(24)
Viewers 37k

မုကျင် ကြိုးစားရုန်းကန်ပြီး ထရပ်တယ်။ ဒါပေမယ့် ခြေထောက်တွေပျော့ခွေပြီး လုံးဝအားစိုက်လို့မရခဲ့ဘူး။

ဝမ်းဗိုက်အောက်ပိုင်းက ထူးဆန်းတဲ့နာကျင်မှုတစ်ခုနဲ့အတူ ခပ်နွေးနွေးအရည်အချို့ သူ့ကိုယ်ထဲကနေ ခြေထောက်တစ်လျှောက်စီးထွက်လာပြီး မာဘယ်ကျောက်ပြားပေါ်အိုင်ထွန်းသွားခဲ့ပါတယ်။

ရေမွှာပေါက်တာလား?

မုကျင်က သတိမဝင်သွားခင် စက္ကန့်အနည်းငယ်လောက် ကြောင်တောင်တောင်ဖြစ်သွားသေးတယ်။ နောက်တော့ ကြောက်လန့်တကြားဖြစ်လာပြီး အကူအညီအော်တောင်းဖို့ကြိုးစားတယ်။ ဒါပေမယ့် ပါးစပ်ကိုဟလိုက်တဲ့အခါမှာတော့ ညည်းတွားသံတစ်စွန်းတစ်စသာလျှင် ထွက်လာနိုင်ခဲ့ပါတယ်။

သူက ကြံရာမရဖြစ်ပြီး အကူအညီမဲ့မျက်ဝန်းတွေနဲ့ ဟိုသည်လိုက်ကြည့်တဲ့အခါ လျှောက်လမ်းဘေးမှာအလှထားတဲ့ ခရစ်စတယ်ပန်းစင်ကို သွားတွေ့တယ်။

မုကျင်က ကိုယ်ခန္ဓာအလေးကြီးကို လက်တွေနဲ့အားပြုပြီး အံကိုကြိတ်ထားခဲ့တယ်။ ဝမ်းဗိုက်ဆီက ကြီးထွားလာတဲ့ဝေဒနာကိုကြံ့ကြံ့ခံပြီး လျှောက်လမ်းဘေးကိုတရွေ့ရွေ့လှမ်းလာခဲ့ကာ ပန်းစင်ကိုရှိသမျှအားကုန်တွန်းချလိုက်ပါတယ်။

ခရစ်စတယ်အလှပန်းစင်ကြီး ပြိုကျသွားပြီး နားစည်ကွဲမတတ်အသံတစ်ခုထွက်လာတယ်။ တစ်ဆက်တည်းမှာပဲ အိမ်ထဲကခွေးဟောင်သံ ဆူညံစွာထွက်လာပါတယ်။

မုကျင်ရဲ့ဝမ်းဗိုက်နာကျင်မှုက ပိုလို့ဆိုးဝါးလာနေတုန်းပဲ။ နာကျင်မှုက ကိုယ်တွင်းကလီစာတွေအားလုံးကို ရက်ရက်စက်စက်ဆွဲဖြဲနေသလိုမျိုးပါ။ သူ့ရဲ့ခေါင်းက အောက်ဆီဂျင်ပြတ်လတ်ပြီး မူးနောက်မူးနောက်ဖြစ်လာတယ်။ အသိစိတ်တွေက လွင့်စင်ပပျောက်ဖို့အစပြုလာပါတယ်။

သူ့မြင်ကွင်းကဝေးဝါးလာခဲ့တာ နောက်ထပ်ထိန်းသိမ်းထားနိုင်စွမ်းမရှိတော့ဘူး။ သူ့လက်တွေက ဝမ်းဗိုက်ကိုကာကွယ်ဖို့ မြဲမြံစွာဆုပ်ကိုင်ထားခဲ့ပြီး အေးစက်နေတဲ့မြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။

မုကျင်ရဲ့စိတ်တွေက ဖရိုဖရဲလွင့်မျောနေတယ်။ ခြံဝန်းထဲလဲကျနေတာကို အန်တီချန်ရှာတွေ့ပြီး အရေးပေါ်ကားပေါ်ရောက်တဲ့အထိ မျက်လုံးတွေပွင့်မလာခဲ့ဘူး။ တစ်ကိုယ်လုံးလည်း ချွေးစေးအေးအေးတွေရွှဲနစ်နေတယ်။ ညည်းညူသံသေးသေးလေးသာ တစ်ခါတစ်ခါ ထွက်လာနိုင်တာဖြစ်ပါတယ်။

သူ့ခန္ဓာကိုယ်ကြီးက အလွန်တရာပေါ့ပါးနေတယ်လို့ မုကျင်ခံစားနေရတယ်။ ဝိဉာဉ်က ကိုယ်ခန္ဓာကနေလွတ်မြောက်သွားသလိုမျိုး ပတ်လည်မှာလွင့်မျောနေတယ်။ တစ်စုံတစ်ခုရဲ့ဆွဲခေါ်ခံရသလိုမျိုး မသိနိုင်တဲ့အရပ်ဆီကိုရွေ့လျားနေခဲ့ပါတယ်။

ပတ်ဝန်းကျင်က ပကတိငြိမ်သက်နေတယ်။ ဟိုးအဝေးကလမ်းအဆုံးမှာ တောက်ပတဲ့မီးရောင်လေးတစ်ခုရှိတယ်။ အလင်းရောင်ရှိရာနေရာကို မုကျင်သွားချင်နေခဲ့တယ်။ အဆုံးသတ်ရောက်ရင်တော့ နာကျင်မှုတွေရော အထီးကျန်မှုတွေရော ဝေးလွင့်ပျောက်ကွယ်သွားလိမ့်မယ်ပေါ့။

သူက သွားနေတုန်း၊ ဒါပေမယ့် တစ်နေရာအရောက်မှာ အားတစ်ခုက နောက်ပြန်ဆွဲတာကို ရုတ်တရက်ခံလိုက်ရတယ်။ တစ်ဆက်တည်းမှာပဲ ပြင်းထန်တဲ့နာကျင်မှုက သူ့ခန္ဓာကိုယ်ထဲပြန်ရောက်လာတယ်။ မုကျင်ရဲ့ပါးလွှာတဲ့ကိုယ်ခန္ဓာကို နှစ်ခြမ်းကွဲထွက်အောင် သူ့ရဲ့လက်ဗလာကြီးတွေနဲ့ဆွဲဖြဲချင်သလိုမျိုးလေ။

မုကျင်ရဲ့ခေါင်းက နာကျင်မှုကြောင့်ကြွတက်လာတယ်။ ဒါပေမယ့် အော်သံတစ်ခုတောင် မပြုနိုင်ဘူး။ ချွေးတွေနဲ့စိုရွှဲနေတဲ့ဆံပင်တွေက မျက်နှာမှာဟိုတစ်စသည်တစ်စကပ်နေတယ်။ ရုန်းကန်မှုနဲ့အတူ ခါယမ်းနေပါတယ်။

သူ့မျက်ဝန်းတွေက ပိတ်တစ်ဝက်ဖွင့်လျက်သား၊ မျက်ဆန်သားတွေက ငွေ့ရည်တွေကြောင့် စိုလက်နေတယ်။ သူ့ဦးခေါင်းထက်မှာ ခွဲစိတ်ခန်းသုံးမီးတိုင်ရှိတယ်။ မီးလုံးတွေကလာတဲ့အလင်းရောင်က သူ့ကိုမူးနောက်ချာလည်နေစေတယ်။

သူက ပွယောင်းယောင်းအင်္ကျီကြီးကိုဝတ်ထားတယ်။ သူ့ရဲ့မြင့်မားတဲ့ဝမ်းဗိုက်ကိုတော့ အပြာရောင်ပိတ်စရှည်ကြီးနဲ့ ဖုံးအုပ်ထားတယ်။ သူ့အောက်ပိုင်းကို သူမမြင်နိုင်ဘူး။ အရည်နွေးနွေးတွေ ကိုယ်ခန္ဓာထဲကစီးထွက်နေတယ်လို့ပဲ ခံစားနေရတယ်။ အရည်တွေက အများကြီးမဟုတ်ပေမယ့် အဆက်မပြတ်စီးထွက်နေခဲ့တာပါ။

ပိုးသတ်ဝတ်စုံတွေနဲ့ဆရာဝန်တွေက ခွဲစိတ်ကုတင်ဘေးမှာ ပတ်လည်ဝိုင်းနေတယ်။ မျက်နှာဖုံးတွေကိုဝတ်ဆင်ထားလို့ တွန့်ချိုးနေတဲ့မျက်ခုံးတွေကိုသာမြင်ရပါတယ်။ လူနာအခြေအနေကောင်းပုံမရပါဘူး။ 

မုကျင်ရဲ့မျက်နှာက သွေးမရှိဘဲဖြူဆုတ်နေခဲ့တယ်။ ရင်ဘတ်ထဲမှာလည်း တစ်ခုခုခံနေတယ်။ အောက်စီဂျင်မျက်နှာဖုံးတပ်ထားတာတောင် ခက်ခက်ခဲခဲအသက်ရှုနေရတယ်။

“ဒေါက်တာ…” မုကျင်က အံကိုကြိတ်ထားတယ်။ သူ့ရင်ဘတ်ထဲမှာတော့ အေးစက်မှုအစိုင်အခဲတွေနဲ့တင်းကျပ်နေတယ်။ သူက လေသံပျော့လေးနဲ့ပြောလာတယ် “ကျွန်တော့်…မိသားစုလာပြီလား?”

ဘေးကဆရာဝန်ကခေါင်းညိတ်ပြပါတယ်။ နောက်တော့ သူနာပြုကို မိသားစုဝင်တွေသွားခေါ်ခိုင်းလိုက်တယ်။ 

ခဏကြာတဲ့အချိန်မှာတော့ မုသခင်မဝင်လာခဲ့ပါတယ်။ မုသခင်မက အဖြူရောင်ပိုးသတ်ဝတ်ရုံတစ်ထည်ကိုဝတ်ထားတယ်။ သူမရဲ့နူးညံ့တဲ့မျက်နှာမှာ ဆေးရုံသုံးမျက်နှာဖုံးတပ်ထားလို့ ငိုရလွန်းလို့ရောင်ကိုင်းနေတဲ့ မျက်လုံးတစ်စုံကိုပဲဖွင့်လှစ်ပြသထားတယ်။

သားဖြစ်သူက မီးဖွားကုတင်ပေါ်မှာ အားအင်ဖျော့တော့စွာကြိုးစားရုန်းကန်နေရပါတယ်။ နိမ့်လိုက်မြင့်လိုက်ဖြစ်နေတဲ့ရင်ဘတ်က အသာအယာတိုးညှင်းညှင်းလေး။ အသက်ရှုသံတွေက အားနည်းနေတယ်။ အောက်ဖက်ပိုင်းမှာက စီးထွက်နေတဲ့သွေးတွေ… သူ့ဘဝနဲ့သက်ဝင်လှုပ်ရှားမှုတွေကို အပြီးတိုင်ယူဆောင်သွားတော့မယ့်အလား တစိမ့်စိမ့်ထွက်နေခဲ့ပါတယ်။

“အမေ.. ထျန်းချန်ပြန်မရောက်သေးဘူးလား?” မုကျင်ရဲ့စကားသံတွေက ဖြည်းဖြည်းလေး။ ဒါပေမယ့် နူးညံ့ညင်သာတယ်။ မျက်ဝန်းတွေကတော့ နွေးထွေးတဲ့အာရုဏ်ဦးလို မျှော်လင့်ချက်ရေးရေးလေး ပျော်ဝင်နေတယ်။ 

သူက နာကျင်လွန်းလို့ အသိစိတ်တွေအချိန်မရွေးပျောက်ကွယ်လုနီးပါးဖြစ်နေပြီ။ သူ့ကိုယ်ခန္ဓာကို လှိုင်းလုံးအကြီးကြီးတစ်ခုဝါးမြိုလိုက်သလို ရုန်းကန်မှုကအဆုံးမရှိဘူး။ နာကျင်မှုရဲ့အဆုံးသတ်ကိုဘယ်တော့မှမရောက်နိုင်ခဲ့ပါဘူး။

လူတွေဟာ သူတို့ရဲ့အားအနည်းဆုံးအချိန်မှာ အဆုံးစွန်ထိပြုတ်ကျမသွားအောင်ဖေးမပေးမယ့် အထောက်အပံ့တစ်ခုကိုလိုချင်ကြတာ သဘာဝပါ။

ကောင်းထျန်းချန် သူ့ကိုအဖော်ပြုပေးတာ မုကျင်လိုချင်တယ်။ လက်ကိုတင်းတင်းဆုပ်လို့ နဖူးကချွေးတွေကိုအသာအယာသုတ်ပေးပြီး အားပေးစကားတိုးဖွဖွပြောတာ ကြားချင်တယ်။

“ရှောင်ကျင်… အမေ သူ့ကိုအကြောင်းကြားပြီးပြီ” မုသခင်မက ရှိုက်သံတစ်ဝက်နဲ့ပြောပါတယ် “သူက အရမ်းစိုးရိမ်လို့ ချက်ချင်းပြန်လာချင်နေတာ၊ အခုလောက်ဆို လေယာဉ်ပေါ်ရောက်နေပြီ” 

မုကျင်ရဲ့မျက်ဝန်းတွေ တဖြည်းဖြည်းစိုက်ကျလာပြီး မျက်ခုံးတန်းတွေက တောင့်တင်းနေခဲ့တယ်။ သူ့ရဲ့တောက်ပတဲ့မျက်ဝန်းတစ်စုံမှာ ဝမ်းနည်းမှုတစ်လွှာစွန်းထင်းနေခဲ့တယ်။ အေးစက်မှုက သူ့နှလုံးသားကိုဖြည်းဖြည်းချင်းဝါးမြိုခဲ့ပါတယ်။

“ကျွန်တော်.. အားမရှိတော့ဘူး…” သူ့ဗိုက်ထဲက ကလေးက အနားမရနိုင်ဖြစ်နေပြီး အပြင်ကိုတိုးထွက်ဖို့ရုန်းကန်နေခဲ့တယ်။ ဒါပေမယ့် မုကျင်ကတော့ တွန်းထုတ်ဖို့အားအင် နည်းနည်းတောင်မရှိတော့ပါဘူး။

သူ့ကိုယ်ခန္ဓာက အစကတည်းကအားနည်းတတ်တာ၊ သူ့အယ်လ်ဖာမွှေးရနံ့တွေမရှိဘဲနဲ့တော့ နာကျင်မှုကလျော့ပါးသွားမှာမဟုတ်ဘူး။ သူ့နှလုံးကလည်း ဖိအားတွေကို ခံနိုင်မှာမဟုတ်ပါဘူး။

“အမေ.. ဆေးထိုးလိုက်တော့၊ ကလေးကိုထုတ်ပေး… ကလေးကိုထုတ်ပေးပါ…” မုကျင်ရဲ့မျက်ဝန်းတွေက မှေးမှိန်ဖျော့တော့လို့လာတယ်။ ဒါပေမယ့် နှုတ်ခမ်းထောင့်စွန်းတွေက ကွေးတက်လာပြီး သက်သာရာရတဲ့အပြုံးလေးကိုပြုံးပြတယ်။ သူ့အသံက တိုးညှင်းပြီးနွေးထွေးတယ်။

မုသခင်မကတော့ ပါးစပ်ကိုလက်နဲ့အုပ်လို့ တိတ်တဆိတ်ငိုကြွေးနေရတယ်။ ပါးပြင်ပေါ်မျက်ရည်တွေစီးကျလာပြီး မျက်နှာဖုံးမှာ စိမ့်ဝင်သွားခဲ့တယ်။ 

သူမက ခေါင်းကိုယမ်းလို့ငြင်းပစ်လိုက်ချင်တယ်။ သူမသားကို နောက်ထပ်ကြိုးစားစေချင်သေးတယ်။ ဒါပေမယ့် သန္ဓေသားရဲ့အနေအထားနဲ့ အားနည်းတဲ့မိခင်ကြောင့် ရိုးရိုးမီးဖွားဖို့မဖြစ်နိုင်ပါဘူးလို့ ဆရာဝန်ကပြောလာတယ်။

သူမသားရဲ့ဝမ်းဗိုက်အကြီးကြီး၊ နောက်ပြီး အောက်ပိုင်းမှာစီးကျနေတဲ့သွေးရည်တွေ… ဒါတွေကိုမြင်ရတဲ့ မုသခင်မက မုကျင်ဖွင့်ဟလာတဲ့တောင်းဆိုချက်အကြောင်းကို ကောင်းကောင်းသိပါတယ်။

မုကျင်က မေ့ဆေးနဲ့ဓါတ်မတည့်ဘူး။ မေ့ဆေးထိုးမယ်ဆိုရင်ဖြင့် မွှေးရနံ့တွေရဲ့ဟန်ချက်ညီမျှမှုကို ပြင်းပြင်းထန်ထန်ဒုက္ခပေးလိမ့်မယ်။ အသက်အန္တရယ်ဖြစ်စေပါလိမ့်မယ်။

“အမေ…” အမေဖြစ်သူရဲ့နှလုံးသားက အတိုင်းအဆမရှိလွန်ဆွဲနေတယ်။ ပြန့်ကျဲနေတဲ့အတွေးတွေနဲ့သူမကို မုကျင်က စကားတစ်ခွန်းနဲ့လှုပ်နှိုးလိုက်တယ်။ သူ့စကားသံမှာက တောင်းပန်တိုးရှိုးသံတွေပျော်ဝင်နေတယ်။

မုကျင်က မွန်းကျပ်နေခဲ့တယ်။ နာကျင်မှုကတော့ သားရဲတစ်ကောင်ရဲ့အစွယ်တွေလို သူ့ရဲ့အသွေးအသားတွေကို ဆုတ်ဖြဲနေခဲ့တယ်။ လက်ကျန်ခွန်အားတွေကတော့ အောက်ဖက်ပိုင်းကသွေးတွေနဲ့အတူ တစ်စထက်တစ်စ ယုတ်လျော့လို့လာပါတယ်။

ဒီခန္ဓာကိုယ်က ခံနိုင်ရည်အစွန်းကိုရောက်နေခဲ့ပြီ။

အဆုံးမှာတော့ မုသခင်မက ခေါင်းကိုညိတ်တယ်။ မုကျင်က ဆေးရုံကုတင်ပေါ်မှာ အလုံးစုံပြိုလဲကျသွားခဲ့တယ်။ ပိတ်တစ်ဝက်ဖွင့်တစ်ဝက်ဖြစ်နေတဲ့ သူ့မျက်လုံးတွေက ခါတိုင်းလိုပဲတောက်ပနေခဲ့တယ်။ မျက်ဝန်းထဲမှာလည်း ပျော်ရွှင်မှုတစ်စွန်းတစ်စ မှုန်မှိုင်းပြာရီနေပါတယ်။ 

………………