(22)
Viewers 36k

မနက်ပိုင်းမှာ နွေးထွေးတဲ့နေရောင်ခြည်က အိပ်ရာပေါ်ကိုဖြာကျလာခဲ့ပါတယ်။ နေရောင်အစက်အပြောက်တွေက မနေ့ညကမောပန်းနွမ်းနယ်စွာအိပ်ပျော်သွားခဲ့တဲ့ မုကျင်ရဲ့မျက်ဝန်းတွေပေါ်မှာ ကျရောက်နေခဲ့တယ်။ ဒီမနက်နိုးလာတဲ့အချိန်မှာ သူခံစားလိုက်ရတာက …ခါးနာလိုက်တာ..

ဒီအချိန်မှာ သူနိုးခါစပဲရှိသေးတယ်။ ဦးနှောက်ကကောင်းကောင်းအလုပ်မလုပ်သေးဘူး။ မျက်လုံးတွေက တစ်နေရာကိုစိုက်ကြည့်နေပြီး အကြည့်တွေကယောင်ဝါးဝါးဖြစ်နေပါတယ်။

ကောင်းထျန်းချန်က အစောကြီးကတည်းကနိုးနေခဲ့ပြီးပြီ။ သူက အပြင်ဘက်ကောင်းကင်ကြီးကိုကြည့်ပြီး စောလွန်းသေးတာကြောင့် မုကျင်ကိုမနှိုးဘဲ သူ့ဖာသာသူ တိတ်တိတ်လေးထလာခဲ့တာဖြစ်ပါတယ်။ အခု သူက မီးဖိုချောင်ထဲ မနက်စာပြင်ဆင်နေခဲ့တယ်။ 

ဒီနေ့က မုကျင်မီးဖွားခွင့်မယူခင် နောက်ဆုံးအလုပ်ဆင်းရမယ့်နေ့ဖြစ်တယ်။ ညနေကျရင် အလုပ်စောစောဆင်းပြီး စာအုပ်ဆိုင်မှာလာကြိုမယ်လို့ ကောင်းထျန်းချန်က သူ့ကိုပြောထားခဲ့တယ်။

မုကျင်က အိပ်ရာပေါ်က ဒယိမ်းဒယိုင်ထလာပြီး အဝတ်အစားလဲဖို့ပြင်တယ်။ ဒါပေမယ့် အဝတ်အစားတွေကို သူထိတောင်မထိနိုင်ခင်လေးမှာတင် ကောင်းထျန်းချန်က ဆွဲယူသွားတယ်။ သူက အဝတ်အစားတွေကိုဖြန့်နေပြီး ကြယ်သီးဖြုတ်ပေးဖို့ မုကျင်ရဲ့ညဝတ်အင်္ကျီရှိရာဆီ လက်လှမ်းလိုက်တယ်။

“ထျန်းချန်… ငါ့ဖာသာငါလုပ်နိုင်တယ်” ကောင်းထျန်းချန်ရဲ့လက်က သူ့ရဲ့ရင်ဘတ်နူးညံ့တဲ့အရေပြားကို ခပ်ဖွဖွထိတွေ့ပါတယ်။ မုကျင်ရဲ့မျက်နှာလည်း အနီရောင်သန်းလာတော့တာပေါ့။ သူက လက်ကိုယမ်းပြီးငြင်းပယ်လိုက်ပါတယ်။

ကောင်းထျန်းချန်က မုကျင်ရဲ့လက်ကိုဖမ်းဆွဲလိုက်တယ်။ နောက်ပြီး ဘေးဘက်မှာပြန်ချပေးရင်း တစ်ပါးသူရဲ့ငြင်းဆိုချက်တွေကို မသိကျိုးကျွံပြုထားတယ်။ သူက မုကျင်အင်္ကျီလဲတာကို သေသေချာချာလေးကူညီလုပ်ကိုင်ပေးပါတယ်။ မသိရင်ပဲ နွေဦးရာသီမှာတိုက်ခတ်လာတဲ့လေအေးအေးတွေကြောင့် မုကျင်နေမကောင်းဖြစ်မှာကိုစိုးရွံ့သလိုမျိုး မာဖလာကိုပါ လည်ပင်မှာသေချာပတ်ပေးလိုက်ပါတယ်။

“လာစားတော့၊ ငါ မနက်စာပြင်ထားပြီးပြီ” သူက တစ်ဖက်လူရဲ့ကိုယ်ခန္ဓာအလေးကြီးကို ဖေးမကူညီရင်း စားပွဲရှိရာခေါ်လာကာထိုင်ခိုင်းလိုက်တယ်။

မုကျင်က ခေါင်းကိုငုံ့ပြီးမျက်လွှာကိုချကာ စားစရာတွေကိုဖြည်းဖြည်းချင်းဝါးနေခဲ့ပါတယ်။ ဒါပေမယ့် သူ့နှလုံးသားထဲမှာ လွန်ဆွဲနေတဲ့အကြောင်းအရာလေးတွေလည်းရှိတယ်။ ကောင်းထျန်ချန်က အခု သူ့အပေါ် သိပ်ကိုကြင်နာလွန်းနေတယ်။ သူ့အိပ်မက်ထဲကထက်တောင် ပိုကောင်းနေတယ်။

ကောင်းထျန်းချန် သိပ်ကိုတော်လွန်းတာ မုကျင်သိပါတယ်။ သူက ချစ်စိတ်ကြီးတယ်၊ ရင့်ကျက်တယ်၊ နောက်ပြီး တာဝန်ယူတတ်တဲ့စိတ်ကလေးလည်းရှိတယ်။ ဒီလိုအရာမျိုး အများကြီးမဟုတ်ဘဲ နည်းနည်းကလေးပဲရှိရင်တောင်မှ သူက သူ့ကို အရိုးထဲစွဲနစ်နေအောင် ချစ်နေခဲ့ပြီးပြီ။

ဒါပေမယ့် အခုတော့ သူ မတွေးတတ်တော့ဘူး။ ကောင်းထျန်းချန်ရဲ့ကြင်နာမှုတွေက ခင်ပွန်းသည်တစ်ယောက်မှာရှိရမယ့်တာဝန်တွေကြောင့်လား.. ဒါမှမဟုတ်.. သူ မမျှော်မှန်းရဲတဲ့ အချစ်စိတ်ကလေးနည်းနည်းကြောင့်လား?

မုကျင်ရဲ့ခေါင်းတစ်ခုလုံးကိုက်ခဲနေခဲ့တယ်။ သူ နောက်ထပ်ထပ်မတွေးချင်တော့ဘူး။ တစ်စုံတစ်ယောက်ကိုချစ်ပေးရတာ ဘယ်လောက်တောင်များ ခက်ခဲလိုက်လဲ?

ဘာပဲဖြစ်ဖြစ် ကလေးမွေးပြီးတဲ့အချိန်ကျရင်တော့ သူတို့ကြားကအရာအားလုံး အဆုံးသတ်သွားလိမ့်မှာဖြစ်ပါတယ်။

တိတ်တဆိတ်စားသောက်ပြီးတဲ့အချိန်မှာ နှစ်ယောက်လုံးက ကိုယ်စီအလုပ်တွေရှိရာကို ထွက်လာခဲ့ကြတယ်။ ကောင်းထျန်းချန်က သူ့ကို စာအုပ်ဆိုင်လိုက်ပို့ပေးချင်တယ်၊ ဒါပေမယ့် ကားပတ်မောင်းရလို့ သူ့အချိန်တွေကိုမဖြုန်းပစ်ချင်တဲ့မုကျင်က ငြင်းတယ်။ သူက စာအုပ်ဆိုင်နီးနီးလေးကို သူ့ဖာသာသူလမ်းလျှောက်သွားလည်း ရတယ်လေ။

အလုပ်ရဲ့နောက်ဆုံးနေ့ဆိုပြီး မုကျင်က ရေသာခိုပျင်းရိမနေခဲ့ပါဘူး။ တိတိကျကျမြန်မြန်ဆန်ဆန်ငွေကောက်တယ်။ ကြော်ငြာဘုတ်ကိုလည်း တီထွင်ဆန်းသစ်မှုရှိအောင်ရေးဆွဲထားတယ်။ စာအုပ်တွေကိုအမျိုးအစားခွဲရမှာလည်း ရှုပ်ထွေးမှု နည်းနည်းလေးတောင်မရှိဘူး။

သူ့နှလုံးသားထဲမှာ ကုကျစ်ချန်ဆိုတာဘယ်လိုလူမျိုးလဲ။ သူ့အပေါ်မှာ သိပ်ကိုကြင်နာပေးခဲ့တဲ့လူတစ်ယောက်ပါ။ သူက နွေးထွေးတဲ့နေရောင်ခြည်လို နူးညံ့တယ်။ သူ စိတ်ဓါတ်အကျဆုံး၊ အကူညီမဲ့ဆုံးအခြေအနေတွေမှာ လက်ကိုကမ်းလို့ အကူအညီတွေပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။

အလုပ်ဆင်းချိန်ကပ်လာတဲ့အချိန်မှာတော့ မုကျင်က ကုကျစ်ချန်ကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်စကားတွေပြောနေခဲ့တယ်။ ဒါပေမယ့် တစ်ဖက်လူကတော့ တောက်ပနေတဲ့ကြယ်တွေကို မျက်လုံးထဲမြင်နေရသလိုမျိုး နှုတ်ခမ်းတွေတွန့်ကွေးနေခဲ့ပါတယ်။

ကုကျစ်ချန်က မုကျင်ရဲ့ပုခုံးကို ဖွဖွပုတ်ပြီးပြောပါတယ် “မင်း ကိုယ့်ကိုတကယ်ကျေးဇူးတင်တယ်ဆိုရင် ဒီကလေးရဲ့မွေးစာအဖေလုပ်ခွင့်ပေး.. ဘယ်လိုလဲ?”

မုကျင်က အံ့အားသင့်တဲ့မျက်ဝန်းလေးတွေနဲ့ စိုက်ကြည့်ပြီးတော့မှ အပြုံးလေးနဲ့သဘောတူလိုက်ပါတယ်။

ဒီခဏမှာ ဘန်တလေအနက်ရောက်ကားတစ်စီး ရောက်ချလာပြီး ဆိုင်ရှေ့မှာရပ်သွားပါတယ်။

ကောင်းထျန်းချန်က အလုပ်ဆင်းကာစ၊ သူ့ရဲ့အနက်ရောင်အနောက်တိုင်းဝတ်စုံကိုတောင် မလဲရသေးဘူး။ အရပ်ရှည်ရှည်တောင့်တောင့်ဖြောင့်ဖြောင့်ကိုယ်ခန္ဓာ၊ ချောမောတဲ့မျက်နှာပေါ်မှာ ဘာအမူအရာမှမရှိဘူး။ ခါတိုင်းလို တည်ငြိမ်ပြီးခန့်ညားတဲ့အသွင်ပဲရှိတယ်။ သူ့ကိုကြည့်ရတာ အောင်မြင်တဲ့လူတစ်ယောက်မှန်း တစ်ချက်ကြည့်ရုံနဲ့ မင်းပြောနိုင်ပါတယ်။

ဘန်တလေကားပေါ်ကဧည့်သည်က စာအုပ်ဆိုင်ထဲခြေချလာတယ်။ ဟိုသည်ကွေ့ဝိုက်မနေဘဲ မုကျင်ရှိရာငွေရှင်းကောင်တာဆီ တည့်တည့်လျှောက်လာပါတယ်။

ဒီလူက မုကျင်ရဲ့အယ်လ်ဖာဖြစ်မယ်လို့ ကုကျစ်ချန်တွေးလိုက်တယ်။ သူ့မွှေးရနံ့က မုကျင်ရဲ့မွှေးရနံ့နဲ့ တူနေလို့ဖြစ်ပါတယ်။

ဧည့်သည်က မုကျင်ထုတ်ပိုးတာကိုစောင့်နေတုန်းမှာ ကောင်းထျန်းချန်က ကုကျစ်ချန်ကိုပြောပါတယ် “ဒီအတောတွင်းမှာ ကိုယ့်ပါတနာကိုစောင့်ရှောက်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ်” 

ကုကျစ်ချန်က ငွေရှင်းစက်ဘေးနံရံမှာကိုယ်တစ်ဝက်ကို မှီထားတယ်။ သူက ဘီလ်စာရွက်ကိုထုတ်ပေးရင်း ပြောတယ်။

“သူ့ကို အသေးစိတ်ပြုစုစောင့်ရှောက်ပေးတဲ့လူက သူ့အယ်လ်ဖာဖြစ်သင့်တာ မဟုတ်ဘူးလား?”

ကုကျစ်ချန်က ဒီအယ်လ်ဖာကိုမနှစ်သက်ပါဘူး။ ဒီအယ်လ်ဖာက ဝတ်ကောင်းစားလှတွေနဲ့သားနားပေမယ့် ဂရုစိုက်တတ်တဲ့လူစားမျိုးမဟုတ်ဘူးလေ။ ပြီးခဲ့တဲ့လတွေအတွင်းမှာ မုကျင်တစ်ယောက် ကလေးနဲ့ဘယ်လောက်ဒုက္ခရောက်ခဲ့ရသလဲ၊ သူကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ ကြုံတွေ့ထားခဲ့လို့ဖြစ်ပါတယ်။

နွေဦးရာသီအစောပိုင်းမှာ အေးမြတဲ့လေပြည်လေညှင်းလေးတွေ တိုက်ခတ်နေခဲ့တယ်။ အားလုံးသိမ်းဆည်းလို့အပြီးမှာတော့ မုကျင်က ဆိုင်အပြင်ဘက်ထွက်လာခဲ့တယ်။ အပြင်ဘက်မှာက အေးစက်နေတယ်။ ဒါကြောင့် မုကျင်ရဲ့အားနည်းတဲ့ကိုယ်ခန္ဓာက အေးစက်စက်လေဒဏ်ကိုမခံနိုင်ဘဲ အနည်းငယ်တုန်ယင်သွားပါတယ်။

ဒီအချိန်မှာရုတ်တရက် သူ့ခန္ဓာကိုယ်က ပေါ့ပါးသွားတယ်။ သူ့ဦးနှောက်က ဘာဖြစ်တာလဲ လိုက်မတွေးနိုင်သေဘူး။ သူ့ခန္ဓာကိုယ်ကတော့ တောင့်တင်းခိုင်မာတဲ့ရင်ခွင်ထဲကို ကျရောက်သွားခဲ့ပါတယ်။

သူ မရဲတရဲမော့ကြည့်လိုက်တဲ့အခါမှာတော့ တောက်ပတဲ့အနက်ရောင်မျက်ဝန်းတစ်စုံနဲ့ ရင်ဆိုင်တွေ့ပါတယ်။ မြင်တွေ့လိုက်ရတဲ့မျက်ဝန်းတွေက ရေကန်တစ်ကန်ရဲ့မမြင်နိုင်တဲ့လှိုင်းကြက်ခွပ်လေးတွေလို နက်ရှိုင်းလွန်းနေခဲ့တယ်။

ကောင်းထျန်းချန်နဲ့ပတ်သက်သမျှအရာအားလုံးက မုကျင်အတွက်တော့ သေရာပါမယ့်စွဲလမ်းမှုတွေချည်းဖြစ်ပါတယ်။ သူက သူ့ရဲ့ပါးအို့နီရဲရဲလေးကို တစ်ဖက်လူရဲ့ကျယ်ပြောတဲ့ရင်ဘတ်ထဲမှာ ဖွက်ထားတယ်။ အနီရောင်စွန်းပေနေတဲ့ နားရွက်ဖျားကလေးတွေကိုသာ ချန်လှပ်ထားပါတယ်။

ကောင်းထျန်းချန်ရဲ့နူးညံ့မှုတွေကြား သူ နောက်တစ်ကြိမ်သာယာပျော်ဝင် မသွားချင်ဘူး။ ဒီလိုမှမဟုတ်ရင်တော့ အသေးငယ်ဆုံးနူးညံ့မှုကိုတောင် သူလက်လွှတ်နိုင်မှာမဟုတ်ဘူး။

မို့မောက်နေတဲ့ရင်ဘတ်ကြီးပေါ်တင်ထားတဲ့သူ့လက်တွေ ခဏတာချီတုံချတုံဖြစ်နေခဲ့ပါသေးတယ်။ နောက်တော့ သူ ကောင်းထျန်းချန်ကို တုန်တုန်ယင်ယင်နဲ့ပြန်လည်ဖက်ထားမိခဲ့တယ်။

ဘာပဲဖြစ်ဖြစ်ပါ.. သူတို့နှစ်ယောက်လုံးအတူရှိနေမယ့်နေ့ရက်တွေလည်း များများစားစားမှ မကျန်တော့တာပဲ။ နေတစ်ထောက်၊ မိုးတစ်ဖြောက် တဒင်္ဂလေးဆိုရင်တောင်မှ မုကျင်ကျေနပ်မိနေပါပြီ။

လှပတဲ့အိပ်မက်တစ်ခုမြင်မက်နေတယ်လို့ မင်းတွေးကြည့်လိုက်ပါလား….

အိပ်မက်တွေက မိုးသောက်ဦးလိုတောက်ပနေခဲ့ပါစေဦး… မင်း နိုးထရမယ့်တစ်နေ့ ရှိလာစမြဲ မဟုတ်ပါလား….

………………