(29)
Viewers 36k

ဒီမေးခွန်းက ပြတ်သားပြီး သဘောထားကွဲလွဲချင်စရာကောင်းတယ်။ မုကျင်ရဲ့စိတ်အခြေအနေက နူးညံ့ပြီးအထိမခံနိုင်ဘူး။ ဒါကြောင့် ကောင်းထျန်းချန်လည်း ခဏလောက်ပြောစရာရှာမတွေ့ခဲ့ဘူး။ ဒီလောက်တောင်ကျော်ဖြတ်ခဲ့ပြီးမှတော့ တစ်ဖက်လူကိုလက်မလွှတ်ပေးနိုင်တော့ပါဘူး။

“ရှောင်ကျင်.. အများကြီးလျှောက်မတွေးနဲ့၊ မင်းက ငါ့ရဲ့တစ်ဦးတည်းသောအိမ်ထောင်ဖက်ပါ” သူက တွန်းနေတဲ့ဝှီးချဲကိုရပ်ပြီး ကိုယ်ကိုငုံ့ကိုင်းကာ လေတိုက်လို့ပွသွားတဲ့ တစ်ဖက်လူရဲ့ဆံပင်ညိုညိုတွေကို အသာအယာသပ်တင်ပေးတယ်။

ဝှီးခဲျပေါ်ကလူက တည်ငြိမ်နေပါတယ်။ သူက ခေါင်းကိုယိမ်းလိုက်ပြီး ကောင်းထျန်းချန်ရဲ့လက်ချောင်းတွေကိုရှောင်ကွင်းလိုက်တယ်။

“ငါက ကလေးရဲ့အဖေအရင်းဖြစ်လို့လား? ဒါမှမဟုတ် တရားဝင်မှတ်ပုံတင်ပြီး လက်ထပ်ယူထားလို့လား?”

မုကျင်ရဲ့အသံက တည်ငြိမ်လွန်းနေတယ်။ ပြောမပြတတ်လောက်အောင်ငြိမ်သက်လွန်းနေတာ လှိုင်းကြက်ခွပ်တွေမရှိတဲ့ရေသေကန်တစ်ကန်လို ဘာခံစားချက်မှရောစွက်မနေဘူး။

မုကျင်ရဲ့ဒီပုံစံကို သူ အရင်ဘယ်တုန်းကမှ မမြင်ဖူးခဲ့ဘူး။ လူစိမ်းတစ်ယောက်လိုဖြစ်နေတဲ့ မုကျင်ရဲ့ပုံစံက သူ့ကိုရတတ်မအေးဖြစ်စေပါတယ်။ တစ်ဖက်လူက သူ့ကိုယုံကြည်ပုံမရတာကြောင့် ကောင်းထျန်းချန်က ခပ်မြန်မြန်ငြင်းချက်ထုတ်လေတယ် “မဟုတ်ပါဘူး… ဘာဖြစ်လို့လဲဆိုတော့ ငါ…”

“ငါ မင်းကို ချစ်လို့ပါလို့… ပြောချင်လို့လား?” မုကျင်က သူပြောချင်တဲ့စကားတွေကို အစဖမ်းဆွဲပြီးကောက်ပြောလိုက်တယ်။ သူ့အသံထဲမှာ အရင်တုန်းကလို ချမ်းမြေ့သာယာမှုတွေမရှိတော့ပါဘူး။ အဲဒိအစား ပကတိတည်ငြိမ်ခြင်းတွေသာကြီးစိုးနေပါတယ်။

ကောင်းထျန်းချန်က စကားဆက်မပြောခဲ့ပါဘူး။ အဲဒိအစား မုကျင်ကိုပဲ သူ့ရင်ခွင်ထဲဆွဲဖက်လိုက်တယ်။ တစ်ဖက်လူရဲ့အေးစက်စက်ပြားချပ်ချပ်ကိုယ်ခန္ဓာက သူ့ရင်ဘတ်ကျယ်ကြီးထဲကပ်နေခဲ့တယ်။ …..ကိုယ်ခန္ဓာနှစ်ခုကိုတသားတည်းဖြစ်အောင် သူ ပေါင်းစည်းပစ်လိုက်ချင်တယ်၊ ဒီလူကို အလိုလိုက်ပေးလိုက်ချင်တယ်၊ ချစ်ခင်မြတ်နိုးပေးလိုက်ချင်တယ်….

“တကယ်လို့ငါကဟုတ်တယ်လို့ပြောရင်… မင်းယုံမှာလား?”

မုကျင်ကအဖက်ခံရလို့ နည်းနည်းတော့အသက်ရှုမဝဖြစ်သွားတယ်။ ဒါပေမယ့် အဝေးကိုတွန်းမထုတ်လိုက်ဘူး။ ခေါင်းကိုပဲရင်ခွင်ထဲကလွတ်အောင် အောက်ကိုအောက်စိုက်လိုက်ပါတယ်။ သူ့မျက်ဝန်းတွေကတော့ ဆံနွယ်တွေနဲ့ဖုံးကွယ်နေခဲ့တယ်။

“ထျန်းချန်.. ကိစ္စမရှိဘူး” သူက နှုတ်ခမ်းကိုကွေးညွှတ်ပြီး သွေးရောင်မရှိဖြူဖျော့ဖျော့မျက်နှာပေါ်မှာ အပြုံးရေးရေးတစ်ခုကို ဆင်မြန်းထားပါတယ် “ငါစိတ်ဆင်းရဲမှာစိုးလို့ စကားလှလှသုံးပြီးညာစရာမလိုဘူး” 

“ငါအများကြီးစဉ်းစားပြီးသွားပြီ၊ ဒီအကြောင်းပဲတွေးနေရလို့ ဟိုးအရင်ကတည်းက အိပ်ပျက်တဲ့ညတွေ ဘယ်လောက်တောင်မှများလိုက်လဲ၊ ငါအများကြီးသတ္တိမွေးခဲ့ပြီးမှ ဒီဆုံးဖြတ်ချက်ကိုချတာပါ”

မုကျင်ရဲ့အသံက တိုးဖျော့ဖျော့လေး၊ ဒါပေမယ့် သူ့စကားလုံးတွေက ချွန်မြတဲ့ဓါးသွားတွေလို ကောင်းထျန်းချန်ရဲ့နှလုံးသားကိုထိုးစိုက်နေကြတယ်။

“မဟုတ်ပါဘူး! ငါမင်းကိုညာနေတာမဟုတ်ပါဘူး၊ ငါတကယ် မင်းကို….. ချစ်တာပါ” 

ဒီစကားကိုကြားပြီး မုကျင်ရဲ့ကိုယ်ခန္ဓာ အနည်းငယ်တောင့်တင်းသွားပါတယ်။ အတော်လေးလည်း အံ့အားသင့်သွားတယ်။ သူ့ရဲ့ပယင်းရောင်မျက်ဝန်းတွေနဲ့ ကောင်းထျန်းချန်ကိုစိုက်ကြည့်တယ်။ မျက်ဝန်းတွေက နွေဦးရဲ့စမ်းရေတွေလို ကြည်လင်နေတယ်။

“ဒါဆို…. မုကျယ်ရော? သူ့ကိုရော ချစ်တုန်းပဲလား?” မုကျင်ရဲ့အသံက သေးသေးလေး။ စကားတွေကလည်းနူးညံ့ညင်သာလွန်းပေမယ့် သူ့အသံထဲတုန်ယင်မှုလေးတစ်ခုပျော်ဝင်နေတာကိုလည်း ကောင်းထျန်းချန်ကခံစားမိတယ်။

သူသိတယ်။ မုကျင်က နောက်တစ်စက္ကန့်မှာသူပေးလာမယ့်အဖြေကိုကြောက်နေခဲ့တာ။ နောက်ပြီး သူကိုယ်တိုင်ကရော…. သူကိုယ်တိုင်ကတော့ မုကျယ်ရဲ့နာမည်ကိုကြားတဲ့အချိန်မှာ နာကျင်မှုတစ်ခုနဲ့ဖိစီးလာခဲ့တယ်။ မုကျယ်က သူ့နှလုံးသားထဲအမြစ်တွယ်နေခဲ့တာကြာခဲ့ပါပြီ။ အခုအချိန်ဖယ်ထုတ်ပစ်ချင်ရင်တောင်မှ သူ့အသွေးအသားတွေအရိုးတွေအကုန်လုံးလောင်ကျွမ်းပြီးမှ စွန့်လွှတ်လို့ရတော့မှာပါ။ 

မုကျင်က သူ့နောက်ကျောကလူပေးလာမယ့်အဖြေကို တိတ်တိတ်လေးစောင့်နေခဲ့တယ်။ သူ့တစ်ကိုယ်လုံးတောင့်တင်းနေခဲ့တယ်။ ဒီခဏမှာ သူတို့နှစ်ယောက်ကြား တိတ်ဆိတ်ခြင်းတွေလွှမ်းမိုးလာခဲ့ပါတယ်။ ကြောက်ရွံ့ရပြီးစိုးရိမ်ပူပန်ရတဲ့ခံစားချက်က မုကျင်ရဲ့နှလုံးသားထဲမှာတဖြည်းဖြည်းအရှိန်မြင့်လာခဲ့ပြီး အသေးငယ်ဆုံးသောမျှော်လင့်ချက်ကိုဝါးမြိုပစ်ခဲ့ပါတယ်။

တစ်ဖက်လူက သူ့ကို အဖြေပြန်ပေးမှာမဟုတ်မှန်းသိသွားတဲ့အခါ မုကျင်က ကိုယ့်ကိုကိုယ်လှောင်ရယ်မိပါတယ်။ သူက ဘယ်ကသတ္တိတွေနဲ့ သူ့ညီလေးကိုယှဉ်ရဲရတာလဲ? ကလေးတစ်ယောက်မွေးပြီးပြီဆိုတော့ လက်ခမောင်းခတ်နိုင်ပြီလို့ထင်ခဲ့တာလား၊ မေ့ပစ်လို့ရပြီလို့ထင်ခဲ့တာလား?

“အာ ဆောရီး.. ငါဘောင်ကျော်သွားတယ်၊ မမေးလိုက်ဘူးလို့သဘောထားလိုက်ပါ၊ မင်းတို့နှစ်ယောက်က တကယ့်ကိုလိုက်ဖက်တဲ့လူတွေပါ၊ ငါ့လိုဘေးကထိုင်ကြည့်တဲ့လူတောင်မှ မင်းတို့နှစ်ယောက်က တစ်ယောက်အတွက်တစ်ယောက်ဖြစ်တည်လာတာမှန်း ခံစားမိတယ်”

သက်ပြင်းတစ်ချက်ကိုအသာအယာချတဲ့အချိန်မှာ သူ့နှလုံးသားထဲကြွင်းကျန်ရစ်နေတဲ့ မျှော်လင့်ချက်တွေရော၊ အခွင့်အရေးတွေရော အားလုံးကိုစွန့်ထုတ်ပစ်ခဲ့တယ်။ မုကျင်ကဆုံးဖြတ်ချက်တစ်ခုကိုချခဲ့တယ်။ မုကျယ်မရှိတော့ရင်တောင်မှ သူ့ကိုဆွဲထားဖို့ဆိုတာ သိပ်ကိုရက်စက်လွန်းရာကျတယ်လေ။

မုကျင်က ကောင်းထျန်းချန်ရင်ခွင်ထဲကရုန်းထွက်လို့ ကျိန်စာမိနေသူတစ်ယောက်လို စကားတွေကိုရွတ်ပါတယ်။ သူ့အသံက တီးတိုးစကားဆိုနေသလို တိုးတိတ်လွန်းပါတယ်။

“တောင်းပန်ပါတယ်၊… မင်းချစ်တဲ့လူကိုဆုံးရှုံးရအောင်လုပ်မိလို့၊… ပြီးတော့ မချစ်တဲ့လူနဲ့ အကြာကြီးအတူနေရအောင်လုပ်မိလို့၊… နောက်ပြီး ငါ့ရင်ထဲကဖြစ်ချင်တဲ့ဆန္ဒတွေကြောင့် မင်းကိုသည်းခံခိုင်းခဲ့မိတယ်”

“လက်မှတ်ထိုးလိုက်ပါ၊ ဒါဆိုမင်းလွတ်လပ်သွားပါပြီ”

အဲဒိည… နေမင်းကြီးက အနောက်ဖက်ဂေါယာကျွန်းဆီဆိုက်ကပ်သွားချိန်မှာ ကမ္ဘာမြေပြင်တစ်ခုလုံး အရာခပ်သိမ်းအမှောင်ထုတွေဖုံးလွှမ်းသွားခဲ့တယ်။ ဗီလာထဲကမီးရောင်တွေအကုန်လုံးနီးပါး မှိတ်ကုန်ပြီဖြစ်ပေမယ့် သိသာလွန်းတဲ့မီးရောင်လေးတစ်ရောင် စာကြည့်ခန်းထဲကတိုးထွက်နေဆဲပါ။  

စားပွဲကျယ်ကြီးပေါ်မှာတော့ အရာမယွင်းသေးတဲ့ရှန်ပိန်တစ်ခွက်ကလွဲလို့ တခြားဘာမှမရှိဘဲရှင်းလင်းနေခဲ့တယ်။ ရွှေရောင်ရှန်ပိန်ရည်တွေက ဖန်ခွက်ထဲ ခရစ်စတယ်လိုကြည်လင်ပြတ်သားနေတဲ့ရေခဲတုံးတွေနဲ့အပြိုင် ကူးခတ်နေခဲ့ပါတယ်။

ကောင်းထျန်းချန်ကအံဆွဲကိုဖွင့်ပါတယ်။ တစ်စုံတစ်ခုက အံဆွဲရဲ့အောက်ခြေမှာ တိတ်တဆိတ်ရှိနေခဲ့တယ်။

သူ ဖြည်းညင်းစွာဆွဲထုတ်လိုက်ပါတယ်။ အဲဒိအရာက စာရွက်ပါးပါးတစ်ထပ်မျှသာဖြစ်တယ်။ ဒါပေမယ့် အလေးချိန်ကီလိုထောင်ပေါင်းများစွာကိုင်ထားရသလို ခံစားနေခဲ့ရတယ်။

စာရွက်တွေတစ်ရွက်ပြီးတစ်ရွက်လှန်တယ်။ သူ့အပြုအမူက သံချေးကိုက်နေတဲ့စက်ရုပ်တစ်ရုပ်လို နှေးကွေးလေးလံနေခဲ့တယ်။ လက်မှတ်ထိုးတဲ့နေရာက ရင်းနှီးနေတဲ့လက်ရေးလက်သား… နောက်ပြီး ဘေးနားက လွတ်နေတဲ့အကွက်…။ ဒါတွေက စူးချွန်တွေအလား သူ့မျက်လုံးကိုထိုးစိုက်နေခဲ့ကြတယ်။

သူ တိတ်တဆိတ်သက်ပြင်းချပါတယ်။ မုကျင်က အမြဲတမ်းခေါင်းမာလွန်းတဲ့လူတစ်ယောက်… အချစ်အပေါ်မှာလည်း ခေါင်းမာခဲ့ဖူးသလို၊ အခုတော့… လွှတ်ချလိုက်ဖို့ ဇွဲမလျှော့စတမ်းခေါင်းမာနေပြန်ပါပြီ။

သူ အတိတ်မှာ မုကျင်ကိုချစ်ခင်မြတ်နိုးမပေးခဲ့ဘူး၊ တစ်ဖက်လူရဲ့ကြင်နာယုယမှုတွေကို အကြောင်းမရှိစော်ကားခဲ့ပြီး ဒဏ်ရာတွေ နာကျင်မှုတွေကိုသာပေးခဲ့တယ်။ သူ ဘယ်လောက်တောင်လူမဆန်ခဲ့သလဲ။ တစ်ဖက်လူရဲ့ချစ်စိတ်တွေကို အဆုံးစွန်ထိအောင်ကုန်ခမ်းစေပြီး လွတ်လပ်မှုကိုသာတောင်းဆိုရလောက်တဲ့အထိ ဖြစ်စေခဲ့ပါတယ်။

ကောင်းထျန်းချန်ရဲ့မျက်ခုံးတန်းတွေ တင်းကျပ်စုချိုးနေခဲ့တယ်။ သူ့ဦးနှောက်တစ်ခုလုံး ကပြောင်းကပြန်ဖြစ်နေပြီး ရင်ဘတ်ထဲမှာတော့ အသက်ရှုရခက်တဲ့အထိ တင်းကျပ်နေခဲ့တယ်။

ဒါ သူနဲ့ထိုက်တန်တဲ့အရာပဲ ဖြစ်ပါလိမ့်မယ်။ ကိုယ်စိုက်ပျိုးတဲ့အသီး ကိုယ်ပြန်ရိတ်သိမ်းရတာပဲပေါ့။ တန်ဖိုးထားတတ်ဖို့မကြိုးစားဘဲ မျက်စိစုံမှိတ်ထွက်ပြေးဖို့ပဲတတ်ခဲ့တယ်။ သူရှောင်ပြေးနေသရွေ့ ဘာမှမဖြစ်လာဘူးလို့ထင်ခဲ့ပေမယ့် သူဂရုစိုက်တဲ့လူတွေကို နာကျင်စေခဲ့ပါရော့လား။ 

ဖန်ခွက်ထဲမှာကျန်တဲ့နောက်ဆုံးရှန်ပိန်တစ်စက် ခါးသက်သက်သူ့လည်ချောင်းထဲ ဝင်သွားတဲ့အချိန်မှာတော့ ကောင်းထျန်းချန်က ဘောပင်ကိုကောက်ကိုင်လို့ လက်မှတ်ကို တစ်နေရာပြီးတစ်နေရာရေးထိုးခဲ့ပါတယ်။ 

……………….