(16)
Viewers 37k

ဆောင်းရာသီရဲ့အဆုံးမရှိတဲ့နှင်းပွင့်တွေက အချိန်စက်ဝန်းနင်းဖြတ်ကျော်သွားခဲ့တဲ့ ခြေရာလက်ရာသဲလွန်စတွေကို ဖုံးအုပ်သွားခဲ့ပြီး တဖြည်းဖြည်းရွေ့လျားကုန်ဆုံးလာခဲ့တယ်။ 

မုကျင်အိမ်ကထွက်လာခဲ့တာ တစ်ပတ်တိတိရှိသွားခဲ့ပြီ။ သူက စာအုပ်ဆိုင်အလုပ်တွေနဲ့ ရင်းနှီးကျွမ်းဝင်နေခဲ့ပါပြီ။

ကုကျစ်ချန်နဲ့အလုပ်အတူတူလုပ်တာ ကြာလာတာနဲ့အမျှ မုကျင်က ဒီဆိုင်မန်နေဂျာကို ပိုပြီးသဘောကျလာခဲ့တယ်။ သူက သူ့ကို အလုပ်ပေးရုံတင်မဟုတ်ဘူး၊ ကိုယ်တိုင်ကလည်း စိတ်ကောင်းသဘောကောင်းရှိတယ်၊ လူတိုင်းကိုလည်း ယဉ်ကျေးပျူငှာစွာဆက်ဆံတတ်တယ်လေ။

သူ့ရဲ့ဆိုင်မန်နေဂျာကြီး ကျောင်းသူလေးတွေကြားမှာပေါ်ပြူလာဖြစ်တာလည်း ပြောမနေပါနဲ့။ ကျောင်းဆင်းချိန်ရောက်ပြီဆိုတာနဲ့ ဆိုင်တစ်ခုလုံးကျောင်းသူတွေနဲ့ချည်းပြည့်နှက်သွားတာကိုပဲ ကြည့်ပါ။ သူတို့တွေက ငွေရှင်းတဲ့အချိန်ကိုအခွင့်ကောင်းယူပြီး ဆိုင်မန်နေဂျာကြီးနဲ့ စကားပြောခွင့်ရဖို့ အမြဲကြိုးစားတတ်ကြတယ်။

ကုကျစ်ချန်ကတော့ လာသမျှလူတွေကို အပြုံးလေးနဲ့နှုတ်ဆက်ပြီး ပြန်လည်ဖြေကြားတတ်တယ်။ အားလုံးကို စိတ်အေးချမ်းသာအောင် အမြဲပြုမူပြောဆိုပေးတတ်ပါတယ်။

ကုကျစ်ချန်က ညနေစောင်းရဲ့ နေဝင်ချိန်ရှုခင်းတစ်ခုဆိုရင် ကောင်းထျန်းချန်ကတော့ ဆောင်းရာသီမှာတိုက်ခတ်လေ့ရှိတဲ့လေတွေလိုပဲ။ နှစ်ယောက်လုံးက နှစ်လိုဖွယ်ကောင်းပြီးဆွဲဆောင်မှုှရှိပေမယ့် တစ်ယောက်ကနွေးထွေးပြီး နောက်တစ်ယောက်ကတော့ အရိုးထဲထိအောင် ခိုက်ခိုက်တုန်စေတယ်။

ကောင်းထျန်းချန်ရဲ့ပုံရိပ်တွေက ဒီရက်ပိုင်းတွေအတွင်းမှာ မုကျင်ရဲ့အတွေးထဲ ရံဖန်ရံခါပေါ်ထွက်လာလေ့ရှိတယ်။ ဒါကို သူဝန်မခံချင်လည်း ဝန်ခံရမှာပဲ။ သူ့ကိုကိုယ်ထိလက်ရောက်ရိုက်နှက်တဲ့လူကို သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးကနေ တစ်ချက်တစ်ချက် သတိရဆဲဖြစ်တယ်ဆိုတာကိုပေါ့။ လျစ်လျူရှုထားလို့ မရနိုင်ခဲ့ပါဘူး။

နှစ်ပေါင်းများစွာဖိနှိပ်ထိန်းချုပ်ထားခဲ့ရတဲ့ သူ့ရဲ့အချစ်တွေ.. ကောင်းထျန်းချန်အပေါ်မှာ ရစ်ပတ်ငြိတွယ်ခဲ့တဲ့သူ့ရဲ့အချစ်တွေ… သူ့ရဲ့အချစ်တွေက ထင်ယောင်ထင်မှားချိုမြိန်မှုလေးတစ်ခုကို ခဏတာမြည်းစမ်းနိုင်ခဲ့တယ်။ ဒါတွေကို အခုမှ သူမေ့ပစ်လိုက်ချင်ပေမယ့် ခံစားခဲ့ရတဲ့နာကျင်မှုတွေကတော့ အရိုးထဲထိအောင်လှိုက်စားခဲ့ပြီးပြီကိုး။ ဘယ်သူလာဖြေဖျောက်လို့ ရနိုင်တော့မှာလဲ။

ကုကျစ်ချန်က တစ်ဖက်မှာ ဈေးဝယ်သူတွေကို ကိုင်တွယ်ဖြေရှင်းနေပြီး တစ်ဖက်မှာလည်း စာအုပ်စင်တွေရဲ့ဘေးမှာ ကိုယ်ပိုင်ကမ္ဘာလေးထဲနစ်မြုပ်နေတဲ့မုကျင်ရှိရာဆီ အာရုံစိုက်နေခဲ့တယ်။

ဒီအိုမီဂါဝန်ထမ်းလေးရဲ့ဇာစ်မြစ်က ကုကျစ်ချန်ရဲ့သိလိုစိတ်တွေကို နိုးကြွလာအောင်လုပ်နိုင်တယ်။ ဒါပေမယ့် သူ့ရဲ့နူးညံ့လှပတဲ့အသွင်အပြင်ကတော့ ခံစားချက်ကောင်းမွန်အောင် ပြုလုပ်ပေးနေခဲ့ပါတယ်။

မုကျင်ကိုယ်တိုင်ကလည်း သူ့အကြောင်းအရိပ်အမြွက်လေးတောင် မပြောပြဘူး။ နောက်ပြီး ကုကျစ်ချန်ကလည်း သူများကိုယ်ရေးကိုယ်တာကိုလိုက်မေးနေရအောင် မရိုင်းစိုင်းဘူး။

ဒါပေမယ့် အခု မုကျင်က စာအုပ်စင်မှာတစ်ဝက်တစ်ပျက်မှီပြီး ဖြူဖျော့နေတဲ့မျက်နှာမှာ မျက်လုံးတွေကိုမှိတ်ထားတယ်။ လက်တစ်ဖက်က စင်ပေါ်ကိုထောက်ကိုင်ထားပြီး နောက်တစ်ဖက်ကတော့ ဗိုက်ကအင်္ကျီစတွေကို ခပ်တင်းတင်းဆွဲဆုပ်ထားတယ်။ မသက်မသာဖြစ်နေသလိုမျိုး ကိုယ်ခန္ဓာကိုအနည်းငယ်ကိုင်းထားတယ်။ 

ကုကျစ်ချန်ကလည်း ဒါကိုမြင်တယ်။ ဒါပေမယ့် သူဘာမှမလုပ်နိုင်သေးခင်မှာ မုကျင်က စာအုပ်စင်ဘေးနားလျှောကျပြီး အနီးမှာထောင်ထားတဲ့ကြော်ငြာဘုတ်ကို အမှတ်တမဲ့တိုက်ချသွားတယ်။ ပြုတ်ကျသံတစ်ခုက တိတ်ဆိတ်နေတဲ့စာအုပ်ဆိုင်ထဲ သိသိသာသာထွက်လို့လာပါတယ်။

ဒီနေ့မနက်ခင်းအစပိုင်းကတည်းက မုကျင်တစ်ယောက်ခေါင်းမူးပြီးမောပန်းနေခဲ့တာ။ ဗိုက်ထဲကသန္ဓေသားကလည်း အယ်လ်ဖာရနံ့မရတာ တစ်လကျော်လောက်ရှိပြီဆိုတော့ ဒီနေ့မှာ အထူးတလည်မသက်မသာဖြစ်နေတယ်။ သူက အလုပ်ပြီးတဲ့အချိန်ထိ တောင့်ခံထားဦးမလို့ပဲ။ ဒါပေမယ့်ဗိုက်အောင့်တာက တဖြည်းဖြည်းပိုပိုဆိုးလာပြီး ဖုံးကွယ်ထားလို့မရတော့တဲ့အထိဖြစ်လာခဲ့တယ်။

ကုကျစ်ချန်က မုကျင်ကြောင့် လန့်ဖြန့်သွားတယ်။ သူက ခပ်မြန်မြန်ပြေးချလာပြီး မုကျင်ကိုဆွဲပွေ့လိုက်တယ်။ ပြီးတော့ ကောင်တာနောက်ကနားနေခန်းထဲ ခေါ်သွားတယ်။

သူ့လက်မောင်းထဲကိုယ်လေးက သူထင်တာထက်တောင် ပေါ့ပါးနေပါသေးတယ်။ နောက်ပြီး ဝေဒနာကြောင့် တုန်တုန်ရီရီဖြစ်နေပါတယ်။ သင်းပျံ့ပျံ့စံပယ်ရနံ့တွေကြားထဲမှာလည်း ပုန်းခိုနေတဲ့နောက်ထပ်ရနံ့တစ်ခုရှိသေးတယ်။ ဒါက အယ်လ်ဖာဖြစ်တဲ့ကုကျစ်ချန်သိရှိဖို့ သိပ်ကိုလွယ်ကူလွန်းပါတယ်။

မုကျင်က အယ်လ်ဖာအမှတ်အသားပေးတာ ခံရပြီးပြီကိုး။

သူက သူ့ကိုဆိုဖာပေါ်တင်ပြီး အပြင်ပြန်ထွက်ကာ ရေတစ်ခွက်ခပ်လာပေးပါတယ်။

နာကျင်တဲ့ဝေဒနာကြောင့် ဆိုဖာကိုထိလုမတတ်ငုံ့ချထားတဲ့ မုကျင်ရဲ့မျက်နှာလေးကို ကုကျစ်ချန်ကြည့်နေမိတယ်။ မျက်နှာလေးက ပိုပြီးဖြူဖျော့လာနေပြီး မျက်ခုံးတွေကိုတော့ ထိလုမတတ်တွန့်ချိုးထားတယ်။ အပူပေးထားတဲ့အခန်းထဲမှာ ချွေးစေးအေးအေးတွေက နဖူးထက်မှာသီးနေခဲ့တယ်။

မုကျင်က သူ့ဗိုက်ကိုအုပ်ကိုင်ထားတယ်။ သူ့ရဲ့လေးလံလှတဲ့ဂျတ်ကတ်အင်္ကျီရှည်အောက်မှာတော့ ပိန်ပါးတဲ့ခန္ဓာကိုယ်လေးနဲ့မှမလိုက် အနည်းဖောင်းတက်နေပါတယ်။

ကုကျစ်ချန်က ထိတ်လန့်တုန်လှုပ်မှုကို ကြိတ်မြိုချနေရတယ်။ သူ မုကျင်နဲ့အတူအလုပ်လုပ်နေခဲ့တာ တစ်ပတ်တောင်ရှိပြီ။ ဒါပေမယ့် တစ်ဖက်လူကို ကိုယ်ဝန်ဆောင်အိုမီဂါမှန်း ယောင်လို့တောင်မတွေးခဲ့မိဘူး။

တကယ်တော့ ကုကျစ်ချန်အမှားလည်းမဟုတ်ဘူး။ မုကျင်ရဲ့ရနံ့က အားနည်းတဲ့ကိုယ်ခန္ဓာကြောင့် အရမ်းကိုဖျော့တော့နေခဲ့တာ။ နောက်ပြီး သူ့အယ်လ်ဖာနဲ့မတွေ့တာ တစ်လကျော်လောက်ရှိပြီဆိုတော့လည်း ရနံ့တွေကပိုပြီး မလုံမလောက်ဖြစ်နေခဲ့တာပေါ့။

အချိန်တစ်ချို့ကြာပြီးမှ မုကျင်ကပုံမှန်အခြေအနေကိုပြန်ရောက်လာခဲ့တယ်။ သူက ကုကျစ်ချန်ခပ်ပေးတဲ့ရေကိုယူလိုက်ပြီး ခပ်တိုးတိုးကျေးဇူးတင်လိုက်တယ်။ ဆိုဖာပေါ်ထိုင်ပြီး ဖြည်းဖြည်းချင်းသောက်နေခဲ့ပါတယ်။

မုကျင်ရဲ့မသက်မသာအသွင်အပြင်ကိုမြင်ပြီး ကုကျစ်ချန်က အတော်လေးမခံမရပ်နိုင်ဖြစ်နေပါတယ်။ ကမ္ဘာပေါ်မှာ ဒီလိုတာဝန်မယူတတ်တဲ့အယ်လ်ဖာမျိုး ရှိသေးတယ်ပေါ့။ အိုမီဂါကို ကိုယ်ဝန်ရအောင်လုပ်ပြီး ဂရုတော့မစိုက်ဘူး။ အိုမီဂါတစ်ယောက်အတွက် အယ်လ်ဖာရနံ့မရှိဘဲကိုယ်ဝန်ဆောင်ရတာ ဘယ်လောက်ခက်ခဲတယ်ဆိုတာ သင်းမသိလေရော့လား။

ဒါပေမယ့် အဆုံးမှာတော့ သူက ဘာမှဝင်စွက်ခွင့်မရှိတဲ့အပြင်လူတစ်ယောက်။ မခံမရပ်နိုင်ဖြစ်တာအပြင် ဘာမှလုပ်လို့မရပါဘူး။

“ရှောင်ကျင်… မင်းအယ်လ်ဖာက ဘယ်မှာလဲ။ မင်းကကိုယ်ဝန်ဆောင်နေရတာကို ဘာလို့သူက ဂရုမစိုက်ရတာလဲ?” ကုကျစ်ချန်က ခပ်ဖြည်းဖြည်းမေးတယ်။ သူက တစ်ဖက်သားရဲ့အနာကို သွားဆွမိမှာစိုးတယ်လေ။  

မုကျင်က ဝေဝေဝါးဝါးမျက်လုံးတွေနဲ့ လက်ထဲကရေခွက်ကို အကြာကြီးစိုက်ကြည့်နေပြီးမှ ခေါင်းကို ဖြည်းဖြည်းချင်းခါယမ်းလိုက်ပါတယ်။

ကုကျစ်ချန်ကလည်း အရိပ်အကဲခတ်တော်ပတယ်။ တစ်ဖက်လူ ပြောမထွက်တာကိုမြင်ပြီး စကားလမ်းကြောင်းပြောင်းလိုက်တယ်။ မုကျင်က သူ့အတိတ်ကိုပြောချင်ပုံမရဘူး။

“မင်း အခုဘယ်မှာနေလဲ? အဆင်ပြေရဲ့လား?”

“X လမ်းဆုံနားက လူငယ်အဆောင်တစ်ခုမှာနေပါတယ်”

ကုကျစ်ချန်က နောက်တစ်ကြိမ် လက်မခံနိုင်ဖြစ်သွားခဲ့ပြန်တယ်။ X လမ်းဆုံက သူတို့ဆိုင်နဲ့ဆိုရင် အဝေးကြီး။ ယာဉ်ကြောမကျပ်ဘူးဆိုရင်တောင် တစ်နာရီခရီးရှိတယ်။

နောက်ပြီး လူငယ်အဆောင်ဆိုတာ လူပေါင်းစုံဗြုတ်စဗျင်းတောင်းနဲ့။ ကိုယ်ဝန်ဆောင်အိုမီဂါတစ်ကိုယ်တည်းသမားတစ်ယောက်အတွက် သင့်တော်တဲ့နေရာမဟုတ်ဘူး။ အိုမီဂါက သူ့အယ်လ်ဖာရနံ့မရှိတာအပြင် အခြားရနံ့ပေါင်းစုံရဲ့နှောင့်ယှက်ခြင်းကို နေ့တိုင်းနေ့တိုင်းခံနေရမှာ။ 

“မင်းလက်ခံမယ်ဆိုရင် ကိုယ့်မှာအခန်းလွတ်တစ်ခန်းရှိတယ်၊ ဒီနေရာနဲ့သိပ်မဝေးဘူး၊ ပတ်ဝန်းကျင်ကလည်း စိမ်းလန်းစိုပြည်ပြီး နေလို့ကောင်းတယ်၊ အတော်လေးတိတ်ဆိတ်တယ်၊ ကောင်းကောင်းအနားရဖို့လိုနေတဲ့ မင်းနဲ့သင့်တော်တယ်”

ဒီစကားတွေကိုကြားတဲ့မုကျင်က အတန်ငယ်အံ့သြသွားပြီး ကုကျစ်ချန်ရဲ့တည်ကြည်လေးနက်တဲ့မျက်ဝန်းတွေကို မော့ကြည့်ပါတယ်။

“ဟင့်အင်း.. ဒုက္ခရှာလို့၊ ကျွန်တော်က ရပါတယ်” ဆိုင်ဝန်ထမ်းလေးက ခြေတခါခါလက်တခါခါ ငြင်းပါတယ်။ ဆိုင်မန်နေဂျာကြီးက သူ့အပေါ်ကောင်းလွန်းနေပြီ။ နောက်ထပ်ဒုက္ခထပ်ပေးလို့ မဖြစ်တော့ဘူးလေ။

“ရှောင်ကျင်.. မင်းလက်မခံရင် မနက်ဖြန်အလုပ်လာစရာမလိုတော့ဘူး” ကုကျစ်ချန်က ခေါင်းမာမာနဲ့ငြင်းဆိုနေတဲ့ သူ့အရှေ့ကပြိုင်ဘက်လေးကိုကြည့်ပြီး ခြိမ်းခြောက်အကျပ်ကိုင်ချင်ယောင်ဆောင်လိုက်ပါတယ်။

“.…”

“ကျေးဇူးအများကြီးတင်ပါတယ်” မုကျင်က လက်ထဲကခွက်လေးကို ဆုပ်ကိုင်ထားပါတယ်။ နှလုံးသားထဲမှာတော့ ဖော်မပြတတ်လောက်အောင် ကျေးဇူးတင်နေခဲ့တယ်။

“မလိုပါဘူးကွာ၊ ခဏခဏကျေးဇူးမတင်လည်းရပါတယ်” ကုကျစ်ချန်က ပြုံးပြီး မုကျင်ပုခုံးကို ပုတ်လိုက်တယ်။

“မန်နေဂျာက ဝန်ထမ်းကိုဂရုစိုက်ရမှာပေါ့၊ ရှောင်ကျင်.. မင်း ဒီမှာ အေးဆေးအနားယူနေလိုက်ဦး၊ အပြင်မှာလည်း ကာစတန်မာအများကြီးရှိတာမဟုတ်တာ”

မုကျင်ကို နားနေခန်းထဲတစ်ယောက်တည်းထားခဲ့ပြီးမှာ ကုကျစ်ချန်က အခန်းအပြင်ထွက်လာခဲ့ရင်း ဆိုင်ထဲ လုပ်စရာရှိတာဆက်လုပ်နေခဲ့ပါတယ်။

……………