(12)
Viewers 32k

ဒီမွန်းကျပ်စရာကောင်းတဲ့နေရာက ဘယ်လိုထွက်လာခဲ့သလဲ ကောင်းထျန်းချန်မသိတော့ဘူး။ သူ သတိဝင်တဲ့အချိန်မှာတော့ ဆူညံနေတဲ့လမ်းမထက် မတ်တပ်ရပ်လျက်သားဖြစ်နေခဲ့တယ်။

ဆောင်းရာသီရဲ့လေတွေက အေးစက်ပြီးအရိုးထဲထိအောင် ခိုက်ခိုက်တုန်နေခဲ့တယ်။ အချိန်က ညအချိန်၊ ဒါပေမယ့် မြို့တော်ကြီးကတော့ တိတ်ဆိတ်မနေပါဘူး။ နီယွန်ဆိုင်းဘုတ်တွေ တဖြတ်ဖြတ်လက်ရင်း သီချင်းသံတွေ၊အကသံတွေ ပျံ့နှံ့နေခဲ့ပါတယ်။

တင်းကျပ်နေတဲ့ရင်ဘတ်မှာလက်ကိုဖိလို့ ကောင်းထျန်းချန်က ခေါင်းတဆစ်ဆစ်ကိုက်နေတာ ခေါင်းတစ်ခုလုံးကွဲပြီလားတောင် ထင်ရတယ်။ နှလုံးကလည်း တုန်လှုပ်ရလွန်းလို့ ထုံတောင်ထုံနေပြီ။ တစ်ကိုယ်လုံးရဲ့ဆဲလ်တွေကတော့ မကျေမနပ်တောင်းဆိုနေခဲ့ကြပါတယ်။

အခုခဏမှာ အရက်တစ်မျိုးတည်းကပဲ သူ့ကို ဝေဒနာကနေလွတ်မြောက်စေလိမ့်မယ်။ ကောင်းထျန်းချန်က ဘားတစ်ခုဆီတန်းတန်းလျှောက်လာခဲ့ပါတယ်။ 

သူက အရက်တွေ တစ်ခွက်ပြီးတစ်ခွက် လည်ချောင်းထဲမျှောချရင်း နှလုံးသားထဲကအပူမီးကိုငြှိမ်းသတ်ဖို့ ကြိုးစားနေရတယ်။ ဒါပေမယ့် သူ့ခေါင်းတွေပိုပြီး ချာချာလည်လာတာနဲ့အမျှ ပိုလို့ဆိုးရွားတဲ့လောင်ကျွမ်းမှုတွေသာ ခံစားနေရပါတယ်။ မော့ချနေတာတွေလည်း အဆက်မပြတ်ပါဘူး။

အယ်လ်ကိုဟောက အာရုံကြောကိုသာ တုန့်ဆိုင်းစေလိမ့်မယ်၊ နှလုံးသားရဲ့နာကျင်မှုတွေ ခါးသက်မှုတွေကိုတော့ ဘယ်သူလာကုစားပေးမှာလဲ။

အယ်လ်ကိုဟောက သူ့ကို ဝေခွဲမရဖြစ်စေပြီး မှတ်ဉာဏ်တွေကတော့ အချိန်ရေစီးကြောင်းထဲမှာ နောက်ပြန်စီးဆင်းနေခဲ့တယ်။ သူက အပူပင်ကင်းတဲ့ငယ်ဘဝကို တစ်ခါပြန်ရောက်သွားခဲ့ပါတယ်။

သူ့စိတ်တစ်ခုလုံး မုကျယ်ရဲ့အပြုံးတွေနဲ့ပြည့်နှက်နေခဲ့တယ်။ ကြယ်တွေလို တောက်တောက်ပပမျက်ဝန်းလေးတွေ၊ ရယ်လိုက်တိုင်းပေါ်လာတဲ့ ပါးချိုင့်လေးတွေ အားလုံးက စွဲလမ်းယစ်မူးစရာကောင်းတယ်။

သူ့အတွေးတွေက လွန်ခဲ့တဲ့နှစ်နှစ်ကိုရောက်သွားပြန်တယ်။ မုကျယ်ရဲ့လက်ကို နောက်ဆုံးကိုင်ခွင့်ရခဲ့တဲ့နေ့တစ်နေ့…. ဝေဒနာတွေအပြင်းအထန်ခံစားနေရတဲ့ မုကျယ်ရဲ့လက်ကလေး အားပြတ်ကာပြုတ်မကျသွားခင် ဆုပ်ကိုင်ခွင့်ရတဲ့နေ့တစ်နေ့ကိုပေါ့။

မုကျယ်ရဲ့အေးစက်စက်လက်ဖဝါးအထိအတွေ့လေးကို သူအခုချိန်ထိ ခံစားမိနေဆဲပဲ။ ဒိလောက်သန့်ရှင်းဖြူစင်တဲ့လူမှ ဒီလိုနိဂုံးမျိုးနဲ့ အဆုံးသတ်ရသလားကွာ…

ရုတ်တရက်ပဲ ကောင်းထျန်းချန်ရဲ့အတွေးထဲ မုကျင်မျက်နှာဝင်ရောက်လာခဲ့တယ်။ မုကျယ်နဲ့ ရုပ်ချင်းဆင်လွန်းတဲ့မျက်နှာလေးတစ်ခုပါ။ ဒါပေမယ့် စိတ်ဓါတ်ဝိဉာဉ်ချင်း အကွာကြီးကွာခြားတယ်။

ကောင်းထျန်းချန်က လက်ထဲကဖန်ခွက်ကို ဆုပ်ကိုင်ထားခဲ့တယ်။ ဖန်ခွက်ကိုခွဲပစ်ချင်နေသလို လက်ဆစ်တွေဖြူဖျော့လာအောင် တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့တယ်။ ခက်ထန်တဲ့မျက်ဝန်းတွေကတော့ ဖရိုဖရဲဖြစ်နေခဲ့ပါတယ်။

ဒီလူကို သူစက်ဆုပ်တယ်။ ဒီလူရဲ့လှည့်ကွက်ထဲမှာ သူ့နှလုံးသား လှုပ်ရှားမလိုတောင်ဖြစ်ခဲ့သေးတယ်။ ဒီလူကိုတွေးလိုက်တိုင်းမှာ မုန်းတီးရွံရှာမှုတွေက သူ့နှလုံးသားထိတိုင်အောင် တလိပ်လိပ်ဆန်တက်လာတယ်။ သူ မုကျင်ကို ရွံစရာကောင်းတဲ့သတ္တဝါတစ်ကောင်လို ကြောက်ရွံ့မိပါတယ်။  

ဒီလောက်တောင် အကြင်နာကင်းမဲ့ပြီး မလိုတမာစိတ်ရှိတဲ့လူမျိုးက သူ့ကိုချစ်သတဲ့လား… သူမယုံဘူး။ နောက်ထပ် ဘယ်တော့မှလည်း အလိမ်ခံမှာမဟုတ်ဘူး။

ပျော်ပွဲရွှင်ပွဲနဲ့စားသောက်ကခုန်ပွဲတွေရဲ့အလယ်မှာ ကောင်းထျန်းချန်တစ်ယောက် မူးမှောက်နေတဲ့အချိန် သူ အကြင်နာကင်းမဲ့တယ်လို့တံဆိပ်တပ်ခံရတဲ့လူသားကတော့ အေးစက်နေတဲ့အိပ်ရာကြီးပေါ်မှာတစ်ယောက်တည်း ဝမ်းဗိုက်နာကျင်မှုကြောင့် လှိမ့်ပိန့်နေခဲ့ရပါတယ်။

မုကျင်က နာရီဝက်လောက်မေ့မျောနေခဲ့တာပါ။ ဒါပေမယ့် နာလွန်းလို့နိုးထလာရတယ်။

ခါးစပ်တဝိုက်နာကျင်ကိုက်ခဲမှုကလည်း ဘယ်တော့မှပြီးဆုံးမယ်မှန်းမသိဘူး။ နဖူးပေါ်မှာသီးနေတဲ့ ချွေးစေးအေးအေးတွေကြောင့်လည်း သူ့ရှေ့ဆံပင်တွေအကုန်လုံးစိုရွှဲနေပါပြီ။

သူ့လက်က ဝမ်းဗိုက်ပိုင်းကအင်္ကျီတွေကိုဆွဲဆုပ်ထားပြီး ခန္ဓာကိုယ်ကိုအနည်းငယ်ကွေးလိုက်တယ်။ ဒါပေမယ့် ရှေ့ဆက်မခံနိုင်လောက်အောင် အောက်ပိုင်းက ဆက်တိုက်အောင့်နေခဲ့ပါတယ်။

ပြတ်တောင်း ပြတ်တောင်း ညည်းညူသံတွေက သူ့ရဲ့ကွဲအက်နေတဲ့လည်ချောင်းထဲက လျှံကျလာတယ်။ ကိုယ်ခန္ဓာအောက်ပိုင်းကနေ အရည်တစ်ချို့စီးကျသွားတာကိုလည်း ခံစားမိပါတယ်။ အများကြီးမဟုတ်ပေမယ့် မုကျင်ကတော့ ကြောက်ရွံ့တုန်လှုပ်ပြီး စိတ်တွေလည်းဂယောင်ခြောက်ခြားဖြစ်လာပါတယ်။

ဘယ်လိုလုပ်မလဲ…. ကလေး…. ငါ ကယ်ရမယ်…

အကူအညီကင်းမဲ့နေတဲ့မျက်ဝန်းတွေက အကူအညီတစ်စုံတစ်ခုရလိုရငြား အခန်းကျယ်ကြီးထဲမှာ ဟိုဟိုဒီဒီလိုက်ရှာနေခဲ့ပါတယ်။

နောက်တော့ မုကျင်က ရုတ်တရက် တစ်ခုခုကိုသတိရသွားတယ်။ သူက ဝမ်းဗိုက်ထဲကနာကျင်မှုကိုအံ့တုပြီး အိပ်ရာပေါ်ကကုန်းရုန်းထပါတယ်။

သူ့ခြေထောက်တွေက အားနည်းနေတယ်။ ကြမ်းပြင်နဲ့ထိတဲ့ခဏမှာ ပျော့ခွေပြီးပြုတ်ကျသွားတယ်။ သူက လက်နှစ်ဖက်ကိုအားပြုလို့ အောက်ပိုင်းကိုမထိအောင် ကာကွယ်လိုက်ကာ ကုတင်ဘေးကို ဘေးတိုက်ထောက်မိသွားခဲ့ပါတယ်။

ကံကောင်းတာက…. သူ ပြုတ်ကျမသွားခဲ့ပါဘူး။

သူ့နှလုံးသားထဲလှိုက်ခနဲပျော်သွားပေမယ့် သူ့မျက်ဝန်းအိမ်မှာတော့ စိတ်ပျက်အားငယ်ရတဲ့မျက်ရည်စတွေ ဝေ့သီလာခဲ့တယ်။ သူ့ဝမ်းဗိုက်ကနာတယ်။ ဒါပေမယ့် သူ့နှလုံးသားက ပိုပြီးနာကျင်ရပါတယ်။

သူက သူ့ကိုယ်သူအားတင်းပြီး အခန်းထဲကဖြည်းဖြည်းထွက်လာခဲ့ကာ ကော်ရစ်ဒါရဲ့တစ်ဖက်ကိုလျှောက်လာခဲ့တယ်။

အခန်းဝမှာ ဆက်တိုက်ခေါက်နေခဲ့တဲ့ တံခါးခေါက်သံတိုးတိုးကို အထဲမှာရှိတဲ့အန်တီချန်ကကြားတယ်။ သူမက အပြင်ဘက်ကမှောင်မည်းနေတဲ့ကောင်းကင်ကြီးကို တစ်ချက်ကြည့်ပြီး အံ့သြသွားပါတယ်။

တံခါးဖွင့်လိုက်တဲ့အချိန်မှာတော့ နံရံကိုအားမရှိသလိုမှီနေတဲ့မုကျင်ကိုတွေ့ပါတယ်။ သူ့မျက်နှာကဖြူစုတ်နေပြီး သူ့အသက်ရှူသံတွေကမြန်နေတယ်။

သူက လက်တစ်ဖက်နဲ့ ဗိုက်ကိုတင်းတင်းကျပ်ကျပ်ဖိထားပြီး အခြားတစ်ဖက်ကတော့ အခုထိတံခါးခေါက်နေတုန်းပဲ။ 

အန်တီချန်က မြင်ကွင်းကြောင့်လန့်ဖြန့်သွားလေရဲ့။ မုကျင်ရဲ့အောက်ဖက်မှာ အနီရောင်တွေစွန်းထင်းနေပြီး ကော်ဇောပေါ်မှာသိသိသာသာကြီးကို အကွက်လိုက်ဖြစ်နေတယ်။ သူ့ရဲ့ဖျော့တော့တဲ့နှုတ်ခမ်းတွေက တုန်ယင်နေပြီး မျက်ဝန်းတွေနဲ့ အသနားခံနေခဲ့ပါတယ်။ သူက လေသံလေးနဲ့ပြောပါတယ်။

“ဆေးရုံ….. ပို့ပေးပါ…. ကလေးကို….. ကယ်ပေးပါ…..” 

အန်တီချန်ရဲ့မျက်လုံးတွေက ဝမ်းနည်းမှုကြောင့် အနည်းငယ်နီလာခဲ့တယ်။ သူတို့နှစ်ယောက်ကြားမှာ အချစ်မရှိဘူး၊ ဟုတ်တယ်… ဒါပေမယ့် နွေးထွေးတဲ့သံယောဇဉ်ရှိတယ်လေ။ ဒီအခြေအနေထိဆိုက်သွားရအောင် ဘာတွေများဖြစ်ခဲ့ကြလို့လဲ။

ကာယကံရှင်တွေကသာ မျက်စိလျှမ်းနေတာ၊ ပွဲကြည့်ပရိသတ်သူမက သေချာသိတာပေါ့။

မုကျင်ရဲ့ အစွဲလမ်းကြီးလွန်းလှတဲ့သယောဇဉ်အမျှင်တစ်ခုချင်းစီတိုင်းကို သူမ မြင်နေခဲ့ရတယ်။ ကောင်းသခင်လေးကိုယ်တိုင်ကလည်း ဘာမှသာမပြောတာ၊ ချစ်ခြင်းမေတ္တာတွေမပါဘူးလို့ မဆိုလိုဘူး။ 

သူမက ခေါင်းတွေရှုပ်လို့ပဟေဠိဖြစ်နေဆဲပဲ။ ဒါပေမယ့် ဆဲလ်ဖုန်းကို ခပ်မြန်မြန်ထုတ်ပြီး အရေးပေါ်ကောလ်တစ်ခု ခေါ်လိုက်ရပါတယ်။

………………..