(25)
Viewers 36k

ဖရိုဖရဲပရမ်းပတာအခြေအနေထဲ ဆင်းသက်မသွားခင်မှာ မုကျင်က ခန္ဓာကိုယ်မှာကျန်တဲ့ နောက်ဆုံးသောအားအင်တွေကိုစုစည်းလိုက်တယ်။ နောက်ပြီး ခံစားချက်တွေကို တခြားသူတွေမမြင်နိုင်အောင်ဖုံးကွယ်ဖို့ မျက်လွှာကိုချပြီး မျက်ဝန်းတွေကိုပိတ်ကာထားသေးတယ်။

နှုတ်ခမ်းတွေက တုန်ယင်နေတယ်။ အောက်စီဂျင်မျက်နှာဖုံးပေါ်မှာက အသက်ရှုထုတ်လိုက်တဲ့လေပူတွေကြောင့်ဖြစ်လာတဲ့ အဖြူရောင်အခိုးအငွေ့တွေရှိတယ်။ သူ့ရဲ့ဖျော့တော့တိုးညှင်းတဲ့လေသံကလေးကိုကြားနိုင်ဖို့ မုသခင်မက ကုတင်ဘေးကပ်သွားခဲ့ရတယ်။

“ကျွန်တော်…. ထျန်းချန်ကို… စောင့်နိုင်တော့မယ်မထင်ဘူး…” စကားတစ်ခွန်းဆီက သူ့အသက်ကိုနှုတ်ယူတော့မယ့်အလားပဲ။ အသက်ရှုသံရေးရေးကလေးနဲ့ စကားလုံးတွေကိုအားတင်းထားခဲ့ရတယ် “စာအုပ်စင်အောက်ဆုံးမှာ…ကျွန်တော်… သိမ်းထားတာရှိတယ်… သူ့ကိုပေးပေးပါ…”

ပူနွေးနွေးအနီရောင်သွေးတွေက သူ့ကိုယ်ခန္ဓာအောက်ပိုင်းဆီကနေ ထွက်နေခဲ့တယ်။ မြင်ကွင်းက ပတ်လည်ကလူတွေရဲ့မျက်ဝန်းအိမ်ကို ဓါးတွေနဲ့စိုက်နေသလိုပဲ။ ဒါပေမယ့် မုကျင်ကတော့ ဘာကိုမှသတိမပြုမိသယောင် မျက်လုံးတွေကိုပိတ်ထားတယ်။ ချွေးတွေကလည်း သူ့တစ်ကိုယ်လုံးရွှဲရွှဲစိုနေတယ်။ လက်ကလေးတစ်ချောင်းတောင် မမြှောက်နိုင်တော့ပါဘူး။

ဘေးနားကဆရာဝန်တွေက နောက်ထပ်အချိန်မဆွဲနိုင်တော့ဘူး။ မုသခင်မဆီကခွင့်ပြုချက် ရပြီးတာနဲ့တစ်ပြိုင်နက် မုကျင်ကိုခွဲစိတ်ဖို့အမြန်နှုန်းနဲ့လုပ်ဆောင်နေကြတယ်။

လူနာအခြေအနေက အကောင်းဘက်မှာမရှိဘူး။ မွေးရာပါဓါတ်မတည့်တာလည်းရှိတယ်၊ မိခင်နဲ့သန္ဓေသားအင်အားမမျှတာကြောင့် မီးဖွားရတာလည်းခက်ခဲနေတယ်၊ သွေးထွက်လွန်တော့မယ့် လက္ခဏာတွေလည်းပြနေတယ်။

ဆေးထိုးအပ်ထဲကမေ့ဆေးရည်တွေက ခွဲစိတ်ကုတင်ပေါ်ကငြိမ်သက်နေတဲ့ကိုယ်ခန္ဓာထဲ ဖြည်းဖြည်းချင်းစိမ့်ဝင်လာခဲ့တယ်။ မုသခင်မကတော့ သူမမျက်စိရှေ့ဖြစ်ပျက်နေတာတွေကို ရင်မဆိုင်ရဲဘူး။ ပါးစပ်ကိုအုပ်လို့ တစ်ဖက်ကိုလှည့်ပြီးသာ တိတ်တိတ်လေးငိုကြွေးရှာတယ်။

သူမ သားတစ်ယောက်ကို ဆုံးရှုံးခဲ့ပြီးပါပြီ။ နောက်ဆုံးကျန်တဲ့တစ်ယောက်ကိုလည်း ဘုရားသခင်က ခေါ်ဆောင်သွားတော့မှာလား?

…….

ဒီအချိန် အခြားတစ်ဖက်မှာ ကောင်းထျန်းချန်က အခုမှလေယာဉ်ပေါ်ကဆင်းကာစ။

ရုံးခွဲရှယ်ယာရှင်အစည်းအဝေးလုပ်နေတုန်းမှာ သူက မုကျင်စောမီးဖွားတဲ့အကြောင်းကို သတင်းရရှိခဲ့တယ်။ သူဆိုတာ စိတ်လှုပ်ရှားလွန်းလို့ ဘောပင်ကိုင်ထားတဲ့လက်ချောင်းတွေတောင် တဆတ်ဆတ်တုန်လာတယ်။ ကောင်းထျန်းချန်က ချက်ချင်းပဲ အစည်းအဝေးကိုဘေးချိတ်လို့ အမြန်ဆုံးနှုန်းနဲ့လေဆိပ်ကို ပြေးချလာခဲ့တာပါ။

မုကျင်ကိုအဖော်ပြုပေးဖို့ သူ မဖြစ်ဖြစ်တဲ့နည်းနဲ့ပြန်မှရမှာပါ။ အယ်လ်ဖာအနားမှာမရှိဘဲ ကလေးမွေးရတဲ့အိုမီဂါတွေဒုက္ခဘယ်လောက်ကြီးလဲဆိုတာ ဘယ်သူမှခန့်မှန်းမရနိုင်ပါဘူး။ 

နောက်ပြီး မုကျင်က ပျော့ပျော့လေး။ ပြီးခဲ့တဲ့နှစ်လလုံးမှာ ဒုက္ခသုက္ခခံပြီးမှ ဝိတ်ကလေးနည်းနည်းတက်လာတာ။ သူက နာကျင်ရတာကိုလည်း ကြောက်တယ်။ မုကျင်အတွက်တော့ မီးဖွားတယ်ဆိုတာ ငရဲတံခါးပေါက်တစ်ခေါက် အလည်ထွက်တာနဲ့ညီမျှပါတယ်။

လေယာဉ်ခရီးစဉ်တစ်လျှောက်လုံးမှာ ကောင်းထျန်းချန်က မုကျင်အကြောင်းသတင်းမရခဲ့ဘူး။ စိုးရိမ်ပူပန်ရလွန်းလို့ သူ့ဦးခေါင်းကနာဗ့်ကြောတွေအကုန် အဆုံးစွန်ထိတင်းကျပ်နေခဲ့တယ်။ မုကျင်နဲ့ကလေးနှစ်ယောက်လုံး ဘာတစ်ခုမဖြစ်ပါစေနဲ့လို့ တစ်လျှောက်လုံးဆုတောင်းနေခဲ့ရတာပါ။

နောက်ထပ်လေးနာရီလောက်ကုန်လွန်ပြီးတဲ့အခါမှာတော့ S မြို့ရဲ့လေဆိပ်မှာ လေယာဉ်ဆင်းသက်တဲ့အခါ ကောင်းထျန်းချန်က တုန်တုန်ရီရီနဲ့ဖုန်းကိုဖွင့်တယ်။ သတင်းပေါင်းသောင်းခြောက်ထောင်က သူ့ဖုန်းထဲမှာဝင်နေတယ်။ အစည်းအဝေးဖျက်သိမ်းတဲ့သတင်းကလွဲလို့ မုကျင်ရဲ့အကြောင်းဆိုရင်တော့ မုသခင်မဆီပို့ထားတဲ့စာတိုတစ်စောင်ပဲရှိတယ်။ စာကြောင်းက တအားတိုပါတယ်၊ ဒါပေမယ့် ကောင်းထျန်းချန်ရဲ့နှလုံးသားကို ပြင်းပြင်းထန်ထန်ထိရှသွားစေဖို့လုံလောက်တယ်။ 

-[ကလေးမွေးပြီ၊ ကျန်းမာတဲ့ အယ်လ်ဖာယောင်္ကျားလေး]-

ဒီစာတိုတစ်ကြောင်းက စိတ်ငြိမ်ဆေးတစ်လုံးအလား ကောင်းထျန်းချန်ရဲ့တလှပ်လှပ်ဖြစ်နေတဲ့ရင်ကို လျော့ကျသွားစေခဲ့ပါတယ်။

သူက ဆေးရုံဆီသွားနေတုန်းမှာ ကားစတီယာရင်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့တယ်။ နောက်တော့ ရှည်လျားတဲ့လက်ချောင်းတွေနဲ့ စိတ်မရှည်နိုင်တတောက်တောက်ခေါက်နေခဲ့တယ်။ သူ့အတွေးတွေကတော့ ဆေးရုံဆီရောက်နှင့်နေပြီ။ တောင်ပံတွေပေါက်ပြီးပျံသွားလို့ရနိုင်ရင် သွားခဲ့ပြီးပါပြီ။

ကလေးက ရှောရှာရှူရှူထွက်လာခဲ့တယ်။ အရင်တုန်းကတော့ မုကျင်ရဲ့အားမလိုအားမရကိုယ်ခန္ဓာလေးကိုကြည့်ပြီး မီးဖွားရတာချောချောမွေ့မွေ့ဖြစ်ပါ့မလားလို့ စိုးရိမ်ခဲ့ရတာ။ သူ ခရီးသွားခဲ့တာ လဝက်လောက်လေး။ ဒါပေမယ့် အပြန်ခရီးမှာတော့ ကလေးမွေးဖွားပြီးဖြစ်လိမ့်မယ်လို့ မထင်ထားခဲ့ပါဘူး။ 

မုကျင်က တစ်ကိုယ်တည်းမီးဖွားခဲ့ရတယ်။ ဖြစ်နိုင်တာက သူ့အတွက်သိပ်ကိုခက်ခဲခဲ့မှာပဲ။ မုကျင်က အမြဲတမ်းသည်းခံတတ်တဲ့စိတ်နေသဘောထားရှိတယ်။ ကိုယ်ဝန်ကြောင့် နာကျင်ရတာကလွဲရင် အခြားအရာတွေကိုဆင်ခြေလက်ခြေပေးလိမ့်မှာမဟုတ်ဘူး။ အသံတစ်ချက်မထွက်ကြိတ်မှိတ်သည်းခံနေလိမ့်ဦးမှာ။ 

မုကျင်တစ်ယောက် မီးဖွားနေတဲ့အချိန်မှာ နှလုံးကွဲမတတ်နာကျင်မှုကို ဘယ်လိုများတောင့်ခံနေခဲ့ပါလိမ့်?

ဒီအတွေးတွေကြောင့် ကောင်းထျန်းချန်ရဲ့စိတ်က အတော်လေးကိုရှုပ်ထွေးသွားခဲ့တယ်။ သူက မြို့ထဲမှာရှိတဲ့ဆေးရုံဆီ အလျင်စလိုမောင်းချလာခဲ့ပါတယ်။

သူက သူ့ကိုယ်သူအပြစ်တင်တဲ့စိတ်တွေရော၊ တစ်ဖက်သားကိုပူပန်နေရတဲ့စိတ်တွေရော ရောထွေးပြီးပြည့်နှက်နေခဲ့တယ်။ ဒါပေမယ့် အခုချိန်မှာ ဆေးရုံမှာရှိတဲ့မုကျင် ခွဲစိတ်ကုတင်ပေါ်သတိပြန်မရလာတော့တဲ့အကြောင်းကိုတော့ သူ မသိရှိသေးပါဘူး။ 

မေ့ဆေးက မုကျင်ရဲ့ကိုယ်ခန္ဓာဟော်မုန်းတွေကို ရက်ရက်စက်စက်ဝါးမြိုသွားခဲ့ပြီး နဂိုကျန်းမာတဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို လွှမ်းမိုးအနိုင်ယူသွားခဲ့တယ်။ မွှေးရနံ့တွေက အားပျော့လာပြီး နှလုံးခုန်နှုန်းက ထိန်းချုပ်မရနိုင်အောင်ဖြစ်လာခဲ့တယ်။ အာရုံကြောတွေကလည်း ရှော့ခ်ရသွားခဲ့တယ်။ အောက်စီဂျင်ပေးထားတာတောင်မှ မုကျင်က အသက်မျှင်းမျှင်းလေးဆက်လက်ရှုဖို့ ခက်ခဲလွန်းလှတဲ့အခြေအနေကို ရောက်ရှိသွားခဲ့ပါတယ်။ 

ပတ်လည်ကဆရာဝန်တွေကတော့ ပရော်ဖက်ရှင်နယ်အကျဆုံးနည်းလမ်းတွေနဲ့ နောက်ဆုံးအကြိမ်တတ်စွမ်းသမျှအဆုံးစွန်ကြိုးစားနေပါတယ်။ သေမင်းရဲ့ပိုင်နက်နယ်ပယ်ထဲ နောက်ဆုံးခရီးထွက်ဖို့ပြင်နေတဲ့သူ့ကို ပြန်လည်နိုးထလာနိုင်ဖို့ အားသွန်ခွန်စိုက်လုပ်ဆောင်ခဲ့ကြပါတယ်။

ကောင်းထျန်းချန် ဆေးရုံဆီရောက်ချလာတဲ့အချိန်မှာ သူက မုသခင်ကြီးနဲ့သူ့အဖေဖြစ်သူကိုပဲ မြင်ရတယ်။ မုသခင်မက မျက်ရည်လည်ရွဲငိုရလွန်းလို့ သေးသွယ်တဲ့ကိုယ်ခန္ဓာက နှလုံးရဲ့ဖိစီးမှုသောကဒဏ်တွေကိုမခံနိုင်တော့ဘဲ သတိမေ့လုနီးပါးဖြစ်သွားခဲ့တယ်လေ။ အခုသူမက စိတ်ငြိမ်ဆေးအစွမ်းနဲ့အိပ်ပျော်နေတယ်။

ကောင်းထျန်းချန်က နောက်ထပ်တည်ငြိမ်မနေနိုင်တော့ဘူး။ စိတ်အေးအေးထားလို့မရတော့ပါဘူး။ သူ့နှလုံးသားထဲ ကြောက်ရွံ့မှုတွေနဲ့ပြည့်လာပြီး တစ်စုံတစ်ခုတော့မှားနေပြီလို့ခံစားနေခဲ့ရတယ်။

“အဖေ.. ရှောင်ကျင်ရော?” သူ့နှုတ်ခမ်းတွေက ထိန်းချုပ်လို့မရအောင် တသိမ့်သိမ့်လှုပ်ခါနေခဲ့တယ်။ တုန်ယင်နေတဲ့အသံတွေလျော့ပါးသွားအောင် အကောင်းဆုံးကြိုးစားရင်း သူက သူ့အဖေကို အသာအယာမေးလိုက်ပါတယ်။

သူ့မျက်ဝန်းထဲမှာက မျှော်လင့်ချက်တွေ၊ ဆုတောင်းတွေနဲ့ပြည့်နေတယ်။ သူက မုကျင်ဘာမှမဖြစ်ပါဘူးလို့ သူ့အဖေပြောလာမယ့်စကားတစ်ခွန်းကိုသာ မျှော်လင့်နေခဲ့တာပါ။

ကောင်းသခင်ကြီးက အဖြေပြန်မပေးလာဘူး။ မျက်ဝန်းတွေကိုပဲအောက်စိုက်လို့ ခေါင်းကိုခါယမ်းလိုက်တယ်။ သူက ဇရာထောင်းနေတဲ့လက်တွေနဲ့ ကောင်းထျန်းချန်ရဲ့ပုခုံးကို ခပ်ဖွဖွပုတ်ပေးလာပါတယ်။

“သူ့အခြေအနေ…. တော်တော်မကောင်းဘူး၊ ဆရာဝန်တွေက အကောင်းဆုံးလုပ်ပေးခဲ့ပေမယ့် အသက်အန္တရာယ်စိုးရိမ်ရတုန်းပဲ” 

“အဖေညာနေတာ! ကျွန်တော်မယုံဘူး!” ကောင်းထျန်းချန်က သူ့အဖေစကားတွေကိုမယုံဘူး။ တုန်လှုပ်ရလွန်းလို့ အဖေဖြစ်သူရဲ့လက်တွေကိုတောင် ဖယ်ချပစ်လိုက်တယ်။ 

“ကလေးတောင် ရှောရှောရှူရှူထွက်လာပြီးပြီ၊ သူလည်း နေကောင်းရမှာပေါ့… မကောင်းစရာဘာမှမရှိဘူး…. မရှိဘူး..” ကောင်းထျန်းချန်က အသိစိတ်မကပ်တော့ပုံရတယ်။ မျက်ဝန်းတွေထဲမှာလည်း ဗလာနတ္ထိဖြစ်နေပြီး စကားတွေကို မရပ်မနားတတွတ်တွတ်ရွတ်နေခဲ့ပါတယ်။

သူက ဒယိမ်းဒယိုင်ဖြစ်နေတဲ့ကိုယ်ခန္ဓာမှာ လက်ဆစ်တွေဖြူဖျော့လာရတဲ့အထိ လက်သီးတွေကိုတင်းတင်းဆုပ်ထားတယ်။ ရှေ့ဆံပင်တွေက နဖူးပေါ်မှာကျနေပြီး ရီဝေဝေမျက်လုံးတွေကိုဖုံးအုပ်နေခဲ့ပါတယ်။

အကြာကြီးတိတ်ဆိတ်သွားပြီးနောက်မှာတော့ တုန်ယင်နေတဲ့အသံနဲ့သူမေးလိုက်တာကို သူတို့ကကြားလိုက်ရတယ် “ရှောင်ကျင်ဘယ်မှာလဲ?” အသံက အက်ကွဲလို့နေတယ်။ 

မုကျင်က အသက်အန္တရာယ်စိုးရိမ်နေရဆဲအခြေအနေမှာပါ။ သတိပြန်မလည်လာသေးပါဘူး။ သူ့ရဲ့ပိန်ပါးပါးကိုယ်ခန္ဓာမှာ စက်ပစ္စည်းကိရိယာတွေနဲ့ အမျိုးစုံသောပိုက်တွေ သွယ်တန်းထားရတယ်။ သူ့ရဲ့နောက်ဆုံးကျန်တဲ့အသက်ကလေးကို ထိန်းသိမ်းထားဖို့အတွက်ပေါ့။

ကောင်းထျန်းချန်က ကြီးမားတဲ့လူနာကုတင်ဘေးမှာမတ်တပ်ရပ်ပြီး ငြိမ်သက်စွာလဲလျောင်းနေတဲ့လူကို ကြည့်နေခဲ့တယ်။ သူက လက်ကိုလှမ်းပြီးဖွဖွလေးတောင် မထိရဲခဲ့ဘူး။ အကယ်၍ သူထိလိုက်မယ်ဆိုရင်ဖြင့် ကွဲကြေလွယ်တဲ့အသက်လေး ပတ်လည်ကလေထုထဲ လွင့်ပါးပျောက်ကွယ်သွားမှာစိုးလို့ပါ။

သူ အများကြီးနောင်တရပါတယ်။ အများကြီးနောင်တရနေခဲ့တယ်။ ဝမ်းနည်းမှုပရိဝေဒသောကမီးတွေက သူ့နှလုံးသားတစ်ခုလုံးကို ဝင်ရောက်ဝါးမြိုသွားခဲ့ပြီး အသုံးမကျ၊သူရဲဘောကြောင်တဲ့သူ့ရဲ့ဝိဉာဉ်ကို ပြာမှုန်တွေအဖြစ်လောင်ကျွမ်းသွားစေခဲ့တယ်။

သူ့ရှေ့ကအိပ်ပျော်နေတဲ့လူသားရဲ့နှုတ်ခမ်းတွေက အနည်းငယ်တွန့်ကွေးသွားတယ်။ နူးညံ့ပြီးနှစ်သိမ့်တဲ့အပြုံးလေးတစ်ခုပေါ့။ သိပ်ကိုငြိမ်သက်လွန်းနေတာက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အတိုင်းပဲ။ မုကျင်က လှပတဲ့အိပ်မက်တစ်ခုထဲ ကျရောက်နေခဲ့ပုံရပါတယ်။

နွေးထွေးပြီးတလက်လက်ဖြစ်နေတဲ့ အရည်အကြွင်းအကျန်အချို့၊ တောက်လောင်နေတဲ့ပတ်လမ်းမှာစုပုံနေခဲ့တယ်။ နောက်တော့ လွှတ်ခနဲလျောကျလာတော့တာပေါ့။

………………..