(20)
Viewers 32k

ကောင်းထျန်းချန်က ကြော့ကြော့မော့မော့ပြန်ထွက်သွားခဲ့တယ်။ ဒါပေမယ့် မုကျင်ကတော့ လေးလံထိုင်းမှိုင်းပြီး အိပ်ရေးပျက်ရတဲ့ညတစ်ညကို ဖြတ်သန်းခဲ့ရပါတယ်။

နောက်တစ်နေ့မှာတော့ မုကျင်က ခါတိုင်းလိုပဲအလုပ်ဆင်းဖို့ စာအုပ်ဆိုင်ကိုလာခဲ့ပါတယ်။ ဒီအချိန်မှာ ကုကျစ်ချန်က စာအုပ်စင်ရှေ့မှာမတ်တပ်ရပ်ရင်း စာအုပ်အမျိုးအစားအသစ်တွေကို ခွဲခြမ်းစီရီပြီးစင်ပေါ်တင်နေခဲ့တယ်။ သူက အပြုံးလေးနဲ့နှုတ်ဆက်လိုက်ပေမယ့် မုကျင်ရဲ့ဖြူဖျော့ဖျော့မျက်နှာနဲ့ မျက်လုံးအောက်ကမျက်ကွင်းညိုကြီးတွေကိုတွေ့လိုက်ပါတယ်။

မုကျင်ရဲ့အသားအရောင်မကောင်းတာကို ကုကျစ်ချန်ကမြင်တယ်။ ဒါကြောင့် သူ့ကိုနားနေခန်းထဲ ခေတ္တခဏသွားအနားယူဖို့ပြောတယ်။ ဒီနေ့က ပိတ်ရက်မဟုတ်တာကြောင့် ဈေးဝယ်သူတွေအများကြီးမရှိဘူးလေ။ 

ဒါပေမယ့် မုကျင်က သူ့ကိုခပ်တိုးတိုးငြင်းဆိုလိုက်ပါတယ် “ကျွန်တော်ဘာမှမဖြစ်ပါဘူး၊ မနေ့ညက ကောင်းကောင်းအိပ်မပျော်လိုက်လို့ပါ၊ တစ်မိနစ်ဆို အသင့်ဖြစ်ပါပြီ”

ကုကျစ်ချန်က စိုးရိမ်နေခဲ့တယ်။ မုကျင်နဲ့အတူအလုပ်လုပ်လာတဲ့ဒီရက်ပိုင်းတွေအတွင်း သူ အလိုလိုသိလာတာတစ်ခုရှိတယ်။ အဲဒါက တစ်ဖက်လူမှာ ပြောမထွက်တဲ့အခက်အခဲအချို့ရှိတာကိုပဲ။ ဒါပေမယ့် မုကျင်ကတော့ သူ့နှလုံးသားကို အခြားသူတွေဆီမှာဖွင့်ထုတ်ပြသဖို့ ဆန္ဒမရှိခဲ့ဘူး။ စိတ်ဖိစီးမှုတွေလေးလံနှိပ်စက်လာတဲ့အထိ ကိုယ့်ကိုကိုယ်ပိတ်ဆို့ထားတတ်ပါတယ်။

ဒီတစ်မနက်လုံး မုကျင်ရဲ့လုပ်ငန်းခွင်အခြေအနေသိပ်မကောင်းခဲ့ဘူး။ သာမန်ဆို အလိုက်တသိဖင်ပေါ့ပေမယ့် ဒီနေ့မှာတော့ သူ့စိတ်တွေက တစ်နေရာရာကိုပျံ့လွင့်နေခဲ့တယ်။ ကြော်ငြာဘုတ်ကြီးကိုလည်း မတော်တဆဝင်တိုက်မိလိုမိ၊ စာအုပ်ဖိုးတွေလည်း မှားကောက်လိုကောက်ဖြစ်ခဲ့တာပေါ့။

နေ့လည်စာအနားယူချိန်မှာတော့ ကုကျစ်ချန်က အရှေ့ဘက်ကောင်တာဆီသွားပြီး လက်ဖက်ရည်ပူပူတစ်ခွက်ဖျော်လာတယ်။ သူက အခန်းထဲပြန်ဝင်လာတော့ ဆိုဖာပေါ်မှာထိုင်တစ်ဝက်မှီတစ်ဝက် ငြိမ်ငြိမ်လေးလဲလှောင်းနေတဲ့မုကျင်ကိုမြင်ပါတယ်။ မုကျင်ကိုကြည့်ရတာ မျက်တွင်းတွေချောင်ပြီး မောပန်းနေပုံရပါတယ်။ သူက ဗိုက်ကိုလက်နဲ့ထိထားပြီး စက်ဝိုင်းသဏ္ဍာန်လှည့်ပတ်ပွတ်ပေးနေပါတယ်။

မုကျင်တစ်ယောက် တကယ့်ကိုသောကတွေနဲ့ဖိစီးလေးလံနေတယ်လို့ ကုကျစ်ချန်ခံစားနေရတယ်။ ဒီလူက အပြင်ပန်းသန်မာသယောင်ထင်ရပေမယ့် အမြဲတမ်းအထိမခံလောက်အောင်နုနယ်တယ်။

“ရှောင်ကျင်… မင်း နေလို့မကောင်းတာ ငါသိတယ်၊ အိမ်ပြန်ပြီးအနားယူလိုက်ပါလား” ကုကျစ်ချန်က အညင်သာဆုံးပြောပါတယ်။ သူ့လေသံထဲ တောင်းပန်တိုးရှိုးသံတွေပါ ပါဝင်နေခဲ့တာပါ “နေ့လည်ပိုင်းဆို ဧည့်သည်သိပ်မကျတတ်ဘူးလေ၊ ကိုယ်တစ်ယောက်တည်းရပါတယ်”

မုကျင်က တကယ့်ကိုမခံနိုင်တော့ပါဘူး။ မနေ့ညက တစ်ညလုံးအိပ်ရေးပျက်ခဲ့ရတယ်။ တိတ်ဆိတ်တဲ့ညကုန်ဆုံးလို့ မိုးသောက်ဦးရဲ့ပထမဆုံးရောင်ခြည်ကို တစ်ယောက်တည်းမြင်ခွင့်ရခဲ့တယ်။ အခုတော့ အလွန်တရာမောပန်းနွမ်းနယ်မှုတွေက သူ့တစ်ကိုယ်လုံးလွှမ်းခြုံနေပြီ။ ဗိုက်ထဲကကလေးကလည်း ငြိမ်ငြိမ်သက်သက်မရှိတာကြောင့် တစ်ချက်တစ်ချက်စူးအောင့်လာတဲ့ခံစားချက်နဲ့ အလုပ်ဆင်းချိန်ထိတောင့်ခံနိုင်စွမ်းမရှိတော့ပါဘူး။

“ကျေးဇူးတင်ပါတယ်၊ ဒုက္ခပေးမိပါပြီ….” မုကျင်က သူ့ရှေ့ကကြင်နာတတ်တဲ့ယောင်္ကျားကို အပြစ်လုပ်မိတဲ့မျက်ဝန်းတွေနဲ့ကြည့်ပါတယ်။ နောက်တော့ ဆိုဖာပေါ်ကကြိုးစားထလို့ အိမ်ပြန်ဖို့အရေး မာဖလာကိုလည်ပင်းမှာကောက်ပတ်ကာ ဆိုင်ထဲကထွက်လာခဲ့ပါတယ်။

နေ့တိုင်း အလုပ်သွားအလုပ်ပြန် ရင်းနှီးကျွမ်းဝင်နေတဲ့လမ်းမကြီး… အခုတော့ မုကျင်က လမ်းမကြီးပေါ်မတ်တပ်ရပ်ရင်း အဆုံးမရှိဘူးလို့ခံစားနေရတယ်။ ဒီလိုမျိုး ဘယ်တုန်းကမှမခံစားဖူးဘူး။ သူက ပင်ပန်းနေတဲ့ကိုယ်ခန္ဓာကိုသယ်ဆောင်ရင်း လမ်းမကြီးထက်မှာတရွေ့ရွေ့လှမ်းနေခဲ့ပေမယ့် အဆုံးသတ်ကတော့ ဘယ်ဆီနေမှန်းမသိခဲ့ပါဘူး။ 

သူက စက်ရုပ်တစ်ရုပ်လိုလမ်းလျှောက်ခဲ့ပြီး အိမ်ပြန်ရောက်လာခဲ့တယ်။ နောက်တော့ နူးညံ့တဲ့စောင်အောက်ခိုဝင်ပြီး မလှုပ်မယှက်အနားယူနေခဲ့ပါတယ်။ သူ့တစ်ကိုယ်လုံး ပင်ပန်းနွမ်းနယ်မှုတွေတရစ်ရစ်လွှမ်းခြုံနေခဲ့ပြီး စိတ်အလျဉ်အတွေးရေယာဉ်ကတော့ အကာအကွယ်မဲ့လွင့်မျောနေခဲ့ပါတယ်။

ကောင်းထျန်းချန်တစ်ယောက် တံခါးကိုဖွင့်ပြီးအိမ်ထဲဝင်လာတဲ့အချိန်မှာ ပထမဦးဆုံးမြင်လိုက်တဲ့အရာက အိပ်ရာပေါ်မှာကွေးကွေးလေးအိပ်မောကျနေတဲ့ မုကျင်ရဲ့ပုံသဏ္ဍာန်ကိုပါ။

သူက တစ်ဖက်လူနိုးသွားမှာစိုးလို့ ဝယ်လာတဲ့ပစ္စည်းတွေကို တစ်နေရာမှာတင်ရင်း ကုတင်ဘေးနား ဖြည်းဖြည်းချင်းကပ်လာတယ်။ နောက်တော့ ကုတင်ပေါ်ကလူကို တိတ်တဆိတ်စိုက်ကြည့်နေခဲ့ပါတယ်။

ကောင်းထျန်းချန်က တပါးသူရဲ့သွင်ပြင်လက္ခဏာကို တစ်ခုချင်းစီကြည့်နေခဲ့ပါတယ်။ အမှန်တိုင်းပြောရရင် မုကျင်နဲ့မုကျယ်က လုံးဝချွတ်စွတ်တူတယ်ရယ် မဟုတ်ဘူး။ မျက်ခုံးတန်းတွေ အနည်းငယ်တူသယောင်ရှိပေမယ့် စိတ်နေသဘောထား လုံးလုံးကြီးကိုကွာခြားတယ်။

မုကျယ်ရဲ့မျက်နှာကို နူးညံ့ပြီးချစ်စရာကောင်းတယ်လို့ပြောမယ်ဆိုရင် မုကျင်က ပိုပြီးချောမောလှပတယ်လို့ သတ်မှတ်လို့ရတယ်။ ဒီနေရာမှာ အံ့သြစရာကောင်းလောက်အောင် ချောမောလှပတာမျိုးမဟုတ်ပေမယ့် ကြည့်ကောင်းပါတယ်။

မုကျင်မှာ အရင်ကတည်းက အလွန့်အလွန်ဖြူဖွေးတဲ့အသားအရေရှိတာ သူမှတ်မိတယ်။ ဒါက ငယ်ငယ်လေးတည်းက ကျန်းမာရေးမကောင်းလို့ဖြစ်နိုင်ပေမယ့် အခုတော့ သူ့အသားအရေက ပိုလို့တောင်ဖြူဖျော့လာနေပြီ။ မုကျင်ရဲ့အိပ်ပျော်နေဟန်က အိပ်မွေ့ချခံရသူတစ်ယောက် အနားမရနိုင်သလို ကယောင်ကတမ်းဖြစ်နေခဲ့ပါတယ်။

သူကြည့်နေရင်းမှာပဲ မုကျင်က ကလေးလေးတစ်ယောက်လိုကိုယ်ခန္ဓာကိုကျုံ့လိုက်တယ်။ နောက်တော့ မဆိုသလောက်လေး တုန်တုန်ယင်ယင်ဖြစ်လာတယ်။ နဖူးပေါ်မှာလည်း ချွေးစလေးတွေထွက်လာတယ်။ သူ့ကိုကြည့်ရတာ နာကျင်နေပုံရတယ်။

စိုးရိမ်သွားတဲ့ကောင်းထျန်းချန်က မုကျင်ခြုံထားတဲ့စောင်ကိုခပ်သွက်သွက်လှန်လိုက်တယ်။ စောင်အောက်မှာတော့ မုကျင်ရဲ့လက်တွေက ဗိုက်အောက်ပိုင်းကိုဖိထားတယ်။ ဗိုက်ပေါ်ကအင်္ကျီတွေကို ခပ်တင်းတင်းဆွဲဆုပ်ထားပြီး ကိုယ်ခန္ဓာကတောင့်တင်းနေပါတယ်။

ကလေးက တဖြည်းဖြည်းကြီးလာတာနဲ့အမျှ မိခင်ရဲ့စိတ်အခြေအနေက ပိုပိုပြီးဆိုးရွားလာရတာပါ။ ကလေးက မုကျင်ရဲ့ဗိုက်ထဲ အနားမရနိုင်ဖြစ်နေပြီး အိပ်ပျော်နေရင်းမှာတောင် မျက်မှောင်ကျုံ့လာရတဲ့အထိ တွန်းထိုးရုန်းကန်နေခဲ့ပါတယ်။

ကောင်းထျန်းချန်က လက်ဖဝါးနှစ်ဖက်ကို ပူလာအောင်ပွတ်လိုက်တယ်။ နောက်တော့ အိပ်နေရင်းထိခိုက်မိမှာစိုးလို့ မုကျင်ရဲ့လက်တွေကို ဗိုက်ပေါ်ကဖယ်ပေးလိုက်ပါတယ်။ သူက တစ်ဖက်လူရဲ့ဖောင်းနေတဲ့ဗိုက်ကို ဖွဖွလေးထိလိုက်ပြီး ဂရုတစိုက်ပွတ်ပေးနေတယ်။ နောက်ပြီး မုကျင်ရဲ့အနားမရတဲ့စိတ်တွေကို နှစ်သိမ့်ပေးဖို့ သူ့ကိုယ်ပိုင်ရနံ့တွေထုတ်ပေးပါတယ်။

သူ သတိမထားမိလိုက်တဲ့မျက်စိတစ်မှိတ်အတွင်းမှာ ကလေးလေးက မုကျင်ရဲ့ဗိုက်ထဲ ကြီးထွားဖွံ့ဖြိုးလာခဲ့တယ်။ မကြာခင်မှာ သူရဲ့ပထမဦးဆုံးကလေး လောကကြီးထဲရောက်လာတော့မယ်။

မုကျင်ရဲ့တွန့်ချိုးနေတဲ့မျက်ခုံးတွေက တဖြည်းဖြည်းနဲ့ သက်တောင့်သက်သာအခြေအနေမှာ ပြန်လည်ဖြောင့်တန်းလာတယ်။ မျက်တောင်ရှည်ကြီးတွေက တဖြတ်ဖြတ်ခတ်ရာက တည်ငြိမ်လာပြီး လက်တွေကတော့ ရင်ဘတ်ပေါ်မှာ အေးအေးလူလူဖြစ်လာတယ်။ သူ့ပုံစံက အတော်လေးအနားရသွားပုံရတယ်။

မုကျင်က အိပ်မောကျနေခဲ့တာဖြစ်ပါတယ်။ သူက စွဲလမ်းယစ်မူးစရာကောင်းတဲ့အိပ်မက်တစ်ခုထဲမှာ ရောက်ရှိနေခဲ့တယ်။ သူ့ရဲ့ပင်ပန်းနွမ်းနယ်နေတဲ့ကိုယ်ခန္ဓာက အရောင်အသွေးစုံတဲ့နူးညံ့မှုတွေကြားမှာ ယုယုယယထွေးပိုက်ခံထားရတယ်။ ဒါက အိပ်မက်တစ်ခုပေါ့။ သူ ဘယ်တုန်းကမှ မမက်ခဲ့ဖူးတဲ့ အိပ်မက်တစ်ခု… 

……………………