မုကျင် စာအုပ်ဆိုင်မှာ အလုပ်မဆင်းတော့ကတည်းက သူ ဘယ်လောက်ခေါင်းမာမာနဲ့တောင့်ခံနေပါစေ ကောင်းထျန်းချန်က သူ့ကိုအိမ်ပြန်ခေါ်သွားခဲ့တယ်။
မော့လေးက အများကြီးကြီးထွားလာပြီ။ အမွေးတွေလည်းတောက်ပြောင်နေပြီး သေသေသပ်သပ်နဲ့ လှလှပပဖြစ်လာတယ်။ သူက မုကျင်ပြန်လာတာကိုမြင်ပြီး တက်ကြွလွန်းလို့ အမြီးလေးတယမ်းယမ်းဖြစ်နေခဲ့တယ်။ မုကျင်လက်ကိုလည်း ပန်းရောင်လျှာလေးနဲ့လိုက်လျက်ပြီး သွားရည်တွေနဲ့ပေပွသွားအောင်လုပ်ပစ်ခဲ့ပါသေးတယ်။
အိမ်မှာနေရတဲ့မုကျင်ရဲ့နေ့ရက်တွေက မပြောင်းမလဲမရှိ တသတ်မတ်တည်းပါ။ အိမ်ကိစ္စထွေလီကာလီအဝဝကို အန်တီချန်ကတာဝန်ယူတယ်။ မုကျင်ကတော့ အိပ်ရာပေါ် ပျင်းပျင်းရိရိလဲလှောင်းရင်း ကလေးဂရုစိုက်ရုံသာရှိပါတယ်။ အရမ်းပျင်းလာတဲ့အချိန်တွေမှာတော့ မုကျင်က စာအုပ်တစ်အုပ်ကိုကိုင်ပြီး ခြံဝန်းထဲနေပူစာလှုံနေတတ်တယ်။ နောက်ပြီး ခဏတဖြုတ်ဟိုသည်လမ်းလျှောက်နေတတ်ပါတယ်။ အိမ်ခြံဝန်းရဲ့အပြင်ဘက်ကိုတော့ ထွက်လေ့ထွက်ထမရှိခဲ့ပါဘူး။
ဒါပေမယ့် မုကျင်က မုမိသားစုကိုတော့ သူ့ဆီလာခွင့်မပြုဘူး။ ဘာကြောင့်ဆိုတာ ကောင်းထျန်းချန်လည်းမတွေးတတ်ဘူး။ မုကျင်ကိုမေးတော့လည်း ခေါင်းမာမာနဲ့ပဲ အကြောင်းရင်းကိုရေငုံနှုတ်ပိတ်နေခဲ့တယ်။
မနေ့တုန်းကတော့ ကောင်းထျန်းချန်က သူကောင်းကောင်းဂရုမစိုက်မိမှာစိုးရိမ်ပြီး ကိုယ်ဝန်စစ်ဆေးချက်တွေလုပ်တယ်။ မုကျင်က အားနည်းတတ်တော့ ဗိုက်ထဲကကလေး ထိခိုက်မှုရှိမှာစိုးလို့ဖြစ်ပါတယ်။
ဒါပေမယ့် ကံကောင်းတာက သန္ဓေသားအနည်းငယ်သေးငယ်တာကလွဲလို့ အခြားအရာတွေအားလုံးပုံမှန်အခြေအနေမှာရှိတယ်။ မွေးမယ့်ရက်က နောက်တစ်လကြာတဲ့အခါမှာ ဖြစ်ပါတယ်။
ကောင်းထျန်းချန်ရဲ့နှလုံးသားထဲမှာ တလိပ်လိပ်တက်လာတဲ့ တက်ကြွမှုအသေးစားလေးရှိတယ်။ သူ့သွေးနဲ့မုကျင်ရဲ့သွေးတွေ ရောနှောနေတဲ့ကလေးက နောက်ထပ်တစ်လကျော်ကြာတဲ့အချိန်မှာ မွေးဖွားလာတော့မှာဖြစ်တယ်။ သူက အံ့သြဖွယ်ရာတစ်ခုလိုခံစားနေရပါတယ်။
ရေချိုးမိုးပြီးလို့ ကောင်းထျန်းချန်ရေချိုးခန်းထဲကထွက်လာတဲ့အချိန်မှာ ညရောက်နေပါပြီ။ သူ့ရဲ့အရပ်ရှည်ရှည်ကိုယ်ခန္ဓာမှာ အဖြူရောင်ရေချိုးဝတ်ရုံကိုပတ်ထားတယ်။ စိုရွှဲနေတဲ့အနက်ရောင်ဆံပင်တွေမှာ ရေစက်တွေတတောက်တောက်ကျနေခဲ့ပါတယ်။
မုကျင်က ကုတင်ပေါ်မှာ ကိုယ်တစ်ဝက်မှီပြီးထိုင်နေတယ်။ သူ့ကျောနောက်မှာ ခေါင်းအုံးပျော့ပျော့တစ်လုံးခံထားပါတယ်။ ကုတင်ခေါင်းရင်းက မီးရောင်မှိန်မှိန်လေး သူ့ကိုယ်ပေါ်ဖြာကျနေခဲ့ပြီး မျက်လွှာချထားတဲ့မျက်တောင်ရှည်ကြီးတွေပေါ်မှာ အရိပ်ကျနေခဲ့တယ်။ သူ့ပေါင်ပေါ်မှာ စာအုပ်တစ်အုပ်ကိုတင်ထားတယ်။ ဖြူဖွေးဖွေးသေးသွယ်တဲ့လက်ချောင်းတွေက စာအုပ်ကိုတဖြတ်ဖြတ်လှန်နေတယ်။ ထူထဲတဲ့စောင်တစ်ထည်ကို သူ့ဗိုက်ပေါ်ဖုံးထားပြီး ပူဖောင်းနေတဲ့ဝမ်းဗိုက်နေရာက ကြည့်ကောင်းနေခဲ့ပါတယ်။
ကောင်းထျန်းချန်ရဲ့နှလုံးသားထဲ အမည်မသိတစ်စုံတစ်ရာက တဒုတ်ဒုတ်ခုန်လာခဲ့တယ်။ သူက ရေစိုဆံပင်တွေသုတ်ပြီး မုကျင်ဘေးနားဝင်ထိုင်လိုက်ပါတယ်။
“ဘာတွေဖတ်နေတာလဲ?” ခြုံစောင်ထဲမှာနွေးနေတယ်။ ဘေးနားကလူက စာအုပ်ကိုကြည့်နေတုန်းပဲ။ ဒါကြောင့် ကောင်းထျန်းချန်က သာမန်ကာလျှံကာမေးလိုက်တယ်။
“ဘာမှမဟုတ်ပါဘူး၊ ဟိုလှန်သည်လှန်ပါ”
မုကျင်ဆီကနေလွင့်ပျံလာတဲ့ စပယ်ပန်းရနံ့ဖျော့ဖျော့လေးကို ကောင်းထျန်းချန်ရှုရှိုက်မိပါတယ်။ ရနံ့က သူ့နှာခေါင်းကနေတစ်ဆင့် သူ့နှလုံးသားတိုင်အောင်ထိုးဖောက်ဝင်ရောက်လာတော့တာပေါ့။
သူက အနားကိုတိုးလာပြီး မုကျင်ကိုဖက်တယ်။ ကြွေရုပ်လေး ကွဲကြေမှာစိုးတဲ့အလား အသာအယာဖွဖွလေးဖက်ထားတာပါ။
တစ်ဖက်လူရဲ့နူးညံ့နွေးထွေးတဲ့ဝမ်းဗိုက်ပေါ်မှာ သူ့ခေါင်းကိုတင်ထားတယ်။ ဗိုက်ထဲက ကလေးလေး လှုပ်ရွလှုပ်ရွဖြစ်နေတာကိုလည်း ခြုံစောင်ကိုဖြတ်ပြီးခံစားမိတယ်။ ဒါက သူတို့ရဲ့ ကလေးလေးပါ။
မုကျင်က တောင့်တင်းသွားပြီးမှ စိတ်လျှော့ပြီးနောက်ကိုမှီလိုက်တယ်။ ဒါမှ သူ့ရှေ့ကလူ ကလေးရဲ့လှုပ်ရှားမှုတွေကို ကောင်းကောင်းခံစားမိမှာလေ။
“H ဌာနခွဲမှာ အလုပ်ရှိလို့ ငါ လဝက်လောက်သွားရလိမ့်မယ်” ကောင်းထျန်းချန်က သူ့ဗိုက်ပေါ်မှာ ခေါင်းတင်ထားတုန်းပဲ။ သူစကားပြောလို့ဖြစ်လာတဲ့တုန်ခါမှုက မုကျင်ကိုယားယံသွားစေတယ်။
“ငါ ပြန်လာတဲ့အထိ မင်း ကောင်းကောင်းအနားယူနေမယ်မလား”
“အင်း” မုကျင်က နွေးထွေးတဲ့အသံနဲ့ပြောပါတယ် “ငါ မင်းကိုစောင့်နေမယ်”
ညက မိုးချုပ်မှောင်မည်းနေခဲ့ပါပြီ။ မုကျင်က စာအုပ်ကိုဘေးကိုချလိုက်တယ်။ ကောင်းထျန်းချန်ကတော့ အိပ်ရာဘေးမီးအုပ်ဆောင်းကိုပိတ်ပြီး စောင်ကိုဆွဲလို့ခြုံပါတယ်။
မုကျင်က မျက်လုံးတွေကိုပိတ်ထားတယ်။ တစ်ခုခုကို ရတက်မအေးဖြစ်နေဟန်တူပါရဲ့။ ထူးဆန်းတဲ့ကြောက်ရွံ့မှုတစ်ခုက နှလုံးသားမှာတိတ်တဆိတ်နေရာယူလာခဲ့တယ်။
အဆင်ပြေပါတယ်။ လဝက်လောက်ပဲဟာ။ အချိန်မြန်မြန်ကုန်သွားမှာပါ။
သူက အနားမရနိုင်ဖြစ်နေတဲ့နှလုံးသားကို သူ့ကိုယ်သူနှစ်သိမ့်ပြီး မျက်လုံးတွေကိုပိတ်ထားတယ်။ ဒါပေမယ့် အိပ်လို့မရနိုင်ခဲ့ဘူး။
တစ်ခုသောနေ့လည်ခင်းမှာတော့ မုကျင်က နေ့လည်စာစားအပြီး အနောက်ဖက်ခြံဝန်းထဲ လမ်းလျှောက်ထွက်လာခဲ့တယ်။ ခါတိုင်းထက်အနည်းငယ်ပိုစားလိုက်လို့ ပြည့်အင့်နေတာလည်းပါပါတယ်။
ဒီအချိန်မှာ အပြင်ဘက်ရာသီဥတုကအုံ့မှိုင်းနေပြီး တိမ်မဲမဲတွေက မီးခိုးရောင်ကောင်းကင်မှာ လူးလားခေါက်ပြန်ဖြစ်နေခဲ့တယ်။ ကောင်းထျန်းချန်ထွက်သွားတာ လဝက်နီးပါးရှိနေပါပြီ။ ဒီအတောတွင်းမှာလည်း သူ့စိတ်တွေက လွင့်မျောနေတဲ့တိမ်တွေလို မတည်မငြိမ်ဖြစ်နေခဲ့တယ်။ အမြဲတမ်း ရှင်းမပြတတ်လောက်အောင် စိတ်မအေးမချမ်းဖြစ်နေပါတယ်။
ကောင်းထျန်းချန် မကြာခင်ပြန်ရောက်လာမှာပါလို့ပဲ စိတ်သွင်းထားရတယ်။
မုကျင် ဘာမှမပြောခဲ့ပေမယ့်လည်း နှလုံးသားထဲမှာတော့ မျှော်လင့်ချက်လေးတစ်ချို့တစ်ဝက်ရှိတယ်။ သူက ကြံ့ခိုင်တဲ့သူတစ်ယောက်မဟုတ်ရပါဘူး။ ကိုယ်ဝန်ရဲ့ဘေးထွက်ဆိုးကျိုးတွေကိုသာ ခံနိုင်ရည်ရှိချင်ရှိလိမ့်မယ်။ မှီခိုအားကိုးချင်တဲ့စိတ်ကလေးလည်း ရှိသေးတာပါပဲ။
ဝမ်းဗိုက်အောက်နားဆီက နဂိုဝေဒနာက ရုတ်တရက်စူးအောင့်သွားတယ်။ မုကျင်က သူ့ဝမ်းဗိုက်ကို ဖွဖွလေးပွတ်ပေးပါတယ်။ အထဲက ကလေးကို နှစ်သိမ့်ပေးသလိုမျိုး လက်ချောင်းတွေနဲ့ လှည့်ပတ်ပွတ်ပေးနေခဲ့တယ်။ ပြောရရင်လည်း သူကိုယ်ဝန်စရှိကတည်းက ဝမ်းဗိုက်ဝေဒနာက ပေါ်လိုက်ပျောက်လိုက်ပဲ။ ဒါကြောင့် ခါတိုင်းလိုပဲ ခဏအကြာမှာ အနာပျောက်သွားလိမ့်မယ်လို့တွေးပြီး သူစိတ်မပူဘူး။
မိုးရွာချတော့မယ့်ဟန်ပြင်နေတဲ့ ကောင်းကင်ကြီးကိုကြည့်ပြီး မုကျင်စိတ်တွေ ပိုလို့စိတ်မရှည်လက်မရှည်ဖြစ်လာတယ်။ ဗိုက်ကဝေဒနာကလည်း ပိုလို့ပြန့်လာတယ်။ မုကျင်က အိပ်ခန်းထဲကိုပြန်ပြီး ခေတ္တခဏအနားယူဖို့ စိတ်ကူးလိုက်ပါတယ်။
ကလေးကြီးထွားလာတာနဲ့အမျှ မုကျင်ရဲ့ခြေလက်တွေက ဆိုးဆိုးရွားရွားကြီးဖောရောင်လာတာ အထူးသဖြင့် သူ့ခြေထောက်တွေပဲ။ ဆိုဒ်တစ်ဆိုဒ်စာလောက် ပိုကြီးသွားလို့ ဖိနပ်တွေတောင်စီးမရခဲ့ဘူး။
သူက ဖြည်းဖြည်းလေးပဲလျှောက်နေခဲ့ရတယ်။ သူ့ခြေထောက်တွေက အားလျှော့နေတယ်။ ကြီးမားတဲ့ဝမ်းဗိုက်ပူပူကြီးက အရှေ့မှာပါ။ ခြေထောက်တွေကိုတောင် မမြင်နိုင်သလောက်ပါပဲ။
ခြံဝန်းထဲက ကွေးကွေးကောက်ကောက်လျှောက်လမ်းကို မာဘယ်ကျောက်ပြားတွေခင်းထားတယ်။ မနေ့ညက မိုးအကြီးအကျယ်ရွာပါတယ်။ မိုးရေတွေကြောင့် ကျောက်ပြားတစ်ချပ်ရဲ့အစွန်းက သာသာလေးကြွတက်နေတယ်။
မုကျင်ရဲ့မြင်ကွင်းကို ဗိုက်အကြီးကြီးကခံနေတာ။ သူက စောင့်ကြိုနေတဲ့အန္တရာယ်ကို သတိမမူမိခဲ့ပါဘူး။ ကျောက်ပြားစွန်းကိုခလုတ်တိုက်ပြီး အထိန်းအကွပ်မရှိ ပြုတ်ကျသွားခဲ့တယ်။ အေးစက်နေတဲ့မာဘယ်ကျောက်ပြားပေါ်မှာ ဒူးထောက်ပြီးလဲကျသွားခဲ့ပါတယ်။
ဗိုက်ထဲကကလေးက ပြင်းထန်တဲ့ချော်လဲကျမှုကြောင့် ရှော့ခ်ရသွားခဲ့တယ်။ ဝမ်းဗိုက်နာကျင်မှု ရုတ်တရက်ထိုးတက်သွားတာ မုကျင်ခံစားမိတယ်။ သူက လက်တစ်ဖက်ကို မြေကြီးပေါ်ထောက်ထားပြီး နောက်လက်တစ်ဖက်ကို ဗိုက်ရှေ့မှာဖက်ထားတယ်။ ခက်ခက်ခဲခဲအသက်ရှုနေခဲ့ရပါတယ်။
နဖူးပေါ်မှာချွေးစေးအေးအေးတွေစိမ့်ထွက်လာပြီး အရှေ့ဆံပင်တွေကိုစိုကပ်သွားစေခဲ့တယ်။ ဒူးထောက်လျက်သားနဲ့ ခြေထောက်တစ်စုံက ပျော့ခွေပြီးတုန်ယင်နေခဲ့တယ်။ မတူကွဲပြားတဲ့အောက်ဖက်အရပ်ဆီက နာကျင်မှုကို မုကျင်ခံစားမိလိုက်တယ်။ သူက ကြောင်တောင်တောင်ဖြစ်သွားပြီး စိတ်ဝိဉာဉ်တစ်ခုလုံး ကမောက်ကမဖြစ်သွားခဲ့ပါတယ်။
ဒီခဏမှာ ကြောက်စရာကောင်းတဲ့အဖြစ်မှန်တစ်ခု သူ့နှလုံးသားထဲ ရုတ်တရက်သွားတွေးမိတယ်။
မချိန်မတိုင်ခင် ကလေးမွေးတော့မလားလို့ သူ စိုးရိမ်သွားခဲ့တယ်။
…………….