နွေလယ်မိုးက အမြဲတမ်းသည်းထန်အောင်ရွာတတ်ပြီး ခြောက်သွေ့ပူပြင်းတဲ့မြေပြင်ကို ဆေးကြောသန့်စင်သွားခဲ့တယ်။ ဆန်းစသော်တာလခြမ်းကွေးတစ်ခုကတော့ ကောင်းကင်ယံထက်မှာ မှိန်ဖျော့ဖျော့အလင်းတွေကိုထုတ်လွှတ်ပေးနေခဲ့ပါတယ်။ မျက်နှာအုပ်ခေါင်းဆောင်းဇာပဝါတစ်ခု တလူလူလွင့်နေသလို လရောင်ခြည်က မြေကမ္ဘာပေါ် ဟိုတစ်စသည်တစ်စဖြန်းပက်ပေးနေခဲ့ပါတယ်။
မုကျင်က စူပါမားကတ်ကဝယ်လာတဲ့အထုတ်အပိုးတွေကိုကိုင်ဆွဲရင်း မြစ်ကမ်းဘေးလျှောက်လမ်းမှာ လမ်းလျှောက်နေခဲ့တယ်။ ကောင်းကင်ထက်ကကြယ်တွေက မြစ်ပြင်ထက်မှာရောင်ပြန်ဟပ်နေတယ်။ အပေါ်ယံငွေမှုန်ကြဲထားသလို တလက်လက်ဖြစ်နေတဲ့မြစ်ပြင်ကြီးကို မုကျင်ကြည့်နေခဲ့ပါတယ်။
နွေလယ်ညမှာတိုက်ခတ်တဲ့လေတွေက သက်တောင့်သက်သာရှိတယ်။ အေးမြပြီးလန်းဆန်းလို့ မုကျင်ရဲ့တစ်နေ့စုဆောင်းထားသမျှမောပန်းမှုတွေကို ပြေပျောက်သွားစေပါတယ်။
လူနေတိုက်ခန်းတွေရဲ့ဘေးမှာ ပန်းခြံအသေးစားလေးတစ်ခုရှိပြီး အခုချိန်က မိသားစုတွေလမ်းလျှောက်ထွက်ကြတဲ့အချိန်ဖြစ်ပါတယ်။ ပန်းခြံကသက်ဝင်လှုပ်ရှားလို့နေပြီး မုကျင်ကတော့ ပန်းခြံထဲကရယ်မောသံတွေရဲ့ကြားမှာ ဖြတ်သန်းသွားလာနေခဲ့တယ်။
သူက မနှေးလွန်းမမြန်လွန်းတဲ့ပုံမှန်ခြေလှမ်းလေးကိုလှမ်းပြီး တည်ငြိမ်အေးချမ်းတဲ့မျက်နှာလေးနဲ့ သက်တောင့်သက်သာရှိတဲ့ပတ်ဝန်းကျင်မှာ ပျော်ဝင်ခံစားနေခဲ့တယ်။
ပျော်ရွှင်စရာကောင်းပြီးလိုက်ဖက်တဲ့မိသားစုတစ်ခု၊ နွေးထွေးပြီးချစ်ခင်ကြင်နာတဲ့ဆက်ဆံရေး၊ ချစ်စရာကောင်းပြီးသွက်လက်တက်ကြွတဲ့ကလေးငယ်တစ်ယောက်၊ ဒါတွေအားလုံးက တစ်ခါတုန်းကသူ မက်ခဲ့ဖူးတဲ့အိပ်မက်တွေပါ။
ဒါပေမယ့် အိပ်မက်တွေက သူ့အတွက်တော့ အဆုံးစွန်ထိလက်တွေ့ဖြစ်မလာခဲ့ဘူး။ သူ ရေကုန်ရေခမ်းကြိုးစားခဲ့တယ်။ သူ့ဘဝနဲ့သူ့အသက်ကိုတောင်လောင်းကြေးထပ်ပြီး အပြောင်းအလဲတွေကိုမျှော်လင့်ခဲ့တယ်။ ကံမကောင်းအကြောင်းမလှချင်တော့ အားလုံးက နိဂုံးမရှိအဆုံးသတ်သွားခဲ့ပါတယ်။
အခုတော့ ဒီအခြေအနေထိတောင်ရောက်လာပြီ… ဘာလို့များနောက်ထပ်နှောင်ဖွဲ့နေဦးမှာလဲ?
မုကျင်က သက်ပြင်းတစ်ချက်ကိုချပြီး သူ့ရဲ့တောင်တောင်အီအီအတွေးတွေကို ခပ်တိုးတိုးပဲ အပြစ်တင်လိုက်တယ်။
ပန်းခြံထဲမှာက ကလေးတွေအတွက်ကစားကွင်းတစ်ခုရှိတယ်၊ နောက်ပြီး တခြားအပန်းဖြေစရာနေရာတွေလည်းရှိတယ်။ ကလေးလေးတွေက လျှောတွေ၊စီးဆောတွေပေါ်တက်လိုက်ဆင်းလိုက်လုပ်နေကြပြီး အော်ဟစ်ရယ်မောနေကြတယ်။ သူတို့ရဲ့အမူအရာတွေက စိတ်လှုပ်ရှားတက်ကြွပျော်ရွှင်နေကြမှန်းသိသာလွန်းပါတယ်။
ချစ်စရာကောင်းတဲ့ကလေးလေးတွေကိုကြည့်ရင်း မုကျင်က ကောင်းမိသားစုမှာကျန်ခဲ့တဲ့ဘေဘီကောင်းကို သတိရမိသွားတယ်။ သူ့ကလေးအကြောင်းအတွေးတစ်စ သူ့ဦးခေါင်းထဲဝင်လာတဲ့အခါ သူ့ရင်ဘတ်တစ်ခုလုံးပိတ်လှောင်မွန်းကျပ်လာပြီး သူ့နှလုံးသားကနာကျင်မှုကြောင့်ကွဲအက်တော့မယ့်အလား ဖြစ်လာခဲ့တယ်။ ဘယ်ဆီဝေးနေမှန်းမသိတဲ့မျှော်မှန်းတမ်းတခြင်းတွေက သူ့တစ်ကိုယ်လုံးနေရာယူသွားခဲ့ပါတယ်။
ပြီးခဲ့တဲ့တစ်လက သူတို့ရဲ့ကွာရှင်းစာချုပ်မှာ ကောင်းထျန်းချန်ရဲ့အပြီးသတ်လက်မှတ်ရေးထိုးခြင်းနှင့်အတူ နှစ်ဦးသားရဲ့အနှောင်အဖွဲ့တွေဆုံးခန်းတိုင်သွားခဲ့တယ်။
ဒါပေမယ့် ကောင်းထျန်ချန်က ဘေဘီကောင်းလေးကိုတော့ မုမိသားစုနဲ့သူ့မိသားစုတို့ရဲ့တစ်ဦးတည်းသောဆက်ခံသူဖြစ်ကြောင်း အလေးအနက်ပြောဆိုကာ မုကျင်ကို ကလေးခေါ်သွားခွင့်မပြုခဲ့ဘူး။ အကယ်၍ မုကျင် ကလေးကြည့်ချင်ရင် အချိန်မရွေးသွားကြည့်ခွင့်ရှိပေမယ့် သူ့ကိုအရင်အသိပေးပြီးမှကြည့်လို့ရမှာဖြစ်ပါတယ်။
နောက်ပြီး မုကျင်ရဲ့ခန္ဓာကိုယ်က အခုထက်ထိအကောင်းပကတိမဖြစ်သေးတဲ့အတွက် အမှတ်အသားပေးတာကိုဖယ်ထုတ်ဖို့ ခွဲစိတ်တာတွေလုပ်လို့မရသေးဘူး။ ဒါကြောင့် ခွဲစိတ်မှုမတိုင်ခင်မှာ မုကျင်ရဲ့ heat ကာလက ကောင်းထျန်းချန်ရဲ့အုပ်ထိန်းမှုအောက်မှာရှိမှာဖြစ်ပါတယ်။
ဒီလိုမျိုးအကျိုးအကြောင်းမသင့် တောင်းဆိုချက်တွေအားလုံးကို မုကျင်ကလက်ခံပေးခဲ့တယ်။ အများကြီးကြုံတွေ့ခံစားပြီးနောက်မှာ သူက မွန်းကြပ်လွန်းတဲ့အခြေအနေကရုန်းထွက်ဖို့ကိုသာ မျှော်လင့်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး သူကိုယ်တိုင်ကလည်း မုမိသားစုနဲ့ရေစက်ဖြတ်ခဲ့တာကြောင့် သူတို့ကလေးကိုကောင်းထျန်းချန်သာတာဝန်ယူခဲ့ရင် ပိုမိုလုံခြုံစိတ်ချတဲ့ပတ်ဝန်းကျင်မှာ အကောင်းဆုံးကြီးပြင်းလာမှာဖြစ်တဲ့အတွက် သူခေါ်သွားတာထက် အများကြီးပိုကောင်းလိမ့်မယ်မဟုတ်ပါလား။
သူကိုယ်တိုင်ကတော့ သူဌေးကုရဲ့စာအုပ်ဆိုင်လေးဆီပြန်သွားခဲ့တယ်။ သူနေခဲ့ဖူးတဲ့ Hall-typeတိုက်ခန်းငယ်လေးကို ပိုင်ဆိုင်သမျှအကုန်သုံးပြီးဝယ်ခဲ့တယ်။ ဆိုင်ပိုင်ရှင်က အစစ်အဆေးအမေးအမြန်းမရှိ အရင်လိုလက်ခံကြိုဆိုပေးခဲ့ပါတယ်။
အဲဒိအချိန်ကစလို့ တစ်လလုံးလုံးတိုင်တဲ့အထိအောင် မုကျင်က အဲဒိအေးစက်စက်အထီးကျန်ရတဲ့ဗီလာဆီပြန်မသွားခဲ့ဘူး။ သူ့ကလေးကိုလည်း သွားမတွေ့ခဲ့ဘူး။ Heat ဝင်တဲ့ကာလကိုတောင်မှ ဆေးဝါးတွေ၊ထိန်းချုပ်ဆေးတွေနဲ့ပဲ ကြိတ်မှိတ်သည်းခံခဲ့တယ်။
အမှန်တကယ်မလိုအပ်ဘဲနဲ့ တခြားသူကိုအနှောင့်အယှက်မပေးချင်ခဲ့ဘူး။ သူချစ်ရတဲ့လူတွေ ကောင်းကောင်းမွန်မွန်နေထိုင်နေသရွေ့ သူ့အလွမ်းတွေအားလုံး အထီးကျန်ဝေဒနာအဖြစ်ကိုပြောင်းပြီး သူ့ဆီအလည်လာခဲ့မယ်ဆိုရင်တောင် သူဂရုမစိုက်ပါဘူး။
အခု သူအလိုရှိတာ ငြိမ်းချမ်းမှုတစ်ခုတည်းရယ်ပါ။
နွေရာသီကာလရဲ့အလယ်ပိုင်းမှာတော့ ရာသီဥတုက သည်းမခံနိုင်လောက်အောင် ပိုပြီးပူအိုက်စွတ်စိုလာတယ်။ ပူပြင်းတဲ့နေရောင်က ခြောက်သွေ့တဲ့မြေပြင်ကို မီးမြိုက်ထားသလိုဖြစ်စေပြီး ပြတင်းပေါက်အပြင်ဘက်မှာလည်း ပုဇဉ်းရင်ကွဲအော်သံတွေ ပိုလို့ဆူညံလာတယ်။
ဧည့်သည်အနည်းအကျဉ်းသာရှိတဲ့မွန်းလွဲပိုင်းတစ်ခုမှာတော့ ကုကျစ်ချန်က စာအုပ်ကိုလက်ထဲလှန်လို့ငွေရှင်းကောင်တာနောက် ပျင်းပျင်းရိရိထိုင်နေခဲ့တယ်။ အဲယားကွန်းအလုံအလောက်ရှိတဲ့စာအုပ်ဆိုင်ထဲမှာက အပြင်ထက်စာရင် အများကြီးအေးမြပါတယ်။
ဒီခဏမှာမုကျင်က အလွန်တရာမွှေးပျံ့နေတဲ့ဘလက်ကော်ဖီတစ်ခွက်နဲ့ အချိုပွဲတစ်ပန်းကန်ကိုင်ပြီး နားနေခန်းထဲကထွက်လာပါတယ်။ နောက်တော့ ဆိုင်ပိုင်ရှင်ကြီးရှေ့မှာချပေးလိုက်တယ်။
“ကျေးဇူးပဲ”
မုကျင်ချက်ပြုတ်တတ်မှန်း ကုကျစ်ချန်မသိဘူး။ နောက်ပြီး သူ့အရည်အချင်းကလည်း မဆိုးဘူး။
အရင်တုန်းကတော့ အယ်ဖာတစ်ယောက်က ကိုယ်ဝန်အရင့်အမာကြီးနဲ့မုကျင့်ကို လက်မောင်းထဲပွေ့ဖက်လို့လာပြန်ခေါ်သွားခဲ့ဖူးတယ်။ သူတွေးခဲ့တာ ဒီချစ်စရာကောင်းတဲ့ဝန်ထမ်းလေးကို နောက်တစ်ကြိမ်ဘယ်တော့မှပြန်မတွေ့ရတော့ဘူးပေါ့။ ဒါပေမယ့် မမျှော်လင့်စွာပဲ လအနည်းငယ်ကြာတဲ့အချိန်မှာ မုကျင်တစ်ယောက်ပြန်ရောက်လာခဲ့တယ်။
“ကျွန်တော် ရှီချုအတွက်နည်းနည်းချန်ထားတယ်၊ သူကအချိုကြိုက်တယ်လေ”
“စကားမစပ် ကျွန်တော်ဒီနေ့အလုပ်စောစောဆင်းလို့ရမလား?”
အလုပ်စောစောဆင်းဖို့ မုကျင်ခွင့်တောင်းတာရှားပါတယ်။
ကုကျစ်ချန်ရဲ့မျက်လုံးတွေ ပြတင်းပေါက်ဆီရွေ့သွားတယ်။ ဒီနေ့မှာ ကောင်းကင်ကြီးကအုံ့မှိုင်းနေခဲ့တာ နွေလေပူတွေကြောင့် သစ်ရွက်တွေကယိမ်းခါနေပြီး ပြတင်းပေါက်တွေတံခါးတွေမှာ အသံမျိုးနဲ့တရှဲရှဲရိုက်ခတ်နေခဲ့တယ်။
မုန်တိုင်းတိုက်မယ့်လက္ခဏာရှိတယ်။
“ရလောက်ပါတယ်၊ ဒါပေမယ့် ရာသီဥတုကိုတစ်ချက်ကြည့်ဦး၊ ခဏနေရင် မိုးသည်းသည်းမည်းမည်းရွာလောက်တယ်” ကုကျစ်ချန်က တွေးတွေးဆဆပြောပါတယ်။
“ရပါတယ်၊ ကျွန်တော်ထီးယူလာတယ်” မုကျင်ရဲ့အသံထဲ အလျင်လိုနေတဲ့အရိပ်အယောင်တွေလည်းရှိတယ်။
ဒီနေ့သူ့မှာ အစီအစဉ်တစ်ခုရှိတယ်။ နည်းနည်းလေးတောင်လွဲလို့မဖြစ်တဲ့ကိစ္စဖြစ်ပါတယ်။
ခဏအကြာမှာတော့ မုကျင်က ထီးတစ်ချောင်းကိုကောက်ကိုင်လို့ စာအုပ်ဆိုင်ထဲကအလျင်အမြန်ထွက်လာခဲ့တယ်။ နောက်တော့ လူတွေစုဝေးနေတဲ့ဘတ်စ်စကားမှတ်တိုင်ရှေ့မှာမတ်တပ်ရပ်နေခဲ့တယ်။
ကားတွေက သူ့အရှေ့မှာ လူးလာခေါက်တုန့်ဖြစ်နေပြီး သူ့ရဲ့မျှော်လင့်စောင့်စားခြင်းရင်ခုန်သံတွေကို တဒုတ်ဒုတ်နဲ့တိုးလာစေတယ်။
အခုချိန်က လူအကြပ်ဆုံးအလုပ်ဆင်းချိန်ဖြစ်ပါတယ်။ မုကျင်က ဘတ်စ်ကားပေါ်ကိုတိုးတက်ရင်း လက်ကိုင်ကွင်းကိုလက်တစ်ဖက်နဲ့တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားတယ်။ သူက ဆင်းမယ့်မှတ်တိုင်မရောက်ခင်အထိ ရပ်နားခဲ့တဲ့ကြားမှတ်တိုင်တွေတိုင်းမှာ တလှုပ်လှုပ်ဘယ်ညာယိမ်းလို့စီးခဲ့ရတာဖြစ်ပါတယ်။
အစိမ်းပုတ်ရောင်တိမ်တိုက်တွေ ပြာလဲ့လဲ့ကောင်းကင်ကြီးအနှံ့ နေရာယူထားတယ်။ မိုးကောင်းကင်ကြီးကအုံ့မှိုင်းပြီး ကမ္ဘာမြေပြင်ပေါ်အလင်းဖျော့ဖျော့သာရှိတယ်။ မုကျင်က ပန်းရောင်အဆောက်အဦးမြင့်မြင့်ထဲ ခေါင်းကိုငုံ့လို့ ခပ်သွက်သွက်လှမ်းဝင်လာခဲ့ပါတယ်။
အန်တီချန်ဆီကရတဲ့သတင်းအရ ဒီနေ့က ဘေဘီကောင်းလေး ရေကူးသင်ခန်းစာယူရမယ့်နေ့ဖြစ်ပါတယ်။ ခါတိုင်းဆိုရင်တော့ ကောင်းထျန်းချန်က သူ့သားကို ကိုယ်တိုင်ကိုယ်ကျခေါ်လာလေ့ရှိတယ်။ ဒါပေမယ့် ဒီနေ့မှာ ရွေ့ဆိုင်းမရတဲ့အလုပ်ကိစ္စကြောင့် သူ မလာနိုင်တာဖြစ်လို့ မုကျင်က သူ့သားရှောင်ကောင်းလေးကို လာတွေ့နိုင်တာဖြစ်ပါတယ်။
ဒီသတင်းကိုအန်တီချန်ဆီကကြားတဲ့အချိန် မုကျင်ဘယ်လောက်စိတ်လှုပ်ရှားသွားခဲ့ရလဲ ဘုရားပဲသိလိမ့်မယ်။ သူ့သားက သူ့အတွက်တော့ ဘယ်တော့မှဖယ်ထုတ်ပစ်လို့မရတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ သူ့ကိုတစ်ချက်ကြည့်တာနဲ့တောင် အဆုံးမဲ့စိတ်လှုပ်ရှားပျော်ရွှင်ခြင်းတွေကိုခံစားရပါတယ်။
တိတ်ဆိတ်နေတဲ့ကော်ရစ်ဒါတစ်လျှောက်မှာ အခန်းတစ်ခုချင်းဆီက အဆင့်မြင့်ကလေးရေကူးကန်တွေဖြစ်ပါတယ်။ ကလေးတွေရဲ့ ကျားမအရွယ်အစားမျိုးစုံအလိုက် ရေကူးကန်အကုန်လုံးကို ဒီဇိုင်းဆွဲအလှဆင်ထားတယ်။ ကော်ရစ်ဒါနဲ့အခန်းတွင်းကိုတော့ ဖောက်ထွင်းမြင်ရတဲ့မှန်နံရံကြီးသာခြားပါတယ်။ တစ်ချက်လှမ်းကြည့်ရုံနဲ့တင် အတွင်းကကမ္ဘာကြီးကိုမြင်နိုင်ပါတယ်။
ပန်းရောင်ရေဘောကွင်းလေးတွေစွပ်ထားတဲ့ လသားအရွယ်ကလေးတစ်ဒါဇင်လောက် သူ့မျက်ဝန်းထဲဖြတ်ပြေးသွားခဲ့ပြီးမှာ မုကျင်က မှန်နံရံတစ်ခုဆီအရောက် ရုတ်တရက်ရပ်သွားခဲ့ရတယ်။
မုကျင်ရဲ့ပြူးကျယ်နေတဲ့မျက်ဝန်းတစ်စုံက နီမြန်းလာခဲ့ပြီး နှာခေါင်းထဲမှာနှာရည်တွေပြည့်လာခဲ့တယ်။ ပူနွေးနွေးအရည်အချို့ သူ့မျက်လုံးတွေထဲကနေ မေးရိုးထိတိုင် စီးကျလာခဲ့ပါတယ်။
…………………..