(26)
Viewers 34k

မုကျင်ရဲ့ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေ အားနည်းပြီးလျှော့ကျလာတဲ့အကြောင်း ဆရာဝန်က ကောင်းထျန်းချန်ကို စကားလှလှလေးတွေသုံးပြီးရှင်းပြပါတယ်။ သတိမေ့မျောနေတာကို မတားဆီးနိုင်တဲ့အကြောင်း၊ အသက်ကိုထိန်းထားဖို့ ခက်ခဲနေပြီဖြစ်တဲ့အကြောင်းပေါ့။

မုကျင်တစ်ယောက် ဘယ်အချိန်မှာ အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေကလွတ်မြောက်မယ်၊ ဘယ်အချိန်မှ သတိရမယ်ဆိုတာက ပြောဖို့ခက်ခဲပါတယ်။ 

မုကျင်က ကောင်းထျန်းချန်ရဲ့အချစ်ပေါ်မှာ တစ်နှစ်လောက်အလောင်းအစားလုပ်ခဲ့ရတယ်။ နောက်ပြီး သူတို့အသွေးအသားကလေးတစ်ယောက်ကိုကိုယ်ဝန်ဆောင်ဖို့ ဆယ်လနီးပါးကုန်ဆုံးခဲ့ပြန်တယ်။ ဒိနောက်မှာတော့ သူတန်ဖိုးထားခဲ့တဲ့အရာတွေအားလုံးကို အသည်းမာမာနဲ့စွန့်ပစ်ပြီး နိုးထလာဖို့ငြင်းဆန်နေခဲ့ပါတယ်။ 

ဘေဘီကောင်းလေးကတော့ သိပ်ကိုကျန်းမာတယ်။ ရက်အနည်းငယ်အတွင်းမှာ ဖန်ပေါင်းချောင်ထဲကထွက်လာနိုင်ခဲ့တယ်။ ဒီပျော့အိအိချစ်စရာကောင်လေးက ကောင်းထျန်းချန်ရဲ့မျက်ဝန်းနက်နက်တွေကို အမွေဆက်ခံထားပေမယ့် သူ့အဖေလိုမျိုး အေးစက်စက်ဖြစ်မနေခဲ့ဘူး။ အဲဒိအစား မီးတောင်ချော်ရည်ကျောက်တစ်စုံလိုတောက်ပပြီး နေရောင်ခြည်လို နွေးထွေးတောက်ပမှုတွေကို ယူဆောင်လာပေးပါတယ်။

ကလေးလေးမှာ နူးညံ့ပျော့ပြောင်းတဲ့အညိုရောင်ဖျော့ဖျော့ဆံပင်တွေရှိတယ်။ ကောင်းထျန်းချန်က အမြဲတမ်း သူ့ဆံပင်တွေကို ရောက်တတ်ရာရာ ပွတ်သပ်ချော့မြူလေ့ရှိတယ်။ အေးမြချမ်းမြေ့မှုတွေက သူ့လက်ချောင်းထိပ်တွေကနေတစ်ဆင့် နှလုံးသားထဲအောင်ပျံ့နှံ့လာခဲ့တယ်။ ဒီခံစားချက်က မုကျင်နဲ့တအားဆင်တူလေတယ်။

ကောင်းထျန်းချန်က နေ့ခင်းပိုင်းတွေမှာ သူ့ကိုယ်သူ ရှုပ်ထွေးပွေလီတဲ့အလုပ်ကိစ္စသောင်းခြောက်ထောင်ကြားထဲ ခေါင်းစိုက်ထားတယ်။ မမြင်ရတဲ့မျက်နှာဖုံးကိုစွပ်လို့ လူတွေနဲ့စားဟယ်သောက်ဟယ် အလာပသလာပပြုကြတယ်။ အစကတည်းကဘာမှမဖြစ်ခဲ့သယောင် ဇာတ်ညွှန်းဆင်လို့ဇာတ်ခုံပေါ်မှာကပါတယ်။

သူက သူ့ကိုယ်သူစိတ်သွင်းထားခဲ့တာ….. မုကျင်ကအိမ်မှာရှိပါတယ်၊ ညစာကောင်းကောင်းချက်ပြုတ်နေပါတယ်ပေါ့။ မီးတိုင်လေးဖွင့်ထားလို့ လိမ္မော်ရောင်အလင်းလေးကဖြာကျနေခဲ့တယ်။ သူအိမ်ပြန်လာတဲ့အချိန်မှာ မုကျင်စောင့်ကြိုနေလိမ့်မယ်ပေါ့။

ဒါပေမယ့်လည်း ညတိုင်းညတိုင်းမှာ တိတ်ဆိတ်ပြီးမှောင်မိုက်တဲ့ညနက်တွေက သူ့ကို ကြောက်စရာကောင်းလှတဲ့အဖြစ်မှန်အကြောင်း ရက်ရက်စက်စက်သတိပေးနေခဲ့တယ်။ သူ့ဘေးနားကနေရာလွတ်မှာ ဘယ်သူမရှိဘူး။ တစ်ဘက်လူရဲ့နူးညံ့တဲ့စည်းချက်ကျကျအသက်ရှုသံတွေမရှိဘူး။ ယုတ်စွအဆုံး ခေါင်းအုံးတွေ၊အဝတ်အစားတွေပေါ်က စံပယ်ပန်းရနံ့လေးတောင် အစရှာမရပျောက်ကွယ်သွားခဲ့ပါပြီ။

အိပ်ရာဘေးကဗီဒိုပေါ်မှာ ထူထဲထဲစာအုပ်အဟောင်းတစ်အုပ်ရှိတယ်။ အညိုရင့်ရင့်သစ်ခေါက်သားအဖုံးက ဟောင်းနွမ်းပြီးအရောင်တွေလွင့်နေပြီ။ ဒါပေမယ့် စာအုပ်ထောင့်စွန်းတွေကသန့်ရှင်းသပ်ရပ်နေပါသေးတယ်။ ပိုင်ရှင်က တရိုတသေကိုင်တွယ်ခဲ့ပုံရပါတယ်။

ဒါက မုကျင်ရဲ့ဒိုင်ယာရီလေးပါ။ အထဲမှာက အဖြူရောင်စာရွက်လွတ်တွေနည်းနည်းပဲကျန်တော့တယ်။ 

တစ်ခါတုန်းက မုကျင်က ကောင်းထျန်းချန်အတွက် တစ်စုံတစ်ခုထားရစ်ခဲ့တယ်။ သူ ကြိုတင်ပြင်ဆင်ထားခဲ့တဲ့ကွာရှင်းစာချုပ်ကို စာအုပ်စင်အောက်ဆုံးမှာ တင်ထားရစ်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ညီညာလှပတဲ့လက်ရေးလက်သားလေးတွေက နောက်ဆုံးစာမျက်နှာမှာ လက်မှတ်တစ်ခုနဲ့အဆုံးသတ်ပေးထားခဲ့တယ်။

နောက်ပြီး သူ့လက်မှတ်ရဲ့ဘေးမှာလည်း နေရာလွတ်တစ်ခုရှိတယ်။ ကောင်းထျန်းချန် ခါတိုင်းကုမ်ပဏီမှာ အလုပ်လုပ်သလို သူ့ဖောင်တိန်ကိုကြွားကြွားဝင့်ဝင့်ရေးခြစ်လိုက်ရင်ဖြင့် လူနှစ်ယောက်ရဲ့အနှောင်အဖွဲ့တွေ၊ နာကျည်းချက်တွေအားလုံး ဆုံးခန်းတိုင်သွားလိမ့်မှာဖြစ်ပါတယ်။ 

ဒီရိုးရှင်းတဲ့စာလုံးနှစ်လုံးကိုလက်မှတ်ထိုးနေစဉ်မှာ မုကျင်ဘယ်လိုခံစားခဲ့ရလဲ ကောင်းထျန်းချန်မတွေးဝံ့ဘူး။

သူ ကွာရှင်းစာချုပ်ကိုရှာတွေ့တဲ့အချိန်မှာ တစ်ခါက သူအမှုမဲ့အမှတ်မဲ့ဆွဲထုတ်ခဲ့ဖူးတဲ့ ခေါင်းစဉ်မရှိတဲ့စာအုပ်ကိုပါ ရှာတွေ့ခဲ့တယ်။

နှုတ်ဆိတ်သူတစ်ယောက်ရဲ့ဖြန့်ကျက်ခဲ့သမျှအတွေးအားလုံးကို မှတ်တမ်းတင်ထားခဲ့တဲ့ ဒီစာအုပ်လေးက စာအုပ်အထပ်လိုက်ကြီးရဲ့အောက်ခြေမှာပိနေခဲ့တာဖြစ်တယ်။ 

ဒီဒိုင်ယာရီစာအုပ်ကို ပထမဦးဆုံးအကြိမ်သူဖတ်ကြည့်ခဲ့တုန်းက သွေးပျက်တုန်လှုပ်ခဲ့ရတာတွေကို ကောင်းထျန်းချန်မှတ်မိပါသေးတယ်။ သူက တုန်ယင်နေတဲ့လက်တွေနဲ့ တစ်ရွက်ပြီးတစ်ရွက်လှန်နေခဲ့ရတယ်။ စာရွက်တွေတစ်ရွက်ပြီးတစ်ရွက်ကုန်ဆုံးလာတာနဲ့အမျှ နက်ရှိုင်းတဲ့ခံစားချက်တွေနဲ့ မုကျင်ရဲ့အတိတ်ကြောင်းတွေက နည်းနည်းချင်းစီရုပ်လုံးပေါ်လာခဲ့တယ်။

မုကျင်ရဲ့ဒိုင်ယာရီစာကြောင်းတိုင်းက တိုတိုလေးတွေ။ လက်ရေးတွေက စာရေးသင်ကာစ မရင့်ကျက်သေးဘဲခပ်တွန့်တွန့်ဖြစ်နေရာကနေ အခုနောက်ပိုင်း လှပပြီးကျက်သရေရှိတဲ့လက်ရေးလက်သားတွေအဖြစ် ပြောင်းလာတဲ့အထိပဲ။

ပထမပိုင်းစာမျက်နှာတွေမှာတော့ လက်ရေးတွေက ကွေးကွေးကောက်ကောက်အခြေအနေမှာပဲရှိသေးတယ်။ စာလုံးအမှားတွေရော ဖျင်းရင်းတွေရော ပေါင်းစုံရောနှောနေပြီး စာကြောင်းတွေကလည်းတိုတယ်။ အဲဒိအချိန်တုန်းက မုကျင် လေးငါးနှစ်အရွယ်ပဲရှိသေးပုံရတယ်။

(T/N ဖျင်းရင်း- တရုတ်အသံထွက်ကို အင်းဂလိပ်အေဘီစီဒီဖြင့်ရေးနည်း)

-[ဝမ်းနည်းပြီးကြောက်ဖို့ကောင်းတယ်၊ ဒါပေမယ့် အိမ်ပြန်လာရလို့ပျော်ပါတယ်၊ ကံကောင်းလို့ ညီလေးကိုဗီဒိုထဲထည့်ဖွက်နိုင်လိုက်တယ်၊ သူတို့ခေါ်မသွားလို့တော်သေးတယ်]-

ကောင်းထျန်းချန်က သဘောမပေါက်ဘဲပဟေဠိဖြစ်သွားပါတယ်။ နောက်ပြီး ဒါကသေးသေးမွှားမွှားကိစ္စမဟုတ်မှန်း အလိုလျောက်ခံစားမိလိုက်တယ်။ ဒါပေမယ့် မုကျင်က ဖြစ်ရပ်ကိုဆက်မရေးထားတော့ ဘာကိစ္စမှန်းနားမလည်ခဲ့ပါဘူး။

ကောင်းထျန်းချန်က စာရွက်တွေကိုလှန်နေရင်း သူ့နှလုံးသားလည်း တဖြည်းဖြည်းတင်းကျပ်လာခဲ့တယ်။

နောက်ပိုင်းစာမျက်နှာတွေကလည်း သိပ်ကိုတိုတိုတုတ်တုတ်နိုင်ပါတယ်။ နေ့ရက်တိုင်းမှာ စကားလုံးအနည်းငယ်ပဲရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ချုပ်တည်းမထားနိုင်တဲ့ လျှို့ဝှက်ငယ်သူငယ်ချင်းသံယောဇဉ်ကိုဖော်ပြထားပါတယ်။

-[ထျန်းချန် ငါတို့အိမ်ကိုထပ်လာလည်တယ်၊ ညီလေးကပျော်နေရော၊ ငါလည်းအရမ်းပျော်တယ်

နေ့လည်စာစားတဲ့အချိန်မှာ ထျန်းချန်က သူပြင်သစ်သွားတုန်းက စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းတွေကိုပြောပြတယ်၊ ပတ်ဝန်းကျင်ကနွေးထွေးနေတာပဲ၊ ပြီးတော့ သူက အားလုံးအတွက်လက်ဆောင်တွေဝယ်လာတယ် 

ထျန်းချန်က ငါ့ညီလေးကို လက်စွပ်တစ်ကွင်းပေးတယ်၊ ရှိသမျှလူအကုန်လုံး ဝမ်းသာသွားကြတယ်၊ ငါလည်း မျက်ရည်လည်တဲ့အထိဝမ်းသာပါတယ်၊ မင်းတို့နှစ်ယောက်လုံး တအားလိုက်ဖက်တယ်]-

-[ဘာလို့ ညီလေးကျမှ ဒီရောဂါဆိုးကြီးကိုခံစားရတာလဲ? ဘုရားသခင်က ဘာဖြစ်လို့ ဒီလိုလှပတဲ့လူတစ်ယောက်နဲ့ ငါတို့ကိုခွဲခွာရအောင်လုပ်တာလဲ? ငါချစ်တဲ့သူတွေဝမ်းနည်းတာ မမြင်ချင်ဘူး၊ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် ငါပဲဖြစ်လိုက်ပါတော့လား]-

-[ဆေးစစ်ချက်ရပြီ၊ ဘုရားသခင်.. ညီလေးကိုကယ်လို့ရပြီ၊ ဆရာဝန်ကပြောတယ် ကျောက်ကပ်အစားထိုးမယ်ဆိုရင် ပြဿနာမရှိတော့ဘူးတဲ့၊ ထျန်းချန်စိတ်ဆင်းရဲမှာမဟုတ်တော့ဘူး၊ ညီလေးမရှိတဲ့သူ့ကိုမြင်ရတာ ငါ့နှလုံးသား တကယ့်ကိုနာကျင်ရတယ်၊ တော်သေးတယ် ငါ့ညီလေးက မကြာခင်ပြန်ကောင်းလာတော့မှာ]-

-[ငါ့ရဲ့စုတ်ပြတ်နုံချာနေတဲ့ကိုယ်ခန္ဓာကြီးကို ဘယ်တုန်းကမှ ဒီလောက်ထိမမုန်းဖူးဘူး၊ မေ့ဆေးနဲ့မတည့်ဘူး? အသက်အန္တရာယ်ရှိတယ်? ငါဘယ်လိုလုပ်သင့်လဲ?

ငါက လောဘကြီးတဲ့သူရဲဘောကြောင်တဲ့ကောင်၊ သေရမှာလည်းကြောက်သေးတယ်၊ ဒါပေမယ့် ငါ့ညီလေးကမစောင့်နိုင်တော့ဘူး၊ ထျန်းချန်လည်း မစောင့်နိုင်တော့ဘူး၊ သူက ငါ့ညီလေးကိုအရမ်းချစ်တာ၊ ညီလေးကိုဆုံးရှုံးလိုက်ရရင် သူဘယ်လိုဖြစ်သွားမှာလဲ ငါမတွေးရဲဘူး]-

-[မင်းတို့အကုန်လုံး ညီလေးကိုပိုချစ်ကြတာ သိပါတယ်၊ မင်းတို့ကို ဘာအတွက်ကြောင့်မှအပြစ်မတင်ပါဘူး၊ ဒါပေမယ့် ဘာဖြစ်လို့ ငါ့ညီလေးကို ကျောက်ကပ်ပေးခွင့်မပြုရတာလဲ? ငါ့ဘဝကို ကျန်းမာတဲ့ညီတစ်ယောက်နဲ့လဲလှယ်ရတာ ပိုကောင်းတာမဟုတ်ဘူးလား? တစ်ခါတစ်လေလေး မျက်စိမှိတ်ပေးလိုက်ကြပါတော့လား၊ ငါ့ကိုဂရုစိုက်နေလို့ ကောင်းကျိုးမှမရှိတာ၊

ငါ့ဆုတောင်းက အရမ်းရိုးရှင်းပါတယ်၊ ငါချစ်တဲ့သူတွေကို ပျော်စေချင်တယ်၊ လိုအင်ဆန္ဒတွေပြည့်ဝစေချင်တယ်၊ ငါပိုင်ဆိုင်သမျှအကုန်လုံးဆုံးရှုံးသွားရင်တောင်မှပါ]-

နောက်ပိုင်းမှာ စာမျက်နှာတွေအများကြီးကျန်သေးတယ်။ ဒါပေမယ့် ကောင်းထျန်းချန်ကတော့ ထပ်လှန်ဖို့သတ္တိမရှိတော့ဘူး။ သူ့အဆုတ်ထဲကလေတွေအကုန်လုံးထွက်သွားပြီလား အောက်မေ့ရတယ်။ အသက်ရှုလိုက်တိုင်းမှာ တောက်လောင်ပြီးနာကျင်ခဲ့ရတယ်။ သူက ယောက်ယက်ခတ်နေတဲ့စိတ်အခြေအနေကို ထိန်းချုပ်ဖို့ကြိုးစားတယ်။ သူ့လက်ချောင်းတွေက ချော့မွေ့တဲ့စာရွက်တွေကို ခပ်ဖွဖွထိတွေ့နေခဲ့ပြီး နှလုံးသားကတော့ နာကျင်မှုတွေကြောင့်အေးခဲနေခဲ့ပါတယ်။

မုကျင်က သူ့ကို ပြောမပြတတ်လောက်အောင်ချစ်ခဲ့တယ်။ တိတ်တခိုးချစ်ခြင်းကစလို့ နှစ်ကိုယ်တူပေါင်းဖက်သည်အထိ ပျော်ရွှင်မှုအနည်းအကျဉ်းကိုသာ မျှော်လင့်တောင့်တခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပြန်ရခဲ့တာကတော့ အကြင်နာကင်းမဲ့တဲ့ လျစ်လျူရှုခြင်းတွေသာဖြစ်ပြီး နှလုံးသားမှာအဆုံးမရှိတဲ့ဒဏ်ရာတွေဖြစ်လာခဲ့တယ်။

သူ မုကျင်ကို ဘယ်တုန်းကမှ မယုံကြည်ပေးခဲ့ဘူး၊ လေးစားမပေးခဲ့ဘူး။ မြင်အောင်ကြည့်မပေးခဲ့ဘူး။ မျက်ကန်းတစ်ယောက်လို ကိုယ်ပိုင်အတွေးထဲမှာသာပျော်မွေ့နေခဲ့ပြီး ဒီလိုလှပအပြစ်ကင်းစင်တဲ့လူတစ်ယောက်ကို ဖျက်ဆီးခဲ့မိတယ်။

ကောင်းထျန်းချန်ရဲ့မျက်လုံးတွေ နီရဲကျိန်းစပ်လာခဲ့ပြီး ဒီစာရွက်အထပ်လိုက်ကိုကိုင်ထားဆဲမှာ ရှိုက်သံတွေလည်းထွက်လာခဲ့တယ်။ ဒါက မုကျယ်မရှိတော့တဲ့နောက်ပိုင်းမှာ သူ့ရဲ့နှလုံးသားမဲ့အေးစက်စက်အပေါ်ယံခွံကိုခွာချလို့ ပထမဦးဆုံးအကြိမ် ကလေးတစ်ယောက်လိုဝမ်းနည်းပက်လက်ငိုရှိုက်ခဲ့တဲ့ချိန်ခါဖြစ်ပါတယ်။

……………..