ကလေးပြုစုစောင့်ရှောက်သူဝန်ထမ်းက ဘေဘီကောင်းရဲ့ နူးညံ့တဲ့ဖြူတုတ်တုတ်ကိုယ်လုံးလေးကို ဂရုတစိုက်ပွေ့မ ထားတယ်။ အနီရောင်သန်းနေတဲ့သူ့ကိုယ်လုံးလေးက ကြည်လင်တဲ့ရေနွေးကန်ထဲမြုပ်နေခဲ့တယ်။ ကလေးလေးက ပြည့်ဖြိုးဖြိုးခြေလက်လေးတွေနဲ့ ပတ်လည်ကရေတွေကို တလှုပ်လှုပ်ကန်ကျောက်နေခဲ့ပါတယ်။
မုကျင်က တုန်ယင်နေတဲ့သူ့လက်တွေကို အလိုလျောက်ရှေ့ကိုကမ်းမိတယ်။ လက်ချောင်းတွေကိုကွေးကောက်ရင်း မှန်ပြတင်းကိုခေါက်နေမိပြီး အထဲကဘေဘီကောင်းလေးကို နှုတ်ဆက်နေမိတယ်။
ဘေဘီကောင်းက ရေထဲမှာ ပျော်ရွှင်မြူးထူးစွာတဖတ်ဖတ်လှုပ်နေတာပါ။ ကလေးလေးက တစ်စုံတစ်ခုကိုခံစားမိသလို ခေါင်းကိုလှည့်ကြည့်လာတယ်။ နောက်တော့ အပြင်ဘက်ကမုကျင်ကိုတွေ့တဲ့အခါ နှုတ်ခမ်းတွေကိုကွေးညွှတ်ပြီး ချစ်စရာတဘူးဘူးအသံတွေလုပ်တော့တာပေါ့။
မုကျင် သူ့သားကိုမတွေ့ခဲ့ရတာတစ်လကျော်ကြာခဲ့ပြီ။ အခုပြန်တွေ့ချိန်မှာတော့ သူ့နှလုံးသားက တဒုတ်ဒုတ်ခုန်လာတယ်။ သူ့မျက်နှာပေါ်မှာ ရပ်တန့်လို့မရနိုင်တဲ့အပြုံးပန်းတွေဝေဆာနေပြီး မျက်ရည်တွေလည်းအဆက်မပြတ်ကျဆင်းနေခဲ့ပါတယ်။
သူတကယ်ကြီးပွေ့ဖက်လိုက်ချင်ခဲ့တယ်။ ခဏလေး… ခဏလေးဆိုရင်တောင် ရပါပြီ။
“ရှောင်ကျင်?”
သံသယတွေရောစွက်ထားတဲ့ရင်းနှီးတဲ့အသံတစ်ခုက သူ့နောက်ဖက်ကရုတ်တရက်ထွက်လာခဲ့တယ်။ မုကျင်ကိုတုန်လှုပ်သွားစေတာပေါ့။
မှန်ပြတင်းကိုခေါက်နေတဲ့မုကျင်ရဲ့လက်ချောင်းတွေ နေရာမှာရပ်သွားခဲ့တယ်။ သူက မိုးကြိုးပစ်ချခံလိုက်ရသလိုဖြစ်သွားခဲ့တယ်။ ဒီအချိန်မှာ သူ့ဦးနှောက်ထဲ တုန့်ပြန်မှုတစ်ခုသာရှိခဲ့ပါတယ်။
သူ ဒီနေရာကိုမလာခဲ့သင့်ဘူး။ ဟုတ်တယ်။ ကောင်းထျန်းချန်ကို နောက်ထပ် ဘယ်တော့မှပြန်မတွေ့နိုင်တော့တဲ့အထိ နောက်ကိုလှည့်လို့ထွက်ပြေးသွားသင့်တယ်။
အမှန်တကယ်လည်း သူလုပ်ခဲ့ပါတယ်။ သူ့နောက်ကလူရဲ့အော်ခေါ်သံတွေ ဘယ်လောက်ပဲကျယ်လောင်နေခဲ့ပါစေ မုကျင်က လှေကားတွေပေါ်ကနေ ဆင်းပြေးသွားခဲ့ပါတယ်။ ဘယ်တုန်းကမှမလုပ်ခဲ့ဖူးတဲ့ အမူအရာတွေဖြစ်တဲ့ အလျင်စလိုဒရောသောပါး ထွက်ပြေးသွားခဲ့တာပါ။
အဆောက်အဦးအပြင်ဘက်မှာက မိုးတွေသည်းသည်းမဲမဲရွာသွန်းနေခဲ့တယ်။ ကောင်းကင်ကြီးကမည်းမှောင်နေလိုက်တာ နောက်တစ်စက္တန့်အတွင်း အချိန်မရွေးပြိုကျတော့မယ့်အလားပဲ။ နွေရာသီဖြစ်ပေမယ့်လည်း အပူချိန်အလွန်အမင်းကျဆင်းနေခဲ့တယ်။
မုကျင်က အသိစိတ်ကပ်မနေခဲ့ပါဘူး။ သူက အဆောက်အဦးအပြင်ဘက်ရောက်လာတာတောင် ခြေလှမ်းတွေကိုမရပ်လိုက်ဘဲ မိုးရေကြားထဲပြေးဝင်သွားခဲ့တယ်။
အေးစက်တဲ့မိုးရေစက်တွေသူ့ပေါ်ကိုကျဆင်းလာပြီး သူ့အဝတ်အစားတွေအကုန်လုံးရွှဲရွှဲစိုသွားခဲ့တယ်။ ဒီအချိန်မှာသူ့ခေါင်းထဲ ထွက်ပြေးဖို့တစ်ခုသာရှိပါတယ်။
ဒါပေမယ့် ကောင်းထျန်းချန်က သူ့ကိုလိုက်မှီသွားတယ်။ လက်မောင်းကိုဖမ်းဆွဲပြီး ရင်ခွင်ထဲဆွဲသွင်းလိုက်ပါတယ်။ လက်နှစ်ဘက်က မုကျင်ရဲ့ခါးတစ်ဝိုက်ကို အသည်းအသန်ရစ်ပတ်ထားတယ်။ ကောင်းထျန်းချန်ရဲ့ဖက်တွယ်မှုတွေက စိတ်လိုလက်ရရှိပြီးနွေးထွေးတယ်။ ပေါက်ကွဲမရနိုင်တဲ့ခံစားချက်တွေ ရောပြွန်းနေခဲ့တယ်။
မုကျင်ကတော့ ဖျစ်ညှစ်ခံနေရလို့ ကသိကအောက်ဖြစ်လာတယ်။ သူက လက်မောင်းထဲကထွက်ပြေးဖို့ကြိုးစားပေမယ့်လည်း ရုန်းထွက်လို့မရနိုင်ခဲ့ပါဘူး။
“ရှောင်ကျင်… ငါမင်းကိုလွမ်းလို့ပါ၊ ဖက်ထားပါရစေ….” သူ့နောက်ကလူရဲ့အမူအရာတွေကို မုကျင်မမြင်နိုင်ဘူး။ ဒါပေမယ့် အနည်းငယ်တုန်ယင်နေတဲ့ကြမ်းရှရှအသံထဲမှာ စိတ်မချနိုင်စိုးရိမ်ပူပန်မှုတွေ အတိုင်းသားပျော်ဝင်နေတာ သိသာလွန်းပါတယ်။
လက်မောင်းထဲကလူက ရုန်းကန်နေရာကနေဖြည်းဖြည်းချင်းရပ်သွားတယ်။ ဘာမှလည်းမပြောဘဲ တိတ်ဆိတ်ငြိမ်သက်နေတယ်။ အညိုရောင်ဆံပင်ပေါ်ကမိုးရေစက်တွေကတော့ ပိုးချည်မျှင်လေးတွေလို အောက်ကိုတစ်စက်စက်ကျနေခဲ့ပါတယ်။
“ငါ့ကိုလွှတ်…. ငါတို့ဘာမှမပတ်သက်တော့ဘူး..”
“မလွှတ်ဘူး.. မင်းက ငါတို့ကလေးရဲ့အဖေရင်းလေ၊ ပြီးတော့ ငါ့…ချစ်သူ” ခေါင်းငုံ့နေတဲ့အရပ်ရှည်ရှည်လူက သူ့လက်မောင်းထဲကလူကို ဂရုတစိုက်ပွေ့ဖက်ထားပါတယ်။ သူ့အမူအရာက အဖိုးတန်ရတနာလေးတစ်ခုကိုကြည့်နေသလိုမျိုးပါ။
“ဒီတစ်လလုံးလုံး မင်းအကြောင်းပဲတွေးနေခဲ့တာပါ၊ ငါတို့အတိတ်ကိုလည်း သတိရတယ်” ကောင်းထျန်းချန်ရဲ့အသံထဲ နှာခေါင်းသံတွေလည်းပါဝင်ရောယှက်နေတယ်။
“ငါ မင်းအတွေးတွေကို မြင်အောင်မကြည့်ခဲ့ဘူး၊ မင်းကိုဘယ်လိုချစ်ပေးရမှန်းလည်း မသိခဲ့ဘူး၊ မင်း ငါတို့ကလေးကိုလာမကြည့်ရဲတော့တဲ့အထိ ခံစားသွားရအောင်လုပ်မိတာ တောင်းပန်ပါတယ်”
မုကျင်ဆီက ဘာအဖြေမှပြန်မလာဘူး။ သူ့လည်ပင်းနောက်ကစီးကျသွားတဲ့ရေစက်လေးတွေကိုပဲ ကောင်းထျန်းချန်မြင်နေရတယ် “ငါ့ကိုခွင့်လွတ်ပေးမယ်မဟုတ်လား? ငါတို့ကလေးက ပြီးပြည့်စုံတဲ့မိသားစုတစ်ခုလိုအပ်တယ်လေ”
သူ့လက်မောင်းထဲကလူက လက်တွေကိုမြောက်ပြီး ကောင်းထျန်းချန်ရဲ့လက်ချောင်းတွေကို တစ်ခုချင်းဖြည်ချကာ ရင်ခွင်ထဲကရုန်းထွက်လိုက်ပါတယ်။
“ငါမင်းကိုချစ်ခဲ့တာ… ဘယ်တုန်းကမှနောင်တမရခဲ့ဘူး” မုကျင်ရဲ့နွေးထွေးတဲ့အသံက ခါတိုင်းလိုအေးမြနွေးထွေးနေတုန်းပါ။ ဒါပေမယ့် ဝမ်းနည်းမှုတွေ၊မျှော်လင့်ချက်ကင်းမဲ့မှုတွေ ပြည့်နှက်နေတယ်။
“ဒါပေမယ့်ထျန်းချန်…. ငါ့ကိုချစ်လာအောင် မင်းကိုယ်မင်းအတင်းလုပ်ယူစရာမလိုဘူး၊ မင်းက ငါမရှိတဲ့ခဏလေးကို နေသားမကျဖြစ်သွားရုံပဲ၊ နောက်ပိုင်းကျရင် မင်းကိုတကယ်ချစ်ပေးမယ့်လူကို ရှာတွေ့မှာပါ….”
“ဟင့်အင်း!.. ငါမရှာဘူး!” ကောင်းထျန်းချန်က စိတ်လှုပ်ရှားစွာထအော်ပြီး မုကျင်ကိုနောက်တစ်ခါပြန်ဖက်လိုက်တယ်။ သူ့ရင်ခွင်ထဲကပိန်ပါးတဲ့ကိုယ်လေးက မိုးရေစက်တွေကြောင့်အေးစက်နေခဲ့တာ သူ့ကိုရတတ်မအေးဖြစ်စေတယ်။
“ငါနဲ့ပြန်လိုက်ခဲ့ပါ” သူက မုကျင်ကို ရူးမတတ်ပွေ့ဖက်ထားပြီး နှုတ်ခမ်းတွေကို တတိတိကိုက်ပါတယ်။ ဆန္ဒတွေအကုန်လုံးကို တစ်ဖက်လူရဲ့နှုတ်ခမ်းတွေဆီပုံချလိုက်သလိုမျိုးပေါ့။
မုကျင်က အားအင်မရှိစွာခေါင်းကိုယမ်းရင်း လွတ်မြောက်ချင်နေခဲ့တယ်။ ခါယမ်းနေတဲ့သူ့ဆံပင်တွေကြောင့် မိုးရေစက်အချို့ပြန့်ကျဲကုန်တယ်။
“ထျန်းချန်! ငါ့ကိုဖိအားမပေးနဲ့၊ ငါပြန်မလိုက်ဘူး! ငါမင်းကိုထပ်မတွေ့ချင်တော့ဘူး!”
ကောင်းထျန်းချန်ရဲ့ပြင်းပြတဲ့စိတ်ဆန္ဒတွေနဲ့ရင်ဆိုင်တွေ့ရတဲ့အချိန်မှာ မုကျင်ရဲ့ခံစားချက်တွေထိန်းချုပ်မရဖြစ်သွားခဲ့တယ်။ သူက လက်နှစ်ဘက်စလုံးနဲ့တွန်းဖယ်ပြီး အော်ဟစ်ငြင်းဆိုတယ်။ ဒါပေမယ့် မျက်ဝန်းထဲမှာ အလင်းရောင်တွေကင်းမဲ့သွားပါတယ်။
ကောင်းထျန်းချန်တစ်ယောက် ဘာမှမပြောနိုင်သေးခင်မှာ သူ့ရှေ့ကလူက ကြိုးပြတ်သွားတဲ့ရုပ်သေးရုပ်လိုမျိုး ရုတ်တရက်အားအင်တွေကုန်ခမ်းသွားပြီး သူ့လက်မောင်းကြားထဲပြုတ်ကျသွားတာကို တွေ့လိုက်ရတယ်။
မုကျင်မေ့လဲသွားတာပါ။
သူက ပိန်ပါးတဲ့အမျိုးသားကို သူ့ရင်ခွင်ထဲဖက်ထားခဲ့တယ်။ မုကျင်ရဲ့မျက်ဝန်းတွေကပိတ်နေပြီး ခန္ဓာကိုယ်ကတော့ ခါးသီးတဲ့မိုးရေစက်တွေကြောင့်အေးခဲနေတယ်။
ကောင်းထျန်းချန်ရဲ့မြင်ကွင်းတွေစိုစွတ်လာပါတယ်။ မိုးရေစက်တွေလား.. မျက်ရည်တွေလား.. သူကိုယ်တိုင်မသိခဲ့ပါဘူး။
ဗီလာထဲကမီးအလင်းရောင်တွေ နေဝင်ရီတရောကတည်းကထွန်းလင်းနေခဲ့တာ ညသန်းခေါင်တိုင်တဲ့အထိအောင်မမှိတ်ရသေးပါဘူး။ ကောင်းထျန်းချန်က အေးစက်နေတဲ့ဆိုဖာနောက်မှီကို မှီထိုင်နေပြီး လက်ချောင်းတွေကြားထဲစီးကရက်ကိုညှပ်ထားတယ်။ ပတ်ပတ်လည်က တိမ်စိုင်လိုအဖြူရောင်ငွေ့တွေကြားမှာတော့ စီးကရက်ထိပ်ဖျားက ရဲရဲတောက်လို့လောင်ကျွမ်းနေခဲ့တယ်။
မော့လေးက သူ့ခြေထောက်ကြားမှာပတ်ပြေးနေတယ်။ နောက်တော့ ရုတ်တရက်အားတစ်ခုနဲ့အတူ မော့လေးရဲ့ဝဖိုင့်ဖိုင့်ကိုယ်ခန္ဓာက လေထဲမြောက်တက်ပြီးဆိုဖာပေါ်ရောက်သွားတယ်။
ကောင်းထျန်းချန်က သူ့ကို လက်မောင်းကြားမှာထည့်ထားပြီး အမွှေးထူထူတွေကိုပွတ်သပ်နေခဲ့တယ်။ မော့လေးရဲ့ကြမ်းရှပြီးစိုစွတ်စွတ်လျှာကိုတော့ သူ့လက်ချောင်းတွေကိုတရင်းတနှီးလျက်ခွင့်ပေးထားခဲ့ပါတယ်။
ကောင်းထျန်းချန်ရဲ့အကြည့်တွေကတော့ အဝေးကအိပ်ခန်းတံခါးဆီမှာ။ သူတံခါးဆီစိုက်ကြည့်နေတာ တော်တော်ကြာပြီ။ အိပ်ခန်းထဲမှာမုကျင်ရှိတယ်။ မုကျင်က သူပြန်ခေါ်လာကတည်းက သတိမေ့နေခဲ့တာ အခုထိပြန်မနိုးလာသေးဘူး။ လာကြည့်တဲ့ဆရာဝန်ကတော့ပြောသွားတယ်… မုကျင်က ကလေးမွေးပြီးကတည်းက လုံးဝဥဿုံနေပြန်မကောင်းလာသေးဘူးတဲ့။ အားနည်းပြီး လိင်စိတ်ထိန်းချုပ်ဆေးတွေကို အများကြီးသုံးစွဲထားတာကြောင့် ပြင်းထန်တဲ့ဘေးထွက်ဆိုးကျိုးတွေကိုလည်း ခံစားနေရတယ်။ နောက်ပြီး မိုးရေထဲမှာလည်း အချိန်အတော်ကြာရပ်နေမိခဲ့တာကြောင့် အိပ်ရာထဲမှာပဲနေပြီး ရက်အနည်းငယ်အနားယူပေးရပါလိမ့်မယ်။
ကောင်းထျန်းချန်က မုကျင်ကို မိုးရေတွေရွှဲနစ်နေတဲ့အခြေအနေအတိုင်း အိမ်ပြန်ခေါ်လာခဲ့တာပါ။ သူက မုကျင်ကို အဝတ်အစားတွေလည်းလဲပေးပြီး ဖြူဖျော့နေတဲ့တစ်ကိုယ်လုံးကိုလည်း တဘက်နွေးနွေးလေးနဲ့သုတ်ပေးတယ်။ စောင်ကိုလည်းအရင်အပူပေးထားပြီး အားလုံးအဆင်သင့်ဖြစ်တော့မှ ကြီးမားကျယ်ပြန့်တဲ့အိပ်ရာကြီးပေါ် အသာအယာတင်ပေးတယ်။
ရာသီဥတုက အေးမြတဲ့နွေဦးလိုမဟုတ်ဘဲ ပူအိုက်စပြုလာပြီ။ ဒါကြောင့် အိပ်ပျော်နေသူကို ပေါ့ပေါ့ပါးပါးနဲ့နွေးထွေးတဲ့စောင်ကိုပဲခြုံပေးထားတယ်။ ကောင်းထျန်းချန်က အိပ်ရာဘေးက ရှေးဟောင်းကြေးနီမီးအုပ်ဆောင်းကိုဖွင့်ပြီး အိပ်ခန်းထဲကပြန်ထွက်လာခဲ့တယ်။ အခန်းထဲမှာက မီးဝါကျင့်ကျင့်လေး ထွန်းလင်းနေခဲ့ပါတယ်။
သူက ဧည့်ခန်းထဲထိုင်ပြီး စီးကရက်တွေတစ်ရှိုက်ပြီးတစ်ရှိုက်ဖွာနေခဲ့တာ သုံးလေးလိပ်သောက်ပြီးသွားတာတောင်မှ အခန်းထဲအိပ်နေတဲ့လူကို စိတ်မချနိုင်သေးဘူး။ ဒါကြောင့် နောက်ဆုံးစီးကရက် ဖင်စီခံမီးငြိမ်းသွားတဲ့အချိန်မှာတော့ ကောင်းထျန်းချန်က ထိုင်ခုံကအသာထလို့ အိပ်ခန်းရှိရာလျှောက်သွားပြီး တံခါးကိုတွန်းဖွင့်ကာအထဲကိုဝင်သွားခဲ့ပါတယ်။
………………