(19)
Viewers 36k

“ဘယ်သူလဲ?” မုကျင်ရဲ့ကြည်လင်ပြီးသိမ်မွေ့တဲ့အသံက သစ်သားတံခါးထူထူကိုဖြတ်သန်းပြီး ဝိုးတဝါးထွက်လာတယ်။ အချိန်သုံးလကျော်ကြာပြီးတဲ့အချိန်မှာ ရုတ်တရက်အိပ်မက်ထဲရောက်နေသလားလို့ ကောင်းထျန်းချန်ခံစားလိုက်ရတယ်။

တံခါးတစ်ဖက်က အဖြေပြန်မလာဘူး။ မုကျင်က နည်းနည်းတော့ထူးဆန်းတယ်လို့ ခံစားနေရတယ်။ သူက တံခါးလက်ကိုင်ကိုအသာလှည့်ပြီး တံခါးပေါက်ကျဉ်းကျဉ်းလေးကနေ အပြင်ကိုချောင်းကြည့်လိုက်ပါတယ်။ ဧည့်သည်ကိုတွေ့တဲ့အချိန်မှာ မုကျင်က ရုတ်တရက်လန့်ဖြန့်သွားပြီး အလိုလျောက်တံခါးပြန်ပိတ်လိုက်တယ်။

ဒါပေမယ့် ကောင်းထျန်းချန်က တံခါးကိုဆွဲပြီး တားထားတယ်။ သူက မုကျင်ကိုပြန်ပိတ်ခွင့်မပေးဘူး။ သူတို့နှစ်ယောက် တံခါးဝမှာတွန်းလိုက်ဆွဲလိုက်ဖြစ်နေခဲ့တယ်။ ဒါပေမယ့် အယ်လ်ဖာနဲ့အိုမီဂါကြားက ခွန်အားကကွာခြားလွန်းတော့ အဆုံးမှာ တံခါးက ကောင်းထျန်းချန်ဆွဲဖွင့်တာခံလိုက်ရပါတယ်။

မုကျင်က သူ့ကိုလုံးဝမတားဆီးနိုင်ခဲ့ဘူး။ ဒါကြောင့် နောက်ပြန်လှည့်ပြီး အိမ်ထဲဝင်ပြေးဖို့ကြိုးစားပေမယ့် ကောင်းထျန်းချန်က သူ့ကိုပြန်ဆွဲထားပါတယ်။

“ရှောင်ကျင်…မင်း ငါ့ကိုတွေ့ရမှာ ဒီလောက်တောင်ပဲမုန်းနေလား?”

မုကျင်က မျက်လွှာကိုချလိုက်တယ်။ ဒါကြောင့် သူ့ခံစားချက်တွေကို ဘယ်သူမှမမြင်နိုင်တော့ဘူး။ သူက သူ့ကိုဆွဲထားတဲ့ကောင်းထျန်းချန်ရဲ့လက်တွေကို ခါချလိုက်ပြီး အတွေးတွေကလည်း လွင့်မျောနေတယ်။

“တစ်နေ့နေ့မှာ မင်းငါ့ကိုရှာတွေ့လိမ့်မယ်ဆိုတာ ငါသိပါတယ်” မုကျင်က အရေးမကြီးသလိုအသံနဲ့ ပြောပါတယ်။ ဒီနေ့တော့ရာသီဥတုကသာယာလိုက်တာ ဆိုတဲ့စကားကိုပြောနေသလိုမျိုး သူ့အသံကအေးဆေးတည်ငြိမ်နေတယ်။

သူက တစ်ဖက်ကိုလှည့်ပြီး ကောင်းထျန်းချန်ကိုအိမ်ထဲဝင်ခွင့်ပေးလိုက်တယ်။ နောက်တော့ မီးဖိုချောင်ထဲဝင်သွားပြီး ရေခွက်နှစ်ခွက်ကိုင်ကာပြန်ထွက်လာပါတယ်။

ကောင်းထျန်းချန်က အိမ်ထဲကိုနောက်ကလိုက်ဝင်လာတယ်။ ဝင်လာပြီးပြီးချင်းမှာ တစ်ဖက်လူကို စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်။ နောက်ကျောဘက်ကကြည့်နေတာတောင် တစ်ဖက်လူကအရင်ကထက်ပိုပိန်သွားတယ်လို့ ကောင်းထျန်းချန်ခံစားနေရတယ်။

တစ်ဖက်လူက အပြာရင့်ရောင်လည်စီးကြီးကိုချွတ်ထားပြီးနေပြီ။ ဒါကြောင့် ရှည်သွယ်တဲ့လည်ပင်းဖွေးဖွေးလေးက လစ်ဟာနေတယ်။ ပူဖောင်းနေတဲ့ဗိုက်ကတော့ ပိုပြီးကြီးလာတာ ပိန်ကပ်ကပ်ကိုယ်ခန္ဓာလေးနဲ့ လုံးဝသဟဇာတမရှိဘူး။ ကြည့်ရတာ စားလိုက်တဲ့အာဟာရတွေအကုန်လုံး ဗိုက်ထဲကကလေးမှာပဲသွားစုနေပုံရတယ်။

ကောင်းထျန်းချန်က အိမ်ခန်းထဲ လှည့်ပတ်ကြည့်ရှုနေခဲ့တယ်။ ဒါက အခန်းတစ်ခန်းသာပါတဲ့ hall-type ပုံစံတိုက်ခန်းတစ်ခုဖြစ်ပါတယ်။ အခန်းတွင်းအပြင်အဆင်က အတော်အသင့်ကောင်းမွန်တယ်လို့ပြောလို့ရတယ်။ ပစ္စည်းနည်းနည်းပါးပါးပဲရှိပေမယ့် သပ်ရပ်သန့်ရှင်းနေတယ်။ သပ်သပ်ရပ်ရပ်ခေါက်ထားတဲ့စောင်တစ်ထည်ကို ကုတင်ခြေရင်းမှာတင်ထားတယ်။ ထမင်းစားစားပွဲဘေးနားမှာ ပြောင်လက်အောင်တိုက်ထားတဲ့ပန်းအိုးတွေရှိပြီး လီလီပန်းတွေနဲ့ဝေဆာနေပါတယ်။

ကောင်းထျန်းချန်ရှေ့ ရေတစ်ခွက်ချပေးပြီးမှာ မုကျင်က အိပ်ရာဘေးကိုလျှောက်သွားတယ်။ သူက ဆိုဖာပေါ်မှာထိုင်နေတဲ့အယ်လ်ဖာကို အသိအမှတ်မပြုလိုဘူး။ စာအုပ်ဆိုင်ကစာရင်းဇယားတွေကိုထုတ်ပြီး အလုပ်လုပ်နေခဲ့တယ်။

နှစ်ယောက်စလုံးက ဘာတစ်ခွန်းမှမပြောကြတဲ့အခါ ပတ်ဝန်းကျင်လေထုက သုံညမှတ်အောက်အေးခဲနေခဲ့ပါတယ်။

ကသိကအောက်ဖြစ်နေတဲ့လေထုကိုဖြိုခွင်းဖို့အတွက် ကောင်းထျန်းချန်က စကားစဖို့ကြိုးစားတယ်။ ဒါပေမယ့် သူမပြောခင်မှာပဲ မုကျင်ရဲ့အသံ ရုတ်တရက်ထွက်လာတယ် “မင်း ငါ့ကိုရှာတွေ့တာ ငါ့မိဘတွေကို အချိန်တစ်ခုထိမပြောနဲ့ဦး၊ နောက်ပြီး အိမ်ပြန်လိုက်ဖို့လည်း မခေါ်နဲ့” 

သူက အလုပ်လုပ်နေတာကိုရပ်ပြီး ဆက်ပြောတယ် “ငါ အိမ်လည်းမပြန်ချင်ဘူး၊ မင်းကိုလည်း မတွေ့ချင်ဘူး” 

ကောင်းထျန်းချန်ရဲ့မှတ်ဉာဏ်တွေထဲမှာတော့ မုကျင်ဆိုတာ အမြဲတမ်းနူးညံ့ပြီး ပြောစကားနားထောင်ခဲ့တာ။ ဒါကြောင့် အခု မုကျင်ရဲ့ဆန့်ကျင်စကားတွေကိုကြားရချိန်မှာ သူ့နှလုံးသားက ဒေါသတွေနဲ့ပြည့်လာခဲ့တယ်။

“ရှောင်ကျင်.. မင်း ငါနဲ့ပြန်လိုက်ရမယ်၊ မင်းက ဒီမှာဒုက္ခခံနေတာလေ၊ မင်းအတွက်လည်းမကောင်းဘူး၊ ကလေးကလည်းခံနိုင်ရည်ရှိမှာမဟုတ်ဘူး” ကောင်းထျန်းချန်က နှလုံးသားထဲကဒေါသမီးတောက်တွေကိုမြိုချပြီး လေသံအေးနဲ့ဆွယ်တရားဟောပါတယ်။

“ဒုက္ခခံနေတယ်…” မုကျင်က တစ်ကိုယ်စာကြားရုံခပ်တိုးတိုးရေရွတ်တယ်။ လက်ထဲကခဲတံကို ခပ်တင်းတင်းဆုပ်ကိုင်ထားလို့လည်း လက်ဆစ်တွေတောင်ဖြူဖျော့နေခဲ့ပြီ။

“ဒါပေမယ့် ငါကတော့ ဒီမှာဘာဒုက္ခမှမခံစားရဘူး၊ … အင်းပေါ့… ဥစ္စာပစ္စည်းကတော့ အိမ်မှာလောက်ဘယ်ပြည့်စုံပါ့မလဲ” မုကျင်ကစကားတွေကိုပြောပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်လိုက်ကာ လက်ထဲကကျိုးလုနီးပါးခဲတံကိုအသာချပြီးမှ ပူဖောင်းဖောင်းဝမ်းဗိုက်ကို အသာအယာပွတ်ပေးနေခဲ့ပါတယ်။

“မင်းကတော့ သက်တောင့်သက်သာဖြစ်မှာပေါ့၊ ဒါပေမယ့် ဗိုက်ထဲကကလေးကိုရော စဉ်းစားပေးရဲ့လား၊ ဒီနေရာမှာ ဘာတွေကျွေးပြီး ဘယ်လိုပြုစုပျိုးထောင်မှာလဲ” ကောင်းထျန်းချန်က အဆောတလျင်ခွန်းတုံ့ပြန်ပါတယ်။

ရုတ်တရက်ထိုးတက်သွားတဲ့သူ့အသံကြောင့်လည်း မုကျင်က အလန့်တကြားဖြစ်သွားတယ်။ အသက်ရှုနှုန်းအနည်းငယ်မြန်လာပြီး အောက်စီဂျင်ဝင်လိုဝင်ငြား ရင်ဘတ်ကနိမ့်ချည်မြင့်ချည်ဖြစ်လာတယ်။

လန့်သွားတဲ့မုကျင်ကိုမြင်ပြီး ကောင်းထျန်းချန်ကနည်းနည်းတော့နောင်တရသွားတယ်။ ဒါကြောင့် ဒီဘက်ကိုလျှောက်လာပြီး မုကျင်ရဲ့တုန်ယင်နေတဲ့ကိုယ်လုံးကို ညင်ညင်သာသာလေးပွေ့ဖက်ကာ မွှေးရနံ့တွေနဲ့နှစ်သိမ့်ပေးလိုက်ပါတယ်။ လေသံကိုလည်း အတတ်နိုင်ဆုံးလျှော့ချပြီးပြောလိုက်ရတယ်။

“ရှောင်ကျင် ငါနဲ့ပြန်လိုက်ခဲ့ပါကွာ၊ နှစ်ဖက်မိသားစုတွေအကုန်လုံး မင်းကိုစိတ်ပူနေတာပါ၊ မင်းက သူတို့ရဲ့အချစ်ဆုံးသားလေးလေ၊ ပြီးတော့ ကလေးကလည်းတဖြည်းဖြည်းကြီးလာပြီ…..” သူ့စကားတွေ မဆုံးသေးဘူး၊ သူက မုကျင်အဝေးကိုတွန်းထုတ်တာခံလိုက်ရပါတယ်။

“မင်း.. တစ်ကိုယ်ကောင်းဆန်တဲ့ကောင်! မင်း ငါတို့ကလေးအတွက်ရော စဉ်းစားပေးဖူးရဲ့လား၊ မင်းရဲ့အရေးမပါတဲ့စိတ်ကြောင့် ငါတို့ကလေးကိုလျစ်လျူရှုလိုက်တော့မှာလား?” ကောင်းထျန်ချန်ရဲ့ချုပ်တည်းထားတဲ့ဒေါသတွေက တမဟုတ်ချင်းပြန်ထည်ထကြွလာခဲ့ပြီး သူ့ပြောစကားနားမထောင်တဲ့အတွက်လည်း ပိုလို့ဆိုးလာတယ်။

သူက မုကျင်ကိုအိပ်ရာပေါ်မှာတက်ဖိထားတယ်။ ဒါပေမယ့် ကလေးဆိုတဲ့အသိလေးရှိသေးတော့ ဗိုက်နေရာကိုရှောင်ပြီး မုကျင်ရဲ့မျက်နှာကိုသာ လက်နဲ့ကိုင်ထားပြီး အတင်းသူနဲ့မျက်နှာချင်းဆိုင်စေပါတယ်။

သူအမြဲတမ်းထင်ခဲ့တာက… သူ့အောက်ကလူက နူးညံ့ပြီးစိတ်သဘောထားကြီးတယ်လို့ပေါ့။ ဒါပေမယ့် ဒီလောက်တောင်ခေါင်းမာပြီး ပြောရဆိုရခက်တဲ့လူဖြစ်မှန်း မထင်မိခဲ့ဘူး။

မုကျင်က မျက်လုံးတွေကိုပိတ်ထားပြီး နှုတ်ခမ်းကိုတင်းတင်းစေ့ထားကာ စကားတစ်ခွန်းမှမပြောဘူး။ တစ်နေရာကိုသာ တွေဝေနေပုံရပြီး သူ့အပေါ်ကလူရဲ့ဒေါသတွေကို မသိကျိူးကျွံပြုထားခဲ့ပါတယ်။

ကောင်းထျန်းချန်က တစ်ခုခုပြောချင်သေးတယ်။ ဒါပေမယ့် သူ့အောက်ကလူ မျက်တောင်လေးတွေ တုန်ယင်ပြီးစိုစွတ်လာကိုမြင်တယ်။ မုကျင်ကတော့ မျက်ဝန်းထောင့်မှာစိုစွတ်လာတဲ့မျက်ရည်တွေကို သတိပြုမိပုံမရပါဘူး။ ဒါကြောင့် ကောင်းထျန်းချန်ရဲ့စကားတွေလည်း လည်ချောင်းထဲမှာပျောက်ရှသွားခဲ့ပါတယ်။  

ကောင်းထျန်းချန်က မတ်တပ်ထရပ်လိုက်တယ်။ နောက်ပြီး မုကျင်ကိုအိပ်ရာပေါ်မှာ နေရာချပေးပြီး စောင်ခြုံပေးလိုက်ပါတယ်။ သူက တံခါးပေါက်ကထွက်မသွားခင် နောက်ဆုံးစကားတစ်ခွန်းကို ပြောဖြစ်အောင်ပြောသွားပါသေးတယ် “ငါ မနက်ဖြန်ပြန်လာခဲ့မယ်” 

တံခါးအပြင်ဘက်မှာတော့ အမှိုက်အိတ်တစ်အိတ်ရှိပါတယ်။ အမှိုက်အိတ်အတွင်းမှာက ဘူးခွံတွေနဲ့ပြည့်နှက်နေတယ်။ အိမ်အပြင်ထွက်လာတဲ့ကောင်းထျန်းချန်က ဆောင့်ကြောင့်ထိုင်ပြီး သိလိုစိတ်နဲ့ အထဲကတစ်ခုကိုထုတ်ကြည့်တယ်။ ဒါက ကိုယ်ဝန်ဆောင်အားဆေးဘူးခွံတစ်ခုဖြစ်ပါတယ်။ တံဆိပ်က မုကျင်သုံးနေကျတံဆိပ်ဖြစ်ပြီး ဒါမျိုးတံဆိပ်တွေ သူတို့အိမ်မှာ အများကြီးရှိပါတယ်။

သူက အမှိုက်အိတ်ထဲလှန်လှောရှာဖွေတယ်။ အတွင်းမှာက အားဆေးဘူးတွေချည်းပဲ။ နောက်ပြီး အယ်လ်ဖာရနံ့အစားထိုးဆေးဝါးတွေလည်းရှိတယ်။

မုကျင်ရဲ့အခုလက်ရှိစီးပွားရေးအခြေအနေ သိပ်မကောင်းမှန်း သူသိပါတယ်။ နောက်ပြီး ဒီပစ္စည်းတွေက ပေါပေါပဲပဲရတဲ့အရာတွေမဟုတ်ဘူး။ အတော်အတန်ဈေးကြီးတယ်လို့ပြောလို့ရတယ်။ ဒါတွေအကုန်လုံးသုံးစွဲဖို့ သိပ်တော့မလွယ်ကူလှဘူး။ 

သူတို့ကလေးကိုဂရုမစိုက်ဘူးလို့ မုကျင်ကို သူအခုလေးတင်ပြောခဲ့မိတယ်။ ကောင်းထျန်းချန်က ဘူးခွံတွေကိုငုံ့ကြည့်ရင်း အတွေးတွေထဲချာချာလည်နေတယ်။ သူက ခေါင်းကိုလက်နဲ့ဖိထားခဲ့ရတယ်။ နောက်တော့ တံခါးဘဲလ်ကိုနှိပ်မယ်ဆိုပြီး လက်လှမ်းလိုက်ပြန်တယ်။ 

ဒါပေမယ့် အဆုံးမှာတော့ လက်လျော့လိုက်ပြီး တံခါးရှေ့ကထွက်သွားခဲ့ပါတယ်။

…………….