(17)
Viewers 32k

နံရံပေါ်ကနာရီလက်တံတွေက တစ်ချပ်ချပ်နဲ့ရွေ့လျားနေတယ်။ လက်တံအတိုလေး (၁၀)ဂဏန်းဆီရောက်လာတဲ့အချိန်မှာတော့ တံခါးလက်ကိုင်ကို ဆွဲလှည့်သံတစ်ခုထွက်လာတယ်။ ချပ်ခနဲပွင့်သွားတဲ့တံခါးနောက်မှာ အပြင်ဘက်လှေကားခွင်ကအလင်းရောင်လည်း အခန်းထဲတိုးဝင်လာပြီး အထဲကအမှောင်ထုကိုဖြိုခွင်းလိုက်ပါတယ်။ 

အလုပ်ကပြန်လာတဲ့မုကျင်က စူပါမားကတ်ကနေဝယ်လာတဲ့ပစ္စည်းပစ္စယတွေကို တံခါးဘေးနားက ဗီဒိုပုလေးပေါ်တင်လိုက်တယ်။ နောက်တော့ နံရံပေါ်ဟိုသည်လိုက်စမ်းပြီး မီးခလုတ်ဖွင့်လိုက်တယ်။

ဒီအိမ်က ကုကျစ်ချန် သူ့ကိုငှားပေးထားတဲ့အိမ်ဖြစ်ပါတယ်။ သူအလုပ်လုပ်နေတဲ့စာအုပ်ဆိုင်နဲ့နီးတယ်။ အိမ်ရာအပြင်ဘက်မှာလည်း အခြေခံလူသုံးကုန်ရောင်းတဲ့ စူပါမားကတ်တစ်ဆိုင်ရှိတယ်။ ကိုယ်ဝန်ကြီးနဲ့ လှုပ်ရှားရခက်ခဲတဲ့ မုကျင်က အထုပ်တွေကိုဆွဲပြီး ခက်ခက်ခဲခဲအိမ်ပြန်လာခဲ့ရတာဖြစ်ပါတယ်။

အိမ်က လူမနေခဲ့တာကြာလှပြီ။ အတွင်းပိုင်းပြင်ဆင်မှု အထူးကောင်းမွန်ပေမယ့် လူမရှိတဲ့အိမ်က အေးစက်ပြီး တိတ်ဆိတ်ခြောက်ကပ်နေတယ်။ ပရိဘောဂလည်း အများကြီးမရှိဘူး။ မုကျင်ပြောင်းလာနေမှ အတွင်းပစ္စည်းတွေကို တစ်ခုပြီးတစ်ခု သူကိုယ်တိုင်ဝယ်ထားခဲ့တာပါ။ သပ်ရပ်ပြီးနွေးထွေးတဲ့ အပြင်အဆင်လေးရအောင်ပေါ့။

မုကျင်က တံခါးဝမှာချထားတဲ့အိတ်တွေကို တစ်ခုပြီးတစ်ခုအထဲကိုသွင်းနေခဲ့တယ်။ သူ အိမ်ကထွက်လာတာသုံးလရှိပြီ။ ဒါကြောင့် တစ်ယောက်တည်းနေရတာကို တဖြည်းဖြည်းကျင့်သားရနေပါပြီ။

ပစ္စည်းတွေသိမ်းအပြီးမှာတော့ သူက ညောင်းကိုက်နေတဲ့ခါးကို ခပ်ဖြည်းဖြည်းပွတ်ရင်း ဆိုဖာပေါ်အသာအယာထိုင်ချလိုက်တယ်။ ဘေးနားကစောင်ကိုဆွဲယူပြီး ကိုယ်ပေါ်တင်းတင်းဆွဲခြုံလိုက်ပါတယ်။

အခုအချိန်က နွေဦးရာသီရဲ့အစ ဧပြီလဖြစ်ပါတယ်။ ဥတုက ဆောင်းရာသီလို အရမ်းကြီးအေးစက်မနေဘဲ ပူနွေးဖို့အစပြုနေပါပြီ။

ဒါပေမယ့် မုကျင်ရဲ့ကိုယ်ခန္ဓာက အတော်လေးအေးစိမ့်စိမ့်ဖြစ်နေတုန်းပဲ။ ခြေဖျားလက်ဖျားတွေလည်း ရံဖန်ရံခါ ရေခဲတမျှအေးစက်နေတတ်ပါတယ်။ အကြောင်းကတော့ ဗိုက်ကတဖြည်းဖြည်းပူလာတာနဲ့အမျှ တစ်ယောက်တည်းရပ်တည်ရတာကြောင့် မွှေးရနံ့ဟော်မုန်းတွေ မညီမျှလို့ဖြစ်ပါတယ်။

သူက ဆိုဖာပေါ်မှာထိုင်ရင်း ရီမုကွန်ထရိုးနဲ့ တီဗီကိုဖွင့်ပြီး အသံကို အကျယ်ကြီးချဲ့လိုက်တယ်။ တီဗီမှာလာနေတဲ့ အစီစဉ်တင်ဆက်သူက အားပါးတရ စကားတွေအများကြီးဖောင်ဖွဲ့ပြောနေခဲ့ပါတယ်။ ဒါပေမယ့် အကြောင်းအရာတွေက မုကျင်ရဲ့နားထဲ ဝင်တစ်ချက် မဝင်တစ်ချက်ပါ။

ဟိုးယခင်အချိန်တွေအတိုင်းပါပဲ.. ညအမှောင်ကို သူတစ်ယောက်တည်းရင်မဆိုင်ရဲသေးပါဘူး။ တီဗီမှာ ဘာအစီအစဉ်တွေလာလဲ သူ့အတွက်အရေးမကြီးဘူး။ အမှောင်ထုကိုလျော့ချနိုင်ပြီး ကြောက်စရာကောင်းလောက်အောင် တိတ်ဆိတ်မနေသရွေ့ သူဖွင့်ထားမှာဖြစ်ပါတယ်။

အရင်တုန်းကဆိုရင်တော့ တစ်အိမ်လုံးရှိသမျှမီးတွေအကုန်လုံးလိုက်ဖွင့်ပြီး အမှောင်ထုသေးသေးလေးပါမချန် ထွန်းလင်းနေအာင်လုပ်ခဲ့တာပါ။ နောက်ပြီး အဲဒိအချိန်တုန်းက အကြာကြီးစောင့်ဆိုင်းခဲ့ရတယ်ဆိုရင်တောင် အခုလို သူတစ်ယောက်တည်းမဟုတ်ပါဘူး။

မုကျင်ရဲ့လက်တွေက စောင်အောက်က နွေးထွေးတဲ့နေရာလေးတစ်ခုပေါ်မှာ ဖွဖွလေးတင်ထားတယ်။ ရတနာလေးကို ဂရုတစိုက်ကိုင်တွယ်နေသလိုမျိုး အသာအယာလက်ကိုတင်ရင်း နေရာမှာ တိတ်တဆိတ်မျက်လုံးတွေမှိတ်ထားခဲ့တယ်။

အချိန်သုံးလကျော်အတွင်းမှာ နတ်သက်ကြွေလာတဲ့နတ်သားလေးတစ်ပါး သူ့ဘဝထဲကိုဝင်လာတော့မှာ။ သူ့အချစ်တွေအကုန်လုံး နတ်သားလေးဆီမှာ ပုံအောပေးနိုင်တော့မှာဖြစ်ပါတယ်။

သူ့ကလေးလေးကျန်းကျန်းမာမာဖြစ်ဖို့အတွက် သူ အိပ်ရေးဝဝအိပ်ဖို့လိုအပ်တာပေါ့။ အတန်ငယ်ကြာတဲ့အထိ ထိုင်ပြီးနောက်မှာတော့ မုကျင်က တီဗီကိုပိတ်ပြီး ဆိုဖာပေါ်ကထကာ ကောင်းကောင်းအနားယူဖို့အတွက် အိပ်ခန်းထဲကိုဝင်လာခဲ့ပါတယ်။

မအိပ်ခင် သူက မိုဘိုင်းဖုန်းကိုထုတ်ပြီး ဆိုင်ပိုင်ရှင်ကြီးဆီ စာတိုတစ်စောင်ပို့လိုက်တယ်။ မနက်ဖြန်မနက် ဆေးစစ်ဖို့ဆေးရုံသွားမှာမို့ နေ့တစ်ဝက်ခွင့်တောင်းတာ ဖြစ်ပါတယ်။ ရှာတွေ့မှာစိုးတာကြောင့်လည်း မုကျင်က မုမိသားစု၊ကောင်းမိသားစု ရှယ်ယာကင်းတဲ့ဆေးရုံတွေဆီပဲ သွားလို့ရတယ်။

မုကျင်က အဝတ်အစားတွေမချွတ်ဘဲ အိပ်ရာပေါ်လှဲပြီး မျက်လုံးတွေကိုဖွင့်ထားခဲ့တယ်။ ပြတင်းအပြင်ဘက်က ပိန်းပိတ်အောင်မှောင်မည်းနေတဲ့မြင်ကွင်းကို မရည်ရွယ်ဘဲ ကြည့်နေခဲ့တယ်။ အခန်းကတိတ်ဆိတ်နေပြီး နံရံပေါ်ကနာရီကတော့ တစ်ချပ်ချပ်အသံပေးပြီး ကုန်ဆုံးသွားတဲ့အချိန်တွေကို ပြောပြနေခဲ့တယ်။ အိပ်ချိန်ရောက်နေပါပြီ။

ဒါပေမယ့် သူ့အတွေးထဲမှာတော့ မှိန်ဖျော့ဖျော့ရုပ်ပုံကားချပ်တွေက ပိတ်ကားထက်မှာခင်းကျင်းပြသလိုက်သလို အစီအရီထွက်ပေါ်လာတယ်။ မြင်ကွင်းတစ်ခုချင်းစီက သိပ်ကိုလက်တွေ့ဆန်လွန်းပါတယ်။

အလင်းရောင်မရှိ၊ ပြတင်းပေါက်မရှိ၊ အသံတစ်ချက်မှမကြားရတဲ့ မှောင်မည်းနေတဲ့အခန်းတစ်ခု။ အမှောင်ထုတွေကြီးစိုးထားတဲ့အလယ်မှာ စူးစူးဝါးဝါးအော်ငိုသံတစ်ခုပဲရှိတယ်။

အသက်(၄)နှစ်အရွယ်လောက်ရှိတဲ့ သေးသေးညှက်ညှက်ကလေးငယ်တစ်ယောက်က အေးစက်နေတဲ့ကြမ်းပြင်မှာ ကွေးကွေးကလေးဖြစ်နေတယ်။ လက်တွေက အေးစက်ထုံကျင်နေပြီဖြစ်တဲ့ခြေထောက်တွေကိုဖက်ထားရင်း ဦးခေါင်းကတော့ ဒူးနှစ်လုံးကြားထိအောင် ကွေးဝင်နစ်မြှပ်နေတယ်။ ကလေးငယ်ရဲ့မျက်နှာအမူအရာကို မမြင်နိုင်ပေမယ့် တစ်ကိုယ်လုံးကြောက်ရွံ့မှုနဲ့တုန်လှုပ်နေတာကိုတော့ တွေ့နိုင်ပါတယ်။

ကလေးငယ်က နှစ်ရက်တိတိ ဘာမှမစားမသောက်ဘဲနေခဲ့ရတယ်။ အားနည်းပြီး လည်ချောင်းတွေက ကော်ပတ်ကြမ်းတစ်ခုလို ခြောက်သွေ့အက်ကွဲနေခဲ့တယ်။ အသံတစ်စုံတစ်ရာမပြုနိုင်ခဲ့ပါဘူး။

သူက ဆာလောင်ပြီးရေငတ်နေခဲ့လို့ အော်ဟစ်အကူအညီတောင်းဖို့ရာ အခြေအနေမပေးခဲ့ဘူး။ သူ့ကိုယ်သူတောင် ရှိစုမဲ့စုအားအင်လေးနဲ့ အားတင်းနေခဲ့ရတာဖြစ်ပါတယ်။ ကလေးငယ်ရဲ့ နောက်ဆုံးကျန်တဲ့အသိစိတ်လေးက ကျောက်ကမ်းပါးအစွန်းမှာယဲ့ယဲ့လေးဖြစ်နေပြီး လက်လျှော့ပြီးမျက်လုံးတွေမှိတ်ကျသွားဖို့ အချိန်မရွေးဖြစ်နေခဲ့တာပါ။

မုကျင်က အိပ်ရာပေါ်မှာလဲလျောင်းနေတုန်းပါ။ ဒါပေမယ့် ကြောက်ရွံ့မှုက အဆိပ်ရှိတဲ့အင်းဆက်တစ်ကောင်လို သူ့ခန္ဓာကိုယ်တစ်ခုလုံး တရွရွလျှောက်သွားနေခဲ့ပြီး ချွေးစေးအေးအေးတွေပျံတက်လာစေတယ်။ လည်ချောင်းထဲမှာလည်း မအီမသာနဲ့ပျို့အန်တက်လာတယ်။ သူက ဘေးဘက်ကိုအလိုလျောက်စမ်းလိုက်တယ်။ ဒါပေမယ့် အိပ်ရာခင်းရဲ့အေးစက်စက်အထိအတွေ့ကလွဲလို့ ဘာမှမရှိပါဘူး။

ပူနွေးမှုလည်းမရှိဘူး။ ယုတ်စွအဆုံး တယ်ဒီဘဲအရုပ်ကြီးတောင်မှ သူ့ဘေးနားမှာမရှိဘူး။

ကျောရိုးထဲထိအောင်စိမ့်တက်လာတဲ့ အကြောက်တရားနဲ့ အထီးကျန်မှုကို သူတစ်ယောက်တည်း သည်းခံရင်ဆိုင်ရုံသာရှိပါတယ်။

ဒါပေမယ့် ညတာက ရှည်လွန်းပါတယ်။ အာရုံဦးမှာမိုးသောက်ဖို့ ဝေးကွာနေဆဲဖြစ်ပါတယ်။

…..

S မြို့တော်မှာ ထင်ရှားကျော်ကြားတဲ့ဆေးရုံတွေ အများကြီးရှိတယ်။ ဒါပေမယ့် အများစုကတော့ မုမိသားစုနဲ့ကောင်းမိသားစုထိန်းချုပ်မှုအောက် အနည်းနဲ့အများရှိကြတာချည်းပဲ။

မနက်မှာ မုကျင်က ခပ်စောစောအိပ်ရာထပြီး ကိုယ်လက်သန့်ရှင်းရေးလုပ်ပါတယ်။ ခဏအကြာမှာတော့ အပြင်ထွက်ဖို့အဆင်သင့်ဖြစ်နေပြီ။ သူက လေကာအပေါ်အင်္ကျီကိုထပ်လို့ ဖောင်းတက်နေတဲ့ဝမ်းဗိုက်ရှေ့ ပတ်ကာထားပေမယ့် မူမမှန်တဲ့ကိုယ်ခန္ဓာကိုတော့ ဖုံးထားလို့မရခဲ့ဘူး။ မျက်နှာပေါ်မှာမျက်နှာဖုံးကိုတပ်ပြီး နူးညံ့တဲ့သူ့ရဲ့ရုပ်သွင်ကိုဖုံးအုပ်ထားကာ ကြည်လင်သန့်ရှင်းနေတဲ့မျက်ဝန်းတစ်စုံကိုပဲ ဖော်ပြထားတယ်။

မုကျင်က တစ်နာရီကျော်လောက်လမ်းလျှောက်လာခဲ့ပြီး မြို့စွန်က သားဖွားဆေးရုံတစ်ခုကို ရောက်လာခဲ့တယ်။ 

ဒီနေ့ သူ ကံမကောင်းခဲ့ဘူး။ စာရင်းသွင်းကောင်တာမှာ တန်းစီနေသူတွေပြည့်နှက်နေပြီး အများစုက သူတို့ရဲ့ပါတနာကိုအဖော်ပြုပေးလာကြတဲ့ အယ်ဖာတွေချည်း။ တန်းစီနေတဲ့လူတန်းကြီးမှာ ပိန်ပိန်ပါးပါးအိုမီဂါလေး မုကျင်တစ်ယောက်တည်းသိသာလွန်းနေပါတယ်။

မုကျင်က အချိန်တစ်ခုစောင့်ပြီးမှ တိုကင်နံပါတ်တစ်ခုရခဲ့တယ်။ ဆေးစစ်မယ့်အခန်းက သုံးလွှာမှာတည်ရှိတယ်။ သူက ခါးကိုထိန်းကိုင်ရင်း ဓါတ်လှေကားရှိရာဖြည်းဖြည်းလျှောက်လာခဲ့ပါတယ်။

ကော်ရစ်ဒါတစ်လျှောက်မှာ အယ်လ်ကိုဟောနဲ့ပိုးသတ်ဆေးနံ့တွေပြည့်နေတယ်။ သွားလိုက် လာလိုက်ဖြစ်နေတဲ့ စုံတွဲတွေလည်းရှိတယ်။ အရပ်ရှည်ရှည်ကျားကျားယားယားအယ်လ်ဖာတွေက ဗိုက်ပူကော့ပျံကားနေတဲ့အိုမီဂါတွေကို အဖော်ပြုပေးနေကြတယ်။ နူးညံ့မှုတွေ ပျော်ရွှင်မှုတွေနဲ့ပြည့်နေတဲ့ မျက်ဝန်းတွေကတော့ လက်ညှိုးထိုးမလွဲနိုင်အောင်မြင်နေရပါတယ်။

ဒါက သာယာကြည်နူးဖို့ကောင်းတဲ့မြင်ကွင်းတစ်ခုပါ။ ဒါပေမယ့် မုကျင်ရဲ့နှလုံးသားကို ထိုးနှက်နေသကဲ့သို့သာရှိပါတယ်။

ကော်ရစ်ဒါက လူတွေနဲ့ပြည့်နေတယ်။ မုကျင်က ဟိုသည်လိုက်ရှာရင်း ကံကောင်းထောက်မစွာ ထိုင်ခုံလွတ်တစ်ခုရှာတွေ့တယ်။ သူက ညောင်းညာကိုက်ခဲနေတဲ့နောက်ကျောကိုထုပြီး ထိုင်ခုံနောက်မှီကိုကိုင်ကာ ခပ်ဖြည်းဖြည်းထိုင်ချပါတယ်။ နောက်တော့ ရှည်လျားပျင်းရိလွန်းလောက်အောင် စောင့်ဆိုင်းနေခဲ့ရပြန်ပါတယ်။

မနက်ကတည်းက အခုထက်ထိ သက်တောင့်သက်သာမရှိခဲ့တဲ့မုကျင်က မခံနိုင်တော့ဘူး။ ဗိုက်ထဲကကလေးလည်း အနားမရဖြစ်နေပြီး မုကျင်ကိုယ်တိုင်ကလည်း ပင်ပန်းနေပါပြီ။

သူက လက်တစ်ဖက်မှာတိုကင်နံပါတ်ကိုကိုင်ပြီး နောက်တစ်ဖက်နဲ့ ဗိုက်ထဲကကလေးကို ခပ်ဖွဖွပွတ်သပ်နေခဲ့တယ်။ ရှေ့မြင်ကွင်းတွေက ဝေဝါးနေခဲ့တယ်။ မျက်ဝန်းတွေက ထောင့်တစ်နေရာကိုစိုက်ကြည့်နေပမယ့် အတွေးတွေက လွင့်မျောနေခဲ့ပါတယ်။

အိုမီဂါတွေရှားပါးအဖိုးတန်တဲ့ဒီနေ့ခေတ်မှာ သူ့လိုအိုမီဂါတစ်ယောက် ကိုယ်ဝန်စစ်ဖို့ ဆေးရုံလာတာက သိပ်ကိုရှားပါးတဲ့ဖြစ်ရပ်တစ်ခုပါ။

မုကျင်က အတွေးထဲမှာသူ့ကိုယ်သူလှောင်ရယ်ရယ်နေခဲ့တယ်။ ဒါပေမယ့် သူနာပြုဆီက သူ့နာမည်ခေါ်သံကြားလို့ အတွင်းခန်းထဲဝင်လာခဲ့ပါတယ်။

ရွှေရောင်မျက်မှန်ကိုင်းနဲ့ဆရာဝန်က အဖြူရောင်စားပွဲနောက်မှာထိုင်နေတယ်။ သူ့ရဲ့ဆေးစစ်ချက်ရလဒ်တွေကိုကြည့်ရှုနေပါတယ်။

မုကျင်က သူ့ရှေ့ကဆရာဝန်ကိုကြည့်နေခဲ့ရင်း မအောင့်အီးနိုင်တော့လို့ ထုတ်မေးလိုက်ရတယ် “ဟို.. ကလေးက ဘာဖြစ်လို့လဲဟင်?”

“ကလေးရဲ့အာဟာရနဲ့ကြီးထွားနှုန်းမှာတော့ သိပ်ပြဿနာမရှိဘူး၊ ဒါပေမယ့် မင်းကိုယ်ခန္ဓာက အားနည်းနေတယ်၊ ပြီးတော့…” ဆရာဝန်က မျက်မှန်ကိုပင့်တင်းရင်း အရေးမကြီးဟန်နဲ့ ဆက်ပြောပါတယ်။

“မင်းရဲ့ရနံ့က အချိုးမညီ မမျှတဘူး၊ ကိုယ်ဝန်ဆောင်တဲ့ခြောက်လအတွင်းမှာ အယ်လ်ဖာရနံ့ လုံးဝမရှိသလောက်ဖြစ်နေတယ်”  

“တဲ့ပဲမေးလိုက်တော့မယ်၊ မင်းအယ်လ်ဖာ ကွယ်လွန်သွားလို့လား၊ ဒါမှမဟုတ် ကွာရှင်းလိုက်တာလား?”

သူ့ရှေ့က အိုမီဂါလူနာလေးရဲ့မှိန်ဖျော့ဖျော့မျက်ဝန်းတွေစိုက်ကျသွားတယ်။ နှုတ်ခမ်းတွေကိုလည်း ဖြူဖျော့လာတဲ့အထိကိုက်ထားတယ်။ ဒါပေမယ့် သူ့မေးခွန်းကို မဖြေပြန်မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

အများကြီးတွေ့ကြုံခဲ့ဖူးပြီဖြစ်တဲ့ ဆရာဝန်အတွက်တော့ လူ့ဘဝရဲ့သေခြင်းရှင်ခြင်းတွေဆိုတာ သာမန်ကာလျှံကာသဘောမျှပဲ။ ဒါပေမယ့် သူ့နှလုံးသားထဲမှာ ရှင်းမပြတတ်တဲ့သနားညှာတာမှုသေးသေးလေးရှိသေးတယ်။ တစ်ဖက်လူမှာက ပြောမထွက်လောက်တဲ့နာကျင်မှုတွေရှိပုံရတယ်။ အကူအညီကင်းမဲ့နေပုံရပါတယ်။

ဆရာဝန်က သူ့ကို ရနံ့အစားထိုးဆေးဝါးတွေ အွန်ပေးလိုက်ဖို့ပဲတတ်နိုင်တယ်။ ဆေးဝါးတွေက အယ်လ်ဖာကိုယ်ပိုင်ရနံ့တွေလောက်မကောင်းပေမယ့် အတော်လေးအစွမ်းရှိပြီး အနည်းဆုံးမုကျင်ရဲ့ကိုယ်ဝန်ဆောင်ဝေဒနာအမျိုးမျိုးကို သက်သာစေပါတယ်။ ဗိုက်ထဲကသန္ဓေသားကြီးထွားမှုကိုပါ အထောက်အကူပြုပါတယ်။

ဆေးဝါးတွေက ဈေးမသေးလှဘူး။ ပြီးခဲ့တဲ့သုံးလအတွင်း လစာဝင်ငွေအကုန်လုံးရဲ့ ထက်ဝက်စာရှိတယ်။ ဒါပေမယ့် မုကျင်က ဂရုမစိုက်ပါဘူး။

အခုက နေ့လည်ခင်းရောက်နေပြီ။ မုကျင်က နေ့တစ်ဝက်ပဲခွင့်ယူခဲ့တာကြောင့် စာအုပ်ဆိုင်အမြန်ပြန်ဖို့ ဘတ်စ်ကားဂိတ်ကိုအမြန်ထွက်လာခဲ့ပါတယ်။

………………