(9)
Viewers 36k

အဲဒိနေ့စလို့ နောက်ထပ်နှစ်ရက်ကတော့ မုကျင်ရဲ့ဘဝမှာ လက်ထပ်ပြီးကတည်းက ပျော်ရွှင်ရဆုံးနေ့တွေဖြစ်ခဲ့တယ်။

အိမ်အကြီးကြီးက နောက်ဆုံးမှာ သက်ဝင်လှုပ်ရှားမှုတွေရှိလာပြီ။ သူက အန်တီချန်ကို မုအိမ်ပြန်လွှတ်လိုက်ပြီး အိမ်အလုပ်အကုန်လုံး သူ့ခြေသူ့လက်လုပ်တယ်။

နေ့တိုင်းနေ့တိုင်းမှာလည်း သူက ဟင်းအမျိုးမျိုးကို မတူညီတဲ့နည်းလမ်းမျိုးစုံနဲ့ အကောင်းဆုံးပြင်ဆင်ချက်ပြုတ်ပါလိမ့်မယ်။ တစ်ဖက်လူရဲ့ကျေနပ်တဲ့အပြုံးလေးကို မြင်နေရသရွေ့ အများကြီးပြုံးပျော်နေပါလိမ့်မယ်။

ကောင်းထျန်းချန်တစ်ယောက် စာကြည့်ခန်းထဲက ကွန်ပြူတာရှေ့မှာ အလုပ်များနေပြီဆိုရင်တော့ မုကျင်က အလုပ်လုပ်နေတဲ့လူကို အနှောင့်အယှက်ဖြစ်မှာစိုးလို့ အမြဲတမ်းသာသာဖွဖွလေးဝင်သွားတတ်ပြီး ကော်ဖီပူပူတစ်ခွက် သွားချပေးလိမ့်မယ်။

ဒါတင်ဘယ်ကလိမ့်မလဲ။ မုကျင် ဂရုတစိုက်၊အသေအချာလုပ်ပေးခဲ့တဲ့ အခြားအရာတွေ အများကြီးရှိသေးတယ်။ သူက တစ်ဖက်လူအသိအမှတ်ပြုလာစေဖို့ အကောင်းဆုံးဆိုတဲ့အရာတွေလုပ်ပေးရမယ်လို့လည်း သန္နိဌာန်ပြုထားတယ်။ ချစ်တဲ့လူကို အကောင်းဆုံးလုပ်ပေးချင်တဲ့စိတ်ကလေးတစ်ခုပဲ သူ့မှာရှိခဲ့တာဖြစ်ပါတယ်။

ကောင်းထျန်းချန်ကလည်း အကန်းမဟုတ်ပါဘူး။ သူ့ကိုပေးဆပ်လာတဲ့အချစ်တွေကို မသိကျိုးကျွံ မပြုနိုင်ခဲ့ဘူး။ 

မုကျင်ပြောင်းလဲသွားတယ်လို့ သူခံစားနေရတယ်။ အရင်မုကျင်ဆို ရယ်လည်းမရယ်ဘူး၊ စကားလည်း များများစားစားမပြောဘူး။ လူတွေနဲ့လိုက်လျောညီထွေမရှိဘူး၊ လူတွေကို ဘယ်လိုဂရုစိုက်ရမယ်မှန်းလည်းမသိဘူး။

ဒါပေမယ့် ဒီအပြောင်းအလဲတွေက မုကျင်အတွက် မလွယ်ကူမှန်း သူမသိခဲ့ပါဘူး။ သူ့အတွက်ဆို မုကျင်က မတတ်တဲ့အရာတွေကိုလည်း သင်ယူဖို့ဆန္ဒရှိတယ်။ သူ့အတွက်ဆို နှစ်ပေါင်းများစွာချထားခဲ့တဲ့ အတားအဆီးနံရံတွေ၊ ဖုံးကွယ်ထားတဲ့ဖြစ်ရပ်မှန်တွေကိုလည်း ဘေးဖယ်ထားဖို့ဆန္ဒရှိတယ်။ သူ့အတွက်ဆို သူ့ရဲ့အနူးညံ့ဆုံးစိတ်နေဘက်ခြမ်းကိုပဲ ပြသခဲ့ပါတယ်။ 

ဒါတွေကပဲ သူ့ကိုစိတ်လှုပ်ရှားလာစေခဲ့တဲ့ မုကျင်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေဖြစ်နိုင်တယ်။ မုကျင်ကိုမျက်နှာချင်းဆိုင်ရတာ အများကြီးမခက်ခဲမှန်း ကောင်းထျန်းချန်က တဖြည်းဖြည်းသိရှိလာခဲ့ပါတယ်။

အတိတ်ကဖြစ်ရပ်တွေကိုထည့်မတွက်ရင်တော့ သူ့ကိုဂရုစိုက်ပေးတဲ့လက်တွဲဖော်တစ်ယောက်ရှိတာ ကောင်းထျန်းချန်ကံကောင်းတယ်လို့ ပြောလို့ရတယ်။ ဒီလောက် သူ့အပေါ်ကောင်းတဲ့လူကိုလည်း နာကျင်ခံစားစေရတာ မဖြစ်သင့်ပါဘူး။ သူ မုကျင်ကို ကောင်းကောင်းဆက်ဆံပေးသင့်ပါတယ်။

သူက မုကျင်ကို နေ့စဉ်အိမ်သုံးပစ္စည်းတွေဝယ်ဖို့ ရှော့ပင်းမော်လ်အဖော်လိုက်ပေးတယ်။ မီးဖိုချောင်ထဲမှာလည်း ဟိုဟိုဒီဒီကူလုပ်ပေးပြီး ညစာစားပြီးတဲ့အခါ ပန်းခြံထဲအတူလမ်းလျှောက်ပေးတယ်။ မုကျင်နဲ့အတူ ဒီလိုပျင်းစရာကောင်းတဲ့အရာလေးတွေ လိုက်လုပ်ပေးရတာ ကြိုက်နှစ်သက်တယ်လို့ သူဝန်ခံပါတယ်။

ခုန်ဆွခုန်ဆွလုပ်နေတဲ့အမွှေးပွခွေးလေးကိုဆွဲပြီး လမ်းလျှောက်နေတဲ့လူတစ်ယောက်ကို သူတို့တွေ့ခဲ့တယ်။ မုကျင်ရဲ့မျက်လုံးတွေလည်း ခွေးလေးနောက်အမှတ်တမဲ့ပါသွားခဲ့သေးတယ်။ အဲဒိမျက်ဝန်းတွေထဲ အားကျတဲ့အရိပ်အယောင်တွေကိုလည်း ကောင်းထျန်းချန်တွေ့ခဲ့ပါတယ်။

မုကျင်က အိမ်မှာတစ်ယောက်တည်းဖြစ်နေပြီး သူကလည်း မကြာခင်အလုပ်ပြန်တက်ရတော့မယ်။ အရင်လို အိမ်ပြန်မလာတာတွေ လုပ်မှာမဟုတ်တော့ပေမယ့် မုကျင်နဲ့အတူရှိတဲ့အချိန်တွေကတော့ တိုးလာမှာမဟုတ်ဘူး။ မုကျင်က လေအေးတွေလွှမ်းခြုံနေတဲ့အိမ်ကြီးထဲမှာ နောက်တစ်ခါ အထီးကျန်နေရတော့မှာဖြစ်တယ်။ 

တတိယမြောက်နေ့ရက်ညဘက်မှာတော့ ကောင်းထျန်းချန်က မုကျင်ကို အညိုရောင်အမွေးကောက်ကောက် ခွေးလေးတစ်ကောင် လက်ဆောင်ပေးခဲ့တယ်။ ခွေးလေးရဲ့မျက်ဆန်အိမ်တွေက မီးတောင်ကျောက်တွေလို မဲနက်နေတယ်။ ဉာဏ်ကောင်းပြီး မုကျင်စကားကိုလည်း နားထောင်ပါတယ်။

မုကျင်က အရမ်းကိုပျော်ရွှင်သွားခဲ့တယ်။ သူ့မျက်ဝန်းလေးတွေလည်း မယုံနိုင်တဲ့ထင်ဟပ်မှုတွေနဲ့ တလက်လက်တောက်ပသွားခဲ့ပါတယ်။ 

သူ မုကျင်ကို သိကျွမ်းလာခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီ။ ဒါပေမယ့် သူမမှတ်မိတော့ဘူး၊ ဒီတစ်ခါကမှ လက်ဆောင်ပေးတဲ့ပထမဦးဆုံးအကြိမ်ဖြစ်နိုင်တယ်။ 

ကောင်းထျန်းချန် မုကျင်အပေါ်ထားရှိတဲ့သဘောထားက အခြားသာမန်စုံတွဲတွေလို ရင်းနှီးမနေပေမယ့် အရင်ကလောက်လည်း အေးစက်စက်မနိုင်တော့ဘူး။

အနည်းဆုံးတော့ အတူရှိပြီးတိုင်းမှာ အရင်လို တစ်ယောက်တည်း ဧည့်သည်ခန်းသွားမအိပ်တော့ဘူး။ သူနဲ့အတူ အိပ်ပေးတတ်လာတယ်။

မုကျင်ကတော့ ကြိုးစားသမျှ ပြန်လည်ရရှိတဲ့တုန့်ပြန်မှုကြောင့် ဝမ်းသာကြည်နူးနေခဲ့တယ်။ အရာအားလုံးက အကောင်းဘက်ကိုဦးတည်လာခဲ့ပါတယ်။

အချိန်တွေက အဖြူရောင်စစ်မြင်းတစ်ကောင် ကမ်းပါးနှစ်ဖက်လွှားခနဲခုန်ကျော်လိုက်သလို၊ တံတားအောက်ကရေတွေ စီးဆင်းသွားသလို တိတ်တဆိတ်ကုန်ဆုံးသွားခဲ့တယ်။ မျက်တောင်တစ်ခတ်အတွင်းမှာပဲ ဆောင်းရာသီရောက်ရှိလာခဲ့ပါတယ်။

ကောင်းထျန်းချန် မုကျင်ကိုပေးထားတဲ့ခွေးလေးလည်း မျက်စိအောက်မှာပဲကြီးလာပြီ။ အညိုရောင်အမွှေးစုစုတွေလည်း ဖွားဖွားယားယားဖြစ်လာခဲ့ပါတယ်။

မုကျင်က သူ့ကို “မော့”လို့နာမည်ပေးထားတယ်။ ချစ်စရာကောင်းတဲ့နာမည်လေး…

ဆောင်းရာသီရဲ့အေးစက်အထီးကျန်မှုတွေကုန်ဆုံးသွားတဲ့အခါ နွေဦးလေပြည်လေးတွေဝေ့လာတတ်သလို အစိမ်းရောင်မျှော်လင့်ချက်တွေလည်း ဟိုတစ်စဒီတစ်စ တိတ်တဆိတ်ပေါက်ဖွားလာခဲ့တယ်။

(T/N သစ်ပင်တွေအစိမ်းရောင်ပြန်ဖြစ်လာသလို မျှော်လင့်ချက်တွေလည်း ပြန်မြင်ရလာပြီလို့ပြောချင်တာ)

မော့က လိမ္မာပြီး စကားနားထောင်တဲ့ခွေးလေးတစ်ကောင်ဖြစ်ပါတယ်။ ကစားစရာလေးတစ်ခုကို သူ့ရှေ့မှာ ယမ်းပြလိုက်ရင် သူကလည်း အမြီးတိုတိုလေးကိုတဖွားဖွားလှုပ်ပြီး လူပေါ်ကို ပွတ်သီးပွတ်သပ်လုပ်လာလိမ့်မယ်။

အထွေအထူးဧည့်ခံပွဲတွေ မရှိတဲ့နေ့ကျရင်တော့ ကောင်းထျန်းချန်က ညနေခင်းပိုင်းမှာ အိမ်ပြန်လာပါလိမ့်မယ်။ အိမ်တံခါးကိုဖွင့်ချင်းချင်းမှာပဲ မော့က အခန်းထဲကနေ ပျော်ပျော်ရွှင်ရွှင်အမြီးလေးနှံ့ပြီး ပြေးထွက်လာမယ်။ လျှာလေးကိုတန်းလန်းတန်းလန်းထုတ်ပြီး ဆင်ဝင်မှာထိုင်စောင့်ရင်း သူ့ကိုကြိုနေမယ်။

ထမင်းစားခန်းထဲမှာတော့ အငွေ့တထောင်းထောင်းထနေတဲ့ဟင်းတစ်ပန်းကန်က ရှည်လျားတဲ့မှန်စားပွဲပေါ်မှာတင်လျက်သားရှိတယ်။

သူ့ရဲ့အိုမီဂါက မွှေးပျံ့နေတဲ့စွတ်ပြုတ်ပန်းကန်လုံးကြီးနှစ်လုံးကို သယ်လာတယ်။ တူနှစ်စုံကို လက်ကြားထဲမှာညှပ်လို့ နှုတ်ခမ်းတွေထက်မှာတော့ နွေးထွေးတဲ့အပြုံးလေးတစ်ခုရှိတယ်။

ကမ္ဘာပေါ်မှာရှိတဲ့ လေးစားအားကျရတဲ့စုံတွဲတွေလိုပဲ၊ သူ့ဘဝက အေးချမ်းပြီး နွေးထွေးတယ်။

တစ်ရက်သောနေ့ရဲ့ ကုမ်ပဏီအစည်းအဝေးလုပ်နေချိန်ကိုတော့ ဖယ်လိုက်ပေါ့။ အဲဒိနေ့မှာ အစည်အဝေးလုပ်နေတဲ့ကောင်းထျန်းချန်ဆီ မုကျင်ကရုတ်တရက်ဖုန်းခေါ်လာတယ်။ ဖုန်းပြောတဲ့မုကျင်ရဲ့အသံက ကုန်းပေါ်ရောက်နေတဲ့ငါးလို ပြတ်တောင်းပြတ်တောင်းနဲ့ အသက်ရှုရခက်ခဲနေတယ်။ စကားတစ်ခွန်းထွက်ဖို့တောင် သူ့ခမျာ မနည်းကြိုးစားနေရတယ်။ 

ဖုန်းထဲကလာတဲ့ပြတ်တောင်းပြတ်တောင်း ညီးညူသံတွေကြောင့် ကောင်းထျန်းချန်လည်း မုကျင် heat တက်နေတာဖြစ်မယ်လို့ရိပ်မိသွားပြီး တုန့်ပြန်မှုတွေလည်းဖြစ်ကုန်တယ်။

အဖြစ်အပျက်တွေက ခပ်မြန်မြန်ပဲဖြစ်ကုန်တယ်။ ကောင်းထျန်းချန်လည်း အစည်းအဝေးကိုရွှေ့ဆိုင်းပြီး ရှယ်ယာရှင်တွေ၊အကြီးတန်းအုပ်ချုပ်သူတွေကို ထားပစ်ခဲ့တာ မရပ်မနားအိမ်ပြေးပြန်လာရတယ်။

အခွင့်အရေးကောင်းတွေ လက်လွတ်ကုန်ပါပြီဆိုပြီး သူ့အဖေနဲ့ဒါရိုက်တာဘုတ်အဖွဲ့ဝင်တွေဆီက အပြစ်တင်ခံရပါစေဦး သူကတော့ နောင်ခါလာနောင်ခါဈေးလို့ပဲ သတ်မှတ်လိုက်တော့တယ်။

မုကျင်ကလည်း ပြင်ဆင်မှုမရှိတဲ့ သူ့ကိုယ်သူ အပြစ်တင်နေခဲ့တယ်။ ဒီလိုမျိုးရုတ်တရက်ဝင်လာတဲ့ heat အတွက် ထိန်းချုပ်ဆေးတွေအများကြီး မုအိမ်တော်မှာထားခဲ့တာကြောင့်လေ။

ဆောင်းရာသီရဲ့နေရောင်ခြည်က နွေရာသီလိုမပူပြင်းဘူး။ အနည်းငယ်တောက်ပပြီး ညင်သာတယ်။ နွေးထွေးတဲ့နေရောင်ခြည်က ပတ်ဝန်းကျင်မှာ ဖြာကျနေခဲ့ပါတယ်။

မုကျင်က မော့လေးကို လက်ထဲဖက်ထားပြီး ပေါင်ပေါ်မှာစာအုပ်တစ်အုပ်ကိုတင်လို့ ခြံဝန်းထဲ အေးအေးလူလူအချိန်ဖြုန်းနေခဲ့တယ်။ ဘေးနားကစားပွဲပေါ်မှာက စဉ့်ရည်ပါးပါးသုတ်ထားတဲ့မြေခွက်လေးရှိပြီး ပူနွေးနွေးလက်ဖက်ရည်တွေရှိတယ်။

အခုတလော သူခဏခဏအိပ်ငိုက်နေတယ်။ ခုံပေါ်မှာထိုင်ပြီး စာအုပ်လေးဖတ်တာနဲ့တောင် ပင်ပန်းနေပြီ။ ခေါင်းတွေမူးရိပ်မူးရိပ်ဖြစ်နေလို့ လှုပ်လည်းမလှုပ်ချင်ဘူး။

ရုတ်တရက်ကြီး သူ့ရင်ထဲမှာ ပျို့အန်ချင်စိတ်တွေပေါက်လာတယ်။ မုကျင်က မော့ကိုအသာချလို့ ရေချိုးခန်းထဲပြေးဝင်သွားခဲ့တယ်။ စာအုပ်လေးကတော့ ပြုတ်ကျကျန်ခဲ့တာပေါ့လေ။

သူက ပြည့်အင့်နေတဲ့ရင်ဘတ်ကို လက်တစ်ဖက်နဲ့အသာဖိထားပြီး နောက်တစ်ဖက်ကိုတော့ လက်ဆေးကန်မှာထောက်ကိုင်ထားတယ်။ သူ့ခေါင်းကတော့ တဖြည်းဖြည်းညွှတ်ကျလာခဲ့ပြီး နဖူးပေါ်ဆံပင်တွေကျလာခဲ့ကာ မျက်နှာကဖြူဖျော့လာခဲ့ပါတယ်။

သူ့ရင်ဘတ်တစ်ခုလုံးပျို့တက်လာတာလည်း နှလုံးရော၊ အဆုတ်ရော၊ အစာအိမ်ရော ကလီစာတွေအကုန်လုံး အန်ထွက်လာတော့မတတ်ပဲ။ သူ့ခန္ဓာကိုယ်ကတော့ လည်ချောင်းတစ်လျှောက်ဆီကနာကျင်မှုကြောင့် ကတုန်ကယင်ဖြစ်နေတယ်။

မုကျင်က အချိန်အကြာကြီး ဝေဒနာခံစားပြီးနောက်ဆုံးမှ သက်သာရာရသွားခဲ့တယ်။ ကိုယ်ထဲကနာကျင်တွေလည်း လျော့ပါးစပြုလာတယ်။

သူ့ခြေထောက်တွေက လှုပ်ရှားဖို့တောင် အားမရှိတော့ဘူး။ အစောတုန်းက ဆောက်တည်ရာမရ လေတွေအန်ထုတ်လိုက်ရလို့ အားအင်တွေလည်း တစ်စိလေးတောင်မကျန်တော့ဘူး။ 

မုကျင်က ဘေးနားကနံရံကို အသာဖွဖွအားပြုလို့ တဖြည်းဖြည်းပြန်ထွက်လာခဲ့တယ်။ နေရောင်ခြည်က သူ့ရဲ့ဖြူဖျော့ဖျော့မျက်နှာပေါ်မှာ အရိပ်ကျနေခဲ့ပါတယ်။

ရုတ်တရက်ပဲ သူ့နှလုံးသားထဲ အတွေးတစ်ခုဝင်လာတယ်။ ဒီခံစားချက်…. မဟုတ်မှလွဲရော… သူ…

…………..