ဒါကHLA ကိုက်ညီမှုစစ်ဆေးတဲ့ စာစောင်လေးပါ။
(T/N…. HLA = ပြင်ပမှဝင်လာသောအရာများအား ခန္ဓာကိုယ်မှလက်ခံနိုင်ခြင်းရှိမရှိ မော်လီကျူးပမာဏတိုင်းတာခြင်း)
အပေါ်မှာရေးထားတဲ့နာမည်နှစ်ခုလုံးကို သူရင်းနှီးနေတယ်။
မုကျယ် နဲ့ မုကျင်။
ငွေပေးချေထားတဲ့ရက်စွဲကတော့ ဂျူလိုင်(၂၈)ရက်… လွန်ခဲ့တဲ့နှစ်နှစ်နွေရာသီရဲ့နေ့တစ်နေ့။
မုကျယ်နေမကောင်းဖြစ်လို့ စိတ်ဓါတ်ကျနေခဲ့ရတဲ့ အခိုက်အတန့်တွေ.. နောက်ပြီး အားလုံးရဲ့မျှော်လင့်ချက်တွေ မှေးမှိန်ပျောက်ကွယ်လာတဲ့အချိန်ပေါ့။
စစ်ဆေးချက်စာစောင်လေးရဲ့အောက်ဘက် ရလဒ်နေရာမှာတော့ သိသာထင်ရှားတဲ့စာလုံးနှစ်လုံးရှိတယ်။
ကိုက်ညီ။
မှင်နက်နက်နဲ့ပုံနှိပ်ထားတဲ့ အမဲရောင်စာလုံးနှစ်လုံးက မိစ္ဆာတစ်ကောင်ရဲ့ချွန်မြနေတဲ့အစွယ်တွေနဲ့တူတယ်။ ပြင်ဆင်ထားခြင်းမရှိတဲ့သူ့ကို တမဟုတ်ချင်း အရိုးတွေထိအောင် ထိုးခွဲပစ်လိုက်တာ စက္ကန့်ပိုင်းအတွင်းမှာ တစ်ကိုယ်လုံးကိုပျံ့နှံ့သွားခဲ့တယ်။
ကောင်းထျန်းချန်က အတွေးတွေထဲမှာ မွန်းကျပ်နေခဲ့ပါတယ်။ စစ်ဆေးချက်စာစောင်လေးက သူ့ပါးကိုပြင်းပြင်းထန်ထန်ရိုက်ပစ်ခဲ့တယ်။ မုကျင်နဲ့သူ့ရဲ့ အဆုံးမရှိနွေးထွေးမှုကမ္ဘာထဲက နိုးထလာအောင်ပေါ့။
မုကျယ်က မုကျင်ရဲ့သွေးရင်းညီအစ်ကို၊ စစ်ဆေးချက်ကလည်းကိုက်ညီတယ်၊ ဒါနဲ့တောင်မှ ဘာဖြစ်လို့ မုကျင်က မုကျယ်ကို မကယ်ရတာလဲ?
သူ့ခန္ဓာကိုယ်မှာရှိတဲ့ဆဲလ်တစ်ခုချင်းစီတိုင်းက ဒီမေးခွန်းနဲ့ပဟေဠိရဲ့အဖြေကို အသည်းအသန်တောင်းဆိုနေခဲ့ကြတယ်။ ဆိုးရွားတဲ့ထင်မြင်ချက်တစ်ခုလည်း သူ့စိတ်ထဲကို တဖြည်းဖြည်းချွတ်နင်းဝင်ရောက်လာခဲ့ပါတယ်။
မုကျင်က သူ့ကိုကြိုက်တယ် ဒါပေမယ့် သူက မုကျယ်ကိုကြိုက်တယ်။
မုကျယ်က ဒီကမ္ဘာပေါ်မှာမရှိတော့ဘူး။ ဒါဆို မုကျင်က သူနဲ့အတူနေလို့ရသွားပြီ… အခုအခြေအနေလိုပေါ့၊ နောက်ဆုံးမှာတော့ သူတို့တွေ အတူတူနေရင်းနဲ့ မေတ္တာသက်ဝင်သွားကြလိမ့်မယ်။
ဒီထင်မြင်ချက်က ကောင်းထျန်းချန်ရဲ့ခေါင်းထဲကိုတန်းခနဲဝင်လာပြီး အဆုံးမရှိကြီးထွားလာခဲ့ကာ မာန်ဖီနေတဲ့သားရဲတစ်ကောင်ရဲ့ ပါးစပ်ကျယ်ကြီးနဲ့လက်သည်းချွန်တွေလို သူ့ရဲ့ ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းတွေကို ဝါးမြိုဖျက်ဆီးပစ်ခဲ့ပါတယ်။
လက်ထဲစာစောင်လေးကိုကိုင်ထားပြီး ကောင်းထျန်းချန်က အသိစိတ်ကင်းမဲ့စွာတုန်လှုပ်နေခဲ့တယ်။ အဖြေတစ်ခုတော့ လိုနေပါပြီ။
သူ အိပ်ခန်းတံခါးရဲ့အပြင်ဘက်မှာမတ်တပ်ရပ်နေချိန် ခဏလောက်တွေဝေသွားခဲ့ပေမယ့် တံခါးလက်ကိုင်ကိုလှည့်ဖွင့်ခဲ့ပါတယ်။
မုကျင်က နူးညံ့တဲ့အနက်ရောင်အိပ်ရာကြီးပေါ်မှာ နောက်ကျောမှီပြီးထိုင်နေတယ်။ လက်ထဲမှာစာအုပ်တစ်အုပ်နဲ့။ အိပ်ရာဘေးနားက လိမ္မော်ရောင်မီးလုံးလေး သူ့မျက်နှာပေါ်ဖြာကျနေတာ ငြိမ်သက်ပြီးလှပလွန်းတယ်။
ဒီမြင်ကွင်းက ကောင်းထျန်းချန်ရဲ့မျက်လုံးထဲ ကျိန်းစပ်လောက်အောင် ဝင်းလက်တောက်ပနေတယ်။ သူ့ရှေ့ကဒီလူက သူ့ကိုလှည့်ဖျားခဲ့တယ်။ ဒီလိုအပေါ်ယံအားနည်းတည်ငြိမ်ချင်ယောင်ဆောင်ပြီး သူ့ကိုလှည့်ဖျားခဲ့တယ်။ ဒါပေမယ့် အတွင်းမှာတော့ အေးစက်ပြီးအဆိပ်ပြင်းတာ တကိုယ်ကောင်းဆန်တဲ့လိုအင်ဆန္ဒကြောင့် ကိုယ့်ညီအရင်းခေါက်ခေါက်တစ်ယောက်လုံး မျက်စိရှေ့မှာသေသွားတာကိုတောင် ထိုင်ကြည့်နေရက်တယ်။
“ထျန်းချန်” မုကျင်က ကောင်းထျန်းချန်ဝင်လာတာကိုမြင်ပြီး ပေါင်ပေါ်ကစာအုပ်ကိုပိတ်ကာ နှုတ်ခမ်းပေါ်မှာအပြုံးလေးနဲ့ သူ့နာမည်ကိုခေါ်လိုက်ပါတယ်။
ကောင်းထျန်းချန်က ရှေ့ကိုလျှောက်လာပြီး မုကျင်ဘေးနားဝင်ထိုင်တယ်။ သူက ရှေ့ကလူကို နားမလည်နိုင်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေပါတယ်။ နောက်တော့ မုကျင်ပါးပြင်ပေါ် လက်နဲ့ထိလို့ နူးညံ့တဲ့အရေပြားနွေးနွေးကို ဖွဖွလေးပွတ်ပါတယ်။
မုကျင်ကတော့ တစ်နည်းနည်းနဲ့ သူ့ရှေ့ကအယ်လ်ဖာက တစ်ခုခုမှားယွင်းနေတယ်လို့ခံစားနေရတယ်။ မျက်နှာအမူအရာက ခါတိုင်းနဲ့ ဘာမှမခြားပေမယ့် လေထုထဲက ဝိုးတိုးဝါးတားရနံ့တွေကတော့ သူ့အယ်လ်ဖာရဲ့စိတ်အခြေအနေမကောင်းဘူးလို့ ပြောပြနေခဲ့တယ်။
သူက ဘာဖြစ်နေတာလဲလို့ ဖွင့်မေးလိုက်တော့မလို့ပဲ၊ ဒါပေမယ့် တစ်ဖက်လူက ရုတ်တရက်ကြီး ထူးထူးဆန်းဆန်းမေးခွန်းတစ်ခုကို အသာအယာမေးလာတယ်။
“ရှောင်ကျင်.. လွန်ခဲ့တဲ့နှစ်နှစ် ဂျုလိုင်(၂၈)ရက်ကို မှတ်မိသေးလား၊ အဲဒိနေ့တုန်းက အရေးကြီးတာတစ်ခုခု ဖြစ်ခဲ့သေးလား?”
ဘာဖြစ်လို့ ရုတ်တရက် ဒီမေးခွန်းကိုမေးရတာလဲ? ဂျူလိုင်(၂၈) ..လွန်ခဲ့တဲ့နှစ်နှစ်? မုကျင်က ပျံ့ကျဲနေတဲ့သူ့အတွေးတွေကို ပြန်ခေါ်နေရတယ်။ ဒါပေမယ့် ရုတ်တရက်ဆိုသလို ပန်ဒိုရာသေတ္တာပွင့်သွားခဲ့ပြီး အတွေးတစ်ခုလည်း ဝင်လာခဲ့ကာ သူ့နှလုံးသားကအေးစက်သွားခဲ့တယ်။
အဲဒိနေ့တုန်းက သူ စစ်ဆေးချက်မှတ်တမ်းကို လက်ခံရရှိခဲ့တယ်။ သူ့ညီလေးက သူ့ကျောက်ကပ်ကိုလိုအပ်တယ်၊ မဟုတ်ရင် လောကကြီးထဲက ထာဝရထွက်သွားတော့မှာ။
ဒါပေမယ့် သူကတော့ မပေးခဲ့ဘူး၊ ဘာကြောင့်လဲဆိုတော့…..
မုကျင်ရဲ့မျက်နှာပေါ်မှာ ခါတိုင်းချိတ်ဆွဲနေကျ အပြုံးမျိုးလေးမရှိတော့ဘူး။ ခေါင်းကိုလည်းငုံ့ထားပြီး စောင်ကိုဆွဲစုပ်ထားတဲ့သူ့လက်တွေလည်း တုန်ယင်နေတယ်။
ကောင်းထျန်းချန်က သူ့မျက်လုံးတွေကို ကြောက်စရာကောင်းလောက်အောင် မှေးကျဉ်းလိုက်ပါတယ်။ နောက်ပြီး တစ်ဖက်လူရဲ့အမူအရာ ပြောင်းလဲသွားတာကို သေးသေးလေးကအစ အလွတ်မပေးဘဲ လိုက်ကြည့်နေတယ်။ သူက လက်ကိုမြှောက်လို့ မုကျင်ရဲ့ဆံပင်တွေကို ပွတ်ပေးလိုက်ပြီး နောက်တစ်ခေါက်ထပ်မေးပါတယ် “မင်း မမှတ်မိတော့ရင် ငါ အစဖော်ပေးရမလား?”
မုကျင်ရဲ့တစ်ကိုယ်လုံးကတော့ ရေခဲဂူအလားအေးစက်နေပါပြီ။ သူ့ဆံပင်ကြားပွတ်သပ်ဆော့ကစားနေတဲ့ ကောင်းထျန်းချန်ရဲ့လက်တွေကို ချွေးစေးအေးအေးတွေထွက်တဲ့အထိကြောက်တာ ဒီတစ်ခါ ပထမဦးဆုံးပါပဲ။
သူ့ရှေ့ကလူက ခေါင်းကိုငုံ့လို့ တဖြည်းဖြည်းကွေးသထက်ကွေးဝင်သွားတယ်။ ဒါပေါ့ စကားလည်း တစ်ခွန်းမှ ဟမလာသေးဘူး။ ဒါပေမယ့် ကောင်းထျန်းချန်ရဲ့စိတ်ထဲမှာတော့ သူ့မေးခွန်းအတွက် အဖြေရပြီးသားဖြစ်သွားပါပြီ။
ကိုယ်ပိုင်အချစ်တစ်ခုအတွက်ကြောင့်နဲ့ မုကျင်က သူ့ညီလေးကို အသက်ရှင်ခွင့်မပေးခဲ့ဘူး။
ချက်ချင်းဆိုသလို ကောင်းထျန်းချန်တစ်ကိုယ်လုံးမှာရှိတဲ့သွေးတွေ ဆူပွက်လောင်မြိုက်လာခဲ့တယ်။ ရနံ့တွေက ခန်းလုံးအပြည့် အထိန်းအဆမရှိပေါက်ကွဲထွက်လာပြီး သူ့ရှေ့ကအပြစ်သားကို ဖုံးလွှမ်းသွားခဲ့တယ်။
ကြောက်စရာကောင်းတဲ့ရနံ့တွေက မုကျင်ကိုတုန်လှုပ်စေပါတယ်။ သူ့နားထဲမှာ တစီစီနဲ့အချက်ပေးသံတွေမြည်လာပြီး အစာအိမ်တစ်ခုလုံးကျွမ်းထိုးမှောက်ခုံဖြစ်ကာ မူးဝေအော့အန်မှုတွေ ပျို့လျှံတက်လာတယ်။
သူက နေလို့မရတော့ဘူး။ ဘေးဘက်ကိုစောင်းပြီး လေတွေအန်ထုတ်လိုက်ရတယ်။ ဒါပေမယ့် ကောင်းထျန်းချန်က သူ့ကို အင်္ကျီကော်လာကပြန်ဆွဲပြီး မွေ့ရာပေါ်ဖိချလိုက်ပါတယ်။ နောက်တော့ ဒေါသတွေနဲ့လောင်မြိုက်ပြီး နီရဲနေတဲ့မျက်ဝန်းအစုံက သူ့ကိုကြည့်လာတယ်။
“သူက မင်းရဲ့ညီအရင်းခေါက်ခေါက်ပါ!” ကောင်းထျန်းချန်က မုကျင်ရဲ့မေးစေ့ကိုလက်တစ်ဖက်နဲ့ ဖမ်းကိုင်ပြီး တစ်ဖက်လူသူ့ကိုတည့်တည့်ကြည့်လာအောင် အတင်းဆွဲညှစ်ထားတယ် “ဘာဖြစ်လို့ ဒီလောက်ကောင်းတဲ့လူမှာ မင်းလိုရက်စက်တဲ့အစ်ကိုမျိုးရှိနေရတာလဲ?”
“ထျန်းချန်.. ဟင့်အင်း.. ငါက တကယ်တော့…” ကောင်းထျန်းချန်ရဲ့ ဒေါသတွေနဲ့လောင်မြိုက်နေတဲ့မျက်ဝန်းထဲမှာ ပုန်းကွယ်နေတဲ့သောကပဋိဝေဒတွေကို မုကျင်မြင်ပါတယ်။ ဒါကြောင့် ပင့်သက်ကိုရှိုက်လို့ အဆက်အစပ်မရှိရှင်းပြဖို့ကြိုးစားပေမယ့် စကားတွေက လက်ဝါးရာတစ်ချက်ရဲ့အောက်မှာ ပျောက်ရှသွားခဲ့တယ်။
ပါးပြင်ပေါ်ကလက်ဝါးရာတစ်ချက်… ရက်စက်တယ်ပဲဆိုဆို၊ ကောင်းထျန်းချန်က အားအများကြီးမသုံးလိုက်ပေမယ့် မုကျင်ကတော့ ရုတ်ချည်းအသံတွေပျောက်သွားပြီး နှုတ်ခမ်းတွေပါ တုန်ယင်သွားတယ်။ နောက်တော့ ဘာစကားတစ်ခွန်းမှ ထွက်မလာတော့ပါဘူး။
သူက နီရဲနေတဲ့မျက်ဝန်းတွေကို ဖြည်းဖြည်းချင်းမှိတ်ချပြီးနောက်မှာ ရုန်းကန်ခြင်းမရှိ အိပ်ရာပေါ်ကို ပြုတ်ကျသွားခဲ့ပါတယ်။
အတတ်ကဖြစ်ရပ်တွေအားလုံးက ကောင်းထျန်းချန်ရဲ့အတွေးထဲ တစ်ခုချင်းဝင်ရောက်လာခဲ့တယ်။ ဘာကြောင့် တစ်ဖက်လူက အရွယ်ရောက်အခမ်းအနားမှာ ရုတ်တရက်ပွဲတွင်းကထွက်သွားရတာလဲ၊ ဘာကြောင့် လက်ထပ်ပြီးတဲ့အချိန်ကျမှ heat ကာလမမှန်တော့တာလဲ။ ဒါတွေအကုန်လုံးကို ဒီလူက တမင်သက်သက်ကြိုတင်ကြံစည်ထားခဲ့တာလား။ သူ့ကိုအပိုင်ဖမ်းဖို့အတွက်နဲ့လေ။
သူ့ရှေ့ကဒီလူမှာ ဖုံးကွယ်ထားတဲ့မျက်နှာတွေ ဘယ်လောက်များများရှိလိမ့်ဦးမလဲ ကောင်းထျန်းချန် မတွေးရဲခဲ့ဘူး။
“မင်းကတော့ ကျေနပ်နေမှာပဲ၊ ငါကတော့ မင်းလှည့်ဖျားတာခံရတော့မလို့!” ကောင်းထျန်းချန်က မုကျင်ရဲ့မျက်နှာသေးသေးလေးကို ဖြည်းဖြည်းချင်းဖမ်းကိုင်လိုက်တယ်။ သူ့မျက်ဝန်းတွေမှာ ရွံရှာမှုတွေနဲ့ပြည့်နေပြီး ဒါကပဲ မုကျင်ရဲ့နှလုံးသားကို ဓါးထက်ထက်တစ်ချောင်းနဲ့စိုက်သလို ခံစားရစေခဲ့ပါတယ်။
မုကျင်က မူးဝေနေခဲ့ပြီး မြင်ကွင်းတွေကလည်းဝေဝါးလာခဲ့တယ်။ မျက်ရည်တွေလည်း အတိုင်းအဆမရှိကျလာတယ်။ ရှိုက်သံတွေကို အတွင်းမှာပဲထိန်းမထားနိုင်တော့တဲ့အခါ အဖြူရောင်ခေါင်းအုံးပေါ်မှာ ရေကွက်လေးအဖြစ်ထင်ကျန်ရစ်ခဲ့ပါတယ်။
“မုကျယ် မင်းရဲ့ကျောက်ကပ်ကိုမသုံးတာ ငါဝမ်းသာတယ်၊ မင်းရဲ့ယုတ်မာတဲ့အကျင့်တွေ မကူးစက်တော့ဘူးပေါ့!”
ကောင်းထျန်းချန်ရဲ့ကျိုးကြောင်းဆင်ခြင်သုံးသပ်နိုင်စွမ်းတွေက ဒေါသတွေအောက်မှာပျောက်ဆုံးသွားခဲ့တာကြာပြီ။ သူ့အောက်ကလူက ကလေးတစ်ယောက်လွယ်ထားတယ်ဆိုတာ မေ့သွားခဲ့ပြီ။ မျက်ဝန်းတွေကစူးရဲနေပြီး အေးစက်စက်နှုတ်ခမ်းပါးတွေက အမုန်းစကားတွေထွက်လာတယ်။ သူ့အောက်ကလူရဲ့နှလုံးသားကို တိုက်ခိုက်ဖို့အတွက်ပေါ့။
မုကျင်ရဲ့မျက်ဝန်းတွေမှာတော့ လက်ဖြာတောက်ပမှုတွေမရှိတော့ပါဘူး။ ပိတ်ဆို့နေတဲ့ ရေသေကန်တစ်ကန်လို မျက်ရည်တွေနဲ့မှုန်ဝါးနေခဲ့ပါတယ်။ ဝမ်းဗိုက်ပိုင်းကလည်း နာကျင်မှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
ဒီလူက ရက်စက်တဲ့စကားတွေပြောနေတုန်းပဲ။ စိတ်ထဲကလာသည်ဖြစ်စေ မလာသည်ဖြစ်စေ သူမသိဘူး၊ စကားတွေကိုတွေပဲ တောက်လျှောက်ပြောနေခဲ့တယ်။ ဒါပေမယ့် အတွေးတွေပျံ့ကျဲနေတဲ့မုကျင်ကတော့ ဘာစကားသံမှ ကောင်းကောင်းမကြားတော့ပါဘူး။ သူ့နှလုံးသားထဲမှာ တစ်ခုပဲရှိတော့တယ်။
သူကြိုးစားတည်ဆောက်ခဲ့ရတဲ့အချစ်တွေဟာ ရိတ်သိမ်းဖို့အခွင့်မသာခင်မှာ ပြိုကျပျက်ဆီးသွားခဲ့ပြီ ဆိုတာကိုပေါ့။
…………….