင်းအသက်ပြန်ရှုနေရတဲ့သူမသားကိုကြည့်ပြီး မုသခင်မက စိတ်မသက်မသာနဲ့မေးလိုက်ပါတယ် “ရှောင်ကျင်.. အမေ့ကိုအမှန်အတိုင်းပြော… သား.. ကောင်းထျန်းချန်ကိုကြိုက်လား?”
မုကျင်က ပြန်မဖြေဘူး၊ အဲဒိအစား လက်ထဲကခွက်ကိုငေးနေရင်း ခွက်ထဲကရေလှိုင်းလေးတွေ ငြိမ်သွားတာကို ကြည့်နေတယ်။ သူက ခေါင်းကိုပဲငုံ့ထားပြီး ဘာမှပြန်မပြောဘူး။ အဖြေကတော့ ရှင်းနေပါပြီ။
ဘာတွေပဲဖြစ်ပါစေ သူက သူမသားလေးပါပဲ။ သူမရင်ကဖြစ်တည်တဲ့ ကိုးလလွယ်ဆယ်လဖွားသားလေးပါပဲ။ မုကျင် ကောင်းထျန်းချန်ကို ကြိုက်နေတာ မုသခင်မ အစောကြီးကတည်းက ခံစားမိခဲ့ပါတယ်။
မုကျင်ကတော့ ဒီခံစားချက်တွေကို သူ့ဘဝတစ်သက်လုံး ကိုးယိုးကားယားနိုင်စွာ ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့် သူ့အမေရဲ့မျက်လုံးထဲကနေတော့ မလွတ်မြောက်ခဲ့ပါဘူး။
“ကောင်းထျန်းချန်က သားကိုလက်ထပ်ချင်တယ်တဲ့”
ဒီအကြောင်းကိုကြားတဲ့မုကျင်က အနည်းငယ်တုန်လှုပ်သွားပြီး ခွက်ကိုကိုင်ထားတဲ့လက်တွေလည်း တင်းကျပ်သွားတယ်။ သူ့ရဲ့မှိန်ဖျော့နေတဲ့မျက်ဝန်းတွေထဲ ပျော်ရွှင်မှုတစ်စွန်းတစ်စဖြတ်ပြေးသွားပါတယ်။
သူက တစ်စုံတစ်ရာကိုတွေးမိတော့ အကြည့်တွေပြန်မှိန်သွားပြီး မရေမရာအတွေးနဲ့ပြောပါတယ် “ဒါပေမယ့်… သူက ကျွန်တော့်ကိုမှ မကြိုက်တာ”
မုသခင်မက သူမသားရဲ့ပါးပြင်ဖွေးဖွေးလေးကို ဖွဖွလေးပွတ်ပေးတယ်။ ဒါတွေကို သူမ မသိဘဲဘယ်နေမှာလဲ။ ဒါပေမယ့် လက်တွေ့ဘဝဟာ လူသားတွေကို အမြဲတမ်းရွေးချယ်စရာမရှိအောင်လုပ်တတ်တယ်။ မုမိသားစုက အတော်ဆုံး အထက်မြက်ဆုံးဆိုတဲ့ ဒီအယ်လ်ဖာကိုလိုချင်တယ်။ ဒါကြောင့် မုကျယ်နဲ့ရုပ်ချင်းဆင်တဲ့ မုကျင်ကို အသုံးချဖို့သာရှိတယ်။
“ကိစ္စမရှိဘူး၊ အားလုံးအဆင်ပြေသွားလိမ့်မယ်” မုသခင်မက သူမသားကို နှစ်သိမ့်တာကလွဲလို့ ဘာမှဆက်လုပ်ပေးလို့မရတော့ဘူး။ ပြောရရင် ဒီလိုအခြေအနေရောက်အောင်လည်း သူမပဲစီစဉ်လာခဲ့တာ။
သူမလုပ်ရပ်ကို တစ်ကိုယ်ကောင်းဆန်တယ်ပဲပြောပြော မုကျင်က ကောင်းထျန်းချန်ကိုကြိုက်တယ်လေ၊ ဒါကြောင့် ဒီအစီအစဉ်က သူမသားရဲ့ဆန္ဒကိုဖြည့်ပေးတာလို့ ယူဆလို့ရတယ်။
နောက်ပြီး ဒီလိုမလုပ်ဘဲနဲ့လည်း သူမသားက သူ့အချစ်ကို တစ်သက်လုံးဖမ်းဆုပ်နိုင်မှာမဟုတ်ဘူး။
သူမက မုကျင်ကို ကောင်းကောင်းအနားယူခိုင်းလိုက်တယ်။ မင်္ဂလာပွဲက နှစ်ပတ်မြောက်တဲ့နေ့မှာ ကျင်းပမှာဖြစ်ပြီး သူသာကောင်းထျန်းချန်ကို စိတ်ရင်းမှန်နဲ့ကောင်းကောင်းဆက်ဆံရင် တစ်ဖက်ကလည်း တုန့်ပြန်လာလိမ့်မယ်လို့ မုသခင်က သူမသားကိုနှစ်သိမ့်စကားဆိုခဲ့တယ်။
သူမရဲ့နှစ်သိမ့်စကားတွေက မုကျင်ရဲ့နှလုံးသားထဲမှာ သံမှိုရိုက်သလိုစွဲမြဲသွားခဲ့ပြီး နောက်လာမယ့်နေ့ရက်တွေအတွက်လည်း အထောက်အကူဖြစ်ခဲ့ပါတယ်။ မုကျင်က တစ်ဖက်သားရဲ့လျစ်လျူရှုခြင်းတွေ ဂရုမစိုက်ခြင်းတွေကို ခံရပေမယ့်လည်း တစ်နေ့နေ့တော့ တိမ်မည်းတွေပြိုကွဲပြီး မြူမှုန်ကင်းစင် နေသာတဲ့နေ့တစ်နေ့ရောက်လာလိမ့်မယ်လို့ အမြဲတမ်းယုံကြည်ထားခဲ့တယ်။ မိုးမခပင်က အရိပ်တွေဝေဆာပြီး ပန်းပွင့်လေးတွေဝေဖြာချိန် ရောက်လာလိမ့်မယ်ပေါ့လေ။
မင်္ဂလာပွဲကိုတော့ ကြွယ်ဝချမ်းသာတဲ့ဒီမြို့တော်မှာပဲ ကျင်းပဖို့ဆုံးဖြတ်ခဲ့ကြတယ်။ နှစ်ဖက်အသိုင်းအဝိုင်းကလည်း ထင်ရှားကျော်ကြားတဲ့မိသားစုတွေချည်းပဲ။ သူတို့က ဒီအခမ်းအနားအတွက် မြို့တော်ရဲ့အကြီးကျယ်ဆုံး၊ အခမ်းနားဆုံး ဘုရားကျောင်းကြီးကိုရွေးချယ်ခဲ့ကြတယ်။
အဖြူရောင်ဘုရားကျောင်းကြီးကို ကျောက်တုံးတွေ၊ အုတ်တွေမြှပ်နှံပြီး တန်ဆာဆင်တည်ဆောက်ထားတယ်။ ဦးခေါင်းထက်က ခရစ်စတယ်မီးဆိုင်းတွေကတော့ ကျက်သရေအပြည့်နဲ့ ယိမ်းနွ့ဲပျော့ပျောင်းနေပါတယ်။ ရောင်စုံပြတင်းပေါက်တွေက တလက်လက်ဖြစ်နေပြီး မာဘယ်ကျောက်သားရုပ်လုံးကြွတွေကလည်း အသက်ဝင်နေတယ်။ သစ္စာရှိခြင်းကိုကိုယ်စားပြုတဲ့ အဖြူရောင်နှင်းဆီတွေကိုတော့ မြင်ကွင်းအပြည့် နေရာအနှံ့ အလှဆင်ထားခဲ့ပါတယ်။
သတို့သားနှစ်ယောက်က လက်ရာမြောက်လှတဲ့ ဒီဇိုင်နာလက်ရာ အဖြူရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားပြီး တမူထူးခြားတဲ့ခံစားချက်ကိုပေးစွမ်းတယ်။ မုကျင်က ပြောမပလောက်အောင် အရပ်မပုပေမယ့်လည်း ကိုယ်ခန္ဓာက အနည်းငယ်ပိန်ပါးပြီး အားနည်းသယောင်ရှိတယ်။ နူးညံ့တဲ့မျက်နှာလေးကတော့ ဆယ်ကျော်သက်တစ်ယောက်ရဲ့အပြစ်ကင်းစင်မှုကို ပြသနေခဲ့ပါတယ်။
ဆန့်ကျင်ဘက်အနေနဲ့ ဝတ်စုံအောက်မှာ ဖြောင့်မတ်တဲ့ကိုယ်နေဟန်ထားနဲ့ သပ်ရပ်ခန့်ညားနေတဲ့ကောင်းထျန်းချန်ကတော့ ရင့်ကျက်ပြီး ပြိုင်ဘက်ကင်းပုံပေါ်တယ်။ နဖူးပေါ်ကဆံပင်တွေကိုလည်း သေသပ်ကျနနေအောင်ဖီးသင်ထားပြီး အထက်တန်းလွှာတစ်ယောက်ရဲ့ ပြတ်သားတဲ့စရိုက်ကိုဖော်ပြနေပါတယ်။
သူက ဘုန်းတော်ကြီးရဲ့အသံကိုကြားလိုက်တယ် “ကောင်းထျန်းချန် သင်သည် မုကျင့်ကို လက်တွဲဖော်အဖြစ်လက်ခံဖို့ ဆန္ဒရှိပါသလား၊… ဖျားနာသည်ဖြစ်စေ ကျန်းမာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ ချမ်းသာသည်ဖြစ်စေ၊ တစ်သက်လုံး ဘေးနားမှာ သစ္စာရှိစွာဖြင့် ချစ်ခင်စောင့်ရှောက်လေးစားပါမည်လား?”
ကောင်းထျန်းချန်က မုကျင်ရဲ့ မျှော်လင့်စောင့်စားနေတဲ့မျက်ဝန်းနူးနူးညံ့ညံ့လေးတွေကို မြင်ပြီး တွန့်ဆုတ်သွားခဲ့တယ်။ သူ့မှာရှိတဲ့ အကောင်းဆုံးဆိုတဲ့အချစ်တွေကို အခုသူ့ရှေ့ကလူကိုပေးအပ်ဖို့ သူ့မှာသတ္တိလည်းမရှိဘူး၊ ရည်ရွယ်ချက်လည်းမရှိဘူး။ သူ့ရဲ့ကတိသစ္စာစကားတွေက မုကျယ်နဲ့အတူ လွင့်မြောပျောက်ကွယ်သွားပြီးပြီ။
ဒါက မင်္ဂလာဆောင်တစ်ခုအတွက် သာမန်လုပ်ထုံးလုပ်နည်းတစ်ခုသာဖြစ်တယ်လို့ သိပေမယ့်လည်း သူကတော့ နှုတ်ခမ်းတွေကိုဖွင့်မရခဲ့ဘူး။
ပတ်ဝန်းကျင်က တိတ်ဆိတ်ပြီးငြိမ်သက်နေတယ်။ သူ့ဆီကပြန်စကားမလာလို့ တစ်ဖက်လူရဲ့နားရွက်ဖျားလေးတွေ ရှက်သွေးကြောင့်ရဲရဲနီနေတာကိုလည်း တွေ့တယ်။ တစ်ဖက်လူက ခေါင်းကိုငုံ့ပြီး အကြည့်လွှဲလိုက်ချိန်မှာ ညိုဖျော့ဖျော့ဆံနွယ်တွေရဲ့အောက်က မျက်ဝန်းတွေကမှိန်ဖျော့နေခဲ့တယ်။
ဆေးရောင်စုံခြယ်သထားတဲ့မှန်ပြတင်းပေါက်ကနေ တောက်ပတဲ့နေရောင်ခြည်တစ်ခု သူ့မျက်လုံးတွေပေါ် ဖြာကျလာတယ်။ တစ်ဖက်လူရဲ့မျက်နှာကလည်း သူ့မြင်ကွင်းထဲ တဖြည်းဖြည်းဝေဝါးလာတယ်။ သူ့ရှေ့ကဒီလူက သူနေ့နေ့ညညတမ်းတနေခဲ့ရတဲ့လူလား…. သူ့နှလုံးသားထဲမှာကိန်းအောင်းနေခဲ့တဲ့လူလား…. သူက သူ့အဖြေကိုစောင့်နေတာလား…
ကောင်းထျန်းချန်က နှုတ်ခမ်းတွေကိုဖွင့်ဟလို့ နူးနူးညံ့ညံ့ချစ်ကတိစကားဆိုခဲ့ပါတယ်။
“ဟုတ်ကဲ့.. ဆန္ဒရှိပါတယ်”
………………….