အပိုင်း ၁၀၄
Viewers 38k

Chapter 104




ပိုင်ရဲ့က သူ့ကို လွှတ်ပေးရန် ရည်ရွယ်ချက်မရှိပါချေ။ မေးခွန်းတွေ မေးသည့် လုပ်ငန်းစဉ်ကို သူတကယ်စတင်ခဲ့၏။


"မနက်ဖြန် ရိုက်ကူးရေးမှာ ဘာအရင်လုပ်မလဲ" 


"ပြိုင်ပွဲရဲ့ စည်းမျဉ်းတွေကို ကြေငြာပေးရမှာ" 

 ချီရှင်းချန်က ခေါင်းမာသည့်ကလေးတစ်ယောက်လိုဆို၏။


"နောက်တစ်ခုကဘာလဲ"


"သင်တန်းသားတွေက အဖွဲ့လိုက် ဖျော်ဖြေမှာ"


"နောက်တစ်ခု"


"ပရိသတ်က တိုက်ရိုက်မဲပေးမယ်"


"နောက်ဆုံးကျတော့ရော"


"တိုက်ရိုက်မဲပေးခြင်းကို တွက်ပြီး အွန်လိုင်းမဲပေးခြင်းကို ပေါင်းစပ်သွားမယ်...ထိပ်ဆုံး 44 ယောက် အမြင့်ဆုံးရမှတ်အလိုက် ကျန်ရှိနေမယ်"


တခြားအရာတစ်ခုခုဖြစ်ခဲ့လျှင် ချီရှင်းချန် ဖြေနိုင်မှာမဟုတ်ပေ။ သို့သော် လက်ထဲတွင်ရှိသော အလုပ်အတွက်မူ ချီရှင်းချန် လုံးဝမကြောက်ပါချေ။ အားလုံးက သူ့စိတ်ထဲတွင် ရှိနေသည်။


ပိုင်ရဲ့က သူ ကားထဲမှာ လုံလောက်အောင်ချစ်မပြခဲ့ရသဖြင့် သူ့ဖန်လေး စိတ်ပျက်သွားမှာကို စိုးရိမ်သောကြောင့် တိုက်ရိုက်ထုတ်လွှင့်ပြီး ချိတ်ဆက်ခဲ့ခြင်းဖြစ်၏။ဖန်လေးကို ကျီစားရန် သူ သည်ကိုရောက်လာခြင်းဖြစ်၏။


"အားလုံးပြီးသွားရင် ဘယ်လုပ်မလဲ"

 သူက ဆက်မေးလိုက်သည်။


အရင်အပိုင်းရိုက်ကူးပြီးသည့်နောက် ဖန်လေးနှင့် F အတန်းဖက်ငိုကြသည်ကို သတိရ၍ သူယခုလိုမေးလိုက်ခြင်းဖြစ်၏။


ထိုအချိန်တွင် သူ့နှလုံးသား နာကျင်နေသော်လည်း သူ့ကို မည်သို့ချော့ရမှန်းမသိ ဖြစ်နေခဲ့သည်။ ယခု သူက တရားဝင်ပိုင်ရှင်ဖြစ်နေပြီဖြစ်သဖြင့် အငိုမရပ်မချင်း သူ့အမာခံဖန်လေးကို သူပွေ့ဖက်ထားနိုင်သည်။


ပိုင်ရဲ့က ဖန်သားပြင်ကို နူးညံ့သောအကြည့်များဖြင့် ကြည့်နေသည်။ နောက်အခိုက်အတန့်မှာ ချီရှင်းချန်က မထစ်မငေါ့ ချောချောမွေ့မွေ့ဖြေသည်ကို သူ့ကြားလိုက်ရသည်။ 

"ကောကို ညစာစားဖို့လာရှာမှာပေါ့"


ပိုင်ရဲ့: "…"


ညဥ့်ကောင်းကင်နှင့် ကြယ်အလင်းတန်းများ:[ဟမ်?]


ကျိုရဲ့ရှင်းချန် CP ဖန်: [ဟင့် ရွှတ် ရွှတ်... ငါမသွားချင်လို့ မဟုတ်ပါဘူး...သူတို့အမြဲဒီလိုပဲဖြစ်နေတယ်...ငါ သွားလို့မရဘူး၊ ငါ သွားလို့မရဘူး အား အား အား!!!]


.


အံ့သြစရာမကောင်းသည်က ရှင်းရှင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခု ထပ်ပြီးပျက်သွားခဲ့၏။


တစ်ချိန်တည်းမှာပင်၊ "မင်းကို ညစာစားဖို့လာရှာမှာပေါ့" သည် ညဥ့်ကောင်းကင်များနှင့် သူ့ဖန်များအတွက် အကျော်ကြားဆုံး မီမီ(meme)ဖြစ်လာခဲ့သည်။


ဖန်တစ်ဦးက ရှုခင်းကို ဓာတ်ပုံရိုက်ပြီး ဒီနေ့ ရာသီဥတု ကောင်းတယ်ဟု ပြောသည်။ အခြားဖန်တစ်ဦးက မှတ်ချက်ပြုခဲ့သည်။

[ရာသီဥတုက အရမ်းကောင်းတယ်၊ ညစာစားဖို့ မင်းကိုလာရှာဖို့ပဲလိုတယ်]


ဖန်တစ်ယောက်က အသစ်ဝယ်ထားသည့် အိတ်ကို တင်လိုက်၏။ အခြားဖန်တစ်ဦးက မှတ်ချက်ပြုသည။

[အိတ်အသစ်တစ်လုံးနဲ့ ညစာစားဖို့ မင်းကိုလာရှာမှာပေါ့]


ဖန်တစ်ယောက်က သူမ မပြီးနိုင်သည့်အိမ်စာတွေ အများကြီးတင်ထားသာ်။ အခြားဖန်တစ်ဦးက မှတ်ချက်ပြုခဲ့သည်။

[အိမ်စာမပြီးခင် ညစာစားဖို့ မင်းကိုလာရှာမှာပေါ့]



ထိုကဲ့သို့ပင် ချီရှင်းချန်တစ်ယောက် ရည်မွန် ချောမောသော လူငယ်တစ်ဦးအဖြစ်မှ "အစားidol" အဖြစ်သို့ တိုးတက်လာခဲ့သည်။


သို့သော် မီမီဖန်တီးသူများက ကြယ်အလင်တန်းများနှင့် ညဥ့်ကောင်းကင်များဖြစ်သည်။ချီရှင်းချန်မှာ သူ၏အခြားလုပ်ဖော်ကိုင်ဖက်များနှင့် မျက်နှာချင်းဆိုင်ရန် မျက်နှာရှိနေဆဲဖြစ်သည်။


မနက်မိုးလင်း၍ အိပ်ရာက နိုးလာသည့်အခါ သူ့ဆံပင်ကို လူကြီးပုံစံဖြစ်အောင် ဖြီးပြီး ချောမောခန့်ညားသည့်ဝတ်စုံကို ၀တ်လိုက်သည်။ သူက လေးနက်တည်ကြည်သော ချီလောင်ရှီးဖြစ်နေဆဲပင်။


ပြိုင်ပွဲ ဒုတိယအကျော့က မနေ့က ပြောခဲ့သလိုပါပင်။ ပြင်းထန်သော ပြိုင်ဆိုင်မှုအပြီးတွင် လူ ၄၄ ဦး ကျန်ခဲ့သည်။


ထိုအထဲမှာ Fအတန်းက တစ်ယောက်ပဲ ကျန်သည်။ဟန်ချင်းက အောင်မြင်စွာ တိုးတက်လာခဲ့ပြီး အဆင့် ၉ နေရာကို ရရှိခဲ့သည်။ အခြေခံအားဖြင့် အန္တရာယ်မရှိပါချေ။


ဒါရိုက်တာက အစည်းအဝေးပြီးသွားသည့်အခါ F အတန်းမှ ထုတ်ပယ်ခံရသည့် သင်တန်းသားတွေကို အိမ်ပြန်လွှတ်ခဲ့ပြီး၊ ချီရှင်းချန်လည်း သူ့ပစ္စည်းတွေထုပ်ပိုးပြီး အိမ်ပြန်ရန် ပြင်ဆင်ရန် ဟိုတယ်ကို ပြန်သွားခဲ့သည်။


အောက်ထပ်သို့ဆင်းသောအခါတွင် ပိုင်ရဲ့ကို ဝင်တိုက်မိသည်။


သူ၏အသက်မွေးဝမ်းကြောင်း ခုနစ်နှစ်အတွင်းမှာ ပိုင်ရဲ့က ဂီတစတိုင်အမျိုးမျိုးကို လေ့လာသင်ယူခဲ့သည်။ အယ်လ်ဘမ်တိုင်းနီးပါးသည် နိုင်ငံတကာ ပင်မခေတ်ရေစီးကြောင်းပုံစံနှင့် ပိုမိုနီးကပ်လာကာ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။


ထို့ကြောင့် နောက်တစ်ကြိမ် ပြိုင်ပွဲတွင် သင်တန်းသားများအနေဖြင့် သူတို့၏အိုင်ဒီယာများနှင့်ပတ်သတ်၍ သံသယများရှိပါက သူ့ဆီက အကြံဥာဏ်တောင်းရမည်ဖြစ်သည်။ လုပ်ငန်းစဉ်အစည်းအဝေးအပြီးတွင် အားလုံး ထွက်ခွာသွားကြသည်။ သူတစ်ယောက်ပဲ လေ့ကျင့်ရေးအခန်းတွင် ဆက်နေခဲ့ပြီး သင်တန်းသားများကို ဖွဲ့စည်းမှုလမ်းကြောင်းကို ရွေးချယ်ရာတွင် လမ်းညွှန်ပေးခဲ့သည်။


ချီရှင်းချန် မပြန်ခင်မှာ သူ့ကို တွေ့ရသဖြင့် အတော်လေး ပျော်နေမိသည်။ ခြေလှမ်းသေးသေးလေးတွေနှင့် သူ့ဆီ လျှောက်လာခဲ့၏။


ပိုင်ရဲ့က မေးလိုက်၏။

"ဘယ်နှစ်ရက်နေမှာလဲ"


"သုံးရက်"


"မင်းမိသားစုနဲ့ အချိန်ကောင်းကောင်းဖြုန်းပါ"


သူ့အစ်ကိုကြီးကို ချော့ရဦးမယ်...

ချီရှင်းချန်: "သိပါတယ်ခင်ဗျ... စကားမစပ် ဟိုဟာ..."


သူတုံ့ဆိုင်းနေသည်ကိုမြင်သောအခါ ပိုင်ရဲ့ အကူအညီမဲ့စွာပြောလိုက်၏။

"ပြောလေ"


"ကျွန်တော်…" 

ချီရှင်းချန်က မဝံ့မရဲဆိုသည်။

 "ကောကို နေ့တိုင်း ဗီဒီယိုကောလ်ခေါ်လို့ရလား"


တစ်ယောက်နှင့်တစ်ယောက် သိကျွမ်းခဲ့ကြသည့်ခြောက်လအတွင်းမှာ ဗီဒီယိုကောလ် နှစ်ကြိမ်သာ ရှိခဲ့၏။ သူတို့ နေ့တိုင်း ဗီဒီယိုကောလ်ပြောလျှင် များလွန်းသည်ဟု ပိုင်ရဲ့က ထင်မှာလားသူ မသေချာပေ။


ထိုမေးခွန်းကိုကြားပြီးနောက် ပိုင်ရဲ့က ပို၍ပင် အကူအညီမဲ့သွားပြီး သက်ပြင်းချလိုက်၏။ 

"ကောင်းပြီ။"


ဟီးဟီးဟီးဟီးဟီးးးးး...


သူ့စိတ်ထဲတွင် အောင်ပွဲခံနေပြီးနောက်၊ ချီရှင်းချန် တွန့်ဆုတ်နေသည့်ခံစားချက်ကို ရုတ်တရက် ခံစားလိုက်ရသည်။ယနေ့ Fအတန်း အိမ်ပြန်ပို့ခံရသည်ကို သူ စိတ်မကောင်းမဖြစ်ပေ။ဒီလိုအချိန်မျိုးမှာ သူထွက်သွားဖို့ တွန့်ဆုတ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ...


သုံးရက်...အဲဒါ သုံးရက်ပဲ ...


ဒါပေမဲ့ သူ ပိုင်ရဲ့ကို သုံးရက်လုံးလုံး ထားခဲ့ရမှာ...


သူက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အသံတိုးကာမေးလိုက်၏။

"ရိုက်ကူရေးကပြီးပြီလား"


"မပြီးသေးဘူး...သင်တန်းသားတွေကို ခွင့်တောင်းလိုက်တာ"


"ကျွန်တော့်ကို နောက်ဆုံးတွေ့ဖို့ ထွက်လာတာလား"


၎င်းကိုကြားသောအခါ ပိုင်ရဲ့ မရယ်ဘဲမနေနိုင်။ သူ့လက်ထဲက ကားသော့ကို ယမ်းခါလိုက်သည်။ "ဒါပေါ့...မင်းကို ညစာစားဖို့ လာရှာဖို့ပေါ့"


ချီရှင်းချန်: "…"


ဘာလို့ ကျွန်တော့်ကို ပြောင်နေတာလဲ...


လူဆိုးကြီး..ဝူး..ဝူး...


.........


နောက်ကျနေပြီဖြစ်၏။ချီရှင်းချန် ညဥ့်နက်သည်အထိကားမောင်းရလျှင် လောင်ချင် သွေးတိုးမှာကို ကြောက်သည့်အတွက် ပိုင်ရဲ့နှင့် ရိုးရိုးဟော့ပေါ့စားပြီး အိမ်ပြန်ခဲ့သည်။


တံခါးဝသို့ မဝင်မီတွင် သူ၏အမူအရာကို ချိန်ညှိနိုင်ရန် အန်းရန်ဆီမှ မှန်တစ်ချပ်ကို တမင်တကာ ငှားယူခဲ့သည်။ သို့သော်လည်း လုံခြုံရေးအစောင့်ကို တံခါးဖွင့်ခိုင်းသောအခါ လုံခြုံရေးအစောင့်က အံ့သြသွားခဲ့သည်။ 

"ဒုတိယသခင်လေး...ဘာသတင်းကောင်းရှိလို့လဲ"


ချီရှင်းချန်: "?"


"မင်း အရမ်းပျော်နေပုံပဲ"


"...အိမ်ရောက်လို့...ပျော်တယ်လေ" 

ချီရှင်းချန်မျက်နှာထားတည်တည် ဆက်ထားရုံသာတတ်နိုင်ခဲ့သည်။

"အရင်သွားလိုက်မယ်နော်...ဦးလေးလည်း စောစောအနားယူသင့်တယ်"


"အိုး အဆင်ပြေပါတယ်"


သူအဲ့လောက် သိသိသာသာပျော်နေတာလား...

ချီရှင်းချန် ပုံပုံကျတော့မည်။ သူ အသက်ပြင်းပြင်း သုံးရှူကာ တံခါးကို လက်ဗွေဖြင့် ဖွင့်လိုက်သည်။


"ဝှက် —" 

မျက်လုံးလေးစုံက မြှားပျံများကဲ့သို့ သူ့အား စိုက်ကြည့်နေကြသည်။


ချီရှင်းချန် ခဏလောက် စိတ်ရှုပ်ထွေးသွားသည်။ဤအတောအတွင်း သူ့မိသားစုက အရေးကြီးသည့်ကိစ္စတစ်ခုကို ဆွေးနွေးနေသလိုမျိုး မကြာခဏ စုဆုံကြသလို သူခံစားခဲ့ရသည်။


ချီယွီကျီးပင် သူမအချစ်ဆုံးမောင်လေးအတွက် ဟင်းချက်ဖို့ မေ့နေသည်။


"ရှင်းရှင်း" 

သူမက မေးလာသည်။ 


"ညစာစားပြီးပြီလား... အန်တီကျန်းကို မင်းအတွက် သစ်သီးတစ်ပန်းကန်လှီးခိုင်းထားတယ်...ငါ ချက်ချင်း ယူလာပေးမယ်


"အင်း... အလျင်လိုစရာမလိုပါဘူ" 

ချီရှင်းချန်က ချီယွမ်ရှောင် ဘေးမှာ ဝင်ထိုင်လိုက်၏။ 

"အဖေ ကျန်းမာရေးကောင်းရဲ့လား"


သူ့သားထွေးက သူ့ကျန်းမာရေးအတွက် စိတ်ပူနေသည်ကို ကြားသောအခါ ချီရှောင်မင်၏စိတ်ပူနေသည့်အမူအရာက ချက်ချင်းဆိုသလို ကြင်နာမှုအပြည့်ဖြစ်လာသည်။

"စိတ်မပူပါနဲ့ ...အဖေ့ကျန်းမာရေးရော အရိုးတွေရောကောင်းနေတုန်းပဲ"


"အဲဒါကောင်းတယ်...ကော ကုမ္ပဏီက အခုတလော အလုပ်များနေလား...ကျဲ ရာသီပြောင်းတော့မယ်... အဝတ်အစားအသစ်အလုံအလောက်ရှိရဲလား...ကျားကျစ် အလယ်တန်းစာမေးပွဲက မကြာခင် လာတော့မှာမလား...အဆင်သင့်ဖြစ်ပြီလား"


သူ့အစ်ကို၊ အစ်မ၊ညီတို့ အားလုံး ရင်ထဲထိသွားကြသည်။သူတို့ ကပျာကယာပြန်ဖြေကြသည်။


"အရင်ကအတိုင်းပါပဲ" 


"လောက်တယ်" 


"ပြီးခဲ့တဲ့အကြိမ်ထက် ပိုကောင်းတယ်"


ချီရှင်းချန် အိမ်တွင် အရာအားလုံး အဆင်ပြေကြောင်း တွေ့ရသဖြင့် ရိုးရှင်းသော စကားဝိုင်းတစ်ခုအတွက် အားလုံးစုဝေးနေကြသည်ဟု သူထင်သွားသည်။ သူက သက်ပြင်းတစ်ချက်ချကာပြောလိုက်၏။


"မပြန်ခင်မှာ ဟော့ပေါ့စားခဲ့တာ...အဝတ်အစားတွေက ဟော့ပေါ့နံ့တွေ ရနေတုန်းပဲ...ကျွန်တော် အရင်ရေချိုးလိုက်ဦးမယ်...ပြီးမှ ပြန်လာခဲ့မယ်"


ချီယွီကျီးက သူ့ကို မြန်မြန်သွားခိုင်း၏။ အခန်းတံခါးဝတွင် သူမမောင်၏ပုံရိပ် ပျောက်ကွယ်သွားသောအခါတွင် သူမ ချက်ချင်းပင် အမူအရာပြောင်းသွားသည်။


"ရှင်းရှင်း ဘယ်သူနဲ့ ဟော့ပေါ့စားတယ်လို့ ထင်လဲ"


"ပိုင်မျိုးရိုးပဲဖြစ်ရမယ်" 

 ချီကျားကျစ်က အံကြိတ်လိုက်သည်။


"ယွမ်ရှောင်" 


အဖေချီက သူ့ဘေးနားက ဆိုဖာပေါ်တွင် ထိုင်နေသော သားအကြီးဆုံးကို ကြည့်နေသည်။ 

"ငါတို့ ခုနကပြောတာ ဘယ်ရောက်နေပြီလဲ... ဟုတ်တယ်၊ အဲဒီလူငယ်ကို မင်းဘယ်လိုထင်လဲ"


"ကျွန်တော့်ရဲ့ လုတွေကို နှစ်ပေါင်းများစွာ အကဲဖြတ်လာတဲ့ အတွေ့အကြုံအရ သူ့ရဲ့ ရုပ်ရည်နဲ့ အကျင့်စရိုက် မဆိုးပါဘူး...သူ့ရဲ့ မိသားစု နောက်ခံကလည်း ကောင်းတယ်...ဒါပေမဲ့..…"


"ဒါပေမဲ့ ဘာလဲ" 

ချီကျားကျစ် စိုးရိမ်တကြီးဖြင့် ဖင်ရွှေ့ထိုင်လိုက်သည်။ 

"ယွမ်ရှောင်ကော...တန်းလန်းကြီးမလုပ်နဲ့လေဗျာ"


"တစ်ခုပဲ…"


ချီယွမ်ရှောင်က ကယ်ရာမဲ့ ပြောလိုက်သည်။

"ရှင်းရှင်းက သူ့ကို တကယ်ကြိုက်ပုံရတယ်... သူက တစ်ဖက်လူရဲ့ထိန်းချုပ်မှုအောက်မှာ အပြည့်ရှိတယ်...ရှင်းရှင်း အနိုင်ကျင့်ခံရမှာကို ငါကြောက်တယ်"


၎င်းကိုကြားသောအခါ ကျန်သုံးယောက်၏ အမူအရာတွေ ပြောင်းသွား၏။ရှောင်ရှင်းရှင်းက သူတို့ချီမိသားစု၏ အဖိုးတန်ဆုံး ရတနာဖြစ်သည်၊ မည်ကဲ့သို့ လွယ်ကူစွာ အနိုင်ကျင့်၍ရမည်နည်း။


ထို့နောက် ချီယွီကျီးက တုံ့ပြန်ခဲ့သည်။ 

"ငါတော့မထင်ဘူး... ရှင်းရှင်းရဲ့ ရှိုးကို ကြည့်ပြီး ပိုင်ရဲ့က ရှင်းရှင်းကို အရမ်း အကာအကွယ် ပေးတယ်လို့ ခံစားရတယ်...သူ့ရဲ့ အမူအကျင့်က ရှင်းရှင်းအပေါ် အတော်လေးကောင်းတယ်... နောက်ပြီး ရှင်းရှင်း ညစာစားပွဲမှာ အဲဒီလူယုတ်မာနဲ့ တွေ့တုန်းကလည်း ပိုင်ရဲ့က သူ့ကို ကယ်ခဲ့တာပဲလေ"


"အဲဒါမှန်ပေမဲ့..."


ခဏလောက် စဉ်းစားပြီးနောက် ချီရှောင်မင် နိဂုံးချုပ်လိုက်၏။ 

"ရှင်းရှင်းက အဲဒီလူငယ်ကို သဘောကျတဲ့အတွက် သူ့ကို ငါ့မျက်စိနဲ့ ကိုယ်တိုင်မြင်မှရမယ်...မဟုတ်ရင် ငါ စိတ်ပူနေရလိမ့်မယ်"


ချီကျားကျစ်က စားပွဲကို ဆောင့်တွန်းလိုက်သည်။ "ကောကို ပြန်ပေးဆွဲထားတဲ့ အမှိုက်မျိုးကို ကျွန်တော်လည်း ကြည့်ချင်တယ်"


"ဒီလိုဆိုရင်ရော ဘယ်လိုလဲ" 

ချီယွီကျီးက အကြံပြုသည်။ 


"ခွဲသွားရအောင်...ငါအရင်သွားမယ်၊ ပြီးရင် ကျားကျစ်နဲ့ အဖေက နောက်ဆုံးဖြစ်လိမ့်မယ်...ဘယ်လိုလဲ"


"ကောင်းပြီ ငါသဘောတူတယ်"


....


ရက်အနည်းငယ်ကြာအောင် အိမ်မှထွက်သွားပြီးနောက်၊ ချီရှင်းချန် ထောင်ရွှမ်ကို အလွန်စိုးရိမ်နေခဲ့သည်။


ချီကျားကျစ်ကို ထောင်ရွှမ်ကိုကျူရှင်ပြရင်း ထောင်ရွှမ်၏ စိတ်ခံစားချက်တွေကို ညှိခိုင်းရုံကလွဲ၍ ရွေးချယ်စရာမရှိပေ။ယင်းက အန္တရာယ်များသော ရွေးချယ်မှုဖြစ်ခဲ့သည်။ကျားကျစ်၏ လွှမ်းမိုးမှုအောက်မှာ ထောင်ရွှမ်သူ့နှလုံးသားကိုဖွင့်ပေးမလားဆိုသည်က မသေချာပေမဲ့ သူတစ်ချက် သွားကြည့်ရန်ဆုံးဖြတ်နေတုန်းပါပင်။


ဆေးရုံကိုရောက်ချိန်မှာ မနက်ပိုင်း လှုပ်ရှားမှုအချိန်ဖြစ်နေပြီဖြစ်၏။သူနာပြုက ဖြည်းညှင်းစွာ ထောင်ရွှမ် နှင့်အတူတယ စင်္ကြံလမ်းလျှောက်နေသည်။


သူမအလုပ်ရှင်ရောက်လာသည်ကိုမြင်သောအခါ သူနာပြု ရပ်သွားသည်။ချီရှင်းချန်က သူမကို နှုတ်ဆက်စရာ မလိုဘူးဆိုပြီး လက်ဟန်ပြလိုက်၏။ သူ ထောင်ရွှမ် ၏ နံဘေးသို့ လျှောက်သွားပြီး စမ်းမေးကြည့်လိုက်သည်။


 "စင်္ကြံမှာ နေရောင် လုံလုံလောက်လောက် မရဘူး...မင်း အပြင်သွားကြည့်ချင်လို့လား"


ထောင်ရွှမ် အံ့ဩစရာမရှိပါဘဲ ခေါင်းယမ်းလိုက်သည်။


ချီရှင်းချန် လျစ်လျူရှုနေမည့်အစား သူတုံ့ပြန်နိုင်ခဲ့သည့်အတွက် အလွန်ကျေနပ်နေပြီဖြစ်သည်။သူကတိုးတိုးလေးပြောသည်။

"ကောင်းပြီ...စင်္ကြံလည်းကောင်းပါတယ်"


ထောင်ရွှမ်က ဘာမှ မပြောဘဲ ရှေ့ကို ဆက်လျှောက်နေသည်။


ချီရှင်းချန်က ထောင်ရွှမ် နှင့် တစ်မီတာအကွာကနေ သူ့နောက်သို့ လိုက်သွားပြီး သူ့မျက်လုံးထောင့်မှတစ်ဆင့် လှုပ်ရှားမှုများကို လေ့လာနေခဲ့သည်။ အပြင်းဖျားသည့်လူနာတွေမှာ များသောအားဖြင့် ခန္ဓာကိုယ်အားနည်းပြီး ထောင်ရွှမ်ကလည်း ချွင်းချက်ဟုတ်မနေပါချေ။လမ်းလျှောက်ရန် ခက်ခဲပြီး မီတာအနည်းငယ်တိုင်း မိနစ်အနည်းငယ်မျှ အနားယူရန် ရပ်တန့်နေရသည်။


သို့သော် သူလက်မလျှော့။ သူက နှစ်ခေါက် ကြံ့ကြံ့ခံ လမ်းလျှောက်ပြီးမှ လူနာဆောင်ထဲသို့ ပြန်ကာ ကုတင်ဘေးတွင် ထိုင်နေလေသည်။


ချီရှင်းချန် တစ်ခုခုကို သဘောပေါက်ပြီး သူနှင့် စကားပြောဟန်ဆောင်လိုက်သည်။

 "ကျားကျစ်ကျူရှင်ပြတာ ဘယ်လိုနေလဲ"


ထောင်ရွှမ်က သူ့မေးခွန်းကို မဖြေ။ထိုအစား သူက "ခင်ဗျားက သူ့ကို ကျွန်တော့်ကို ကျူရှင်ပြပေးခိုင်းထားတာလား"ဟု မေးလာသည်။


ဤမေးခွန်းကို ဖြေရန်က မလွယ်ပါချေ။ချီရှင်းချန် လုံးဝမတွန့်ဆုတ်ဘဲ တိုက်ရိုက်ဝန်ခံလိုက်သည်။


"ဟုတ်တယ်လေ... ဒါပေမဲ့ မင်းက ကျားကျစ် နဲ့ အတန်းဖော်ဖြစ်တာ ကြာပါပြီ... သူ့စရိုက်ကို သိမှာပါ...သူ မလုပ်ချင်ရင် ငါ အတင်းလာခိုင်းလည်း ရမှာ မဟုတ်ဘူး"


ထောင်ရွှမ် အံ့အားသင့်သွားသည်။


"အဲဒါကြောင့် သူ့ကို အနှောက်အယှက်ဖြစ်မှာ စိတ်ပူနေစရာ မလိုဘူး... မင်းအကူအညီလိုရင် သူ့ကို ပြောပြလိုက်ပါ... သူက မင်းကို ကူညီဖို့ အရမ်း ကို ဆန္ဒရှိတယ်"


ချီရှင်းချန် ခဏရပ်လိုက်သည်။ 

"ဒါ့အပြင် ငါက သူ့ကိုယ်ကျိုးစီးပွားအတွက် သူကို လာခိုင်းခဲ့တာ...သူ့အခြေခံက အားနည်းလွန်းတယ်...ကမ်းခြေမှာ အိမ်ဆောက်တာနဲ့တူတယ်... အရမ်းမတည်မငြိမ်ဖြစ်နေတယ်...ဒါကြောင့် သူ့အခြေခံအုတ်မြစ်ကို ခိုင်မာအောင် ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...အချင်းချင်း ကူညီကြရအောင်"


ထောင်ရွှမ် အကြာကြီး နှုတ်ဆိတ်သွားသည်။ချီကျားကျစ်က စိတ်လိုလက်ရနှင့် လာသည်ဟု သူ မမျှော်လင့်ထားခဲ့သလို ချီရှင်းချန်က ဤမျှလောက်ရိုးသားရန်လည်း သူ မမျှော်လင့်ထားပါချေ။


ချီရှင်းချန် သူ့ကို လိမ်ညာပြီး ချီကျားကျစ်ကို စေတနာ့ဝန်ထမ်းလုပ်ရန် လှည့်စားလိမ့်မည်ဟု သူထင်ခဲ့၏။


သူ ချီရှင်းချန်အပေါ်ထားသည့်အမြင်က ရုတ်တရက်ထိုးတက်သွားခဲ့သည်။


"…အမ်း"

အချိန်အတော်ကြာပြီးနောက် သူက ခြင်းတစ်ကောင်ကဲ့သို့ ဂရုတစိုက်ဆိုသည်။

"ချီကျားကျစ်ရဲ့ အခြေခံအုတ်မြစ်က အဲလောက် မအားနည်းဘူး...ဒါပေမဲ့ သူ့စိတ်ကမကောင်းဘူး"


'စိတ်ကမကောင်းဘူးလား' 

ချီရှင်းချန် အံ့သြသွားသည်။ 

"သူ မင်းကို အနိုင်ကျင့်ခဲ့တာလား"


"မဟုတ်ဘူး... ပြဿနာတွေကို ဆွေးနွေးတဲ့အခါ သူက စိတ်ပူတတ်တယ်"


မျှော်လင့်ထားသည့်အတိုင်း ချီကျားကျစ်က ပြန်လည်တိုက်ခိုက်ရန်ခွန်အားမရှိသော ထောင်ရွှမ်အပေါ်မှာ ဒေါသထွက်မည်မဟုတ်ပေ။ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်သည်။ 

"နောက်မှ သူ့စိတ်ကို ထိန်းခိုင်းလိုက်မယ်"


"ရပါတယ်...မလိုပါဘူး" 

ပထမဦးဆုံးအကြိမ်၊ ထောင်ရွှမ်၏ မျက်နှာတွင် ဝမ်းနည်းခြင်

းမဟုတ်သော အခြားခံစားချက်များကို ပြသခဲ့သည်။


"ဒီလိုနေတာ သူ့အတွက် ကောင်းပါတယ်...ကျွန်တော် သည်းခံနိုင်မှာပါ"


ယခုအကြိမ်သည် ချီရှင်းချန် အံ့အားသင့်ရမည့်အလှည့်ဖြစ်သည်။


"ကောင်းပြီ" 


ချီရှင်းချန်က ရိုးရိုးသားသားပြောလိုက်သည်။ "သူ့ကို ကူညီဖို့ အဆင်သင့်ရှိနေလို့ ကျေးဇူးတင်ပါတယ်"


.