(10)
Viewers 36k

ဆေးရုံအဝင်ဝမှာချိတ်ဆွဲထားတဲ့ အနီရောင်ကြက်ခြေဆိုင်းဘုတ်ကြီးက ဆောင်းရာသီရဲ့ညနေစောင်းနေရောင်အောက်မှာ အထူးထင်ရှားလို့နေတယ်။ ပိုးသတ်ဆေးနံ့တွေလွင့်ပျံနေတဲ့ကော်ရစ်ဒါတစ်လျှောက်မှာတော့ လူတွေ ဟိုနေရာဒီနေရာထိုင်နေကြပါတယ်။

မုကျင်က သူ့ရဲ့ရင်ဘတ်ကိုဖိထားတယ်။ ဒီမနက်အိပ်ရာထတဲ့အချိန်ကတည်းက မူးဝေအော့အန်ချင်စိတ်တွေနဲ့ပြည့်နေတာ မနက်စာစားချင်စိတ်တောင်မရှိခဲ့ဘူး။ ဝေဒနာက တဖြည်းဖြည်းနဲ့ပိုပိုဆိုးလာတယ်။

လတ်တလောအိမ်ပြန်လာမှာမဟုတ်တဲ့ကောင်းထျန်းချန် အလုပ်ကိစ္စခရီးထွက်သွားတာကိုအခွင့်ကောင်းယူပြီး ဒီနေ့မှာ မုကျင်က တစ်စုံတစ်ခုအတည်ပြုဖို့ ဆေးရုံရောက်လာခဲ့ပါတယ်။

“ဂုဏ်ယူပါတယ်၊ တစ်လရှိပါပြီ”

ဆရာဝန်ရဲ့ဂုဏ်ပြုစကားသံက အကျယ်ကြီးမဟုတ်ဘူး။ ဒါပေမယ့် သူ့နားထဲကို ချိုမြစွာစီးဆင်းသွားခဲ့ပြီး နှလုံးသားရှိရာဆီ အကြီးအကျယ်ဂယက်ရိုက်သွားခဲ့ပါတယ်။

သူက ဆေးစစ်ချက်အဖြေကို ငေးကြောင်ကြောင်လေးကိုင်ထားပြီး ဆေးရုံထဲကထွက်လာချိန်အထိ သတိကောင်းကောင်းမဝင်သေးဘူး။

ယခုကစပြီး ကိုးလကျော်တဲ့အချိန်မှာ သူနဲ့ကောင်းထျန်းချန်ကြားမှာ ကလေးတစ်ယောက်ရှိလာလိမ့်မယ်။ သူတို့ဘဝထဲဝင်လာတဲ့ ကလေးလေးရဲ့ငိုသံကို ကြားနိုင်တော့မှာဖြစ်ပါတယ်။

မုကျင်ရဲ့နှုတ်ခမ်းထောင့်စွန်းတွေက ပျော်ရွှင်မှုကြောင့်ကွေးတက်သွားခဲ့ပြီး ဖြူဖျော့တဲ့မျက်နှာလေးကတော့ ရှက်သွေးနီနီလေးတွေနဲ့ဖုံးသွားတယ်။ သူက ဝမ်းဗိုက်ပြားချပ်ချပ်လေးကို ဖွဖွလေးထိလိုက်ပါတယ်။

ကောင်းထျန်းချန်ပြန်လာတဲ့အချိန်မှာ သူ့ကိုအရင်ဆုံးသတင်းပေးတဲ့လူက သူပဲဖြစ်ရမယ်။ ကောင်းထျန်းချန်ကိုအံ့သြသွားအောင်လုပ်ရမယ်။

ဒါဆို သူလည်း သူ့လိုပဲဝမ်းသာပျော်ရွှင်သွားမှာလား?

နှစ်ရက်ကြာပြီးတဲ့နောက် ကောင်းထျန်းချန် အိမ်ပြန်ရောက်လာတဲ့အချိန်မှာတော့ သူက မုကျင်ဆီက အံ့သြစရာသတင်းစကားကြားလိုက်ရတယ်။

ဒီအချိန်မှာ မုကျင်ရဲ့မျက်နှာလေးက ရှိုးတိုးရှန့်တန့်လေးနဲ့ စိတ်လှုပ်ရှားနေပုံပေါ်တယ်။ သူက ခေါင်းကိုငုံ့ပြီး နှုတ်ခမ်းတွေကိုကိုက်ထားတယ်။ နောက်တော့ တုန်ယင်နေတဲ့အသံလေးနဲ့ ကိုယ်ဝန်တစ်လရှိနေပြီလို့ ပြောပြခဲ့ပါတယ်။

သူတို့နှစ်ယောက်ချစ်ရည်လူးကြတဲ့အချိန်တိုင်းမှာ ချင့်ချိန်တိုင်းတာတာတွေမရှိဘူး၊ ပမာဏတွေလည်းမရှိဘူး၊ အမြဲလွတ်လွတ်လပ်လပ်ပဲ။ ဒါကြောင့် ဒီရလဒ်က အံ့သြစရာကောင်းပေမယ့် သင့်လျော်မှုလည်းရှိတယ်။ 

စိတ်ထဲဘယ်လိုခံစားနေရလဲ ကောင်းထျန်းချန်ထုတ်ဖော်ပြောမပြတတ်ဘူး။ ဒါပေမယ့် ပျော်ရွှင်လာလို့မေးရင်တော့ ပျော်ပါတယ်လို့ဖြေလိုက်မယ်။

မုကျင်က သူ့အိမ်ထောင်ဖက်၊ အခု သူတို့မှာ ကလေးရှိလာပြီ၊ ဒါကြောင့် သူဝမ်းသာနေရမှာပေါ့။ 

သူ့ဆီကစကားသံထွက်မလာလို့ စိုးရိမ်စိတ်တွေပြည့်နေတဲ့ ရှေ့ကလူကိုကြည့်ပြီး ကောင်းထျန်းချန်က ဖြည်းဖြည်းချင်းကိုယ်ကိုကိုင်းချပြီး လက်တွေကိုရစ်သိုင်းကာ ဒီကိုယ်လုံးသေးသေးလေးကို သူ့ရင်ခွင်ထဲဆွဲယူလိုက်တယ်။ 

သူ့ရင်ခွင်ထဲကလူက တုန်ရီနေတယ်။ ကောင်းထျန်းချန်ရဲ့အေးစက်စက်နှုတ်ခမ်းပါးတွေက တစ်ဖက်လူရဲ့နှာတံရိုးတစ်လျှောက်ဖြတ်သွားပြီး အဆုံးမှာ ချိုမြတဲ့နှုတ်ခမ်းသားတွေပေါ် နူးညံ့စွာထိတွေ့လိုက်တယ်။

မုကျင်ရဲ့မျက်လုံးလေးတွေ ဝိုင်းစက်ပြူးကျယ်သွားလေရဲ့။ မျက်လုံးတွေက နီရဲလာတယ်။ နောက်တော့ မျက်ရည်ဥလေးတွေတွဲသီနေတဲ့မျက်ခွံက မှိတ်ကျသွားခဲ့ပါတယ်။

ဒါက သူတို့နှစ်ယောက်ရဲ့ပထမဦးဆုံးအနမ်းဖြစ်ပါတယ်။

ပူနွေးတဲ့တွယ်ဆက်မှုတွေမဟုတ်ဘူး။ ပုစဉ်းရင်ကွဲတစ်ကောင် ကန်ရေပြင်မှာဖြတ်လျှောက်သွားသလိုမျိုး၊ အေးမြတဲ့လေပြည်လေညှင်းလေးတွေ ဖြတ်တိုက်သွားသလိုမျိုး နှုတ်ခမ်းနှစ်စုံအသာအယာထိကပ်သွားတာပဲဖြစ်ပေမယ့် အထိအတွေ့ကတော့ နှလုံးသားထိပြည့်လျှံသွားဖို့ လုံလောက်ခဲ့ပါတယ်။ 

မုကျင်ကတော့ အနမ်းလေးတစ်ခုနဲ့တင် ခန္ဓာကိုယ်တစ်ခုလုံးပဲ့တင်ထပ်သွားအောင် စိတ်လှုပ်ရှားနေရတယ်။ နှလုံးသားတွေပါ အရည်ပျော်ကျကုန်တဲ့အထိပေါ့။ သူ့ပါးပြင်တွေက အသက်ရှုမရတော့လို့ ရဲပတောင်းခတ်နေတယ်။ အောက်ကိုငိုက်ကျနေတဲ့မျက်ဝန်းလေးတွေမှာတော့ စီးကျဖို့ငြင်းဆန်နေတဲ့ငွေ့ရည်လေးတွေရှိပါတယ်။ 

“ကျေးဇူးပါ ရှောင်ကျင်”

ကောင်းထျန်းချန်က မုကျင်ရဲ့ဆံပင်ကို ဖွဖွလေးပွတ်ပေးတယ်။ လာမယ့်လတွေမှာ သူ့ရှေ့ကလူက ကြိုးစားရုန်းကန်မှုတွေအပြည့်နဲ့ ကလေးတစ်ယောက်မွေးဖွားပေးတော့မှာ။

ကောင်းထျန်းချန်ရဲ့နှလုံးသားထဲ နွေးထွေးနူးညံ့တဲ့ခံစားချက်တစ်ခု တလိပ်လိပ်ဆန်တက်လာခဲ့ပါတယ်။ ဒီလူကို ဂရုစိုက်ပြီးစောင့်ရှောက်ပေးရပါလိမ့်မယ်။

တကယ်တော့ မုကျင်က သူတာဝန်ယူရမယ့်လူပဲလေ။

နေ့ရက်တွေက ငြိမ်သက်ပြီးရိုးစင်းတယ်။ နှင်းပွင့်လေးတွေကျလာတာနဲ့အမျှ အချိန်ရာသီစက်ဝန်းကို တိတ်တဆိတ်တွန်းတိုက်သွားခဲ့ပြီး နေ့ရက်တွေကုန်ဆုံးသွားခဲ့တယ်။

မျက်စိတစ်မှိတ်မှာပဲ နွေဦးပွဲတော်ရောက်ရှိလာခဲ့တယ်။ အိမ်တွေတိုင်းမှာ မီးရောင်တွေနဲ့တန်ဆာတင်ထားခဲ့ပြီး တစ်ကွဲတစ်ပြားစီဖြစ်နေတဲ့မိသားစုတွေ တွေ့ဆုံကြတဲ့အချိန်အခါက နေရာအနှံ့မှာရှိနေခဲ့ပါတယ်။

မုကျင်ရဲ့ကိုယ်ဝန်ကတော့ နှစ်လကျော်အချိန်ကာလကိုရောက်ခဲ့ပြီ။ ဒါပေမယ့် သူ့ရဲ့ဖြူဖျော့ဖျော့ကိုယ်ခန္ဓာကတော့ ဘာအရိပ်အယောင်မှမပြသေးဘူး။ ဝမ်းဗိုက်နားကိုအသေအချာသွားကိုင်ကြည့်မှပဲ စီးထုပ်ထားသလို တင်းကျပ်နေတာကိုတွေ့ရပါလိ့မ်မယ်။ အရင်ကလို အိစက်တဲ့အသားအရေလေးမဟုတ်တော့ဘူးပေါ့။

ဒါပေမယ့် သူ့ရဲ့ကိုယ်ဝန်ဆောင်လက္ခဏာတွေကတော့ တစ်နေ့တစ်ခြားပိုပိုပြီးဆိုးရွားလာတယ်။ မအီမသာဖြစ်တာတွေ ပိုဆိုးလာတာတင်မကဘူး၊ တစ်ခါတစ်ရံ မူးဝေလမ်းပျောက်သွားတဲ့အထိ အော့အန်ထွက်တယ်။ စိတ်ဓါတ်ကျတာတွေလည်းဖြစ်လာပြီး တစ်နေ့လုံးငိုက်မြည်းနေတတ်ပါတယ်။ သူက အချိန်အများစုမှာ အိပ်နေတတ်ပါတယ်။

အစပိုင်းနေ့တွေမှာတော့ မုကျင်က အစားအသောက်တွေကိုယ်တိုင်ချက်ပြုတ်ဦးမယ်လို့ ခေါင်းမာနေတုန်းပဲ။ ဒါပေမယ့် ယောက်ချိုဇွန်းနဲ့အေပရွန်နဲ့ မီးဖိုရှေ့မှာမတ်တပ်ရပ်လိုက်ရင်တော့ လွင့်တက်လာတဲ့မီးခိုးငွေ့တွေကြားမှာ အော့အန်ပျို့တက်လာရတာပါပဲ။

အစားအသောက်လည်းမကောင်း၊ စားတဲ့အစားအစာတွေကလည်း အရသာမရှိ။ ကောင်းထျန်းချန်က မုကျင်ကိုစောင့်ရှောက်ဖို့ အန်တီချန်ကိုအမိန့်ပေးထားတယ်။ နောက်ပြီး ဟင်းချက်ခွင့်လည်းမပြုတော့ဘူး။ ကောင်းကောင်းအနားယူခိုင်းပြီး မုကျင်ခံတွင်းတွေ့မယ့်အရာတွေကိုပဲ အန်တီချန်ကို ချက်ခိုင်းတော့တယ်။ သူကိုယ်တိုင်ကျတော့လည်း ကုမ်ပဏီအလုပ်တွေကိုအမြန်ဆုံးလုပ်တယ်။ ညစာစားပွဲ၊ ဧည့်ခံပွဲ၊ ပါတီပွဲတွေကို တတ်နိုင်သမျှဘေးချိတ်ထားခဲ့ပြီး အိမ်စောစောပြန်လာကာ မုကျင်ကိုအဖော်လုပ်ပေးခဲ့ပါတယ်။

သူ့ရဲ့အိုမီဂါကိုယ်ခန္ဓာက အစကတည်းကမကောင်းလှဘူး၊ နောက်ပြီး ကိုယ်ဝန်ဆောင်လက္ခဏာကလည်း ပြင်းထန်လွန်းတယ်။ မုကျင်က မျက်တွင်းတွေလည်း တတိတိချောင်ကျလာတယ်။ အခြေအနေတွေတည်ငြိမ်ပြီး ပုံမှန်ပြန်ဖြစ်ဖို့ သူ့အယ်လ်ဖာရဲ့ရနံ့တွေလိုအပ်တယ်။ ဒါက မအီမသာဖြစ်တာတွေကိုလည်း သက်သာပျောက်ကင်းစေပြီး အများကြီးနေကောင်းလာစေလိမ့်မယ်။

သူတို့က အိပ်ချိန်တိုင်းမှာ တစ်ယောက်ကိုတစ်ယောက်ဖက်ထားခဲ့ကြတယ်။ မုကျင်က ကောင်းထျန်းချန်ရဲ့ရင်ခွင်ထဲမှာ ငြိမ်သက်နေပါတယ်။ တစ်ခါတစ်ခါတော့ အသက်ရှုသံတွေမြန်၊ တစ်ကိုယ်လုံးတုန်ယင်ပြီး ထိန်းချုပ်သည်းခံထားရလို့ တအင်းအင်း ညည်းညူနေခဲ့တယ်။

ကောင်းထျန်းချန်က တစ်ဖက်လူရဲ့ဝမ်းဗိုက်ကို ဖွဖွလေးထိတွေ့လိုက်တယ်။ သူ့လက်ဖဝါးအောက်မှာက သိသာလွန်းတဲ့ တောင့်တင်းမှုတစ်ခု။ အသေအချာလေးကိုင်ကြည့်မှ နည်းနည်းလေးဖောင်းတက်နေတာကို တွေ့ရပါလိမ့်မယ်။

တစ်စုံတစ်ခုကိုခံစားမိသလို ကောင်းထျန်းချန်ရဲ့နှလုံးသားက အဆမတန်ခုန်လာတယ်။ စိတ်ထဲကမှာက မရေရာတဲ့ခံစားချက်တွေရယ်၊ စိတ်မရှည်နိုင်ဖြစ်နေရတဲ့မျှော်လင့်ချက်တွေရယ် ပေါင်းစုံနေတယ်။

မုကျယ်ထွက်သွားပြီးကတည်းက သူ့နှလုံးခုန်နေတာကိုခံစားမိတာ ဒီတစ်ကြိမ်ပထမဦးဆုံးပဲ။

အခုလက်ရှိရှင်သန်နေရတဲ့သူ့ဘဝ.. မျှော်လင့်ချက်တွေအတိုင်းဖြစ်မလာခဲ့ပေမယ့် ငြိမ်းချမ်းပြီးပျော်ရွှင်နေရတာ မကောင်းတဲ့အချက်မှမဟုတ်တာ။

သွားခွင့်ပြုလိုက်ဖို့ အချိန်ရောက်ပါပြီ။…  မုကျယ်က ထိတွေ့ခွင့်မရတော့ပေမယ့် သူ့နှလုံးသားထဲက တစ်ခုတည်းသောလရောင်ဖြူလေးဖြစ်ဆဲပဲ။ ဒါပေမယ့် မုကျင်နဲ့အတူရှိခဲ့တဲ့နေ့ရက်တွေကြောင့်… သူတကယ်ဖြည်းဖြည်းချင်းလွှတ်ချလိုက်လို့ရပြီပဲ။ သူက ဘေးနားကတုန်ယင်နေတဲ့ခန္ဓာကိုယ်လေးကိုပွေ့ဖက်ထားပြီး ဆံပင်ပျော့အိအိလေးတွေကို လက်တစ်ဖက်နဲ့ပွတ်သပ်နေခဲ့တယ်။ အမွှေးရနံ့တွေထုတ်လွှတ်ပြီး ခန္ဓာကိုယ်ရဲ့အနွေးဓါတ်နဲ့ပါ ထွေးပွေ့ပေးနေခဲ့ပါတယ်။

“ငါ လက်လွှတ်နိုင်ဖို့ အကောင်းဆုံးကြိုးစားပါ့မယ်…” ရှားရှားပါးပါးနူးညံ့တဲ့အသံတစ်သံက အိပ်ပျော်နေသူရဲ့နားရွက်နားမှာ တိုးဖွဖွလေးပဲ့တင်ထပ်နေတယ်။

ခရစ်စတယ်ကျောက်တွေလို မုကျင်ရဲ့မျက်ဝန်းတွေ သာသာလေးပွင့်ဟသွားသေးတယ်။ အိပ်တစ်ဝက်နိုးတစ်ဝက်အကြည့်တွေနဲ့ သူ့နှုတ်ခမ်းထောင့်စွန်းတွေ မသိမသာကွေးညွှတ်သွားခဲ့ပါတယ်။

မုကျင်က အိပ်မက်ထဲမှာ ကြည်လင်ပြတ်သားတဲ့အသံတိုးတိုးလေးတစ်ခုကိုကြားနေရတယ်။ သူပေးဆပ်ခဲ့တဲ့အချစ်တွေအားလုံးအတွက် ပြန်ရရှိခဲ့တဲ့ မျှော်လင့်ချက်လေးတစ်ခုပေါ့။ 

နောက်ပိုင်းမှာ ကောင်းထျန်းချန်က သူနဲမုကျယ်တို့တွဲရိုက်ထားတဲ့ဓါတ်ပုံလေးကို စားပွဲအံဆွဲထဲထည့်သိမ်းခဲ့ပါတယ်။ မုကျင်ဘက်က ဘာမှမပြောပေမယ့်လည်း ဒီဓါတ်ပုံကိုစိတ်ထဲရှိနေတာ သူခံစားမိတယ်။ စာကြည့်ခန်းထဲဝင်လာပြီး ကော်ဖီလာပို့တဲ့အချိန်တိုင်းမှာ မုကျင်က စားပွဲပေါ်ထောင်ထားတဲ့ဓါတ်ပုံလေးကို မသိမသာခိုးကြည့်တတ်တယ်လေ။ 

ဓါတ်ပုံထဲက လူနှစ်ယောက်ရဲ့လှပတဲ့အပြုံးလေးတွေက မနက်ခင်းနိုးခါစနေရောင်ခြည်လို အေးမြတယ်။ ဒါပေမယ့် မုကျင်ကိုတော့ နာနာကျင်ကျင်လောင်ကျွမ်းစေခဲ့တယ်။

ကောင်းထျန်းချန်က ဓါတ်ပုံတင်သိမ်းလိုက်တာမဟုတ်ဘူး၊ စာအုပ်စင်ကိုပါရှင်းပြီး မုကျင်ရဲ့အခန်းထဲကသပ်သပ်ရပ်ရပ်ထုတ်ပိုးထားတဲ့စာအုပ်တွေကို စီထည့်ပေးနေတယ်။

သူ မုကျင်နဲ့ သာမန်ကာလျှံကာအတူနေဖို့စဉ်းစားထားတာမဟုတ်ဘူး။ သူတို့က တစ်ယောက်အတွက်တစ်ယောက်ပဲရှိတဲ့ ပါတနာတွေမလား။

စာကြည့်ခန်းက သူ့အလုပ်နေရာမှန်ပေမယ့်.. ဒါပေါ့.. မုကျင်လည်း လွတ်လွတ်လပ်လပ်သုံးချင်သုံးလို့ရနေတာပဲ။

ကောင်းထျန်းချန်က အဖုံးမတပ်ထားတဲ့စာအုပ်ကြီးတစ်အုပ်ကို ကောက်ကိုင်လိုက်ပြီး စင်ပေါ်တင်လိုက်ပါတယ်။ ဒီခဏမှာ ဟောင်းနွမ်းနေတဲ့စာရွက်လေးတစ်ရွက် ထောင့်စွန်းကနေထွက်ကျလာခဲ့ပြီး ကြမ်းပြင်ပေါ်ကျသွားခဲ့တယ်။

သူက စာအုပ်ကြားထဲပြန်ညှပ်ပေးဖို့အတွက် ကြမ်းပြင်ပေါ်ကုန်းကောက်လိုက်ပါတယ်။ ဒီအချိန်မှာ သူ့မျက်လုံးတွေက စာရွက်ထောင့်စွန်းကအကြောင်းအရာတွေပေါ်ဖြတ်ပြေးသွားခဲ့ပြီး မြင်လိုက်ရတဲ့ခဏ သူ့ခေါင်းကိုမိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရတယ်။ ကောင်းထျန်းချန်က လက်ထဲကအဝါရောင်စာရွက်လေးကို ငေးစိုက်ကြည့်နေတယ်။ တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့ပြီး လှုပ်ရှားမှုတွေလည်း အချိန်အတော်ကြာအောင် ရပ်တန့်သွားခဲ့ပါတယ်။ 

……………………