(13)
Viewers 34k

လူနာတင်ယာဉ်မရောက်မီအချိန်လေးမှာ မုကျင် သတိမေ့သွားခဲ့ပါတယ်။ သူပြန်နိုးလာပြီး မျက်လုံးတွေဖွင့်လိုက်တဲ့အခါမှာတော့ မွန်းလွဲပိုင်းနေရောင်ခြည်က ပြတင်းပေါက်ကနေ တိုးဝင်ဖြာကျနေခဲ့ပြီး သူ့မျက်ခွံတွေကို တိတ်တိတ်လေးအနွေးဓါတ်ပေးနေခဲ့တယ်။

သူ့မျက်စိရှေ့မှာ အဖြူရောင်မျက်နှာကျက်တစ်ခုရှိတယ်။ သူ့ကိုယ်ပေါ်မှာက ဆေးနံ့သင်းနေတဲ့စောင်တစ်ထည်ရှိတယ်။ နံရံပေါ်မှာက အမျိုးအမည်မသိပန်းချီကားတစ်ချပ်ရှိပြီး ဘေးနားကစားပွဲအပုလေးပေါ်မှာတော့ နေရောင်ခြည်ဘက်ကိုမျက်နှာမူပြီးပွင့်လန်းနေတဲ့ လန်းလန်းဆန်းဆန်းပန်းပွင့်တွေရှိပါတယ်။ ထောင်လိုက်ချိတ်ဆွဲထားတဲ့ဆေးရည်ထုတ်ထဲက ဆေးရည်တွေကတော့ သူ့ခန္ဓာကိုယ်ထဲကို တစ်စက်ချင်းစီးဝင်နေပါတယ်။ 

သူ့လက်တွေ အလိုလျောက်ပဲ ဝမ်းဗိုက်အောက်ပိုင်းကိုရောက်သွားတယ်။ အနည်းငယ်မို့မောက်နေတဲ့နေရာကို စမ်းမိမှပဲ သူ့ရဲ့တုန်လှုပ်နေတဲ့စိတ်တွေ ပြေပျောက်သွားတော့တယ်။

တော်သေးတယ်…. ကလေးရှိသေးလို့….

သူ့နှလုံးသား တဖြည်းဖြည်းချင်းတည်ငြိမ်သွားတဲ့အချိန်မှာ ဆေးရုံရဲ့အထူးဆောင်က ကြောက်စရာကောင်းလောက်အောင် ငြိမ်သက်သွားခဲ့တယ်။ သူက အိပ်ရာပေါ်မှာလူးလွန့်လိုက်ပြီး စောင်ထဲနောက်တစ်ကြိမ်ပြန်ဝင်လိုက်ကာ ဆက်အိပ်ဖို့ကြိုးစားနေခဲ့ပါတယ်။

ဒီအချိန်မှာ ချပ်ခနဲအသံနဲ့အတူ တံခါးကပွင့်လာတယ်။ မုကျင်လှည့်ကြည့်လိုက်ပါတယ်။ သူ့မြင်ကွင်းထဲဝင်လာတာက မရင်းနှီးတဲ့လူတစ်ယောက်… အဝတ်အစားတွေအရ သူနာပြုဖြစ်ပုံရတယ်။

သူ့နှလုံးသားထဲ စောင့်မျှော်နေခဲ့ရတဲ့သူ မဟုတ်ပါဘူး။

ဟုတ်မှာပေါ့လေ။ သူ့ကို မြင်ချင်မှာမဟုတ်တဲ့လူက ဘယ်လိုလုပ် ဒီနေရာကိုလာမှာလဲ။

မုကျင်က ခေါင်းအုံးပျော့ပျော့လေးကို လက်ထဲပိုက်ရင်း တစ်ဖက်ကိုလှိမ့်လိုက်ကာ အိပ်ရာပေါ်မှာကွေးနေခဲ့ပါတယ်။ ပိုးတုံးလုံးလေးတစ်ကောင်လို ပြင်ပကမ္ဘာကြီးကို လျစ်လျူရှုရင်းပေါ့။

ဆေးရုံပေါ် ရက်အနည်းငယ်အနားယူပြီးနောက်မှာတော့ မိဘတွေက မုကျင်ကိုအိမ်ပြန်ခေါ်သွားခဲ့ကြတယ်။

သုံးလနီးပါးကပ်နေပြီဖြစ်တဲ့ကိုယ်ဝန်ကြောင့် သူက အလွယ်လေးမောပန်းလွယ်နေတယ်။ ခါးနေရာတစ်ဝိုက်ကလည်း နေ့တိုင်းနေ့တိုင်းညောင်းညာကိုက်ခဲနေရတယ်။ အော့အန်တာတွေ သက်သာလာပြီဆိုပေမယ့် အစားအသောက်ပျက်နေဆဲပါပဲ။

သူ့အယ်လ်ဖာရဲ့မွှေးရနံ့တွေမရှိဘဲ သူဘယ်လိုရပ်တည်ရပါ့မလဲ။ သူတကယ်ကြောက်ရွံ့နေခဲ့တယ်။

မုကျင်က နေ့ရက်တွေကို ရည်ရွယ်ချက်မရှိ ယောင်ချာယောင်ချာနဲ့ ဖြတ်သန်းနေရတယ်။ အချိန်အများစုကို အိပ်ရာပေါ်မှာလဲလျောင်းပြီးကုန်ဆုံးတယ်။ စိတ်အခြေအနေပိုကောင်းတဲ့နေ့မှာတော့ ခြံဝန်းထဲမှာမျှော်ငေးရင်း ထိုင်နေတတ်တယ်။ အတွေးတွေကတော့ တောင်စဉ်ရေမရပေါ့။

မတော်တဆဖြစ်ရပ်အပြီး ရက်သတ္တပတ် တစ်ပတ်တိတိကုန်လွန်ခဲ့ပါတယ်။ သူ မိဘအိမ်ပြန်ရောက်နေတာ ကောင်းထျန်းချန် သေချာပေါက်သိပါလိမ့်မယ်။ ဒါပေမယ့် သူ့ဆီကိုတော့ တစ်ခါမှလာမတွေ့ခဲ့ဘူး။

အဲ့ဒါလည်းတစ်ခုကောင်းပါတယ်။ ကောင်းထျန်းချန်စားဖို့ စားသောက်စရာတွေချက်ပြုတ်ပေးဖို့အတွက် မီးခိုးနံ့တွေမွန်ထူအောင် ခံစရာမလိုတော့ဘူး။ နေ့တိုင်းနေ့တိုင်း ကောင်းထျန်းချန်အိမ်ပြန်လာတာကိုစောင့်ဖို့ အိပ်ချင်စိတ်ကိုအတင်းကာရော ဆွဲဆန့်စရာမလိုတော့ဘူး။ သူ့နေ့ရက်တွေကို သက်တောင့်သက်သာဖြတ်သန်းနိုင်နေပြီ။ အဲ့ဒါ လွတ်လပ်ပြီးပျော်ရမယ့်အရာ မဟုတ်ဘူးလား?

မုကျင်က သူ့ကိုယ်သူ အကြောင်းမရှိအကြောင်းရှာပြီးနှစ်သိမ့်နေရတယ်။ ဒါပေမယ့် နှလုံးသားရဲ့စည်းချက်တိုင်းက ဝမ်းနည်းမှုတွေနဲ့အတူ သက်ဝင်လှုပ်ရှားနေခဲ့ပါတယ်။ 

ဒါပေမယ့် ကောင်းထျန်းချန် သူ့ကို ဒီလိုမျိုးဆက်ဆံရင်တောင် သူကတော့ လက်မလွှတ်ပေးနိုင်သေးဘူး။

သူက တကယ့်ကိုအမှတ်မရှိတဲ့လူသားတစ်ယောက်ဖြစ်တယ်။ ကမ္ဘာပေါ်မှာ ထက်မြက်တဲ့အယ်လ်ဖာတွေ ရိုက်သတ်မကုန်ရှိပါရက်နဲ့ သူကတော့ ကောင်းထျန်းချန်ဆီက မလွတ်မြောက်နိုင်ဘူး….

မုကျင်က ခါးခါးသီးသီးတွေးမိပြန်တယ်။ စိတ်ထဲမှာလည်း နာကျည်းချက်တွေနဲ့ ပေါက်ကွဲနေခဲ့တယ်။ သူက လက်မောင်းထဲကခေါင်းအုံးပျော့လေးကို ကလေးတစ်ယောက်လို ထုရိုက်လိုက်ပါတယ်။ နောက်တော့ စောင်အထူကြီးထဲဝင်ကွေးလိုက်ပြန်ကာ တွေးမိတွေးရာ တွေးနေပြန်ပါတယ်။

အန်တီချန်က မော့လေးကို ကောင်းကောင်းမွန်မွန်ဂရုစိုက်ပေးပါ့မလား။ မော့က အတော်လေးချေးများတဲ့ကောင်။ သူပြင်ပေးတဲ့အစာမှမဟုတ်ရင် ဘယ်တော့မှမစားဘူး။ ပြီးတော့ အမွေးရိတ်ဖို့ တိရစ္ဆာန်ဆိုင်ကို ပို့မှပို့ပေးရဲ့လား။ သူအိမ်ပြန်သွားတဲ့အချိန်ကျရင် အမွေးလုံးလေး မဖြစ်တန်ကောင်းပါရဲ့။

ပြီးတော့.. သူ…. သူ နေ့တိုင်းနေ့တိုင်း အလုပ်တွေများတုန်းပဲလား။ ဖိအားတွေများလွန်းလို့ အချိန်မှန် အိပ်ရောအိပ်ရဲ့လား။ အမြဲနောက်ကျမှအိပ်ရာဝင်ရင်တော့ ကျန်းမာရေးမကောင်းဖြစ်နေတော့မှာပဲ…… 

ဟင်.. ဘာလို့ အဲဒိလူအကြောင်းတွေးနေရတာတုန်း……။ မုကျင်က ခေါင်းကို ကြမ်းကြမ်းတမ်းတမ်းခါယမ်းလိုက်တယ်။ မသိရင်ပဲ ကောင်းထျန်ချန်ကို သူ့ရဲ့ဖရိုဖရဲအတွေးတွေထဲက ဖယ်ထုတ်ပစ်လိုက်ချင်သလိုပေါ့။

သူက စောင်ကိုဆွဲပြီး ကိုယ်ပေါ်ခပ်တင်းတင်းဆွဲခြုံလိုက်တယ်။ နောက်ထပ်ဆက်မတွေးတော့ဖို့ ကိုယ့်ကိုကိုယ်အားတင်းပြီး တရေးတမောအိပ်လိုက်ပါတယ်။

ဒီအချိန် ပြတင်းရဲ့အပြင်မှာ ကားတစ်စီးရဲ့စက်သံလို မသဲမကွဲအသံတစ်ခုထွက်လာပြီး တိတ်ဆိတ်တဲ့ညကို ဖြိုခွင်းလိုက်ပါတယ်။ အသံက အိပ်ပျော်တစ်ဝက် နိုးတစ်ဝက်ဖြစ်နေတဲ့ မုကျင်ရဲ့နားထဲဝင်ရောက်လာခဲ့တယ်။

သိပ်ကိုရင်းနှီးလွန်းတဲ့အသံတစ်ခု…. သူတို့တွေအတူနေခဲ့တဲ့အချိန်တုန်းက ညတိုင်းညတိုင်း ကြားခဲ့ရတဲ့အသံတစ်ခုဖြစ်ပါတယ်။

မုကျင်က အတွေးတွေကို ခွဲခြမ်းစိတ်ဖြာတုန်းရှိသေးတယ်၊ ကိုယ်ခန္ဓာကတော့ အလိုလျောက်တုန့်ပြန်ပြီးနေပြီ။ သူက စောင်ကြီးကိုဆွဲခွာပြီး ကွင်းထိုးဖိနပ်ကိုစီးကာ ပြတင်းပေါက်နားထလာခဲ့တယ်။ နောက်တော့ တုန်ယင်နေတဲ့လက်တွေနဲ့ ပြတင်းလိုက်ကာကို ဆွဲဖွင့်လိုက်ပါတယ်။

သူ့ရဲ့အိပ်ခန်းက ခြံဝန်းထဲမျက်နှာလှည့်ထားတာဖြစ်ပါတယ်။ ညရဲ့အမှောင်ထုအောက်မှာ ကားမီးရောင်အလင်းတန်းတစ်ခုက စူးရဲပြီးတောက်ပနေတယ်။

ဒါက အနက်ရောင်ဘန်တလေကားလေးပါ။ သိပ်ကိုရင်းနှီးတဲ့ကားတစ်စီးပေါ့။

ကောင်းထျန်းချန်ရဲ့ကားလေ။

…..

အဲဒိညတုန်းကတော့ ကောင်းထျန်းချန်တစ်ယောက် ဝိုင်တွေအများကြီးသောက်ခဲ့ပြီး စိတ်တွေလည်း ပရမ်းပတာပြိုလဲနေခဲ့တယ်။ ဒါပေမယ့် အိမ်မပြန်ချင်တာကြောင့် ဟိုတယ်တစ်ခုမှာဝင်အိပ်ခဲ့တယ်။

နောက်တစ်နေ့ည ကုမ်ပဏီအလုပ်တွေပြီးလို့ အိမ်ပြန်ရောက်မှ သူတစ်ခုခုကို သတိထားမိသွားပါတယ်။ အိမ်က ခါတိုင်းလို မီးရောင်ဖျော့ဖျော့တွေလည်းမရှိဘူး။ နွေးလည်းနွေးမနေဘူး။ TV ကလာတဲ့ ဆူညံဆူညံအသံတွေကိုလည်း မကြားရဘူး။ အေးစက်နေတဲ့ပရိဘောကတွေနဲ့ နေရာတိုင်းမှာ သေလောက်အောင်တိတ်ဆိတ်နေတယ်။ 

ကောင်းထျန်းချန်က တည်တည်ငြိမ်ငြိမ်နဲ့ပဲ မီးကိုဖွင့်ပြီး နွေးထွေးတဲ့အလင်းရောင်နဲ့ အခန်းကိုအသက်ဝင်စေလိုက်တယ်။ နောက်တော့ အိပ်ခန်းထဲကိုတည့်တည့်လျှောက်လာခဲ့ပါတယ်။

အိပ်ခန်းထဲ ဘယ်သူမှမရှိပါဘူး။ အဲဒိအစား စောင်တွေခေါင်းအုံးတွေက အိပ်ရာပေါ်မှာပျံ့ကျဲနေပြီး အိပ်ရာခင်းထောင့်စွန်းတစ်ဖက်က ကုတင်ပေါ်ကနေလျှောကျပြီး ကော်ဇောပေါ်ပြုတ်ကျနေတယ်။

သူက သူ့အိုမီဂါဘယ်ရောက်နေလဲ တွေးမပူဘူး။ အိပ်ရာခင်းကိုပဲ နေသားတကျပြန်ခင်းပြီး အဝတ်တွေကိုကောက်ဆွဲကာ ရေချိုးခန်းထဲဝင်လာခဲ့ပါတယ်။

ခဏအကြာမှာတော့ ရေစက်စက်ကျနေတဲ့ခေါင်းကိုသုတ်ရင်း ရေချိုးခန်းထဲကထွက်လာကာ အိပ်ရာနားကိုလျှောက်လာခဲ့တယ်။ ဒါပေမယ့် သုံးလေးလှမ်းလှမ်းပြီးအခါမှာတော့ ရုတ်ချည်းရပ်သွားပြီး ကြမ်းပြင်ပေါ်ကို မိန်းမောတွေဝေစွာ ရပ်ကြည့်နေမိပါတယ်။

အိပ်ရာဘေးကကော်ဇောပေါ်မှာ ခြောက်သွေ့လို့အမည်းရောင်ပြောင်းနေပြီဖြစ်တဲ့ သွေးတစ်ကွက်ရှိတယ်။ နောက်တော့ တစ်စက်ပြီးတစ်စက် သွေးစက်တွေက အိပ်ရာဘေးကနေ တံခါးထိအောင်တောက်လျှောက်တန်းစီနေခဲ့တယ်။ 

ရုတ်တရက်ပဲ ကောင်းထျန်းချန်ရဲ့နှလုံးသားထဲ သောကအပူမီးတွေ မခံမရပ်နိုင်လောက်အောင် လှိမ့်တက်လာခဲ့တယ်။ ခေါင်းကိုရေသုတ်နေတဲ့လက်က ရပ်သွားတာကြာပါပြီ။ လက်ထဲကတဘက်ကတော့ ကြမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့တယ်။

ဘာတွေဘယ်လိုဖြစ်ခဲ့ပါစေ… မုကျင်က အခု သူ့ကလေးကိုလွယ်ထားရတာပါ။ သူလုပ်ခဲ့တဲ့အပြုအမူတွေက မုကျင်ကိုထိခိုက်စေခဲ့တယ်။

သူက အိပ်ရာဘေးမှာ တိတ်တဆိတ်ထိုင်နေခဲ့ပါတယ်။ ခေါင်းကိုအသာငုံ့လို့ မတည်မငြိမ်ဖြစ်နေတဲ့ခံစားချက်တွေအကုန်လုံးကို ထိန်းချုပ်ထားနိုင်ဖို့အတွက် အသက်ပြင်းပြင်းရှူနေခဲ့ရတယ်။

သူ့နှလုံးသားထဲမှာအညှောင့်ပေါက်လာတဲ့ ခံစားချက်အချို့ကိုလျစ်လျူရှုပစ်လိုက်ချင်တယ်။ ဒါပေမယ့် သူမသိလိုက်ခင်မှာပဲ ခံစားချက်တွေက တိတ်တဆိတ်ကြီးထွားပြီး တစ်စထက်တစ်စ အမြစ်တွယ်ခိုင်မာလာခဲ့တယ်။

ဒါပေမယ့် ဆေးစစ်ချက်စာစောင်နဲ့မုကျယ်ရဲ့သေဆုံးသွားတဲ့သွင်ပြင်ကို စဉ်းစားမိလိုက်ရင်တော့ ကောင်းထျန်းချန်က ဘာကိုမှခေါင်းအေးအေးထားပြီးစဉ်းစားလို့ မရခဲ့ဘူး။ ပေါက်ကွဲပစ်လိုက်ချင်တယ်။

မုကျင်အပေါ်မှာထားတဲ့သူ့ခံစားချက်တွေကိုလည်း သူကိုယ်တိုင်တောင် နားမလည်ခဲ့ဘူး။

ဒီခံစားချက်တွေကို ထမ်းဆောင်ရမယ့်အလုပ်တာဝန်တစ်ခုလိုသဘောထားရင် ဘဝကလွတ်လပ်ပြီးဖြေရှင်းလို့လွယ်ကူပေမယ့် သံယောဇဉ်တွေပါယှက်နွယ်လာပြီဆိုရင်တော့ သူက ချပ်ဝတ်တန်ဆာကိုစွန့်ပစ်ပြီး ထွက်ပြေးဖို့ပဲရှိပါတယ်။

ဒီနေ့တောင်မှ မုသခင်ကြီးက အိမ်လာဖို့အခေါ်တော်မလွှတ်လိုက်ရင် သူကတော့ မုမိသားစုရဲ့အိမ်ထဲကို ဘယ်တော့မှခြေမချတာမျိုး ဖြစ်ကောင်းဖြစ်လိမ့်မယ်။

ကားက ညနက်နက်အမှောင်ထုတွေကြီးစိုးနေတဲ့ ခြံဝန်းထဲမှာရပ်သွားတယ်။ ကောင်းထျန်းချန်က အိမ်ထဲဝင်လာပြီး စာကြည့်ခန်းရှိရာတောက်လျှောက်ဝင်သွားခဲ့တယ်။ မုသခင်ကြီးက သူ့ကို စာကြည့်ခန်းထဲစောင့်နေတာဖြစ်ပါတယ်။

တံခါးကိုညင်ညင်သာသာခေါက်လို့ ကောင်းထျန်းချန်က အထဲကိုဝင်လာတယ်။ ပြတင်းပေါက်နားမှာထိုင်နေတဲ့မုသခင်ကြီး သူ့ကိုကျောပေးပြီးစောင့်နေတာကိုတွေ့တယ်။ သူက စားပွဲကျယ်ကြီးနဲ့ သုံးလေးငါးလှမ်းအကွာမှာမတ်တပ်ရပ်နေပြီး တစ်ဖက်ကလူကြီးသူမ စကားစပြောမှာကို စောင့်နေပါတယ်။

မုသခင်ကြီးက ထိုင်ခုံကိုလှည့်ပြီး ကောင်းထျန်းချန်ရှိရာမျက်နှာချင်းဆိုင်လာတယ်။ မုသခင်ကြီးရဲ့မျက်ဝန်းတွေက လေးနက်ပြီးတည်ငြိမ်နေပါတယ်။ ကိုယ့်ကိုကိုယ်ထိန်းချုပ်နိုင်စွမ်းရှိပြီး စိတ်အခြေအနေအထူးကောင်းမွန်ပါတယ်။

“အန်ကယ်ဒီနေ့ မင်းကိုဖိတ်ရတဲ့အကြောင်းရင်းက ရှင်းရှင်းလေးပါ” တည်ငြိမ်နေတဲ့မုသခင်ကြီးရဲ့အသံက သာမန်စီးပွားရေးကိစ္စတစ်ခု ဆွေးနွေးနေသလိုပါပဲ “မုကျင်ကို အရင်အိမ်ပြန်ခေါ်သွားပေး” 

သူထင်နေသလို အပြစ်တင်ဆုံးမစကားတွေမဟုတ်တာကြောင့် ကောင်းထျန်းချန်ရဲ့မျက်ခုံးတွေက အနည်းငယ်တွန့်ချိုးသွားတယ်။ ဒါပေမယ့် ဘာမှပြန်မပြောလိုက်ပါဘူး။

အိမ်ပြန်ရောက်လာတဲ့မုကျင်က မတော်တဆဖြစ်ရပ်အကြောင်းကို ဘယ်လိုမေးမေးမပြောပြဘူး။ ဒါကြောင့် မုသခင်ကြီးက ကောင်းထျန်းချန်ကမုကျင်ကိုမကြိုက်လို့ သူတို့နှစ်ယောက်ကြားမှာ ကတောက်တဆဖြစ်ပြီး သဘောထားကွဲလွဲမှုတွေဖြစ်လာတာလို့ ယူဆသွားတာ။

သူက ကောင်းထျန်းချန် သူတို့မုကျယ်ကို လက်မလွှတ်နိုင်သေးမှန်း မသိခဲ့ဘူး။ သူ့ခေါင်းထဲမှာရှိတာက မျိုးဆက်သွေးသားလိုချင်တာတစ်ခုပဲရှိတယ်။ သူက ကောင်းထျန်းချန်ရဲ့အတွေးအမြင်ကို မမေးခဲ့ဘူး။ သားဖြစ်သူကိုဆေးခပ်ပြီး အတင်းအကျပ်ပဲ သူများလက်ထဲထိုးထည့်ပေးလိုက်တယ်။ သူထင်ခဲ့တာက နှစ်ယောက်သားအဆင်ပြေပြေရှိနေရင် နောက်ပိုင်း တစ်ယောက်ကိုတစ်ယောက်ချစ်လာဖို့ မခဲယဉ်းဘူးပေါ့။ 

ဒါပေမယ့် အခုတော့ ဒီနှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် မသင့်တော်ဘူးထင်ပါရဲ့။

“မင်းရဲ့စိတ်ထဲမှာ မုကျယ်တစ်ယောက်ပဲရှိတာ အန်ကယ်သိပါတယ်” မုသခင်ကြီးက ဆက်ပြောတယ် “တကယ်တော့ ရှောင်ကျင်ရဲ့ပါတီမှာ မင်းတို့နှစ်ယောက်ဖြစ်တဲ့ကိစ္စက မတော်တဆမဟုတ်ဘူး၊ မင်းတို့နှစ်ယောက်ကို နေရာချထားပေးချင်လို့ တမင်သက်သက်စီစဉ်ထားတာ၊ မင်းသိတဲ့အတိုင်းပါပဲ မုမိသားစုမှာအယ်လ်ဖာမရှိဘူး၊ အန်ကယ်တို့အယ်လ်ဖာတစ်ယောက်လိုအပ်တယ်”  

“အတူတူနေတာက တစ်ယောက်နဲ့တစ်ယောက်ချစ်သွားကြလိမ့်မယ်လို့ မဆိုလိုပါဘူး” ကောင်းထျန်းချန်ကလည်း တည်တည်ငြိမ်ငြိမ်နဲ့ပဲ ပြန်တုန့်ပြန်တယ်။ သူ့စကားတွေ မမှားပါဘူး။

“အန်ကယ်တောင်းပန်ပါတယ်၊ မင်းပြောတာဟုတ်ပါတယ် တသက်လုံးအတူနေဖို့ဆိုတာ လွယ်ကူတဲ့အရာမှမဟုတ်ဘူး” မုသခင်ကြီးက ဆေးပြင်းလိပ်သေတ္တာကိုဖွင့်ပြီး မီးညှိဖို့ဆေးလိပ်တစ်လိပ်ကိုထုတ်တယ်။ သူ့မျက်ဝန်းတွေကတော့ ဝမ်းနည်းပြီးအားမလိုအားမရဖြစ်နေပါတယ်။

“ဒါပေမယ့် ရှောင်ကျင်က မင်းကလေးကိုလွယ်ထားတုန်းဆိုတော့ မင်းရဲ့ဂရုစိုက်မှုတွေ လိုသေးတယ်၊ ပြန်ခေါ်သွားပြီး ကောင်းကောင်းဂရုစိုက်ပေးပါ” သူက သက်ပြင်းတစ်ခုချပြီး ဆက်ပြောပါတယ် “ကလေးမွေးလာလို့ အယ်လ်ဖာဖြစ်ရင် မင်းကွာရှင်းလို့ရပြီ၊ အဲဒိအခါကျ မင်းလွတ်လပ်ပါပြီ” 

ကောင်းထျန်းချန်က အနည်းငယ်အံ့သြသွားလို့ မော့ကြည့်လိုက်ပါတယ်။ သူ့ရှေ့ကလူအိုကြီးက နှစ်တွေအများကြီးဖြတ်သန်းလာခဲ့ပြီး အိုစာသွားပုံပေါက်တယ်။ မျက်လုံးဘေးကအရေးကြောင်းတွေကတော့ လောကဓံကိုကျင်လည်ခဲ့ရတဲ့သက်သေတွေပေါ့။

ဒီကမ်းလှမ်းချက်က သူ့အတွက်တော့ ပျော်စရာကောင်းတဲ့ကမ်းလှမ်းချက်တစ်ခုပါ။ သူပျော်နေသင့်တာပေါ့။ မချစ်မနှစ်သက်တဲ့လူရဲ့မျက်နှာကို နေ့တိုင်းတွေ့နေစရာမလိုတော့ဘူးလေ။

ဒါပေမယ့်လည်း ဘာကြောင့်များ သူ့ရင်ထဲ ပျော်ရွှင်မှုတစ်စက်လေးမျှမခံစားရတာပါလိမ့်။ နှလုံးသားထဲ ဟာလာဟင်းလင်းဖြစ်သွားခဲ့ပြီး ရှင်းမပြတတ်တဲ့ခံစားချက်တွေက သူ့ရင်ထဲနေရာလပ်မကျန်ဝင်ရောက်လာခဲ့ပါတယ်။

စာကြည့်ခန်းထဲက တိတ်တဆိတ်ပြန်ထွက်လာတဲ့အချိန်မှာတော့ အခန်းအပြင်ဘက်ကော်ဇောပေါ်မှာ အညိုရင့်ရောင်အရည်တွေစွန်းထင်နေတာကို တွေ့လိုက်တယ်။ အညိုရောင်လက်ဖက်ရည်အစွန်းကွက်တွေက ပျံ့ကျဲနေတဲ့လက်ဖက်ရည်ခွက်တွေနဲ့အတူ ကော်ဇောပေါ်မှာတစ်စစီဖြစ်နေတယ်။ ကောင်းထျန်းချန်က အစေခံတစ်ယောက်လက်ချော်သွားတာဖြစ်မယ်လို့ တွေးလိုက်ပြီး နောက်ထပ်လှည့်မကြည့်တော့ဘဲ အောက်ထပ်ကိုဆင်းကာ အိမ်ပြင်ထွက်သွားခဲ့ပါတယ်။ 

ညဉ့်နက်နက်မှာ မြူခိုးတွေအုံ့ဆိုင်းနေတယ်။ အနက်ရောင်ဘန်တလေကားတစ်စီးကတော့ တိတ်ဆိတ်တဲ့ညနက်ထဲ တိုးဝင်ပြေးထွက်သွားခဲ့ပါတယ်။

……………….