ကောင်းထျန်းချန်အိမ်ပြန်ရောက်တဲ့အချိန်က ညအချိန်ဖြစ်ပါတယ်။ သူက တစ်ညလုံးအိပ်မပျော်ဘဲ ကုတင်ပေါ်မှာ အတွေးပေါင်းသောင်းခြောက်ထောင်နဲ့အတူ လူးလူးလွန့်လွန့်ဖြစ်နေခဲ့ရပါတယ်။ အတွေးတွေက လက်တွေ့မှာမသုံးမဝင်တဲ့အခါ ကောင်းထျန်းချန်က သက်ပြင်းကိုသာချတယ်။
သူ့နှလုံးသားထဲက တစ်ယောက်တည်းသောလူက မုကျယ်ပါလို့ သူ့ကိုယ်သူပြောနေခဲ့တယ်။ မုကျင်အပေါ်ထားတဲ့သူ့ခံစားချက်တွေက အချစ်မဟုတ်ဘူး၊ သနားဂရုဏာသက်ပြီး တာဝန်ယူရခြင်းသက်သက်သာဖြစ်ပါတယ်။
နောက်ပြီး မုကျင်က ကိုယ့်ညီအရင်းရဲ့အသက်ကိုတောင်ဂရုမစိုက်တဲ့ သံမဏိအသည်းပိုင်ရှင်။ သွေးအေးလွန်းတဲ့လူသား။
ဒါပေမယ့်… ဗိုက်ထဲမှာတော့ သူ့ကလေးကိုလွယ်ထားတယ်။ ဟုတ်တာပဲ။
ဒီကလေးကို မုကျင်ဘယ်လောက်တောင် တန်ဖိုးထားလိုက်လဲ? ကိုယ်ဝန်လက္ခဏာပြင်းထန်လွန်းလို့ အစားအသောက်တွေမြိုချလို့မရတာတောင် ကိုယ့်ကိုကိုယ်အားတင်းပြီး အစားတွေလည်းမရမကစား၊ အားဆေးတွေလည်း အများကြီးသောက်တယ်။ သူ့ကလေးကို အာဟာရပေးဖို့အတွက်တဲ့လေ။ စိတ်ဓါတ်ကျပြီး အချိန်ပြည့်အိပ်ငိုက်နေတဲ့အချိန်မှာတောင် သူတို့ကလေးဖွံ့ဖြိုးမှုအတွက် နေ့စဉ်လေ့ကျင့်ခန်းတွေကို တက်တက်ကြွကြွပြုလုပ်တတ်သေးတယ်။
ကော်ဇောပေါ်မှာစွန်းထင်းနေတဲ့သွေးစက်တွေကို ရှင်းလင်းပြီးသွားပါပြီ။ ဒါပေမယ့် အတိတ်ကဖြစ်ရပ်တွေကိုတော့ ဘယ်လိုရှင်းလင်းနိုင်မှာလဲ။
ကောင်းထျန်းချန်ရဲ့နှလုံးသားထဲမှာ ကြောက်ရွံ့မှုတစ်စုံတစ်ခုလည်းရှိတယ်။ အကယ်၍သာ အဲဒိနေ့က ကလေးပျက်ကျသွားရင် မုကျင်တစ်ယောက် ဘယ်လောက်တောင် ယူကျုံးမရဖြစ်လိမ့်မလဲ။
နောက်ပြီး သူလည်းပဲ အပြစ်ရှိတဲ့စိတ်ကြီးနဲ့ တစ်ဘဝလုံး စိတ်ဒဏ်ရာတွေကို ထမ်းပိုးထားရတော့မှာ။
ဒါကြောင့် မုကျင်ကိုပြန်ခေါ်ပြီး ကလေးလျှောလျှောရှူရှူမွေးနိုင်အောင် ကောင်းကောင်းဂရုစိုက်လိုက်မယ်။ နောက်ပိုင်းကိစ္စတွေကိုတော့ ကောင်းထျန်းချန် အချိန်တစ်ခုလောက်အထိ မစဉ်းစားချင်သေးဘူး။ ဒီအတိုင်းအိမ်ထောင်ရေးအကျဉ်းအကျပ်ထဲမှာ အတူတူဆက်နေကြမှာလား၊ ဒါမှမဟုတ် ကွာရှင်းပြီးအချစ်သစ်ရှာကြမှာလား၊ သူမသိသေးဘူး။
နောက်တစ်နေ့မနက်မှာတော့ ကောင်းထျန်းချန်တစ်ယောက် မုအိမ်တော်ဆီကားမောင်းလာခဲ့ပြီး မုကျင်ကိုလာခေါ်တဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခု သူ့ကိုဆီးကြိုနေခဲ့ပါတယ်။
မုကျင် မရှိတော့ဘူး။
မနက်စာစားဖို့လာခေါ်တဲ့အစေခံက တံခါးကိုခေါက်ပေမယ့်လည်း အထဲကပြန်ထူးသံမကြားဘူး။ တံခါးကိုဖွင့်ပြီးဝင်ကြည့်တော့ အထဲမှာဘယ်သူမှမရှိဘူး။ စောင်တွေကို ကုတင်ပေါ်မှာသပ်သပ်ရပ်ရပ်ခေါက်ထားပေမယ့် သူတို့သခင်လေးကို ရှာမတွေ့တော့ပါဘူး။
မုမိသားစုတစ်အိမ်လုံးက စိုးရိမ်ပူပန်မှုအပြည့်နဲ့လိုက်ရှာကြတယ်။ အိမ်ပေါ်အိမ်အောက် ခြံဝန်းထဲပါမကျန် အိမ်တစ်ခုလုံးလှန်လှောရှာဖွေကြပေမယ့် မုကျင်ကတော့ လေထုထဲမှာပျောက်ဆုံးသွားခဲ့ပါတယ်။
တစ်ဦးတည်းသောသခင်လေးကတော့ ပျောက်သွားပြီ။ ကိုယ်ဝန်သုံးလရောက်နေပြီဖြစ်တဲ့ သခင်လေး။ ခေါင်းခဲနေရတဲ့မုမိသားစုက ရှိသမျှနည်းလမ်းပေါင်းစုံ အဆက်အသွယ်ပေါင်းစုံသုံးပြီး မုကျင်ကိုလိုက်ရှာကြပါတယ်။
မုမိသားစု၊ ကောင်းမိသားစု လက်လှမ်းမှီသမျှနေရာနယ်ပယ်အစုံမှာ ဘယ်လောက်ကုန်ကုန် အမှုမထားဘဲ ပိုက်စိပ်တိုက်ရှာကြတယ်။ မုကျင်က အားလည်းနည်းတယ်၊ ဆေးရုံဆင်းထားတာလည်း မကြာသေးဘူး။ တစ်ခုခုမှားသွားရင်တော့ အကျိုးဆက်က မတွေးဝံ့စရာပါပဲ။
ညတုန်းကတော့ ညနက်နက်ကိုအခွင့်ကောင်းယူပြီး မုကျင်က မနက်သုံးလေးနာရီလောက် အိမ်ကနေတိတ်တိတ်လေးထွက်လာခဲ့တယ်။ သူက သူနဲ့အတူ စာရွက်စာတမ်းအချို့၊ ငွေစက္ကူအချို့နဲ့ အခြားအသုံးအဆောင်နည်းနည်းပါးပါးပဲယူလာတယ်။
သူက ငယ်ငယ်လေးတည်းက စကားတွေအများကြီးမပြောတတ်တဲ့ လိမ္မာတဲ့ကလေးတစ်ယောက်ဖြစ်တယ်။ အိမ်နဲ့ကျောင်းနဲ့သွားတာကလွဲလို့ ပြင်ပကမ္ဘာနဲ့ များများစားစားမထိတွေ့ဖူးဘူး။
သူ့ဘဝကို ကံကြမ္မာအတိုင်းလက်ခံပြီးနေရမယ်လို့ အမြဲတမ်းတွေးခဲ့ပေမယ့် ပျော်ရွှင်မှုတွေရုတ်တရက်ရောက်ရှိလာမယ်လို့ မထင်လိုက်မိဘူး။ လှပတဲ့အိမ်မက်တစ်ခုမက်ခဲ့ရသလို သူ့နှလုံးသားထဲကလူကို လက်ထပ်ခွင့်ရခဲ့တယ်။
ပထမဦးဆုံးအကြိမ်အဖြစ် မိမိပျော်ရွှင်မှုကို ကိုယ်တိုင်ပုံဖော်ခွင့်ရခဲ့တယ်။ ပေးအပ်လာတဲ့ သနားကြင်နာမှုတွေကို နည်းနည်းချင်းစီစုဆောင်းပြီး နှလုံးသားထဲမှာ စိတ်ကြိုက်နန်းတော်တည်ဆောက်ခွင့်ရခဲ့တယ်။ ဒါပေမယ့် ဒါတွေအားလုံးက နေ့ချင်းညချင်း ဖုန်မှုန့်တွေအဖြစ် ကွဲအက်ပျက်စီးသွားခဲ့ပါတယ်။
နေ့တစ်နေ့ရဲ့အဆုံးသတ်မှာတော့ အားလုံးက ပျက်စီးပျောက်ကွယ်သွားတယ်။ အကောင်အထည်ဖော်နိုင်ပြီလို့ထင်ခဲ့မိတဲ့ အိပ်မက်တွေကတောင် သူ့မိသားစု နောက်ကွယ်ကကြိုးကိုင်ထားခဲ့တာတဲ့။ သူက တကယ်တော့ အသုံးချခံသက်သက်ပဲ။ ရောင်းထုတ်လိုက်ဖို့အသင့်ဖြစ်နေတဲ့ ပစ္စည်းတစ်ခုပါပဲ။
မုကျင်က ရှင်းလင်းနေတဲ့လမ်းမထက်မှာ တစ်ယောက်တည်းတွေဝေငေးမောနေခဲ့တယ်။ လမ်းမတစ်ဖက်တစ်ချက်မှာက တန်ဆာဆင်ထားတဲ့သစ်ပင်တန်းတွေရှိပြီး ဆောင်းရာသီရဲ့လေအေးဒဏ်ကြောင့် ညှိုးနွမ်းခြောက်သွေ့နေကြတယ်။ မှိန်ဖျော့ဖျော့အလင်းရောင်တွေကတော့ ရှည်လျားတဲ့လမ်းမီးတိုင်တွေကနေ ကျရောက်နေခဲ့ကြပါတယ်။
လမ်းမကြီးက မျက်စိတစ်ဆုံးဖြောင့်တန်းနေတာ အဆုံးမရှိတဲ့အတိုင်းပဲ။ သူဘယ်လောက်ပဲလျှောက်ခဲ့ပါစေ အဆုံးသတ်ကိုမရောက်နိုင်ခဲ့ဘူး။
သူ ဘယ်ကိုသွားရမှာလဲ? သူ ဘယ်ကိုသွားလို့ရနိုင်မှာလဲ? ကောင်းထျန်းချန်က သူ့ကိုမမြင်ချင်ဘူး။ မုအိမ်တော်အကြောင်းကိုတော့ သူ စဉ်းစားလိုက်တာနဲ့တင် ရှင်းမပြတတ်လောက်အောင် ပျို့တက်ပြီးအော့အန်ချင်လာတယ်။ မုအိမ်ကို နောက်ထပ်ဘယ်တော့မှခြေမချချင်တော့ဘူး။
မြို့စွန်ပိုင်းမှာရှိတဲ့မုအိမ်တော်ကြောင့် လူထူထပ်တဲ့မြို့ထဲရောက်ဖို့ မုကျင်အများကြီးအချိန်ယူလိုက်ရတယ်။ မှတ်ပုံတင်သုံးပြီးဟိုတယ်မှာတည်းရင် ရှာတွေ့မှာစိုးပြီး မုကျင်က လူမသိတဲ့လူငယ်အဆောင်တစ်ခုမှာ နေခဲ့ရတယ်။
အဆောင်ပိုင်ရှင်က အရမ်းသဘောကောင်းတဲ့အိုမီဂါအမျိုးသမီးတစ်ယောက်ဖြစ်တယ်။ မုကျင်က သူမကို မှတ်ပုံတင်ပျောက်သွားလို့ပါလို့ ညာခဲ့ပေမယ့် သူ့ရဲ့ချောမောပြီး ပိန်ပါးတဲ့အသွင်ကြောင့် သူမက သူ့ကိုနေထိုင်ခွင့်ပြုခဲ့ပါတယ်။
မုကျင်က တစ်ယောက်အိပ်ကုတင်အသေးလေးပေါ်မှာ လဲလျောင်းနေရင်းတစ်ကိုယ်လုံးကလည်း မောပန်းနွမ်းနယ်နေတယ်။ သူက ပြတင်းအပြင်ဘက်ကကောင်းကင်ကြီးကို ငေးကြည့်နေပါတယ်။ ကောင်းကင်ကြီးက အာရုံဦးမှာတစ်ဖြည်းဖြည်းအရောင်ပြောင်းလာနေပြီ။ သူ့အတွေးတွေကလည်း တံတားအောက်ကစီးဆင်းသွားတဲ့ရေတွေလို ရပ်တန့်လို့မရခဲ့ဘူး။ တစ်ကိုယ်လုံးကိုလွှမ်းခြုံသွားခဲ့တယ်။
သူ့ဝမ်းဗိုက်ပိုင်းက စူးအောင့်ပြီးမသက်မသာဖြစ်နေတုန်းပဲ။ မုကျင်က ဗိုက်ပေါ်မှာဖွဖွလေးပွတ်ပေးပြီး အနားမရနိုင်တဲ့အထဲကကလေးလေးကို ချော့မြူနေခဲ့တယ်။
ပြီးခဲ့တဲ့မတော်တဆဖြစ်ရပ်မှာ သွေးတွေလည်းဆင်းပြီး ပျက်ကျတော့မလိုတောင်ဖြစ်သွားခဲ့သေးတယ်။ သူက အသေအချာလေးဂရုစိုက်ပေးပေမယ့် သူ့ခန္ဓာကိုယ်ကျန်းမာရေးကလည်း သိပ်မကောင်း၊ စိတ်အခြေအနေကလည်း အတက်အကျမြန်နေတယ်။ နောက်ပြီး သူ့အယ်လ်ဖာရနံ့တွေလည်း မရှိဘူး။ ဒါတွေက ကိုယ်ဝန်ကို အများကြီးဝန်ပိစေပါတယ်။
ကိုယ်ဝန်ဆောင်ရတဲ့ခက်ခဲမှု၊ ချစ်သူရဲ့မုန်းတီးမှု၊ မိသားစုရဲ့အကြံအစည်… စတာတွေက သူ့ကိုအဆုံးစွန်ထိခြေကုန်လက်ပန်းကျစေခဲ့တယ်။
သူ့ကလေးသာမွေးခဲ့ရင် အယ်လ်ဖာပဲဖြစ်ဖြစ်၊ ဘီတာ အိုမီဂါ ကြိုက်တာဖြစ်ပါစေ၊ သူကတော့ အစွမ်းကုန်ချစ်ပေးမှာ။
သူ့မျက်ဝန်းအိမ်မှာ မျက်ရည်တွေစုပြုံလာပြီး မြင်ကွင်းကဝေဝါးသွားခဲ့တယ်။ အဆုံးမှာတော့ မျက်ရည်စက်တွေက ရေကာတာကျိုးသလို တလိမ့်လိမ့်ကျဆင်းလာခဲ့ပါတယ်။
…………………..