ကောင်းထျန်းချန်အတွက်တော့ မနက်တိုင်းအလုပ်မသွားခင်မှာ အိမ်ကမထွက်မီ မုကျင့်အခန်းဆီတစ်ချက်ဝင်ကြည့်တတ်တဲ့အလေ့အကျင့်တစ်ခု တိုးလာခဲ့တယ်။
ကမ္ဘာပေါ်က အခြားသာမန်မိသားစုတွေလိုမျိုး လင်ယောင်္ကျားက မနက်စောစောထအလုပ်သွားပြီး မသွားခင်မှာ သူတို့ရဲ့အိပ်ပျော်ပြီးကျန်ခဲ့တဲ့ချစ်သူကို အကြင်နာအနမ်းတစ်ပွင့်နဲ့ နေ့တိုင်းနှုတ်ဆက်သလိုမျိုးဖြစ်ပါတယ်။
ဒီနေ့မှာလည်း ခါတိုင်းလိုပဲ ကောင်းထျန်းချန်က မုကျင်အခန်းတံခါးကိုတွန်းဖွင့်ပြီး အထဲဝင်လာခဲ့တယ်။ ဒါပေမယ့် သူ့ခန္ဓာကိုယ်ဘေးတစ်ဖက်တစ်ချက်မှာချထားတဲ့လက်တွေ အနည်းငယ်လှုပ်သွားတာကိုအမှတ်မထင်မြင်ခဲ့ရတယ်။ လက်တစ်ဖက်ဆို ပိုလို့တောင်မှကွေးတက်လာပြီး လက်ချောင်းတွေလည်း လှုပ်ရှားနေခဲ့ပါတယ်။
ကောင်းထျန်းချန် အတော်လေးအံ့အားသင့်သွားခဲ့ရတယ်။ နေရာမှာ စက္ကန့်အနည်းငယ်လောက် ကြောင်တောင်တောင်ဖြစ်သွားသေးတယ်။ ပြီးမှ ရုတ်တရက်အသိဝင်လာပြီး နှလုံးသားရင်ဘတ်ထဲကခုန်ထွက်တော့မတတ် ခံစားလိုက်ရတယ်။ သူက ကုတင်ဘေးကိုပြေးချလာပြီး ကုတင်ပေါ်ကလူကို စိတ်အားထက်သန်မှုအပြည့်နဲ့ အော်ခေါ်လိုက်ပါတယ်။
“ရှောင်ကျင်! သတိရလာပြီလား?”
မြူတွေကြားထဲလျှောက်သွားနေတယ်လို့ မုကျင်က ခံစားနေခဲ့ရတာပါ။ ပတ်ဝန်းကျင်မှာဘာမှမရှိဘူး။ အသံလည်းမရှိဘူး။ အလင်းရောင်လည်းမရှိဘူး။ သူတစ်ယောက်တည်း ကြောက်ရွံ့နေခဲ့တာပါ။
ဘာကြောင့်ဒီလောက်တောင် ဆိုးဆိုးဝါးဝါးခံစားနေရပြီး မောပန်းနေလဲ သူမမှတ်မိဘူး။ သူ့စိတ်တွေယောက်ယက်ခတ်နေပြီး ကိုယ်ခန္ဓာတစ်ခုလုံးကဆွဲဖြဲခံထားရသလို နှလုံးသားကပင်ပန်းနွမ်းနယ်နေခဲ့တယ်။
မုကျင်က လက်တွေ့ဘဝထဲဝင်မလာချင်ခဲ့ဘူး။ ဘာကိုမှမစဉ်းစား၊ ဘာကိုမှရုန်းကန်မနေဘဲ လွယ်လွယ်ကူကူအရှုံးပေးလိုက်ချင်တယ်။ ဒါပေမယ့် အဝေးတစ်နေရာကခေါ်နေတဲ့ရင်းနှီးတဲ့အသံတစ်ခုကို ကြားလိုက်ရတယ်။ အသံကဝေးလွန်းလို့ ထင်ယောင်ထင်မှားဖြစ်နေသလားလို့တောင် ခံစားနေရပါတယ်။
သူ့နာမည်ကို ဘယ်သူခေါ်နေတာလဲ? အသံက ပူပန်မှုတွေအပြည့်နဲ့ စိုးရိမ်တကြီးလေသံဖြစ်နေတယ်။
မုကျင်က လေးလံလွန်းလှတဲ့မွဲပြာပြာမျက်ခွံတွေကို ကြိုးစားဖွင့်မိတယ်။ အသုံးမပြုတာကြာပြီဖြစ်တဲ့ သူ့ရဲ့မှောင်မည်းမည်းမျက်ဝန်းပတ်လမ်းက အလင်းစူးစူးတစ်ခုကြောင့် ချက်ချင်းကိုတောက်လောင်သွားခဲ့တယ်။
သူ့အာရုံတွေက အတော်လေးကို မပီမသဝိုးတဝါးဖြစ်နေပြီး မြင်ကွင်းကလည်း ကြည်လင်ပြတ်သားမနေဘူး။ သူက အမိုးထက်ကိုစိုက်ကြည့်နေပြီးအတော်ကြာမှ မြင်ကွင်းကပြတ်သားလာတယ်။ ဒါပေမယ့် သူ့ဘေးကလူကို နောက်တစ်ကြိမ်တွေ့တဲ့အခါမှာတော့ သူ့တစ်ကိုယ်လုံးတောင့်တင်းသွားခဲ့ပါတယ်။
“ငါ…. ငါ ဆေးရုံမှာမဟုတ်ဘူးလား?” သူ့ရဲ့ကွဲအက်နေတဲ့နှုတ်ခမ်းတွေ အချိန်အကြာကြီးတသိမ့်သိမ့်တုန်နေသေးတယ်။ ပြီးမှ ခြောက်သွေ့ကြမ်းရှနေတဲ့လည်ချောင်းထဲကနေ စကားတစ်ခွန်းထွက်လာနိုင်တယ်။ သူ့အသံက သဲကြမ်းတွေပွတ်တိုက်မိသလို အက်ကွဲနေတယ်။
ကောင်းထျန်းချန်က ငုံ့ကိုင်းလာပါတယ်။ ပြီးတော့ မုကျင်နဖူးပေါ်ပြန့်ကျဲနေတဲ့ဆံပင်တွေကို သပ်တင်ပေးပြီး လေသံပျော့လေးနဲ့ပြောပါတယ် “မင်းသတိရလာတာ ငါဝမ်းသာတယ်၊ ငါမင်းကိုဆေးရုံကပြန်ခေါ်လာတာ၊ အခု ငါတို့အိမ်မှာ”
ကောင်းထျန်းချန်ရဲ့မျက်ဝန်းတွေ သိပ်ကိုနူးညံ့ညင်သာလွန်းနေတာ မုကျင်မြင်နေရတယ်။ သူကောင်းကောင်းသတိမရသေးဘူး။ ဒါပေမယ့် စိုးရွံ့မှုတစ်ခုနဲ့အတူ စိတ်ထဲစတင်မသက်မသာဖြစ်လာတယ်။ သူက ကောင်းထျန်းချန်ရဲ့သဘောထားတွေကို အတော်လေးဝေခွဲမရဖြစ်နေခဲ့တာပါ။
“ထျန်းချန်…. အဟွတ်…အဟွတ်… ငါမင်းကိုပေးခဲ့တဲ့ဟာ လက်မှတ်ထိုးပြီးပြီလား?”
သူက အခုလေးတင်မှနိုးလာတာ။ ဒါကြောင့် အသက်ကောင်းကောင်းမရှုနိုင်သေးဘဲ ဦးနှောက်ကလည်း အလုပ်မလုပ်နိုင်သေးဘူး။ အတိတ်ကဖြစ်ရပ်တွေအားလုံးက သူ့ဦးနှောက်ထဲ ကသောင်းကနင်းဝင်ရောက်လာခဲ့တယ်။ ဒါပေမယ့် ဘာတွေမှန်းသဲလွန်စရှာမရဘူး။ အဲဒိအစား အကြောင်းအရာတစ်ခုတည်းကိုသာ မှတ်မိပါတယ်။
သူ ကောင်းထျန်းချန်အတွက် ကွာရှင်းစာချုပ်တစ်စောင်ထားခဲ့တယ်။ သူ့အဖေနဲ့သဘောတူညီချက်အရဆိုရင် သူတို့ကလေးမွေးပြီးတာနဲ့ သူတို့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက် ဘာမှမပတ်သက်တော့တဲ့လူစိမ်းတွေဖြစ်သွားတော့မှာပါ။
မုကျင်က အခုလေးတင်နိုးလာတယ်။ ဒါပေမယ့် နိုးလာပြီးပြီးချင်းပထမဦးဆုံးပြောတဲ့အရာက ကွာရှင်းတဲ့အကြောင်းဖြစ်မယ်မှန်း ကောင်းထျန်းချန်ဘယ်တုန်းကမှမထင်ထားခဲ့ဘူး။ ဒါကြောင့် ဘာပြန်ဖြေရမှန်းမသိဘဲ အချိန်တစ်ခုကြာတဲ့ထိအောင် သူ့စကားတွေက လည်ပင်းမှာတစ်ဆို့နေခဲ့တယ်။
မှန်ပါတယ်။ သူ မုသခင်ကြီးကို ကတိပေးခဲ့ဖူးတယ်။ သူတို့နှစ်ယောက်ကြားထဲက ဒီအချည်းနှီးအကျိုးမရှိ မှားယွင်းနေတဲ့အိမ်ထောင်ရေးကို အယ်လ်ဖာကလေးတစ်ယောက်မွေးပြီးတာနဲ့ အဆုံးသတ်မယ်ဆိုပြီးတော့ဖြစ်ပါတယ်။
သူ့နှလုံးသားထဲမှာ လက်လွှတ်မရနိုင်တဲ့၊ မေ့ပျောက်မရနိုင်တဲ့ တစ်စုံတစ်ခုရှိနှင့်နေခဲ့ပြီးသား။ ဒါကြောင့် မုကျင်ကိုနှလုံးသားအပြင်ဘက်မှာ အကြင်နာမဲ့စွာသော့ခတ်ထားခဲ့ရင်း ဝင်လာခွင့်မပေးခဲ့ဘူး။ တစ်ဖက်လူက ဘယ်လောက်တောင်ပေးဆပ်ပြီးကြိုးစားအားထုတ်ခဲ့ပါစေ သူ့ရဲ့တုန့်ပြန်မှုတွေကိုပြန်မရရှိခဲ့ဘူး။ မျှော်လင့်ချက်ကင်းမဲ့စွာရှုံးနိမ့်ခဲ့ရတာချည်းဖြစ်ပါတယ်။
လက်လွှတ်ပေးဖို့ သူ မတွေးမိတာလည်း မဟုတ်ရပါဘူး။ ဒါပေမယ့် သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ထိခိုက်နာကျင်စေရင်း တဝဲလည်လည်ဖြစ်နေခဲ့ကြတယ်။ သူ မုကျင်ကို မယုံကြည်ပေးခဲ့ဘူး၊ တစ်ပါးသူရဲ့အချစ်တွေကို အကြောင်းမဲ့သက်သက်နင်းခြေစော်ကားခဲ့မိပါတယ်။
သူတို့နှစ်ယောက်ရဲ့ဒီဆက်ဆံရေးက ရက်စက်မှုတွေနဲ့စတင်ခဲ့ပြီး ခက်ခဲပင်ပန်းမှုတွေနဲ့တန်ဆာဆင်ထားခဲ့တယ်။ အဆုံးသတ်ကတော့ ဝေဝါးမှောင်မည်းနေခဲ့တယ်။
မုကျင်ကို နောက်ထပ် ဟိုဟိုသည်သည်လျှောက်မတွေးစေချင်တော့တာကြောင့် ကောင်းထျန်းချန်က တစ်ဖက်ကိုလှည့်ပြီး မုကျင်ရဲ့မျှော်လင့်ခြင်းမျက်ဝန်းတောက်တောက်တွေဆီက အကြည့်လွှဲလိုက်တယ်။
“အများကြီးလျှောက်တွေးမနေနဲ့၊ ကောင်းကောင်းအနားယူနေလိုက်၊ ငါ ကုမ်ပဏီကိုအရင်သွားလိုက်ဦးမယ်”
တံခါးပိတ်သံတိုးတိုးက နားစည်ကိုဝင်ရောက်ရိုက်ခတ်သွားပြီး မုကျင်က မျက်လုံးတွေကိုပိတ်ထားခဲ့တယ်။ သူ့ဦးနှောက်တော့ ကွဲထွက်တော့မတတ်ဖြစ်နေခဲ့ပါတယ်။
ကောင်းထျန်းချန်ရဲ့နှုတ်ဆိတ်နေတဲ့အပြုအမူကိုကြည့်ပြီး လက်မှတ်မထိုးရသေးမှန်း မုကျင်သိလိုက်တယ်။ သူ့စိတ်ဓါတ်တွေဟိုးအောက်ဆုံးထိပြုတ်ကျသွားခဲ့ပြီး အင်အားမဲ့စွာအပြတ်အသတ်အနိုင်ယူခံလိုက်ရတယ်။
သူ ဘာဖြစ်လို့လက်မှတ်မထိုးရသေးတာလဲ…. သူခံစားရမှာကို စိုးရိမ်လို့များလား။ ဘာပဲဖြစ်ဖြစ် သူ့အယ်လ်ဖာက အမြဲတမ်း ဘယ်သူ့အပေါ်မှာမဆို ကြင်နာတတ်တဲ့လူတစ်ယောက်ဖြစ်တာကိုး။
လဝက်နီးပါးအိပ်ရာပေါ်အနားယူပြီးတဲ့အချိန်မှာတော့ မုကျင်ရဲ့အခြေအနေက တဖြည်းဖြည်းတိုးတက်လာခဲ့တယ်။ မျက်နှာက သာမန်လူတွေလိုသွေးရောင်မလွှမ်းသေးပေမယ့် စာရွက်ဖြူတစ်ရွက်လိုတော့ နောက်ထပ်ဖြူဆုတ်မနေတော့ဘူး။
ကိုယ်တွင်းအင်္ဂါလုပ်ဆောင်ချက်တွေလည်း ပြန်ပြီးကောင်းမွန်လာပြီး စိတ်အခြေအနေလည်းနိုးနိုးကြားကြားရှိလာတယ်။ ဟော်မုန်းပါဝင်နှုန်းကလည်း နိမ့်ကျနေရာကနေ တဖြည်းဖြည်းသာမန်လယ်ဗယ်ရောက်လာပါတယ်။
ဒီအတောတွင်းမှာ ကောင်းထျန်းချန်က ကုမ်ပဏီမှာ မလိုအပ်တဲ့စားပွဲသောက်ပွဲတွေ၊ အစည်းအဝေးတွေကို အတတ်နိုင်ဆုံးရွှေ့ဆိုင်းပြီး အိမ်ကိုပြန်လာတတ်တယ်။ တဖြည်းဖြည်းအခြေအနေကောင်းလာတဲ့မုကျင်ကို မကြာမကြာဂရုစိုက်ပေးတတ်ပါတယ်။
နေသာတဲ့တစ်ခုသောနေ့လည်ခင်းမှာတော့ ကောင်းကင်ကြီးကကြည်လင်နေပြီး လွင့်မျောနေတဲ့တိမ်စိုင်တွေလည်းမရှိဘူး။ နွေးထွေးတဲ့နေရောင်ခြည်နဲ့လေပြည်လေညှင်းလေးတွေ ကမ္ဘာမြေပြင်ပေါ်ကို သွန်းဖြိုးပက်ဖြန်းနေခဲ့ပြီး မြက်ခင်းစိမ်းစိမ်းတွေက နီစွေးတောက်ပနေခဲ့တယ်။
ညီညာပြန့်ပြူးတဲ့ကျောက်သားလမ်းပေါ်မှာ ပြားကပ်ကပ်ဘီးနှစ်ခု ဖြည်းဖြည်းချင်းလှိမ့်နေတယ်။ မုကျင်က အကြာကြီးအိပ်ပျော်သွားခဲ့တာကြောင့် သူ့ရဲ့ရှေ့ဆံပင်စတွေက ပုံမှန်ထက်ပိုရှည်နေခဲ့ပြီး မျက်လုံးနှစ်လုံးကိုပါ ဖုံးအုပ်လုနီးနီးဖြစ်နေပါတယ်။ လေညှင်းတစ်ချက် ရုတ်တရက်ဝှေ့ပြီး နူးညံ့တဲ့အညိုရောင်ဖျော့ဖျော့ဆံနွယ်လေးတွေကို ကလူကျီစယ်သွားခဲ့ပါတယ်။
ဘေဘီကောင်းလေးက သူ့အဖေရဲ့ပေါင်ပေါ်မှာငြိမ်ငြိမ်လေးထိုင်နေတယ်။ သူ့ရဲ့ပြည့်ဖောင်းဖောင်းမျက်နှာလေးကချောမွတ်နေပြီး ကြီးမားတဲ့မျက်ဝန်းတစ်စုံကတော့ ရေတွေလိုရှင်းသန့်ကြည်လင်နေတယ်။ လက်တံတိုတိုလေးတွေက ကြာရိုးလေးတွေလိုဖြူဖြူလေး။ နောက်ပြီး သူက မုကျင်ရဲ့လက်သန်းကို သူ့လက်သေးသေးလေးနဲ့ဆုပ်ကိုင်ထားခဲ့ပါသေးတယ်။
မုကျင်က စိုးရွံ့နေခဲ့တာပါ။ ဘေဘီကောင်းလေးက သူ့ကိုစိမ်းသက်နေမှာကိုပေါ့။ ပြောရရင်လည်း သူက မီးဖွားပြီးကတည်းကနှစ်လတိုင်သည်ထိအောင် ကလေးအဖေတာဝန်မကျေခဲ့သေးဘူး။ သူ ကလေးလေးကိုပထမဦးဆုံးချီတဲ့အချိန်တုန်းက အရမ်းကိုစိတ်လှုပ်ရှားခဲ့ရသေးတယ်။ အခုမှမြင်ဖူးတဲ့လူစိမ်းတစ်ယောက်ကို ကလေးလေးကြောက်သွားမလား၊ ဒါမှမဟုတ် သူချီလိုက်လို့များ နာကျင်သွားမလား တွေးပြီးစိုးရိမ်ခဲ့ရပါသေးတယ်။
ဒါပေမယ့် အံ့အားသင့်စရာကောင်းတာကတော့ ဒီပေါက်စီလုံးလေးကိုယ်တိုင် မုကျင်လည်ပင်းကိုဖက်တွယ်တက်လာပြီး မျက်နှာကိုအာဘွားပေးလာခဲ့တယ်။ မုကျင်ရဲ့ပါးပြင်က သွားရည်တွေရွှဲကုန်တယ်။ သူကိုယ်တိုင်လည်း အံ့သြဝမ်းသာရလွန်းလို့ မျက်ရည်လည်တဲ့အထိခံစားလိုက်ရတယ်။ သူက ခံစားချက်တွေပေါက်ကွဲထွက်သွားခဲ့ပြီး ဒီမျက်နှာသေးသေးလေးကို လေးငါးခြောက်ခါအနမ်းတွေဖိပေးပစ်လိုက်တယ်။ နောက်တော့ ဒီရှားပါးရတနာလေးကို လက်မောင်းထဲယုယုယယထွေးပွေ့ထားခဲ့ပါတယ်။
ကလေးလေးက သူ့ရှေ့ကလူကို အနက်ရောင်မျက်ဝန်းကြီးတွေနဲ့စိုက်ကြည့်နေခဲ့တယ်။ သူတို့နှစ်ယောက်က မျက်နှာချင်းဆိုင်နေခဲ့ပေမယ့် သူ့ဆီကထွက်လာတဲ့ဟော်မုန်းရနံ့တွေက နွေးထွေးပြီးရင်းနှီးစရာကောင်းလွန်းလို့ ကလေးငယ်လေးဖြစ်တာတောင်မှ အနားကပ်လာချင်စိတ်တွေဖြစ်ပေါ်လာရတာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ရာသီဥတုကသာယာပါတယ်။ ဒါကြောင့် ကောင်းထျန်းချန်က မုကျင်ကို လေကောင်းလေသန့်ရှုရအောင်ဆိုပြီး အပြင်ခေါ်လာခဲ့တယ်။ သူလမ်းမလျှောက်တာ အတော်လေးကြာနေပြီ။ ကောင်းထျန်းချန်က သူ့ကိုရိုးရိုးရှင်းရှင်းဝှီးချဲပေါ်တင်ပြီး လက်ကိုမလွှတ်တဲ့ပေါက်စီလုံးလေးကိုပါ ခေါ်တင်လာခဲ့တယ်။
သူတို့တွေချည်းပဲရှိနေတဲ့အချိန်မှာ စကားတွေအများကြီးမပြောဖြစ်ကြပါဘူး။ အတိတ်တုန်းကတော့ ကောင်းထျန်းချန်ကနားထောင်သူဖြစ်ပြီး မုကျင်ပြောစကားတွေကို ဘာမှတုန့်ပြန်လေ့မရှိဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ ကောင်းထျန်းချန်က သူတို့ကြားကလေထုကို ဖြေလျော့အောင်လုပ်ပေးရသူဖြစ်နေပြီ။ ဒါက မုကျင်ရဲ့ခေါင်းညိတ်ခေါင်းခါတစ်ခွန်း ပြန်ရဖို့အတွက်ဖြစ်ပါတယ်။
“ထျန်းချန် မင်းပြော..” မုကျင်က ဘေဘီကောင်းရဲ့ချောမွတ်တဲ့မျက်နှာလေးကို အသာအယာဖျစ်ညစ်ရင်း ပြောပါတယ်။ သူ့အသံက ကွဲအက်နေခဲ့တယ် “အခု ငါတို့နှစ်ယောက်ဆက်ဆံရေးက ဘာလဲ?”
ကောင်းထျန်းချန်ကမေးခွန်းကိုကြားပြီး မျက်ဝန်းတွေက မုကျင်ဆီရောက်လာတယ်။ သူ့မျက်ဝန်းထဲ ခက်ခဲရှုပ်ထွေးတဲ့ခံစားချက်ပေါင်းစုံရောယှက်နေခဲ့ရင်းမှာ အကြည့်ကိုလွှဲလို့ မေးခွန်းကိုမဖြေလိုဘူး။
ဒီပြဿနာကိုသူရှောင်ပြေးနေခဲ့တာ မုကျင်နိုးလာကတည်းကဖြစ်ပါတယ်။ အခုတော့ မုကျင်က မျက်နှာချင်းဆိုင်ပြီးဗြောင်ကျကျမေးလာတယ်။ သူဘယ်လိုပုန်းရှောင်ရပါ့မလဲ။
…………………