(8)
Viewers 32k

ဒီနှစ်ရက်က မုကျင်ရဲ့ heat ကာလမဟုတ်ခဲ့ဘူး။ ဒါပေမယ့် ကောင်းထျန်းချန်လည်း ကုမ်ပဏီအလုပ်တွေကို ဖယ်ထားပြီးသားဖြစ်တာကြောင့် အလုပ်လုပ်ဖို့စိတ်မကူးတော့ဘဲ ကောင်းကောင်းအနားယူလိုက်တော့တယ်။

လုပ်ပိုင်ခွင့်အာဏာတွေကို မုသခင်ကြီးက အပြည့်အဝမလွှဲအပ်သေးဘူးဆိုပေမယ့်လည်း မင်္ဂလာပွဲပြီးကတည်းက မုအိမ်တော်ရဲ့လုပ်ငန်းတွေက ကောင်းထျန်းချန်လက်ထဲရောက်နေပြီ။ နောက်ပြီး သူ့အဖေကလည်း တဖြည်းဖြည်းနဲ့ နောက်ကွယ်ထွက်ရပ်နေပြီ။ ဒီလက ကောင်းထျန်းချန်ရဲ့ဘဝမှာ လွယ်ကူတဲ့လတစ်ခုတော့ မဟုတ်ခဲ့ဘူး။

ဒါပေမယ့် သူက အရည်အချင်းရှိပြီး လုပ်ကိုင်နိုင်စွမ်းရှိတယ်၊ သူ့အဖေဆီက ကောင်းကောင်းသင်ကြားခံထားရတယ်။ ကြံရည်ဖန်ရည်ရှိတယ်၊ အရိပ်အကဲမြန်တယ်။ ဒါကြောင့် ဒီကိစ္စတွေကိုတစ်ယောက်တည်းကိုင်တွယ်ဖို့ သူ့အတွက်ဘာအခက်အခဲမှမရှိဘူး။

သူ့ကိုခေါင်းကိုက်စေတာတစ်ခုပဲရှိတယ်၊ အဲ့ဒါမုကျင်ပဲ။ 

ကောင်းထျန်းချန်က အိမ်ပြန်မလာချင်ခဲ့ဘူး။ အိမ်မှာ အပင်ပန်းခံပြီးစောင့်နေတဲ့မုကျင်နဲ့ မျက်နှာချင်းမဆိုင်လိုဘူး။

သူက မုကျင်ကိုမုန်းတာတော့မဟုတ်ဘူး။ ဆန့်ကျင်ဘက်ပဲ။ တစ်ခါတစ်ရံ  အဲဒိရှင်းသန့်တောက်ပနေတဲ့အနက်ရောင်မျက်ဝန်းလေးတွေကို ပြောမပြတတ်လောက်အောင် သနားမိသေးတယ်။

ဒါပေမယ့်သနားတာက အချစ်မှမဟုတ်တာ။ အတိတ်မှာတုန်းကတော့ ဒီလူက သူ့ကိုအမြဲတမ်းကြည့်နေတတ်ခဲ့တယ်။ မျက်ဝန်းတွေထဲမှာလည်း အမြဲတမ်း အမည်ဖော်ရခက်တဲ့အရိပ်အယောင်တွေနဲ့ ငေးကြည့်နေတတ်တယ်။ ကောင်းထျန်းချန်က အရင်တုန်းက ဒါတွေကို နားမလည်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ သူသိပါပြီ။

မုကျင်က ကလေးဘဝကနေ လူကြီးဖြစ်တဲ့အထိ သူ့ကိုချစ်နေခဲ့တာကိုး။

ဒါပေမယ့် တစ်ဖက်လူရဲ့အချစ်တွေထိတော့ လိုက်ပြီးတုန့်ပြန်မပေးနိုင်ဘူးလေ။ မုကျယ်က အားလုံးကိုယူဆောင်သွားခဲ့တာ သူ့နှလုံးသားထဲမှာ ကြင်နာသနားတတ်တဲ့အပိုင်းလေးကိုပဲ ချန်ထားခဲ့တယ်။ ဒီဘဝမှာတော့ တခြားလူကိုနောက်ထပ်ချစ်နိုင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ထင်ပါတယ်။

မနေ့ညက သူ မုကျယ်ကို နောက်ထပ်တစ်ကြိမ်အိပ်မက်မက်ခဲ့တယ်။ အိပ်မက်ထဲက ဆယ်ကျော်သက်ကောင်လေးမုကျယ်ကို အခုထက်ထိမြင်ယောင်နေတုန်းပဲ။ သူနဲ့ယှဉ်လိုက်တဲ့အရာတွေအားလုံး မှိန်ဖျော့သွားရလောက်အောင် သိပ်ကိုလှပနေခဲ့တယ်။

သူတို့နှစ်ယောက် တစ်ယောက်လက်ကိုတစ်ယောက်ဆွဲပြီး လူသူမရှိတိတ်ဆိတ်တဲ့ကမ်းခြေတစ်နေရာမှာ လမ်းလျှောက်နေခဲ့ကြတယ်။ ညနေခင်းရဲ့လေပြည်အေးတွေက သူတို့ရဲ့နဖူးပေါ်ကဆံနွယ်စတွေကို ဖြတ်တိုက်သွားတယ်။ မုကျယ်က နွေးထွေးစွာပြုံးတယ်။ တစ်ခါတစ်ခါ သူတို့တွေ ကျောက်တုံးတစ်တုံးကောက်ပြီး တအိအိလှိုင်းထနေတဲ့ ပင်လယ်ရေပြင်ထက်ကို လျှောတိုက်ပစ်ပေါက်ခဲ့ကြတယ်။

ညရောက်လာပြီး ပင်လယ်ကြီးက အပြာရောင်ရင့်ရင့်ပြောင်းလာတဲ့ အချိန်မှာတော့ ကောင်းကင်ကရုတ်တရက် ရှင်းလင်းသွားခဲ့ပြီး သူ့ဘေးနားကလူလည်း ပျောက်သွားခဲ့တယ်။ သူက ပတ်ဝန်းကျင်မှာ ဝမ်းနည်းပက်လက်လိုက်ရှာတယ်။ ဒါပေမယ့် သူ့ခေါင်းကိုလှည့်ပြီး ကြည့်လိုက်တဲ့အခါမှာတော့ အဝေးတစ်နေရာက ငေးကြည့်နေတဲ့မျက်ဝန်းတစ်စုံကို တွေ့ခဲ့ရပါတယ်။ သံယောဇဉ်တစ်ခုရောယှက်နေတဲ့ မျက်ဝန်းတွေ…

မုကျင်တစ်ယောက် သူ့ညီနဲ့သူ့ကို ကြည့်နေတဲ့အချိန်တိုင်းမှာ အဝေးကနေပဲ တိတ်တိတ်လေးပုန်းပြီး ဒီလိုမျက်ဝန်းမျိုးတွေနဲ့ သူ့ကိုကြည့်နေခဲ့တာလား…

အရင်တုန်းကတော့ သူ့မျက်လုံးထဲမုကျယ်တစ်ယောက်ပဲမြင်ခဲ့ပြီး ဘယ်သူ့ကိုမှ အဝင်မခံခဲ့ဘူး။ သူ့ကိုချစ်ပြီး မျှော်ကြည့်နေခဲ့တဲ့လူတစ်ယောက် ရှိပါသေးလားလို့ သူအခုမှ နားလည်သွားတော့တယ်။

မနက်ပိုင်းမှာ သူအိပ်ချင်မူးတူးနဲ့ နိုးလာခဲ့တယ်။ မနက်က စောနေသေးပြီး နှင်းတွေကျတာလည်း ရပ်သွားပြီ။ မနက်ခင်းနေရောင်ခြည်က ပြတင်းပေါက်မှာစုပြုံနေတဲ့ နှင်းခဲထုဆီ အလင်းပြန်ပြီး တလက်လက်ဖြစ်နေခဲ့တယ်။

သူက ရိုးရိုးရှင်းရှင်း အင်္ကျီကောက်စွတ်လိုက်ပြီး မျက်နှာသစ်ဖို့ရည်ရွယ်ချက်နဲ့ အပြင်ထွက်လာခဲ့တဲ့အချိန်မှာ မီးဖိုချောင်ထဲကနေထွက်လာတဲ့ အိုးခွက်ပန်းကန်သံတွေကို ကြားလိုက်ရတယ်။ အသံကတိုးတိုးလေး.. တစ်ယောက်ယောက်ကို နှောင့်ယှက်မိလိုက်မှာစိုးလို့ အသာအယာလုပ်နေတဲ့ပုံစံမျိုး။

မုကျင်က မီးဖိုချောင်ထဲမှာ မနက်စာပြင်နေတယ်။ သူက အိမ်နေရင်းအဝတ်အစားပေါ်မှာ အပြာနုရောင်အေပရွန်ကိုထပ်ဝတ်ထားပြီး မီးဖိုစားပွဲရှေ့မှာအလုပ်များနေတယ်။ လေထုထဲမှာတော့ ပေါင်မုန့်မီးကင်နံ့တွေ မွှေးကြိုင်နေပါတယ်။

သူ့မျက်စိရှေ့မှာမြင်ရတဲ့မြင်ကွင်းက သိပ်ကိုနွေးထွေးပြီး ဆွဲဆောင်မှုှရှိတယ်။ နှစ်ပေါင်းများစွာမြင်နေကျအရာလို ဖြည်းဖြည်းနဲ့မှန်မှန်လေး။ သူက မနေနိုင်တော့ဘူး၊ တံခါးဘောင်ကိုမှီပြီး အကြာကြီးရပ်ကြည့်နေခဲ့မိပါတယ်။

သူရပ်ကြည့်နေခဲ့တာ မုကျင်က လှည့်ကြည့်ပြီး သူ့ကိုတွေ့သွားလို့ ပြုံးပြလိုက်တဲ့အထိပါပဲ။ အပြုံးလေးက အာရုံဦးထက်တောင်ပိုပြီးနွေးထွေးတယ်။

“မောနင်း ထျန်းချန်”

“အင်း” 

“တစ်မိနစ်လောက်နေရင် စားလို့ရပြီ၊ အပြင်မှာထိုင်စောင့်နေနော်”

နှစ်မိနစ်လောက်ကြာတော့ မုကျင် ပန်းကန်ပြားနှစ်ချပ်ကိုကိုင်ကာ မီးဖိုချောင်ထဲကထွက်လာပြီး စားပွဲပေါ်လာတင်တယ်။

နူးနူးညံ့ညံ့ဖုတ်ထားတဲ့ ပေါင်မုန့်မီးကင်ရယ်၊ မကျက်တကျက်ကြော်ထားတဲ့ အသည်းပုံကြက်ဥကြော်ရယ်၊ ပန်းဂေါ်ဖီစိမ်းလေးတွေနဲ့ မီးကင်ထားတဲ့ဘေကွန်တောင် ပါသေးတယ်။

မနက်စာကရိုးရှင်းတယ်၊ ဒါပေမယ့် ပူပူနွေးနွေးမျက်စိပသာဒရှိတယ်။ ဂရုတစိုက်ပြင်ဆင်ထားမှန်း တချက်ကြည့်ရုံနဲ့ သိနိုင်တယ်။

“ဒီအလုပ်တွေက အန်တီချန်လုပ်သင့်တာ” သူက မုကျင်ကမ်းပေးတဲ့ နွားနို့ပူပူတစ်ခွက်ယူလိုက်တယ်။

“ဒါပေမယ့် ငါက မင်းအတွက်လုပ်ပေးချင်လို့ပါ” မုကျင်ရဲ့အသံက အကျယ်ကြီးမဟုတ်ဘူး။ ဒါပေမယ့် ကြည်လင်ပြတ်သားတယ်။

သူချစ်ရတဲ့လူက သူ့လက်နဲ့ကိုယ်တိုင်ပြင်ပေးထားတဲ့မနက်စာကို စားသောက်နေတယ်။ မုကျင်ရဲ့နှလုံးသားက ပျော်ရွှင်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ မနေ့ညကခံစားရတဲ့ ခါးတစ်ဝိုက်နာကျင်ကိုက်ခဲမှုတွေတောင် သက်သာလာသလိုပဲ။

“မင်း ကုမ်ပဏီသွားတော့မှာလား?” သူက တွန့်ဆုတ်တွန့်ဆုတ်မေးမိပါတယ်။ အကြောင်းကလည်း သူထွက်သွားပြီးရင် ဘယ်အချိန်မှအိမ်ပြန်လာမလဲ မုကျင်မခန့်မှန်းနိုင်ဘူး။ 

“ဟင့်အင်း… နှစ်ရက်စာ အလုပ်တွေဖျက်ထားတယ်”

“တကယ်?!” သူ့အဖြေစကားကိုကြားပြီး မုကျင်က အလွန်တရာဝမ်းမြောက်ပျော်ရွှင်သွားပါတယ်။ ဒါဆိုသဘောက ဒီနှစ်ရက်မှာ သူ့ကိုအဖော်လုပ်ပေးမှာပေါ့။ ခါတိုင်းနေ့တွေလို အေးစက်ပြီး တစ်ယောက်တည်းဖြစ်မနေတော့ဘူးပေါ့။

ကလေးတစ်ယောက် ပျားရည်စားရသလို တက်ကြွပျော်ရွှင်နေတဲ့မုကျင်ကိုကြည့်ပြီး ကောင်းထျန်းချန်ရဲ့နှလုံးသားမှာ အမည်တပ်မရတဲ့လှုပ်ရှားမှုလေးတစ်ခုဖြစ်လာတယ်။

“အင်း.. ငါ မင်းနဲ့နှစ်ရက်အတူရှိနေမှာ၊ မင်းကြိုက်တဲ့နေရာသွားလို့ရတယ်”

စကားတွေနဲ့ကတိပေးပြီးနောက် မုကျင် သူ့ကို ကစားကွင်းဆွဲခေါ်သွားချိန်မှာတော့ ကောင်းထျန်းချန် အတော်လေးအံ့သြခဲ့ရပါသေးတယ်။

သူ့မှတ်ဉာဏ်ထဲကမုကျင်က အပြင်ထွက်ပြီးကစားရတာကိုလည်းမကြိုက်ဘူး၊ နောက်ပြီး လူများတဲ့နေရာတွေ သွားရတာလည်းမကြိုက်ဘူး။

ဒါပေမယ့် ဒါကတကယ်မဟုတ်ဘူး။ သူက အပြင်ထွက်ရတာမကြိုက်တာမဟုတ်ဘူး။ အဖော်ပြုပေးမယ့်လူမရှိတာ။ သူက ရှက်ကြောက်တတ်ပြီး တစ်ယောက်တည်းနေတတ်တယ်။ ပျော်ရွှင်တက်ကြွပြီး အထီးကျန်မှုတွေလျော့ပါးသွားအောင် လုပ်ရမယ့်အစား တစ်ယောက်တည်းရှောင်ဖယ်နေတတ်တယ်။

ဒီနေ့က အားလပ်ရက်မဟုတ်ပေမယ့် နေသာပြီးရာသီဥတုသာယာတာကြောင့် ကစားကွင်းထဲမှာ လူတွေနဲ့ပြည့်နှက်နေတယ်။

မုကျင်က ပျော်ရွှင်တက်ကြွနေခဲ့ပြီး မြင်မြင်ရာလိုက်ကြည့်နေခဲ့ပါတယ်။ ဖြူဖျော့ဖျော့ပါးလေးတွေတောင် နီလာတဲ့အထိပဲ။

မုကျင်ရဲ့အပျော်တွေကူးစက်လာတာလည်းဖြစ်နိုင်တယ်၊ ကောင်းထျန်းချန်ရဲ့နှလုံးသားတောင်မှ ဒီနေ့မှာ ရှားရှားပါးပါးကျေနပ်နေခဲ့တယ်။

သူ့အဖေရဲ့မျှော်လင့်ချက်တွေ၊ သူ့ရဲ့ခက်ခဲပင်ပန်းတဲ့အလုပ်အကိုင်၊ သူ့ချစ်သူရဲ့သေဆုံးမှု၊ တာဝန်တွေနဲ့သာပြည့်နေတဲ့ မှားယွင်းနေတဲ့အိမ်ထောင်ရေး၊ ဒါတွေအကုန်လုံးက သူ့နှလုံးသားကို ကျောက်တုံးတွေနဲ့ဖိထားသလို အသက်ရှုရခက်ခဲအောင် ပြုလုပ်နေခဲ့တယ်။ သူ အနားမယူနိုင်ခဲ့တာ သိပ်ကိုကြာခဲ့ပြီကိုး။

သွားသွားလာလာပျားပန်းခတ်နေတဲ့လူတွေ၊ ခေါင်းဆောင်းလေးတွေဆောင်းလို့ ပါးအို့နီနီနဲ့ကလေးတွေ၊ လက်တစ်ဖက်ကလူကြီးတွေကိုဆွဲပြီး ကျန်လက်တစ်ဖက်က ပေါက်ပေါက်ဆုပ်ထုပ်ကြီးကို ကိုင်ထားကြတယ်။ မျက်နှာတွေက ရယ်မောနေခဲ့ကြတယ်။

ရှေ့တစ်ကမ်းက ရိုလာကိုစတာရုံကြီးကိုတစ်ချက်ကြည့်ပြီး ကောင်းထျန်းချန်က စိတ်လှုပ်ရှားစွာနောက်လှည့်အော်ပါတယ် “ရှေ့မှာ ရိုလာကိုစတာ!” မင်းအကြိုက်ဆုံး…. 

တစ်ဝက်တစ်ပျက်နဲ့ သူ့စကားတွေရပ်သွားတယ်။

ဟုတ်ပါတယ်၊ ရိုလာကိုစတာစီးရတာကြိုက်တဲ့လူက သူ့နောက်မှာရပ်နေတဲ့မုကျင်မဟုတ်ဘူး၊ ထွက်သွားပြီဖြစ်တဲ့မုကျယ်။

မုကျင်က သူ့ရှေ့လူရဲ့ကိုးရိုးကားယားအနေအထားကိုမြင်တော့ သူ့လက်တွေကိုလှမ်းဆွဲရင်း ရိုလာကိုစတာရှိရာ တန်းတန်းလျှောက်သွားတယ်။

“အင်း.. ကြိုက်တယ်၊ သွားစီးရအောင်”

ခဏအကြာရိုလာကိုစတာကြီးရပ်သွားချိန်မှာ ကားထဲကထွက်လာတဲ့မုကျင်က ခြေထောက်တွေတုန်ယင်လာတဲ့အထိ ဖြူဖျော့နေခဲ့တယ်။ အန်ထွက်ချင်လောက်အောင် မအီမသာဖြစ်နေခဲ့တယ်။

ဒါနဲ့တောင်မှ ရိုလာကိုစတာ ကြိုက်တယ်တဲ့လား…

……………….