မမျှော်လင့်ဘဲကျဆင်းလာတဲ့ ဦးဆုံးနှင်းပွင့်တွေနဲ့အတူ ဆောင်းလလယ်နေရောင်ခြည်က ချွင်းချက်မရှိကြည်လင်တောက်ပနေခဲ့တယ်။ သို့ပေမယ့်လည်း နှင်းတွေနဲ့ရေခဲတွေက နေရောင်ခြည်ရဲ့အပူချိန်ကို စုပ်ယူလိုက်ဟန်ရှိတာကြောင့် လေထုထဲကအပူချိန်က တက်မလာခဲ့ပါဘူး။ အေးစက်မြဲအေးစက်ဆဲအခြေအနေသာရှိပါတယ်။
နူးညံ့ပြီးသိပ်သည်းနေတဲ့နှင်းစက်တွေက တဖွဲဖွဲကျဆင်းနေတုန်းဖြစ်ပါတယ်။ လမ်းတွေပေါ်မှာတော့ ဝင်းလက်တောက်ပြောင်နေတဲ့ နှင်းဖြူဖြူတွေဖုံးလွှမ်းနေတယ်။ ဈေးဆိုင်တွေက သူတို့ရဲ့မျက်နှာစာမှာ စုစည်းနေတဲ့နှင်းတွေကို လှဲထုတ်ထားကြပြီး တစ်ဖက်တစ်ချက်ဆီမှာ စုပုံထားကြပါတယ်။ ဒါကြောင့် နှင်းပုံအသေးစားတွေကိုလည်း နေရာအနှံ့ ဟိုတစ်ပုံသည်တစ်ပုံ တွေ့နိုင်တယ်။
S မြို့ရဲ့ထိပ်တန်းအလယ်တန်းကျောင်းအနီးနားမှာ သေးငယ်ပေမယ့်တမူထူးခြားတဲ့ စာအုပ်ဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်မန်နေဂျာက ငယ်ရွယ်တဲ့အမျိုးသားအယ်လ်ဖာတစ်ယောက်။ သူက စိတ်သဘောထားနူးညံ့ပြီး အပြုအမူလည်းသိမ်မွေ့လို့ ချောမောကြည့်ကောင်းတယ်။ သူ့ရဲ့အမြဲတမ်းပြုံးနေတတ်တဲ့မျက်နှာတစ်ခုက မြင်ရသူတွေကို စိတ်အေးချမ်းသာစေပါတယ်။
နောက်ထပ်အဓိကအချက်ကလည်း သူက အယ်လ်ဖာလူလွတ်တစ်ယောက်ဖြစ်တယ်။ ဒါကြောင့် အိမ်နီးချင်းအလယ်တန်းကျောင်းက ကျောင်းသူလေးတွေရဲ့ နေ့လည်စာစကားဝိုင်းမှာ တစ်ယောက်တစ်ပေါက် ပေါက်ပေါက်ဖောက်ကြပြီဆိုရင်ဖြင့် သူ့အကြောင်းက မပါမဖြစ် ဖြစ်ပါတယ်။
ခါတိုင်းလိုပဲ ကုကျစ်ချန်တစ်ယောက် (၉)နာရီဒေါင်ဆိုတာနဲ့ ဆိုင်စဖွင့်တယ်။ မနက်ပိုင်းစောစောတွေမှာတော့ ဈေးဝယ်သူများများစားစားမရှိဘူး။ သူက အဝင်တံခါးလမ်းမမှာပိတ်နေတဲ့နှင်းတွေကို လှဲထုတ်တယ်၊ စာအုပ်တွေကို သပ်သပ်ရပ်ရပ်စီတယ်။
ဘေးကပ်ရပ်ကအလယ်တန်းကျောင်း ကျောင်းဆင်းချိန်ကတော့ စာအုပ်ဆိုင်လေးရဲ့လူထူထပ်ဆုံးအချိန်အခါဖြစ်ပါတယ်။ ကျောင်းအင်္ကျီဆင်တူဝတ်ထားတဲ့ ကျောင်းသူလေးတွေ အုပ်စုဖွဲ့ပြီး စာအုပ်ဆိုင်လေးထဲကို တဖွဲဖွဲဝင်လာတဲ့အချိန်ပေါ့။ သူတို့တွေက မျက်စိရှေ့တွေ့တဲ့စာအုပ်တွေကောက်ဆွဲ၊ ငွေရှင်းကောင်တာကိုသွားပြီးရင် ရှက်သွေးဖြာတဲ့မျက်နှာလေးတွေနဲ့ စာအုပ်ကမ်းပေးတယ်။ နောက်ပြီး သူ့ရဲ့ချိုသာတဲ့အပြုံးလေးကို နောက်တစ်ကြိမ်ခိုးကြည့်ကြပါတယ်။
ညနေရောက်ပြီးနေဝင်သွားတဲ့အချိန်မှာတော့ ဆိုင်လေးထဲဈေးဝယ်သူအရေအတွက် တဖြည်းဖြည်းလျှော့သွားပြီး ဟိုတစ်စသည်တစ်စပဲကျန်ခဲ့ပါတယ်။
ဆိုင်အကူမထားတဲ့ကုကျစ်ချန်က တစ်နေ့လုံးဆိုင်ထဲမှာပဲ လုံးချာလည်လိုက်နေခဲ့တယ်။ ဒါကြောင့် လူပါးသွားတဲ့အချိန်မှာတော့ သူ့ကိုယ်သူဆုချတဲ့အနေနဲ့ ကော်ဖီပူပူတစ်ခွက်ကိုလက်ကကိုင်လို့ ငွေရှင်းကောင်တာမှာထိုင်ရင်း စာအုပ်တစ်အုပ်ဖတ်နေခဲ့ပါတယ်။
တဖြည်းဖြည်းနဲ့ သူကပျင်းလာတယ်။ စာအုပ်အပေါ်မှာအာရုံမရှိတော့ဘဲ ပြတင်းပေါက်မှန်အပြင်ဘက်ကို ကြည့်လိုက်ပါတယ်။ သူကြည့်လိုက်တဲ့အဲဒိနေရာမှာ လူတစ်ယောက်ရှိတယ်။ အဲဒိလူ နေရာမှာရပ်နေတာ အချိန်အတော်ကြာနေပြီ။ ပထမတော့ ကုကျစ်ချန်က မှားမြင်မိသလားထင်လိုက်သေးတယ်။ သူက မျက်မှန်ကိုပင့်တင်ပြီး နောက်တစ်ခါစိုက်ကြည့်လိုက်တယ်။ အဖြူရောင်ဂျတ်ကတ်နဲ့အမျိုးသားတစ်ယောက် အပေါက်ဝနားမှာမတ်တပ်ရပ်ပြီး ဆိုင်ထဲကိုလှည့်လှည့်ကြည့်နေတာပါ။
ကုကျစ်ချန်က ဝေခွဲမရဖြစ်သွားတယ်။ ဒါပေမယ့် တစ်ဖက်လူရဲ့ပုံစံက ပိန်ပါးပြီးအားနည်းပုံရတာကြောင့် လူဆိုးတစ်ယောက်ဟုတ်ဟန်မတူဘူး။ သူက ထွက်ကြည့်ဖို့တွေးနေတဲ့အချိန်မှာ အဲဒိလူက တံခါးကိုဖွင့်ပြီး အထဲကိုဝင်လာခဲ့ပါတယ်။
….
နောက်တစ်နေ့မနက်အလင်းရောင်တွေပြည့်နှက်လာချိန်မှာ မုကျင်တစ်ယောက်နိုးလာတယ်။
ပြတင်းပေါက်အပြင်ဘက်ကနွေးထွေးတဲ့နေရောင်ခြည်က ကျဉ်းမြောင်းတဲ့အိပ်ရာလေးပေါ်မှာ ကျရောက်နေခဲ့တယ်။ ခြေလက်အနည်းငယ်ဆေးကြောလို့အပြီးမှာတော့ မုကျင်က အလုပ်ထွက်ရှာဖို့အသင့်ဖြစ်နေပါပြီ။
သူအိမ်ကထွက်လာတဲ့အချိန်တုန်းက ငွေများများစားစားမယူလာခဲ့ဘူး။ ခြေရာခံမိသွားမှာစိုးလို့ ဘဏ်ကတ်ကိုလည်း မသုံးရဲဘူး။ ဒါပေမယ့် မြို့တော်ကြီးတစ်ခုမှာအသက်ရှင်နေထိုင်ဖို့အတွက် ငွေလိုအပ်ပါတယ်။
ဒါ့အပြင် သူ့မှာကလေးလည်းရှိသေးတယ်။ ပင်ပန်းဆင်းရဲမှုဒဏ်တွေဘယ်လောက်ပဲရှိရှိ သူခံနိုင်ပေမယ့် သူ့ကလေးကိုတော့ သူ့လိုမဖြစ်စေချင်ပါဘူး။
မှတ်ပုံတင်အသုံးမပြုရဲတဲ့မုကျင်က အလုပ်ရှာရတာလည်းခက်ခဲခဲ့တယ်။ သူသွားခဲ့တဲ့နေရာတော်တော်များများမှာလည်း အလုပ်အတွက်လူမလိုကြဘူး။
မုကျင်က တစ်နေ့လုံးလျှောက်သွားနေခဲ့ပြီး ညနေစောင်းမှာတော့ အနီးနားကအလယ်တန်းကျောင်းတစ်ခုရှေ့ကို အမှတ်မထင်ရောက်လာခဲ့မိပါတယ်။
ဒီအချိန်မှာ ဆိုင်တွေတော်တော်များများကလည်းပိတ်ကုန်ပြီ။ လမ်းကြားလေးထဲမှာလည်း မှောင်မည်းနေပြီ။ နေဝင်ရီတရောအချိန်မှာ လမ်းမီးတိုင်အလင်းရောင်တွေက လမ်းမဘေးကနှင်းတွေပေါ်မှာ ကျရောက်နေခဲ့တယ်။
မုကျင်ရဲ့နှလုံးသားထဲမှာ စိုးရွံ့ထိတ်လန့်မှုတစ်ခုရှိပါတယ်။ သူက ဒီနေ့ အလုပ်မဖြစ်ဘဲပြန်သွားရမှာကို ကြောက်နေခဲ့တာ။
ဒါပေမယ့် မျက်လုံးရှေ့တည့်တည့်မှာ ဖွင့်ထားတဲ့ဆိုင်တစ်ဆိုင်ကို အမှတ်မထင်တွေ့သွားခဲ့တယ်။ ဆိုင်ရဲ့ပြတင်းကနေထွက်လာတဲ့ ဝါကျင့်ကျင့်မီးရောင်လေးက နွေးထွေးလွန်းလို့ မုကျင်ရဲ့အာရုံကို ဆွဲယူလိုက်နိုင်ပါတယ်။
အဲဒါက စာအုပ်ဆိုင်လေးတစ်ဆိုင်။ မုကျင်က ငယ်ငယ်လေးကတည်းက စာဖတ်တာကလွဲလို့ တခြားဝါသနာမျိုးမရှိခဲ့ဘူး။ သူသာ စာအုပ်ဆိုင်မှာအလုပ်လုပ်နိုင်ခဲ့ရင် ဘယ်လောက်များကောင်းလိုက်မလဲလို့ တွေးနေခဲ့တယ်။
သူက တံခါးနားမှာရစ်သီရစ်သီလုပ်နေပြီး ဝင်လည်းမဝင်ရဲခဲ့ဘူး။ ဆိုင်လေးက လှလည်းလှတယ်၊ သားနားသပ်ရပ်ပြီးတိတ်ဆိတ်နေပါတယ်။ ဒါပေမယ့် ဝန်ထမ်းခေါ်ပါ့မလား သေချာမသိဘူး။
အတော်ကြာချီတုံချတုံဖြစ်ပြီးနောက်မှာတော့ မုကျင်က သတ္တိကိုအဆုံးစွန်ထိဆွဲမြှင့်လိုက်ပြီး တစ်ချက်ကြိုးစားကြည့်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ကုကျစ်ချန်က ငွေရှင်းကောင်တာမှာထိုင်နေပြီး ဝင်လာတဲ့ဧည့်သည်ကိုကြည့်နေပါတယ်။
ပါးလွှာတဲ့ဂျတ်ကတ်အင်္ကျီက သူ့ရဲ့ပိန်ပါးတဲ့ကိုယ်ခန္ဓာကို မဖုံးကွယ်နိုင်ဘူး။ အညိုဖျော့ဖျော့ဆံပင်တွေက နဖူးပေါ်မှာဝဲကျနေပြီး ဖြူဖွေးတဲ့အသားအရေကတော့ အပြင်ဘက်ကဆောင်းလေးအေးအေးကြောင့် အနည်းငယ်နီမြန်းနေတယ်။ အင်္ကျီကော်လာကိုလည်း မြင့်သထက်မြင့်တက်အောင်မြှင့်ထားတယ်။ ဒါကြောင့် မျက်နှာပုံပန်းကိုရှင်းရှင်းလင်းလင်းမမြင်နိုင်ဘူး။ ဆံနွယ်တွေအောက်က တောက်တောက်ပပမျက်ဝန်းတစ်စုံ ဟိုကြည့်ဒီကြည့်လိုက်ကြည့်နေတာကိုပဲ မြင်ရပါတယ်။
သူ့ကိုကြည့်ရတာ စာအုပ်ဝယ်မယ့်ပုံမပေါ်ဘူး။ ကုကျစ်ချန်က ပိုလို့တောင်သံသယဖြစ်သွားတယ်။ ဒါပေမယ့် အဲဒိလူက သူ့ငွေရှင်းကောင်တာနားကိုလျှောက်လာပါတယ်။
“ခွင့်ပြုပါခင်ဗျ…. ဒီဆိုင်မှာအလုပ်လုပ်ဖို့ လူလိုလားမသိဘူး” တစ်ဖက်လူက နည်းနည်းတော့တွန့်ဆုတ်နေတယ်။ ဒါပေမယ့် အသံကတော့ လှပတဲ့မျက်နှာလေးနည်းတူ ကြည်လင်နေပါတယ်။
“အခုတလောတော့ လူမလိုသေးပါဘူး” ကုကျစ်ချန်က ဧည့်သည်ကို ယဉ်ကျေးတဲ့အပြုံးလေးတစ်ခုနဲ့ ငြင်းဆိုလိုက်ပါတယ်။
တစ်ဖက်လူရဲ့ညှိုးဖျော့သွားတဲ့မျက်ဝန်းတွေကိုကြည့်ပြီး ကုကျစ်ချန်က အပြတ်ငြင်းဆိုလိုက်ဖို့ အနည်းငယ်ဝန်လေးသွားခဲ့တယ်။ သူ့ကိုကြည့်ရတာ အလုပ်လိုအပ်နေပုံရပြီး ဆိုင်မှာလည်း သူတစ်ယောက်တည်းရှိတာကြောင့် တစ်ခါတစ်ခါအရမ်းအလုပ်ရှုပ်လွန်းတယ်။
“ဒါပေမယ့် စာအုပ်တွေစီပြီးငွေကောက်ပေးဖို့ တစ်ယောက်ယောက်ရှိမယ်ဆိုရင်တော့ ပိုကောင်းပါတယ်”
ကုကျစ်ချန်ရဲ့စကားကိုကြားပြီး မုကျင်ရဲ့မျက်ဝန်းလေးတွေတောက်ပသွားကာ နှုတ်ခမ်းက ပြုံးယောင်သန်းသွားတယ်။
“ကျေးဇူးတင်ပါတယ်ခင်ဗျာ…”
ကုကျစ်ချန်က လေထုထဲ စပယ်ပန်းရနံ့ဖျော့ဖျော့လေး ရနေတယ်။ သိပ်ကိုဖျော့တော့လွန်းပေမယ့်လည်း အေးမြလတ်ဆတ်နေပါတယ်။
မုကျင်ကတော့ ဒီအခိုက်အတန့်မှာ သူ့ကိုယ်သူကံကောင်းတယ်လို့ခံစားနေရတယ်။ အလုပ်ရှာတွေ့ရုံမကဘူး၊ လူကောင်းသူကောင်းဖြစ်ပုံရတဲ့ အထက်လူကြီးနဲ့ပါတွေ့ရတယ်။
ကုကျစ်ချန်က သူ့ကို အလွယ်ကူဆုံး မပင်ပန်းတဲ့အလုပ်တွေကိုသာ စီစဉ်ပေးပြီး အားလပ်ချိန်တွေမှာလည်း စာဖတ်ခွင့်ပြုတယ်။
ညဘက် စာအုပ်ဆိုင်ကနေထွက်လာခဲ့ပြီးနောက်မှာတော့ မုကျင်က ရှော့ပင်းမောလ်ကိုတန်းသွားတယ်။
အချိန်ကနောက်ကျနေပြီ။ ဒါပေမယ့် ကံကောင်းလို့ မောလ်မပိတ်သေးဘူး။ ကြီးမားတဲ့ရှော့ပင်းမောလ်ကြီးထဲမှာ ဈေးဝယ်သူအနည်းငယ်ပဲကျန်တော့တယ်။
ပျားပန်းခတ်နေတဲ့စင်တွေကြားထဲမှာ ဟိုပြေးသည်ပြေးလုပ်ရင်း မုကျင်က သူ့အတွက် အိုမီဂါကိုယ်ဝန်ဆောင်အားဆေးကိုလိုက်ရှာနေခဲ့တယ်။
သူက သုံးခဲ့ဖူးတဲ့အမှတ်တံဆိပ်တွေရဲ့ ကြောက်စရာကောင်းလောက်အောင် များပြားလွန်းတဲ့ဈေးနှုန်းကို တစ်ချက်ကြည့်ရင်း ချီတုံချတုံဖြစ်သွားပေမယ့်လည်း အဆုံးမှာ နည်းနည်းပါးပါးဝယ်ခဲ့ပါတယ်။
သူက အကျင့်ဖြစ်နေသလို အနည်းငယ်ဖောင်းနေတဲ့ဗိုက်ကို ပွတ်သပ်ပေးနေပါတယ်။ သူတစ်ကိုယ်တည်းဖြစ်ပေမယ့် ကလေးကိုတော့ ကောင်းကောင်းပျိုးထောင်ရပါလိမ့်မယ်။
ဗိုက်ထဲက ကလေးလေးက သူ့အဖေရဲ့အခြေအနေကို နားလည်ပုံရပါတယ်။ ဒီနေ့ ဘာပြဿနာမှမဖြစ်ဘူး။ နာကျင်ကိုက်ခဲတာမျိုးလည်းမရှိဘူး။ မွေးလာခဲ့ရင်တော့ သိပ်ကိုလိမ္မာပြီးချစ်စရာကောင်းတဲ့ကလေးလေး ဖြစ်ရမယ်။
မုကျင်ကအတွေးတွေများနေခဲ့တယ်။ မျက်ဝန်းထဲမှာလည်း ပျော်ရွှင်မှုတွေထင်ဟပ်နေခဲ့ပါတယ်။
နောက်တစ်နေ့မနက်မှာ မုကျင်က စာအုပ်ဆိုင်ကိုအချိန်မီရောက်လာခဲ့တယ်။ ကုကျစ်ချန်က သူ့ကိုအလုပ်အကြောင်းတွေသင်ပေးတယ်။ ဘယ်လိုစာအုပ်တွေကို ဘယ်စင်ပေါ်မှာထားရမယ်၊ စာအုပ်ဈေးနှုန်းကို ဘယ်လိုတွက်ရမယ်၊ ကြော်ငြာသင်ပုန်းပေါ်မှာ ဘာတွေရေးရမယ်၊ ဘယ်လိုခင်းကျင်းပြသထားရမယ်၊ စတဲ့အခြေခံအချက်တွေကိုသင်ပေးတယ်။ မုကျင်ကလည်း အချိန်တိုတွင်းမှာ ခပ်မြန်မြန်ပဲ မှတ်မိသွားပါတယ်။
မနေ့ညတုန်းက တစ်ညလုံးနှင်းတွေကျနေခဲ့တာ၊ ဆိုင်ရှေ့မှာ နှင်းထုကြီးခဲနေပြီ။ မုကျင်က ဂေါ်ပြားကိုယူပြီးလှဲထုတ်မယ်ကြံပါတယ်။ ဒါပေမယ့် ကုကျစ်ချန်က သူ့ကိုတားလိုက်တယ်။
“ရှောင်ကျင်.. ငွေရှင်းကောင်တာကို သန့်ရှင်းရေးလုပ်ပေးပါလား?” ကုကျစ်ချန်ရဲ့အသံက နူးညံ့ပြီးနွေးနွေးထွေးထွေးရှိတယ်။
မုကျင်က အလုပ်တွေပြီးလို့လှည့်လိုက်တဲ့အချိန်မှာတော့ ကုကျစ်ချန်ဂေါ်ပြားကြီးထမ်းပြီးဝင်လာတာကိုမြင်တယ်။ ကုကျစ်ချန်က ပုခုံးပေါ်တင်နေတဲ့တဲ့နှင်းတွေကို အသာအယာခါချလိုက်တယ်။
နောက်တော့ ကုကျစ်ချန်က ကောင်တာစားပွဲမှာထိုင်ရင်း အလုပ်နဲ့လက်နဲ့မပြတ်ဖြစ်နေတဲ့မုကျင်ကို လှမ်းစကားပြောနေပါတယ်။
“ရှောင်ကျင်က အလုပ်လည်းကောင်းကောင်းလုပ်တယ်၊ ကိုယ့်တာဝန်ကိုယ်လည်း ကျေပွန်တယ်” ဒီဝန်ထမ်းလေးက လုံ့လဝီရိယရှိရုံမရဘူး၊ မြင်လွယ်တတ်လွယ်တယ်။ ပစိပစပ်မများဘဲ လုပ်စရာရှိတာတိတ်တိတ်ဆိတ်ဆိတ်လုပ်တယ်။
ကုကျစ်ချန်က သူ့ရှေ့မှာ အာရုံစိုက်ပြီးစာအုပ်ရေတွက်နေတဲ့မုကျင်ကိုကြည့်ပြီး နှလုံးသားထဲက ကျေနပ်နေပါတယ်။
“ကျေးဇူးပါ၊ ဆိုင်မန်နေဂျာကြီးကလည်း အရမ်းသဘောကောင်းပါတယ်” မုကျင်က သူ့ရဲ့ချီးမွမ်းစကားတွေကြောင့် အနည်းငယ်ရှက်သွားလို့ အေးအေးလေးကျေးဇူးပြန်တင်လိုက်တယ်။
“အိုမီဂါငယ်ငယ်လေးတစ်ယောက် အလုပ်လုပ်နေတာကို မင်းမိသားစုတွေက ခွင့်ပြုရဲ့လား?”
မိသားစု?…မုကျင်ကတွေးပါတယ်။ ကောင်းထျန်းချန်ကတော့ သူ့ကို မိသားစုဝင်တစ်ယောက်လို့ ဘယ်တုန်းကမှသတ်မှတ်ခဲ့မှာမဟုတ်ဘူး။ မိသားစုဆိုတာ သူ့ဘက်က တစ်ဖက်သတ်အတွေးပဲဖြစ်ခဲ့တာ။
မုကျင်ရဲ့မျက်ဝန်းတွေက မှိန်ဖျော့သွားပြီး လက်တွေက နေရာမှာရပ်သွားခဲ့တယ်။ ဖြူလွလွမျက်နှာလေးမှာ ဝမ်းနည်းမှုတွေအထင်းသားပေါ်လာတယ်။
သူ့ကိုကြည့်နေတဲ့ကုကျစ်ချန်လည်း ရုတ်တရက်ဘာပြောရမှန်းမသိဖြစ်သွားပြီး တွေဝေငေးမောမိသွားတယ်။ သူက အနည်းငယ်ကြောင်အသွားပြီး ကိုယ့်ကိုကိုယ်အပြစ်တင်လိုက်ပါတယ်။
“မမေးသင့်တာ မေးမိသွားရင် ကိုယ်တောင်းပန်တယ်နော်”
……………………….