(32)
Viewers 36k

ကောင်းထျန်းချန်အခန်းထဲကိုဝင်လာခဲ့ချိန်မှာ အိပ်ရာပေါ်လူးလှိမ့်နေတဲ့မုကျင်ကို တွေ့လိုက်ရတယ်။ မုကျင်က သူခြုံပေးထားတဲ့စောင်ကိုခွာချထားပြီး စောင်တစ်ဝက်က ကုတင်အောက်မှာလျှောကျနေတယ်။ သူ့အသားအရေကအနီရောင်သန်းနေပြီး နဖူးပေါ်မှာချွေးစေးအေးအေးတွေထွက်နေတယ်။ နှုတ်ခမ်းတွေကတုန်ရီနေပြီး နာကျင်မှုကြောင့်လျှံထွက်လာတဲ့ညည်းညူသံအချို့ အခန်းထဲမှာပျံ့လွင့်နေပါတယ်။ 

ကောင်းထျန်းချန်က သူ့ရှေ့မြင်ကွင်းကြောင့် ရင်ထဲနင့်သွားခဲ့ရတယ်။ သူက အိပ်ရာဘေးကိုအပြေးကလေးသွားတယ်။ သူ့မျက်မှောင်တွေကျုံ့တက်လာပြီး သူ့နှလုံးသားက တစစ်စစ်နာကျင်နေခဲ့တာပေါ့။

မုကျင်ရဲ့အသားအရေက ခါတိုင်းလိုကြည်လင်မနေဘူး။ အဲဒိအစား နီချင်သလိုဖြစ်နေပြီး အရေပြားကပူကျစ်နေတယ်။ သူက ပါးစပ်နဲ့ခက်ခက်ခဲခဲအသက်ရှုနေပြီး တစ်ခါတစ်ခါ ချောင်းဆိုးသံတိုးဖျော့ဖျော့ပါထွက်လာသေးတယ်။ ကောင်းထျန်းချန်က လက်ကိုမြှောက်ပြီး မုကျင်ရဲ့ချွေးတွေရွှဲနစ်နေတဲ့နဖူးကိုစမ်းကြည့်တယ်။ သူ့လက်ဖဝါးအောက်ကအပူချိန်က ကြောက်စရာကောင်းလောက်အောင်ပူပြင်းလို့နေပါတယ်။

အစောတုန်းက မုကျင်မိုးအကြီးအကျယ်မိသွားတာလေ။ ဒါကြောင့် အားနည်းတဲ့ကိုယ်ခန္ဓာက အအေးမိတဲ့အချိန်မှာ အဖျားကြီးတာဖြစ်မယ်လို့ ကောင်းထျန်းချန်ခန့်မှန်းလိုက်တယ်။

မုကျင်က မေ့နေတာမဟုတ်ပါဘူး။ သူသတိပြန်ရနေပါပြီ။ ဒါပေမယ့် သူ့ကိုယ်ထဲမှာအလွန်ပြင်းတဲ့မီးဖိုကြီးတစ်လုံး လောင်ကျွမ်းနေတယ်လို့ခံစားနေရတယ်။ မီးဖိုကြီးက သူ့သွေးတွေကိုလောင်စာအဖြစ်သုံးပြီး သူ့ကိုယ်ခန္ဓာကို ပြာမှုန်တွေသာကျန်တဲ့အထိ အရှိန်ညီးညီးတောက်လောင်နေတယ်။ သူ့ခြေလက်တွေအားအင်ဆုတ်ယုတ်လို့ ရင်ဘတ်တစ်ခုလုံးတင်းကျပ်နေခဲ့ပါတယ်။

သူက ဝေဒနာတွေနဲ့ယောင်ယမ်းနေခဲ့တာပါ။ ဒီအချိန်မှာ သူ့နဖူးကိုထိလာတဲ့ အေးမြတဲ့အထိအတွေ့လေးတစ်ခုကို ခံစားလိုက်ရတယ်။ ဒါက ရေဆာနေတဲ့ကန္တာရခရီးသွားတစ်ယောက် ချိုမြိန်တဲ့ရေကြည်တစ်ပေါက်သောက်သုံးလိုက်ရတာနဲ့ ဆင်တူပါတယ်။ သူ့မျက်ခွံတွေ လေးလံလွန်းလို့မဖွင့်နိုင်ဘူး။ ဘာမှလည်းနောက်ထပ်မတွေးတောနိုင်ဘူး၊ သူက ကောင်းထျန်းချန်ရဲ့လက်ကို တစ်ချက်တည်းနဲ့လှမ်းဆွဲလိုက်ပါတယ်။

“အေးလိုက်တာ…” မုကျင်ရဲ့နှုတ်ခမ်းတွေဆီက ယောင်ယမ်းပြီး စကားသံတီးတိုးထွက်လာတယ်။ သူ့မျက်ဝန်းတွေပိတ်နေဆဲဖြစ်ပြီး မျက်ခွံတွေကတော့ တသိမ့်သိမ့်တုန်နေတယ်။ သူက ကောင်းထျန်းချန်ရဲ့အေးမြတဲ့လက်တွေကို သူ့ရဲ့ပူကျွတ်နေတဲ့ပါးပြင်မှာအပ်လိုက်ပြီး အပူသက်သာစေလို့ငှာ ရှေ့တိုးနောက်ဆုတ်ခပ်ဖွဖွပွတ်နေခဲ့ပါတယ်။

သူ့လက်အောက်မှာက မုကျင်ရဲ့နူးညံ့ဖြူဖွေးတဲ့ပါးပြင်လေး။ နောက်ပြီး ဝင်သက်ထွက်သက်နွေးနွေးကလည်း လက်ဖဝါးကို ကလူကျီစယ်နေတယ်။ အိပ်ရာပေါ်အဖျားတက်နေသူရဲ့ပါးပြင်တွေက ဖြူဖွေးတဲ့အသားအရေမှာတန်ဆာဆင်ထားသလို နှင်းဆီသွေးရောင်ရဲရဲနီနေတယ်။ ခါတိုင်းငြင်းဆန်တဲ့အပြုအမူတွေနဲ့မတူစွာ ယခုမုကျင်ရဲ့ပုံစံက သူ့လက်တွေကြားထဲ ခေါင်းကလေးတိုးဝှေ့ဝင်နေတဲ့ အိမ်မွေးတိရစ္ဆာန်လေးနဲ့ဆင်တူပါတယ်။

ဒီခဏမှာ အခန်းတွင်းလေထုကအေးခဲမတတ်ဖြစ်သွားပြီး ကောင်းထျန်းချန်ရဲ့ဝမ်းဗိုက်အောက်ပိုင်းက ထိန်းမရသိမ်းမရတင်းကျပ်လာခဲ့တယ်။ တမဟုတ်ချင်းပေါ်ထွက်လာတဲ့ နှလုံးသားထဲကစိတ်ရိုင်းတွေကို ကောင်းထျန်းချန်အပြင်းအထန်ရှုတ်ချနေမိတယ်။ သူက အဖျားတက်နေတဲ့မုကျင်အပေါ်မှာ လိုချင်တပ်မက်လာခဲ့တာကိုး။

သူ့ရဲ့ဟော်မုန်းမွှေးရနံ့တွေ ပေါက်ကွဲထွက်လာဖို့လက်တစ်ကမ်းအလိုမှာရောက်နေပါပြီ။ ကောင်းထျန်းချန်က သူ့ရဲ့ထိန်းမရတဲ့စိတ်ကြောင့် အိပ်ရာပေါ်ကလူကို နာကျင်အောင်လုပ်မိမှာစိုးရိမ်သွားတယ်။ ဒါကြောင့် မုကျင်တင်းတင်းဖမ်းဆုပ်ထားတဲ့သူ့လက်တွေကို အတင်းဆွဲထုတ်ပြီး ခပ်မြန်မြန်ထွက်ပြေးလာရတယ်။

သူက အိပ်ခန်းထဲကထွက်လာပြီး အန်တီချန့်ကိုလှမ်းခေါ်ကာ နေမကောင်းဖြစ်နေတဲ့မုကျင်ကိုသွားပြုစုခိုင်းလိုက်တယ်။ သူကိုယ်တိုင်ကတော့ ရေချိုးခန်းထဲဝင်ပြီး ရေအေးအေးတွေနဲ့ရေချိုးဖို့ကိုသာ လုပ်နိုင်ပါတော့တယ်။

ကံကောင်းစွာပဲ အဖျားက ခပ်မြန်မြန်ပဲရောက်လာပြီး အမြန်ဆုံးပြန်ထွက်သွားခဲ့တယ်။ ညဉ့်နှောင်းပိုင်းချိန်မှာ မုကျင်အဖျားကျသွားပြီး ဖြစ်ကာစလောက်အပူမကြီးတော့ဘူး။ စိတ်ရောကိုယ်ပါမောပန်းနွမ်းနယ်သွားတဲ့မုကျင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်။ 

ရေချိုးပြီးသွားတဲ့ကောင်းထျန်းချန်ကတော့ မုကျင်ဘေးနားမှာလဲလျောင်းပြီး အိပ်ရာဝင်ဖို့ပြင်တယ်။ သူက တစ်ဖက်လူကိုကြည့်နေခဲ့ပါတယ်။ အိပ်ပျော်နေတဲ့မုကျင်မျက်နှာလေး အေးချမ်းနေလိုက်တာ မိုးရေတွေလိုအေးစက်မနေတော့ဘူး။ ဖွာကျဲတဲ့ဆံပင်တွေက သူ့ရဲ့ဖြူဖွေးရဲ့အသားအရေပေါ်မှာ ဟိုတစ်စသည်တစ်စကပ်နေတယ်။ သူက အဖျားကြောင့်ခြောက်သွေ့အက်ကွဲနေတဲ့နှုတ်ခမ်းတွေကိုအသာဟပြီး  ဖြည်းဖြည်းချင်းအသက်ရှုနေတယ်။ အနီရောင်ပြေးနေတဲ့မျက်ခွံတွေကြောင့်လည်း မျက်တောင်မွှေးတွေက ပိုလို့နက်မှောင်နေခဲ့ပါတယ်။ အနက်ရောင်တောင်ပံတွေလိုမျက်တောင်မွှေးလေးတွေ အသာအသာလှုပ်ခတ်သွားရင်ဖြင့် ကောင်းထျန်းချန်ရဲ့နှလုံးသားကို သိမ်းကျုံးဆွဲငင်သွားခဲ့ပြီး တဒုတ်ဒုတ်ခုန်ရင်းကျန်ခဲ့စေပါတယ်။ 

ကောင်းထျန်းချန်က လက်နှစ်ဖက်ကိုအညင်သာဆုံးဆန့်ထုတ်ပြီး အိပ်ပျော်နေတဲ့မုကျင်ကို သူ့ရင်ခွင်ထဲမှာတင်းတင်းဖက်လိုက်တယ်။ နောက်တော့ အိပ်ပျော်နေတဲ့မျက်နှာလေးဆီငုံ့ကြည့်လာတယ်။ လက်တစ်ဖက်က နဖူးပေါ်ကအညိုရောင်ဆံနွယ်စတွေကိုဖယ်ထုတ်ပေးပြီး အချစ်တွေအပြည့်ပါတဲ့အကြင်နာအနမ်းတစ်ခုကို တောက်ပတဲ့နဖူးပြင်ထက်ခြွေချခဲ့ပါတယ်။

ပြတင်းပေါက်အပြင်ဘက်ကတိမ်တွေ အာရုံဦးရဲ့ပထမဦးဆုံးအထိတွေ့ကြောင့် ရွှေအိုရောင်သန်းစပြုလာပါတယ်။ ပိန်ပိတ်နေတဲ့အမှောင်ထုကြီး တဖြည်းဖြည်းနဲ့စတင်ပျက်ပြယ်လာတယ်။ ကောင်းထျန်းချန်ရဲ့ရင်ထဲ ပျော်ရွှင်မှုအကြွင်းအကျန်လေးတစ်ခု ဖြတ်ခနဲတောက်ပသွားသေးတယ်။ ကံကောင်းစွာပဲ နေ့ရဲ့အလင်းရောင်က ပြီးပြည့်စုံစွာမတောက်ပသေးတော့ မုကျင်က အိပ်ပျော်နေရာကမနိုးသေးဘူး။ ဒါကြောင့် ဒီလက်မောင်းထဲထည့်ဖက်ခွင့်ရတဲ့အချိန်လေးခဏကို သူမြတ်နိုးစွာမက်မောမိခဲ့တာဖြစ်ပါတယ်။

မုကျင်အိပ်ရာကနိုးတဲ့အချိန်ကျရင် သူတို့နှစ်ယောက်ရဲ့မပြီးဆုံးနိုင်တဲ့ချစ်မှုရေးရာတွေကို နောက်ထပ်ငြင်းခုံကြရဦးမှာဖြစ်တဲ့အကြောင်း ကောင်းထျန်းချန်ရှင်းရှင်းလင်းလင်းသိပါတယ်။

မနေ့ညက သူ အတော်လေးနောက်ကျမှ အိပ်ရာဝင်ခဲ့တာ။ ဒါကြောင့် နေရောင်ခြည်ကသူတို့အခန်းဆီဖြာကျလာတဲ့အချိန်မှ ကောင်းထျန်းချန်အိပ်ရာကနိုးလာတယ်။ သူ့မျက်လုံးတွေပွင့်လာတဲ့အချိန်မှာ သူ့ဘေးနားကလူ မရှိတော့ဘူး။ လေထုထဲအနည်းအပါးကြွင်းကျန်ရစ်တဲ့ စံပယ်ရနံ့သင်းပျံ့ပျံ့ကြောင့်သာမဟုတ်ရင် မနေ့ညကအိပ်မက်လှလှမက်နေခဲ့တာလားလို့တောင် တွေးထင်မိမှာဖြစ်ပါတယ်။

မုကျင်က မနက်စောစောထပြီး စာအုပ်ဆိုင်ဆီပြန်သွားခဲ့တယ်။ နောက်တော့ ဘဝကြီးကလည်း ခါတိုင်းလိုဒုံရင်းဒုံရင်းပြန်ဖြစ်သွားတယ်။ တကယ်လို့ နေ့တိုင်းနေ့တိုင်းအလုပ်ဆင်းတဲ့အချိန် သူစာအုပ်ဆိုင်ထဲကထွက်လိုက်တာနဲ့မြင်နေရတဲ့ ဆိုင်ဝမှာရပ်ထားတဲ့အနက်ရောင်ဘန်တလေကားကို ထည့်မတွက်ဘူးဆိုရင်ပေါ့။

ကောင်းထျန်းချန်ဘာလုပ်ချင်လဲ မုကျင်မသိဘူး။ နေ့တိုင်းနေ့တိုင်းဘေဘီကောင်းကိုပါအတူခေါ်လာပြီး သူ့ကိုလာကြိုတယ်။ ပထမတော့ သူလည်း လျစ်လျူရှုပြီး ကိုယ့်လမ်းကိုယ်လျှောက်နေတာပေါ့။ ဒါပေမယ့် သူခြေတစ်လှမ်းလှမ်းလိုက်တဲ့အချိန်မှာ ဘေဘီကောင်းက ချက်ချင်းကိုနှုတ်ခမ်းဆူလာပြီး အာဗြဲနဲ့အော်ငိုတော့တာလေ။ 

ကလေးလေးရဲ့အော်ငိုသံကြောင့် မုကျင်ရဲ့နှလုံးသားလေးလည်းပျော့ပျောင်းသွားခဲ့ရတယ်။ ချက်ချင်းကိုနောက်ပြန်လှည့်ပြီး ကလေးလေးကို ခပ်မြန်မြန်ပဲကောက်ချီလိုက်ရတယ်။ သူ့သားရဲ့ကြည်လင်တဲ့မျက်ဝန်းကြီးတွေထဲမှာ ခရစ်စတယ်လိုတလက်လက်ဖြစ်နေတဲ့မြူခိုးငွေ့တွေပြည့်နေတယ်။ ပဲစေ့အရွယ်လောက်ရှိတဲ့မျက်ရည်ဥကြီးတွေ ပြည့်တင်းနေတဲ့သူ့ရဲ့မျက်နှာပေါ်စီးကျလာတယ်။ ကလေးလေးက သူ့လက်သေးသေးလေးတွေနဲ့ မုကျင့်ကိုဆွဲထားပြီး လွှတ်ပေးဖို့ရာငြင်းဆိုပါတယ်။

မုကျင်က ရှုံးနိမ့်သွားသလိုခံစားချက်တွေနဲ့ ကောင်းထျန်းချန်ကို ဝေခွဲမရစွာမော့ကြည့်မိတယ်။  ကောင်းထျန်းချန်ရဲ့မျက်ဝန်းတွေထဲမှာ အကြံအောင်သွားသလို ဝမ်းမြောက်ဝမ်းသာဖြစ်သွားတဲ့အရိပ်အယောင်ခပ်ပါးပါးတွေလည်း တွေ့လိုက်မိတယ်။ ဒါမှမဟုတ် သူပဲ မှားမြင်မိတာလား.. မုကျင်ကမသဲကွဲပါဘူး။

အဆုံးမှာတော့ ဘေဘီကောင်းအတွက်ကြောင့်ပဲ သူထွက်မသွားနိုင်ခဲ့ဘူး။ သူက နောက်ထပ်လည်း အပင်ပန်းခံ၊ အချိန်ကုန်ခံမနေတော့ဘူး။ ကောင်းထျန်းချန်ရဲ့ကားပေါ်တက်ပြီး နေ့တိုင်းဗီလာပြန်လာဖို့ကိုသာ ရွေးချယ်လိုက်တော့တယ်။ ဒါပေမယ့် ကောင်းထျန်းချန်နဲ့အတူအိပ်မယ့်အစား ဧည့်သည်ခန်းမှာသာနေဖို့တောင်းဆိုခဲ့ပါတယ်။

တစ်ချို့အရာတွေ… တစ်ချိန်တုန်းကတော့ လိုလားတောင့်တခဲ့ဖူးတယ်၊ ဒါပေမယ့် အခုတော့ ကြောက်ရွံ့ပြီးငြင်းပယ်ဖို့သာတတ်နိုင်ပါတော့တယ်။

မုကျင်က ကောင်းထျန်းချန်ကိုရှောင်ဖို့ နေ့ဘက်တွေမှာ စာအုပ်ဆိုင်ကိုသွားတယ်။ ညဘက်တွေကျတော့ ကြီးမားတဲ့အိမ်ထဲလူနည်းနည်းပဲရှိတာကြောင့် သူ့ကိုရှောင်ဖို့မဖြစ်နိုင်ဘူး။ ဒါကြောင့်မုကျင်လည်း ကောင်းထျန်းချန်နဲ့မျက်နှာချင်းမဆိုင်မိအောင် ဧည့်သည်အခန်းထဲမှာပဲနေပြီး အတတ်နိုင်ဆုံးအပြင်မထွက်ဘူး။

သူရဲဘောကြောင်တယ်ပဲပြောပြော၊ ထွက်ပြေးတယ်ပဲဆိုဆို၊ ရင်မဆိုင်ဝံ့ဘူးပဲလုပ်လုပ် ဘယ်လိုပဲကင်ပွန်းတပ်ချင်တာတပ်ကြပါစေ ကိစ္စမရှိပါဘူး။ 

အဝေးဆုံးကိုထွက်သွားဖို့ သူအကြိမ်ကြိမ်အခါခါကြိုးစားခဲ့ပေမယ့် အဆုံးသတ်မှာတော့ဒီနေရာကိုပဲပြန်ရောက်လာရတယ်။ ကောင်းထျန်းချန်ရဲ့ရည်ရွယ်ချက်တွေကို သူနားမလည်ဘူး။ အခု သူ့စိတ်ထဲမှာ အမြစ်တွယ်နေတဲ့အတွေးတစ်ခုပဲရှိတယ်။ ဒါကတော့.. ကောင်းထျန်းချန်က သူ့ကိုချစ်လို့ဆွဲထားတာမဟုတ်ဘဲ၊ သဘောကျတဲ့စိတ်ကလေးနည်းနည်းနဲ့ သနားလို့၊ တာဝန်ယူချင်လို့ ဒီလိုမျိုးတွေလုပ်နေတယ်ဆိုပြီးတော့ပါ။  

မုကျင်က သူ့နေ့ရက်တွေကို ဒီအတိုင်းပဲဖြတ်ကျော်လာခဲ့ရင်း အခုတလောမှာတော့ သူ့ရုပ်ပိုင်းဆိုင်ရာအခြေအနေက အတော်လေးကို့ရိုးကားယားဖြစ်လာတယ်။ မကြာမကြာ စားသောက်ချင်စိတ်ပျောက်ပြီး အားပျော့နေရုံမကဘူး၊ သူ့အနောက်ဖက်ကလည်း မခံနိုင်အောင်ယားယံနေတတ်သေးတယ်။ တစ်ခါတစ်ခါ အရည်ကြည်ကြည်တွေကျဆင်းလာတတ်ပြီး လစ်ဟာသလိုခံစားနေရတယ်။

သူ့ခံစားချက်တွေမှန်ခဲ့မယ်ဆိုရင်တော့ သူ့ရဲ့ heat ကာလ အချိန်ကျပြီဖြစ်ပါတယ်။

…………………….