(27)
Viewers 36k

ညဉ့်နက်နက်ရဲ့အမှောင်ထုထဲ စီတန်းမတ်တပ်ရပ်နေကြတဲ့ အထပ်မြင့်အဆောက်အဦးတွေက လမ်းမပေါ်ကနီယွန်မီးတွေနဲ့ပနံရနေပါတယ်။ ကုမ်ပဏီအဆောက်အဦးရဲ့အပေါ်ဆုံးထပ် သူ့ရုံးခန်းထဲက မှန်ပြတင်းပေါက်ကြီးရှေ့မှာ ကောင်းထျန်းချန်က စီးကရက်တစ်လိပ်လက်ကြားညှပ်ပြီး မတ်တပ်ရပ်နေတယ်။ သူက ပြတင်းရှေ့မှာအကြာကြီးမတ်တပ်ရပ်နေခဲ့ရင်း ဟိုးအောက်မှာသွားလာလှုပ်ရှားနေကြတဲ့ ကားတွေလူတွေကိုကြည့်နေခဲ့တာဖြစ်ပါတယ်။

သူ ဆေးလိပ်စသောက်ခဲ့တာ ဆယ်ကျော်သက်အရွယ်ကတည်းက။ ဒါပေမယ့် အလွန်အကျွံစွဲလမ်းနေတာတော့ မဟုတ်ရပါဘူး။ မုကျယ်မကြိုက်တာကြောင့်လည်း ပြီးခဲ့တဲ့နှစ်တွေအတွင်း ဆေးလိပ်ဖြတ်ခဲ့သေးတယ်။

သို့ပါသော်ငြားလည်းပေါ့လေ.. မုကျယ်မရှိတော့တဲ့နောက်ပိုင်းနှစ်နှစ်အတွင်းမှာ သူကိုယ်တိုင်လည်း စိတ်ဓါတ်ကျလို့လမ်းပျောက်ခဲ့ရတယ်။ လောကကြီးကိုလျစ်လျူရှုပြီး နေ့နေ့ညညအရက်ပုလင်းထဲခေါင်းစိုက်လို့ ဆေးရွက်ကြီးကိုလည်း ပိုတိုးလို့စွဲလမ်းတတ်လာတယ်။ အချိန်တစ်နှစ်ကျော်ကြာပြီးမှ ချစ်သူဆုံးရှုံးတဲ့လောင်းရိပ်အောက်က တဖြည်းဖြည်းရုန်းထွက်လာနိုင်ခဲ့တာဖြစ်ပါတယ်။

ကောင်းထျန်းချန်လက်ထဲကစီးကရက် တောက်လောင်နေခဲ့တာ လက်ချောင်းထိပ်ဖျားထိရောက်လာပြီ။ သူက စားပွဲကျယ်ကြီးပေါ်က စာရွက်စာတမ်းအပုံလိုက်ကိုတစ်ချက်ကြည့်ပြီး အလုပ်ပြန်လုပ်ဖို့ စားပွဲရှိရာပြန်လျှောက်လာခဲ့တယ်။ စားပွဲပေါ်မှာက အမျိုးစုံသောအချက်အလက်တွေရှိပြီး သူက စိတ်တည်တည်ငြိမ်ငြိမ်နဲ့ပဲ အာရုံစူးစိုက်ပြီး တိကျမှန်ကန်တဲ့ညွှန်ကြားချက်တွေပေးခဲ့ပါတယ်။

ကောင်းထျန်းချန်က နေ့တိုင်းနေ့တိုင်း ရှိသမျှခွန်အားနဲ့ အလုပ်တွေအားလုံးကို အကောင်းဆုံးတတ်စွမ်းသမျှပြီးမြောက်စေတယ်။ တိကျတဲ့စက်ရုပ်တစ်ရုပ်လို သူ့မျက်နှာချောချောမှာ ပြုံးရယ်ခြင်းတစ်ခွန်းမရှိ အေးစက်တည်ငြိမ်ခြင်းတွေသာ ပြည့်နှက်လို့နေတယ်။

ဒီရက်ပိုင်းတွေအတွင်းမှာ ကောင်းထျန်းချန်စိတ်လိုလက်ရလုပ်တဲ့အလုပ်တစ်ခုကို ပြောပါဆိုရင်တော့ အိမ်ကိုပြန်တဲ့အလုပ်ပဲဖြစ်ပါတယ်။ သူနဲ့မုကျင်တို့ရဲ့ ဒွေးရောယှက်တင်ခဲ့ရာ၊ ပေါင်းစည်းရာ နေရာလေးကိုပေါ့။ ဒါပေါ့.. သူတို့ရဲ့ချစ်စရာကလေးလေးလည်းရှိလာပြီ။

ဘန်တလေအနက်ရောင်ကားက ဝင်လုဆဲဆဲနေရောင်ခြည်အောက်မှာ လေပြင်းတွေတိုက်နေတဲ့လမ်းမအတိုင်း မြို့ပြင်ပိုင်းရဲ့ဗီလာတွေရှိရာ ဦးတည်မောင်းနှင်လာပါတယ်။

ကောင်းထျန်းချန်က ကုတ်အင်္ကျီကိုချွတ်ပြီး ဖိနပ်ချွတ်ဘေးနားက အင်္ကျီချိတ်စင်မှာချိတ်တယ်။ နောက်တော့ ဒုတိယထပ်မှာရှိတဲ့ကလေးအခန်းထဲ တန်းတန်းဝင်သွားခဲ့ပါတယ်။ 

အခန်းတစ်ခုလုံးကို နွေးထွေးတဲ့လိမ္မော်ရောင်နံရံကပ်စက္ကူတွေ ခန်းလုံးပြည့်ကပ်ထားတယ်။ ကတ္ထီပါကောဇောကြီးခင်းထားတဲ့ကြမ်းပြင်ပေါ်မှာက ကလေးတွေနှစ်သက်တဲ့အရုပ်တွေနဲ့ပြည့်နှက်နေတယ်။ အခန်းအလယ်မှာက အနုစိတ်ကျပြီးလက်ရာမြောက်တဲ့ ကလေးအိပ်သစ်သားပုခက်လေးတစ်ခုရှိတယ်။ နှစ်လသားအရွယ်ဘေဘီကောင်းလေးက အတွင်းမှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပါတယ်။

ကောင်းထျန်းချန်က ကလေးပုခက်ရှိရာဖွဖွလေးလျှောက်သွားပြီး အုပ်ထားတဲ့ပိုးဇာလိုက်ကာလေးကိုအသာလှပ်တင်လိုက်ကာ ငုံ့ကြည့်လိုက်တယ်။

ကလေးလေးက မွေးပြီးပြီးချင်း ဖန်ပေါင်းချောင်ထဲကရှုံ့တွတဲ့မျက်နှာလေးလိုမဟုတ်တော့ဘူး။ ဘေဘီကောင်းလေးရဲ့မျက်နှာက အတော်ကြီးပြည့်ဖြိုးလာပြီ။ သူ့အသားအရေက ဥခွံလေးလို ဖြူဖွေးမာတင်းနေတယ်။ ဒါက သူ့ကို လူတွေလက်လွတ်စပယ်မထိရဲလောက်အောင်ဖြစ်စေတယ်။

ကလေးလေးကိုကြည့်ရတာ အခုလေးတင် အန်တီချန်ကျွေးမွေးပြီးဖြစ်ပုံရတယ်။ လက်တစ်ဖက်က လက်သီးဆုပ်လေးဆုပ်ထားပြီး အခြားတစ်ဖက်ရဲ့လက်ချောင်းနှစ်ချောင်းကို ပါးစပ်ထဲထည့်ထားတယ်။ လက်ကိုစုပ်ထားတဲ့ချယ်ရီသီးရောင်နှုတ်ခမ်းတွေက စုစုဝိုင်းဝိုင်းလေးဖြစ်နေပြီး မျက်နှာကတော့ ကျေနပ်နေပုံရပါတယ်။

ကောင်းထျန်းချန်က သူ့သားရဲ့နီစွေးစွေးပါးပြင်လေးကို ချစ်ခင်မြတ်နိုးခြင်းအပြည့် လက်ချောင်းတွေနဲ့ဖွဖွထိတယ်။ ဘေဘီကောင်းလေးက နှာခေါင်းလေးရှုံ့ချည်ပွချည်နဲ့ ငြိမ်သက်စွာအိပ်နေခဲ့တယ်။ သူအသက်ရှုထုတ်လိုက်တဲ့လေငွေ့နွေးနွေးတွေ ကောင်းထျန်းချန်လက်မှာလာရိုက်ပြီး သူ့ရဲ့အတွင်းစိတ်သဏ္ဍာန်ကိုပါ နူးညံ့သွားစေခဲ့ပါတယ်။

သူက သူ့သားခြုံထားတဲ့စောင်ကို တင်းတင်းရင်းရင်းပြန်လုပ်ပေးလိုက်ပြီးမှ မတ်မတ်ထရပ်ကာ အခန်းအပြင်ဘက်လှည့်ထွက်သွားခဲ့တယ်။ နောက်တော့ ကော်ရစ်ဒါလမ်းအဆုံးကအခန်းထဲကို ဝင်လာခဲ့ပြန်တယ်။

ဒီအခန်းကတော့ မုကျင်အတွက် ကောင်းထျန်းချန်အထူးတလည်ပြင်ဆင်ပေးထားတာပါ။ အထဲကမှာက မုကျင်လိုအပ်တဲ့ဆေးရုံသုံးကိရိယာတွေရှိပြီး တစ်ခန်းလုံးခြုံကြည့်ရင် ICU အသေးစားလေးအလားထင်ရတယ်။

မုကျင်က ကျယ်ဝန်းပြီးနူးညံ့တဲ့ဆေးရုံကုတင်ပေါ်မှာလဲလျောင်းနေတယ်။ သူ့ရဲ့သေးသေးသွယ်သွယ်လှပတဲ့မျက်နှာနေရာအများစုကိုတော့ အောက်စီဂျင်မျက်နှာဖုံးကြီးကဖုံးကွယ်ထားတယ်။ သူ့မျက်ဝန်းတွေပိတ်နေခဲ့ပြီး အိပ်ပျော်နေတဲ့လူနဲ့တောင် ဆင်ဆင်တူပါတယ်။

အချိန်တွေကကုန်ဆုံးသွားခဲ့တယ်။ ကောင်းဖင်အန်းလေးမွေးပြီးတာ နှစ်လကျော်ကြာသွားခဲ့ပြီ။ မုကျင်ကတော့ အသက်အန္တရာယ်ကနေလွတ်မြောက်လာခဲ့ပေမယ့် သတိရလာမယ့်လက္ခဏာမပြဘဲ ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေ နှေးကွေးပြီးအားနည်းနေတုန်းပဲ။ သူ့အသက်ကိုဆက်လက်ထိန်းသိမ်းနိုင်ဖို့ စက်ကိရိယာအမျိုးမျိုးရဲ့အကူအညီကိုယူနေရဆဲပဲ။ 

မုကျင်က သတိမရသေးဘဲမေ့မျောနေဆဲဖြစ်ပေမယ့် ကောင်းထျန်းချန်ကတော့ သူ့ကိုအေးစက်စက်ဆေးရုံအခန်းထဲမှာ တစ်ယောက်တည်းမထားခဲ့ရက်နိုင်ပါဘူး။ ဒါကြောင့် အမြောက်အမြားအားစိုက်ထုတ်လို့ လူနားခန်းတစ်ခန်းအိမ်မှာစီစဉ်ပေးခဲ့ပြီး မုကျင်ကိုအိမ်ပြန်ခေါ်လာခဲ့ပါတယ်။

အာဟာရမျိုးစုံကို ပိုက်တွေကတစ်ဆင့် မုကျင်ရဲ့ကိုယ်ခန္ဓာထဲသွယ်တန်းထားတယ်။ သူ့မျက်နှာကစာရွက်တစ်ရွက်လိုဖြူစုတ်နေပြီး ရှည်လျားတဲ့ကောညွှတ်ညွှတ်မျက်တောင်တွေကတော့ ဝံ့ကြွားတဲ့တောင်ပံတွေလို မည်းနက်နေပါတယ်။

ကောင်းထျန်းချန်က အိပ်ရာဘေးမှာထိုင်နေခဲ့တယ်။ သူ့မျက်ဝန်းထဲ ဒီအချိန်မှာ မုကျင်တစ်ယောက်တည်းကိုပဲမြင်တယ်။ မျက်ဝန်းထဲ နူးညံ့မှုတွေ တွယ်တာမှုတွေအပြည့်နဲ့ ကြည့်ရှုနေခဲ့တာဖြစ်ပါတယ်။

မုကျင်လက်ဖမိုးပေါ်မှာ ဆေးသွင်းလို့ဖြစ်လာတဲ့ ခရမ်းပြာရောင်အပ်ပေါက်ရာတွေရှိတယ်။ ကောင်းထျန်းချန်က သူ့လက်ဖဝါးကိုဖွဖွဆုပ်ကိုင်ဖို့တောင် မဝံ့ရဲပါဘူး။

“ရှောင်ကျင်.. မင်းသိလား၊ အန်တီချန်က ငါ့ကိုပြောတယ်၊ ဒီနေ့ ငါတို့သားလေးညစာစားတုန်းက သူကဇွန်းကိုတောင်ကိုင်နိုင်နေပြီတဲ့၊ သူက အရမ်းချစ်စရာကောင်းတာ၊ မင်းနဲ့တူတယ်” ကောင်းထျန်းချန်ကဖြည်းဖြည်းချင်းပြောတယ်။ သူပြောတဲ့ နေ့စဉ်အသေးအမွှားဖြစ်ရပ်ဟိုသည်စကားတွေကို ကုတင်ပေါ်လဲလျောင်းနေတဲ့မုကျင်တစ်ယောက် ကြားနိုင်သလိုမျိုးပြောနေခဲ့တာပါ။ 

“မင်းသူ့ကိုချစ်တာ ငါသိတယ်၊ ဒါပေမယ့် မင်းသူ့ကိုနည်းနည်းလေးတောင် မချီပိုးရသေးဘူးလေ” ကောင်းထျန်းချန်က အကြည့်မလွှဲနိုင်ခဲ့ပါဘူး “သူ အရွယ်ရောက်လာတာကို မင်းအဖော်မပြုပေးချင်ဘူးလား၊ သူ တစ်စထက်တစ်စကြီးလာမှာ မင်းမမြင်ချင်ဘူးလား၊ လွတ်သွားရင် မင်းနောင်တရမှာသေချာတယ်” 

“ထတော့…” သူက မတ်တပ်ထရပ်ပြီး အိပ်ပျော်နေသူရဲ့နဖူးပြင်ကို အနမ်းတစ်ပွင့်ခြွေချခဲ့တယ်။ နောက်တော့ မုကျင်ခြုံထားတဲ့စောင်အထူကြီးကို အသေအချာပြင်ပေးလိုက်ပြီးမှ နောက်ပြန်လှည့်ပြီးအခန်းထဲကထွက်သွားပါတယ်။

ဒါပေမယ့် သူသတိမပြုမိခဲ့တာတစ်ခုရှိတယ်။ အဲဒါကတော့… သူ့အနောက်မှာကျန်ခဲ့တဲ့ အရုပ်လေးလိုလဲလျောင်းနေတဲ့မုကျင်ရဲ့လက်ချောင်းတစ်ချောင်း နည်းနည်းလေးလှုပ်သွားတာကိုပါ။

………………