(18)
Viewers 32k

ညရဲ့အမှောင်ထုက တဖြည်းဖြည်းကြီးစိုးလာပြီး ကြယ်တွေက တလက်လက်တောက်ပနေခဲ့တယ်။ S မြို့တော်ရဲ့မိုးထိအောင်မြင့်မားတဲ့အဆောက်အအုံတွေက တောက်ပတဲ့နီယွန်မီးရောင်တွေအောက်မှာ ပိုလို့တောင်သက်ဝင်လှုပ်ရှားနေပြီး မြို့တော်ရဲ့သဏ္ဍာန်ကို အစီအတန်းအလိုက် ပုံစံအမျိုးမျိုးနဲ့ဖော်ကျူးနေခဲ့ပါတယ်။

ကောင်းထျန်းချန်က ကျယ်ပြောလှတဲ့စားပွဲကြီးနောက်မှာထိုင်နေတယ်။ လက်ထဲမှာတော့ အခုလေးတင်ကြည့်ရှုပြီးသွားတဲ့ စာရွက်တစ်ထပ်ကိုကိုင်ထားတယ်။ စားပွဲပေါ်ကဖန်ခွက်ထဲမှာ ပန်းရောင်ရှန်ပိန်တွေရှိတယ်။ ကြည်လင်နေတဲ့ရှန်ပိန်တွေက ရေခဲတုံးတွေနဲ့အတူ ဖန်ခွက်ထဲပေါလောမျောနေခဲ့ပါတယ်။

သူ့ရုံးခန်းက ကုမ်ပဏီရဲ့အမြင့်ဆုံးအထပ်မှာရှိတယ်။ ကြမ်းပြင်ကနေ မျက်နှာကျက်ထိအောင်မြင့်မားတဲ့ မှန်ပြတင်းပေါက်ကြီးကနေ မြို့တော်ရဲ့ခန့်ညားလှတဲ့ ညမြင်ကွင်းကို ပတ်ပတ်လည်မြင်ရနိုင်ပါတယ်။

ကောင်းထျန်းချန်က အချိန်တွေကြာလာတာနဲ့အမျှ ပိုပြီးရတတ်မအေးဖြစ်နေရတယ်။ သူက သူ့ကိုယ်သူ အလုပ်ထဲမှာပဲနစ်မြှပ်ထားချင်ခဲ့တာ။ ဒီနည်းလမ်းက အစတုန်းကတော့ အလုပ်ဖြစ်သေးတယ်။ ဒါပေမယ့် မုကျင်ရဲ့ပျောက်ဆုံးမှု ရှည်ကြာလာတာနဲ့အမျှ အလုပ်ထဲနှစ်ထားတဲ့နည်းလမ်းကလည်း အသုံးမဝင်တော့ပါဘူး။

သူက ဖန်ခွက်ကိုကိုင်လို့ ပြတင်းပေါက်ရှေ့မှာတိတ်တဆိတ်မတ်တပ်ရပ်နေခဲ့ရင်း ခံစားချက်တွေကို ထိန်းညှိနေခဲ့ရတယ်။ အခုအချိန်က အလုပ်သိမ်းလို့ ဝန်ထမ်းတွေအတော်များများ အိမ်ပြန်ရောက်ကုန်ကြပြီ။ ပထမထပ်မှာ မီးရောင်တွေ ဟိုတစ်စသည်တစ်စပဲကျန်တော့တယ်။

သူလည်း အိမ်ပြန်ဖို့အချိန်ကျနေပြီ။ ဒါပေမယ့် မပြန်နိုင်သေးပါဘူး။

အစတုန်းကတော့ သူထင်ခဲ့တာက မုကျင်ကစိတ်ဆိုးသွားတုန်းခဏပါလို့လေ။ အိုမီဂါတွေက ကိုယ်ဝန်ဆောင်နေချိန် စိတ်ဆတ်တယ်လို့ သူကြားဖူးတာကိုး။ မုကျင်က နဂိုအနေအေးပြီးပျော့ပျောင်းတဲ့လူတစ်ယောက်ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ စိတ်မဆတ်ဘူးလို့ ဘယ်သူအာမခံနိုင်လို့လဲ။

ဒါပေမယ့် သူ့အထင်တွေမှားသွားခဲ့တယ်။ မုကျင်က ဘယ်တော့မှပြန်မလာတော့ဘူး။ ကမ္ဘာပေါ်က သူ့ဖြစ်တည်မှုရပ်ဆိုင်းသွားသလိုမျိုး ဖျော့တော့တော့စံပယ်ရနံ့လေးရော၊ သူတို့ကလေးပါအပါအဝင် ရှိသမျှအားလုံးပျောက်ဆုံးသွားခဲ့တယ်။

ကြီးမားလွန်းတဲ့ S မြို့တော်ကြီးက လူဦးရေကလည်းသိပ်သည်းပြီး အမျိုးမျိုးအစုံစုံပေါကြွယ်ဝလွန်းတယ်။ သူ့လိုမျိုး ပျော့ညံ့တဲ့ကိုယ်ဝန်ဆောင်အိုမီဂါတစ်ယောက် အလွယ်တကူလိမ်ညာလှည့်ဖျားခံရနိုင်တယ်။ အကယ်၍များ တစ်ခုခု မှားသွားခဲ့သည်ဆိုပါစို့….. 

ကောင်းထျန်းချန်က နောက်ထပ်ဆက်မတွေးရဲတော့ဘူး။ တိုင်မှာချိတ်ထားတဲ့ကုတ်အင်္ကျီကိုဖြုတ်ပြီး အပေါ်ကထပ်ဝတ်လိုက်ကာ ရုံးခန်းထဲကထွက်လာခဲ့ပါတော့တယ်။

ညက ညဉ့်နက်နေဆဲပါ။ အနက်ရောင်ဘန်တလေကားတစ်စီးကတော့ တောင်ကြားလမ်းရိပ်သာဆီ မောင်းဝင်လာခဲ့တယ်။

ခါတိုင်းလိုပဲ ကောင်းထျန်းချန်က ဗီလာဘေးကားဂိုဒေါင်ထဲ ကားသွင်းလိုက်ပြီး အထဲကထွက်လာခဲ့ကာ တံခါးဝကိုလျှောက်လာခဲ့တယ်။

ဒီနေ့ညမှာ မြင်တွေ့သမျှအရာတွေက ညအမှောင်အောက်မှာ စိတ်ဓါတ်ကျစရာကောင်းနေတယ်။ ကောင်းထျန်းချန်က တစ်စက္ကန့်လောက်တံခါးဝမှာရပ်သွားပြီးမှ သော့ကိုလှည့်ဖွင့်လိုက်ပါတယ်။

အိမ်ထဲမှာက အလွန်တရာမှောင်မည်းနေခဲ့တယ်။ မုကျင်ထွက်သွားကတည်းက ဒီအတိုင်းဖြစ်နေခဲ့တာကြာပြီ။ နွေးထွေးတဲ့မီးရောင်မှိန်မှိန်လေးတွေလည်းမရှိတော့ဘူး။ တီဗီကလာတဲ့ဆူညံသံတွေလည်းမကြားရတော့ဘူး။ အရာအားလုံးက သေလောက်အောင်တိတ်ဆိတ်နေခဲ့တယ်။

ဒီခဏမှာ မညီမညာခြေသံသေးသေးလေးတွေ သူ့အနားကိုရောက်လာတယ်။ ယခင်နေ့တွေလိုပဲ မော့လေးက တံခါးဝဆီပေါက်ချလာပြီး သူ့ကိုလာကြိုတာပါ။ အကောင်လေးရဲ့မျက်လုံးနက်နက်လေးတွေ ကလယ်ကလယ်ဖြစ်နေပြီး အညိုရောင်အမြီးဖွားဖွားလေးက တယမ်းယမ်းဖြစ်နေပါတယ်။

သူက ကောင်းထျန်းချန်ဘေးနား သုံးလေးငါးခါပတ်ချာလည်လှည့်နေပြီးမှ ပိတ်ထားတဲ့တံခါးဝကို အနံ့ခံနေတယ်။ မုကျင်မရှိဘူးဆိုတာ သေချာတော့မှပဲ အမြီးကိုငိုက်စိုက်ချလို့ ခပ်တိုးတိုးဟောင်တယ်။ သူ့မျက်လုံးတွေလည်း မသိမသာမှိန်ဖျော့သွားပါတယ်။

သာမန်ခွေးလေးသေးသေးတစ်ကောင်သာမဟုတ်ဘူး၊ ကောင်းထျန်းချန်လည်းပဲ မုကျင်မရှိတဲ့နေ့ရက်တွေကို အကျင့်မဖြစ်သေးဘူး။ နှလုံးသားထဲ နည်းနည်းတော့လစ်ဟာနေတုန်းပဲ။ တိတ်ဆိတ်တဲ့ညတွေထဲ သူတစ်ယောက်တည်းဖြစ်နေတဲ့အချိန်တိုင်းမှာ သူ့အတွေးတွေထဲ တစ်ဖက်လူရဲ့ပုံသဏ္ဍာန်တွေပေါ်လာစမြဲပဲ။ မုကျင်ရဲ့နွေးထွေးပြီးသိမ်မွေ့တဲ့မျက်နှာလေး၊ ရှက်ပြုံးလေးတွေရယ်၊ သူ စိတ်လိုက်မာန်ပါ နာကျင်စေခဲ့လို့ ဖြစ်သွားခဲ့တဲ့ မျက်ရည်တွေပြည့်နေတဲ့မျှော်လင့်ချက်မဲ့မျက်ဝန်းလေး.. အားလုံးက ကောင်းထျန်းချန်ရဲ့အတွေးထဲ နေရာယူနေတုန်းပါပဲ။

သူတို့ရဲ့အတိတ်မှာတော့… သူ စိတ်လှုပ်ရှားခဲ့ဖူးတယ်၊ ဆန္ဒမရှိဖြစ်ခဲ့ဖူးတယ်၊ နှလုံးသားလေးလည်း လှုပ်ရှားခဲ့ဖူးတယ်။ နာကျင်ရတဲ့ မကျေမနပ်ခါးသီးတဲ့ခံစားချက်တွေလည်း ရှိခဲ့ဖူးတယ်။ ဘယ်တော့မှပြန်မတွေးချင်တဲ့ ခံစားချက်တစ်ခုလည်းဖြစ်ခဲ့ဖူးပါတယ်။

တစ်ဖက်လူရဲ့မသတီစရာလျှို့ဝှက်ချက်တွေကို သိရှိသွားတာတောင်မှ၊ ဒါမှမဟုတ် တစ်ဖက်လူက သူ့နာကျင်မှုတွေရဲ့လက်သည်တရားခံ ဖြစ်နေခဲ့တာတောင်မှ သူ့နှလုံးသားထဲစစ်မှန်တဲ့ခံစားချက်မျိုးစေ့လေး  အဟန့်အတားတွေကိုကျော်ဖြတ်ပြီး အပင်ပေါက်လာတဲ့အချိန်မှာ ထိန်းမရသိမ်းမရ တဟုန်ထိုးကြီးထွားလာခဲ့ပါတယ်။

မုကျင်အမြတ်တနိုးထားတဲ့တယ်ဒီဘဲကြီးက အိပ်ရာပေါ်မှာ ငြိမ်သက်စွာရှိနေတုန်းဖြစ်ပါတယ်။ လိမ္မော်ရောင်ညမီးအိမ်အောက်မှာ သူ့အမွှေးတွေကဝါကျင့်ကျင့်ဖြစ်နေတယ်။ ကောင်းထျန်းချန် အရုပ်ကို ခပ်ဖွဖွထိလိုက်တဲ့အချိန်မှာတော့ စံပယ်ရနံ့သင်းပျံ့ပျံ့အနံ့တစ်ခုက သူ့နှာခေါင်းထဲတိုးဝင်လာခဲ့ပါတယ်။

ဒီအချိန်မှာ ဘေးနားမှာထားတဲ့မိုဘိုင်းဖုန်း စာတိုတစ်စောင်ဝင်လာလို့ အနည်းငယ်တုန်ခါသွားပြီး ကောင်းထျန်းချန်ရဲ့အာရုံကိုဆွဲယူသွားတော့တယ်။

…..

မနေ့ညက လက်ခံရရှိခဲ့တဲ့လိပ်စာအတိုင်း သူထွက်လာခဲ့တာ ဆူညံပြည့်ကျပ်နေတဲ့မြို့ပြဧရိယာကိုကျော်လွန်လာပြီး မြို့ဆင်ခြေဖုံးက ဖွံ့ဖြိုးဆဲဇုန်တွေရှိရာဆီဦးတည်လာတယ်။ မြို့ပြင်မှာ လူဦးရေက အများကြီးမရှိဘူး။ ပတ်ဝန်းကျင်ကတိတ်ဆိတ်ပြီးသန့်ရှင်းတယ်။ ဒီနေရာက မြို့တော်ရဲ့ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဇုန်စီမံကိန်းနေရာ ဖြစ်ပါတယ်။

သူသွားလိုရာမရောက်ခင်အထိ ကောင်းထျန်းချန်က မြို့တစ်မြို့လုံးစာလောက် ဖြတ်ကျော်လာရတယ်။ နောက်တော့ စနစ်တကျဆောက်လုပ်ထားတဲ့ လူနေအိမ်ရာတွေဆီရောက်ရှိလာပါတယ်။ သူက လိပ်စာထဲကအတိုင်း အိမ်ရာဝန်းတစ်ခုထဲဝင်လာခဲ့ပါတယ်။

ဒါပေမယ့် လူစိမ်းဖြစ်တဲ့သူ့မှာ ဝင်ခွင့်ကတ်မရှိဘူး။ ဒါကြောင့် ကောင်းထျန်းချန်က သူ့ရဲ့ဘန်တလေကားကို အိမ်ရာဝန်းအပြင်ဘက်မှာပဲရပ်နားပြီး သာမန်ကိုယ်ပိုင်ကားလေးတွေရပ်ထားတဲ့ပါကင်ကို ဖြတ်လျှောက်လာခဲ့ရတယ်။ 

နောက်တော့ ဓါတ်လှေကားထဲကထွက်ပြီးမှာ သူရောက်လာတဲ့အထပ်မှာ တံခါးပေါက်တွေအများကြီးကိုတွေ့လိုက်ရတယ်။ တံခါးပေါက်တွေက တစ်ခုနဲ့တစ်ခု နီးနီးကပ်ကပ်တွေ။ လူတစ်ယောက်စာပဲနေထိုင်လို့ရမယ့် တိုက်ခန်းငယ်လေးတွေဖြစ်နိုင်ပါတယ်။

ကောင်းထျန်းချန်က ကော်ရစ်ဒါအဆုံးကိုလျှောက်သွားပြီး အနီရောင်ကံကောင်းခြင်းစာလုံးကြီးကပ်ထားတဲ့ တံခါးပေါက်ဝတစ်ခုရှေ့မှာ ရပ်လိုက်တယ်။ သူက လက်ကိုမြှောက်ပြီးတံခါးဘဲလ်မတီးလိုက်ခင်မှာ ခဏလောက်တွေဝေနေခဲ့ပါသေးတယ်။

အခန်းထဲက ဘာတုန့်ပြန်သံမှမကြားရဘူး။ ကြည့်ရတာတစ်ယောက်မှမရှိပုံရတယ်။ ကောင်းထျန်းချန် အတော်ကြာတဲ့အထိနှိပ်နေပေမယ့် အဖြေပြန်မလာခဲ့ပါဘူး။

သူက တံခါးရှေ့မှာ ဟိုကြည့်ဒီကြည့်လုပ်ပြီး ခေတ္တခဏစိတ်ပျက်သွားခဲ့တယ်။ ရထားတဲ့သတင်းက တိကျပေမယ့် အိမ်ကိုကြည့်ရတာ လူတစ်ယောက်မှမနေပုံရတယ်။

ဖြစ်နိုင်တာက သူ အိမ်မှာမရှိလို့များလား?

ကောင်းထျန်းချန်က တံခါးအပြင်ဘက်မှာစောင့်နေခဲ့တယ်။ သူရပ်နေတဲ့ကော်ရစ်ဒါက အနည်းငယ်ကျဉ်းတယ်။ နောက်ပြီး တစ်ချို့အခန်းတွေက ဖိနပ်စင်တွေကို တံခါးအပြင်ဘက်မှာထားကြတော့ ကော်ရစ်ဒါက ပိုလို့တောင်ကျပ်ပိတ်နေပါတယ်။

အချိန်က ည(၁၀)နာရီနီးပါးဖြစ်နေပါပြီ။ မုကျင်က ဘယ်တုန်းကမှ နောက်ကျပြန်တတ်တဲ့လူတစ်ယောက်မဟုတ်ဘူး။ ခပ်စောစောအိမ်ပြန်လာသင့်တာ။ နောက်ပြီး (၇)လနီးပါးဗိုက်နဲ့က အပြင်ထွက်ဖို့မသင့်တော်တော့ဘူးလေ။

သူရထားတဲ့သတင်း မှားနေလို့များလား။ အခြားတစ်ယောက်နဲ့များ မှားနေတာလား။

ကောင်းထျန်းချန်က စိတ်ဓါတ်ကျသွားပြီး အောက်ကိုပြန်ဆင်းလာခဲ့ကာ အိမ်ရာဝန်းဂိတ်ပေါက်ရှိရာဆီ လမ်းလျှောက်ပြန်ထွက်လာခဲ့ပါတယ်။ စိတ်ပျက်ပြီး အလိုမကျလည်းဖြစ်နေပါတယ်။

ဒီအချိန်မှာ ညက မိုးချုပ်မည်းမှောင်နေပါပြီ။ ဝန်းကျယ်ကြီးထဲ လူတစ်ယောက်မှမရှိတော့ဘူး။ လမ်းဘေးမီးတိုင်က ခပ်ဖျော့ဖျော့မီးရောင်တွေပဲရှိတော့တယ်။ ဝါကျင့်ကျင့်မီးရောင်တွေက ဖြတ်သွားဖြတ်လာလူတွေရဲ့နောက်ထံပါးက ကံကြမ္မာအရိပ်တွေကို ပိုပြီးရှည်အောင်ပြုလုပ်ပေးနေခဲ့ပါတယ်။

ဟိုးအဝေးမှာ အနည်းငယ်ထော့နင်းထော့နင်းဖြစ်နေပုံရတဲ့ သဏ္ဍာန်လေးတစ်ခုရှိပါတယ်။ မီးရောင်တွေရဲ့အောက်မှာ သဏ္ဍာန်လေးက ခေါင်းကိုငုံ့ပြီး လှုပ်လီလှုပ်လဲ့လမ်းလျှောက်လာနေတယ်။ 

သူ့ရဲ့အနွေးထည်အထူကြီးနဲ့ အပြာရင့်ရောင်လည်စီးပဝါကြီးကြောင့် စတွေ့တွေ့ချင်းမှာ ကောင်းထျန်းချန်ကသတိမပြုမိသေးဘူး။ နွေဦးရာသီနဲ့အံမကိုက်စွာ ဆောင်းရာသီမှာပဲကျန်ခဲ့ပုံရတဲ့ထိုလူက အတော်လေးပွယောင်းယောင်းနိုင်နေတယ်။

နောက်တော့ကောင်းထျန်းချန်က တစ်ခုခုကိုအာရုံခံမိသွားပြီး အဝေးကသဏ္ဍာန်ကို လှမ်းကြည့်နေခဲ့ပါတယ်။ ရင်းနှီးနေပါတယ်… သိပ်ကိုရင်းနှီးနေပါတယ်.. ဆိုပြီး ခံစားမိနေလို့ဖြစ်ပါတယ်။

မုကျင်… အချိန်သုံးလကျော်ကြာပြီးနောက်မှာတော့ သူ့ရဲ့ပျောက်ဆုံးသွားတဲ့အိုမီဂါကို ပြန်ရှာတွေ့ပါပြီ။

ကောင်းထျန်းချန်က ရနံ့တွေကိုထိန်းချုပ်ပြီး သူ့ကိုယ်သူအမှောင်ရိပ်ထဲကွယ်နေလိုက်တယ်။ နောက်တော့ မုကျင်နောက်က တိတ်တဆိတ်လိုက်လာခဲ့ပါတယ်။

မုကျင်က မျက်နှာတစ်ပြင်လုံးဖုံးကွယ်လုနီးပါးဖြစ်နေတဲ့ မျက်နှာဖုံးအကြီးကြီးကိုတပ်ထားတယ်။ စူပါမားကတ်တံဆိပ်ပါတဲ့ အဖြူရောင်ပလတ်စတစ်အိတ်ထွေလီကာလီတွေကို လက်တစ်ဖက်မှာဆွဲထားတယ်။ အခြားလက်တစ်ဖက်နဲ့ ခါးကိုထိန်းကိုင်ထားခဲ့ပါတယ်။

လမ်းဘေးမီးတိုင်တွေက သူ့ကိုယ်ပေါ်မှာဖြာကျနေပြီး လမ်းမထက်မှာအရိပ်ရှည်တစ်ခု ထင်ကျန်ရစ်စေတယ်။ ဆောင်းရာသီလက်ကျန် သစ်ရွက်ခြောက်တွေနဲ့ရောနှောပြီးတော့ပေါ့။

သူ့မျက်စိရှေ့ကမြင်ကွင်းက ကောင်းထျန်းချန်ရဲ့မျက်လုံးထဲကန့်လန့်ဖြစ်နေပေမယ့် တစ်ဖက်သားကိုခြောက်သလိုဖြစ်သွားမှာစိုးတာကြောင့် အလျင်စလိုလည်းမခေါ်ရဲဘူး။ နှလုံးသားထဲမဝံ့မရဲဖြစ်နေခဲ့တယ်။

မုကျင်က သူအစောတုန်းကသွားခဲ့တဲ့အိမ်မှာနေတာမှန်ပါတယ်။ ခပ်တိုးတိုးတံခါးကိုပိတ်သံကို ကြားပြီးမှာတော့ ကောင်းထျန်းချန်က လှေကားထဲအရိပ်ခိုနေရာကထွက်လိုက်တယ်။

သူက ပိတ်ထားတဲ့တံခါးကိုကြည့်နေရင်း တံခါးပေါ်ကချောင်းကြည့်ပေါက်လေးကိုသွားတွေ့တယ်။ အပေါက်က မုကျင်ကပ်ထားတဲ့ကံကောင်းခြင်းစာလုံးအောက်မှာကွယ်နေတာ။ ကောင်းထျန်းချန်က ငိုရမလား၊ရယ်ရမလား မသိတော့ဘူး။ တစ်ဖက်သားက လက်လွတ်စပယ်ဖြစ်လွန်းတာကိုလေ။ မတော်လို့ မသမာသူတစ်ယောက် တံခါးလာခေါက်ပါပြီရဲ့.. ဘယ်လိုလုပ်ကြမလဲ?

ကောင်းထျန်းချန်က တံခါးဘဲလ်ကို အသာအယာတီးလိုက်ပါတယ်။ ဒိနောက်မှာတော့ အိမ်ထဲကခြေသံတွေကိုကြားလိုက်ရတယ်။

………………….