အပိုင်း ၁၀၅
Viewers 29k

Chapter 105




ထောင်ရွှမ်၏ အခြေအနေက ပိုမိုကောင်းမွန်လာသည်မှာ ထင်ရှားသည်။ချီရှင်းချန် စိတ်ကောင်းဝင်နေသည်။ထောင်ရွှမ်ကို ကောင်းကောင်း ဂရုစိုက်ရန် သူနာပြုကို ထပ်ခါတလဲလဲ ပြောပြီး မူမမှန်တာရှိပါက ချက်ချင်း ဆက်သွယ်ရန်မှာခဲ့သည်။သူ လူနာဆောင်ထဲမှ ထွက်လာစဉ် တေးသွားကို ညည်းလိုက်သည်။


ဓာတ်လှေကားဆီသို့ လျှောက်သွားသောအခါတွင် roundလှည့်နေသည့် လျန်ကျင်းက ဓာတ်လှေကားထဲတွင် ပေါ်လာသည်။ချီရှင်းချန်ကိုမြင်သောအခါ ဓာတ်လှေကားမှ မထွက်မီ စက္ကန့်အနည်းငယ်မျှ ငြိမ်သက်သွားသည်။ 

"ရှင်းရှင်း ပြန်လာပြီလား"


ချီရှင်းချန် သူနှင့်တိုးနိုင်သည်ကို ကြိုမှန်ထားပြီးဖြစ်သောကြောင့် တည်ငြိမ်စွာ ပြောခဲ့သည်။

"ငါ မနေ့က ပြန်လာတာ"


"ထောင်ရွှမ်ကိုတွေ့ဖို့ ရောက်လာတာလား"


"ဟုတ်တယ်"


"သူ့စိတ်အခြေအနေဘယ်လိုလဲ"


"သူအဆင်ပြေပါတယ်"


"ဒါဆို ငါ မသွားတော့ဘူး... နေ့ခင်းမှ ပြောတော့မယ်" 

လျန်ကျင်းက ခဏမျှ တိတ်ဆိတ်သွားသည်။ 


"မင်းဒီကိုရောက်နေပြီဆိုမှတော့ ငါ့ရုံးခန်းမှာထိုင်ချင်လား"


အရင်တစ်ခေါက်က လျန်ကျင်းကြောင့် ပိုင်ရဲ့ ရက်အနည်းငယ်ကြာ စိတ်ဆိုးသွားခဲ့သည်။ထိုကဲသို့သောအခြေအနေထပ်မဖြစ်အောင်နှင့် ထောင်ထောင် လျနိကျင်းနှင့် အဆက်အသွယ်ရှိမရှိကို ရှာဖွေရန် ချီရှင်းချန် ခေါင်းညိတ်ပြီး သဘောတူလိုက်၏။


လျန်ကျင်း နှင့် သူ၏ဆရာတို့သည် လက်တွေ့နှင့် တိုင်ပင်ဆွေးနွေးရေး အထူးကုများဖြစ်သည်။ သာမာန်ဆရာဝန်များရုံးများတွင် အလုပ်မလုပ်ကြပါချေ။ ဆေးရုံက သူတို့အတွက် သီးခြား သုတေသနအခန်းကို ပြင်ဆင်ထားသည်။ လောလောဆယ် သုတေသနခန်းထဲမှာ တစ်ယောက်မှ မရှိပေ။လျန်ကျင်းက သူ့ကို ရေတစ်ခွက်ငှဲ့ပေးပြီး နှစ်ယောက်သား စားပွဲ၏တစ်ဖက်တစ်ချက်မှာ ထိုင်လိုက်ကြသည်။။


ထောင်ရွှမ်အပါအဝင် ဆေးဘက်ဆိုင်ရာ မှတ်တမ်းများ အပုံလိုက်ကြီး စားပွဲခုံဘေးတွင် ရှိနေသည်။ချီရှင်းချန် သူ့အခြေအနေနှင့် ပတ်သက်သည့် မေးခွန်းအချို့ကို မေးခဲ့သည်။ သူနားလည်ပြီးနောက် သာမန်ကာလျှံကာပုံစံဖြင့်မေးလိုက်၏။

"ထောင်ရွှမ်ရဲ့အစ်မ အခုတလော ရောက်လာသေးလား"


လျန်ကျင်းက မျက်ခုံးပင့်လိုက်သည်။ 

"မင်း သူ့ကို အရမ်း စိတ်ပူနေပုံပဲ"


"အဓိကကတော့ ထောင်ရွှမ်ကြောင့်ပါ" 

ချီရှင်းချန် ဆင်ခြေတစ်ခု ရှာတွေ့ခဲ့သည်။ "

သူ ထောင်ရွှမ်ကို မကြာခဏ လာကြည့်တာက ထောင်ရွှမ်ရဲ့ အခြေအနေအတွက် အထောက်အကူ ဖြစ်စေတယ်"


"သူ မလာဘူး" 

လျန်ကျင်းက ပြော၏။ 


"ဒါပေမဲ ထောင်ရွှမ်ရဲ့ အခြေအနေက အခုတလောကောင်းပါတယ်...ကျားကျစ်က သူ့ကို မကြာခဏ ကျူရှင်သင်ပေးတာကြောင့် ဖြစ်နိုင်တယ်"


"သူတကယ်မလာဘူးလား" 

ချီရှင်းချန် ထောင်ထောင်ကို ပို၍ သံသယဝင်လာသည်။


"စကားမစပ်" 

ချီရှင်းချန် တံခါးအပြင်ဘက်သို့ လှမ်းကြည့်လိုက်သည်။ဘယ်သူမှ ဖြတ်သွားသံ မကြားရသဖြင့် သူ့အသံကို လျှော့ကာဆိုလိုက်သည်။ 


"ငါမင်းကိုပြောစရာရှိတယ်။"


ဤစကားကို ပြောသည့်အခါ သူ့မျက်လုံးတွေ တလက်လက်တောက်ပနေပြီး နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးသွားသည်။ သူက ပျော်ရွှင်မှုကို ဖုံးကွယ်ရန် ကြိုးစားနေသော်လည်း ၎င်းသည် သူ၏နှလုံးသားအောက်ခြေ၊ သူ၏ခြေလက်များ၊ သူ၏အင်္ဂါများနှင့် ပွက်ပွက်ဆူနေသောသွေးများ ထဲမှ ပေါက်ကွဲထွက်လာခြင်းဖြစ်၍ မဖုံကွယ်နိုင်ဖြစ်နေပုံရသည်။


ယင်းက သူ့တစ်ကိုယ်လုံးကို တောက်ပပြီး တက်ကြွစေ၏။


လျန်ကျင်း ရုတ်တရက် သူ့မျက်လုံးများကို မခွာနိုင်ဖြစ်သွားသည်။


သို့သော် နောက်စကားတစ်ခွန်းမှာ သူ့ခေါင်းပေါ်ကနေ ရေခဲရေပုံးနှင့်လောင်ချခံရသလိုပင်။ သူနှင့် မျက်နှာချင်းဆိုင်ရှိလူက တိုးတိုးလေးပြောနေသည်ကို သူကြားလိုက်ရ၏။


"ငါ ချစ်မိသွားပြီ"


စကားလုံးငါးလုံးမျှသာဖြစ်၏။


ဘာကိုဆိုလိုသည်ကို နားလည်ရန် အချိန်အတော်ကြာခဲ့သည်။


သူ ထိုနေ့က "လွှတ်ပေးလိုက်ပြီ" ဟု ပြောတုန်းက လိမ်နေခြင်းမဟုတ်ခဲ့ပါချေ။


သူ့ကို အချိန်အတော်ကြာ သဘောကျခဲ့သော ရှင်းရှင်းက ယခုအခါ အခြားတစ်ယောက်ကို သဘောကျသွားခဲ့သည်။


လျန်ကျင်း ဖောင်တိန်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ သူ့လက်ဆစ်များသည် အားအလွန်အကျွံသုံးမှုကြောင့် ဖြူဖွေးသွားသည်။ သူ့အသံက အားတင်းပြီးပြောနေရဟန်ဖြစ်နေ၏။  


"တစ်ဖက်လူက... ပိုင်ရဲ့လား"


ချီရှင်းချန်သည် လျန်ကျင်းခန့်မှန်းနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူ့အာရုံကြောများ ရုတ်တရက် တင်းကြပ်လာသည်။


မဖြေနိုင်သလို ဖြေလည်း မဖြေချင်။ သူက မျက်လွှာချပြီး ငြိမ်နေလိုက်၏။


လျန်ကျင်းက ထက်မြက်သူဖြစ်သည်။ချီရှင်းချန်။ တုံ့ပြန်မှုကနေ သူ မှန်းဆထားသည်ကမှန်မှန်း သူသိ၏။ သူက ပို၍ပင် စိတ်ပျက်သွားသည်။


"မင်းနဲ့ အရာအားလုံးကို မျှဝေပေးမယ်လို့ ငါကတိပေးခဲ့တယ်လေ" 

ချီရှင်းချန်ု ညှိနှိုင်းလိုက်သည်။ 

"ကျေးဇူးပြုပြီး လျှို့ဝှက်ထားပေးပါ...အိုကေ"


မပြောပြသည်က ပိုကောင်း၏။ အနည်းဆုံး သူ့ကိုယ်သူ ဖြောင့်ဖြပြီး ရှင်းရှင်း သူ့ဆီပြန်လာမည်ကို စောင့်နေ၍ရသည်။


"… ကောင်းပြီ" 

လျန်ကျင်းက ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်။

"ငါ မင်းအတွက် လျှို့ဝှက်ထားပေးမယ်"


.


ထိုနေ့တွင် လျန်ကျင်း ပထမဆုံးအကြိမ် အလုပ်စောစောဆင်းခဲ့သည်။


ကျင်းအန်းဆေးရုံမှ ဆရာဝန်များက ဤလူငယ်ကို အစပိုင်းတွင် မယုံကြည်ခဲ့ကြပေ။ သူက ဘွဲ့မရသေးသော ကျောင်းသားတစ်ဦးဖြစ်ပြီး ကျွမ်းကျင်သူအဖြစ် ကုသမှုတွင် ဝင်ရောက်စွက်ဖက်ရန် အရည်အချင်းမပြည့်မီဟု သူတို့ထင်ခဲ့ကြသည်။


နောက်ပိုင်းတွင် သူက ကိုယ်ခံအားစနစ်နှင့်ပတ်သက်သော သီအိုရီဆိုင်ရာ ဗဟုသုတများသာမက အတွေ့အကြုံလည်းရှိသည်ကို တွေ့ရှိခဲ့ကြသည်။ မကြာခဏဆိုသလို ထိရောက်သော ကုသမှုအစီအစဉ်များ ချမှတ်နိုင်ခဲ့သည်။ တဖြည်းဖြည်းနှင့် သူတို့က သူ့ကို ပိုပိုပြီး ယုံကြည်လာကြသည်၊ သူတို့၏ဆက်ဆံရေးလည်း ပိုကောင်းလာခဲ့၏။


အဝတ်လဲခန်းထဲမှာ သူ့ကို စိတ်လွတ်နေသည့်ပုံစံ အဝတ်အစားလဲနေသည်ကို ဆရာဝန်ငယ်လေးတစ်ယောက်က သူ့ဆီ လာမေးသည်။ 

"အားကျင်း ဘာဖြစ်နေတာလဲ...မင်းစိတ်အခြေအနေမကောင်းဘူးလား"


လျန်ကျင်းက ဝတ်ကျေတမ်းကျေဖြေလိုက်၏။ "ဘာမှမဖြစ်ပါဘူး"


"မင်း စိတ်မခြေအနေမကောင်း မင်းစိတ်ကိုလျှော့ရမယ်...ဝိုင်ကောင်းကောင်းနဲ့ ဂိမ်းတွေအများကြီးပါတဲ့ ကိုယ်ပိုင်ကလပ်တစ်ခုကို ငါသိတယ်...အဲဒါက တော်တော်လေးလည်း ကိုယ်ရေးကိုယ်တာလုံခြုံရေး... မင်းရဲ့အလုပ်အပေါ် သက်ရောက်မှုရှိမှာမဟုတ်ဘူး..သွားပြီး ငါနဲ့ပျော်ရအောင်ပါ"


လျန်ကျင်း အနည်းငယ် သွေးဆောင်ခံလိုက်ရသည်။


"သွားကြရအောင်" 

ဆရာဝန်ငယ်က သူနှင့် ရင်းနှီးချင်နေပြီး သူ့ကို ဆက်ပြီး ဆွဲဆောင်နေသည်။ 


"ငါ မင်းကို ဒကာခံပါ့မယ်"


"ကောင်းပြီ... မင်း ငါ့ကို ဒကာခံစရာ မလိုဘူး...ငါပဲဒကာခံပါ့မယ်" 

လျန်ကျင်းက သူနှင့်အတူ ထွက်သွားခဲ့သည်။


ဆရာဝန်ငယ်လေးက သူ့ကို ခေါ်သွားပေးသည့် ကလပ်က တော်တော်လေးကောင်းသည်။ ဝင်ပြီးနောက်တွင် သူ့တွင် pinhole ကင်မရာများနှင့် အခြား ဓာတ်ပုံရိုက်ကိရိယာများ ရှိ၊မရှိ စစ်ဆေးရန် လိုအပ်လေသည်။ သီးသန့်ခန်းက လုံးဝအပြင်နှင့်ပိုင်းခြားထားသည်။ နှစ်ယောက်သား အပေါ်ထပ်ကို တက်လာသောအခါ ရင်းနှီးသည့် အဆိုတော်တစ်ယောက်ကိုပင် တွေ့လိုက်ရ၏။ တကယ့်ကို သီးသန့်ဆန်၏။


သီးသန့်အခန်းကိုရပြီးနောက် လျန်ကျင်း ဝိုင်နှစ်ပုလင်းကို တိုက်ရိုက်မှာယူခဲ့သည်။ သူက သီချင်းတွေ မှာခြင်း ၊ စကားပြောခြင်းမျိုး မလုပ်ပဲ ဝိုင်ပဲသောက်နေလိုက်၏။


ပထမတုန်းက ဆရာဝန်ငယ်လေးက သူ့ကို လိုက်ပါအဖော်ပြုပေးခဲ့သည်။နောက်ပိုင်းတွင် သူ၏ မဆင်မခြင် သဘောထားကြောင့် သူ ထိတ်လန့်သွားသည်။


လျန်ကျင်းက သူတစ်ခွက်သောက်နေချိန်မှာ သုံးခွက်သောက်ပြီးနေ၏။


သို့တိုင် နောက်ထပ် မိနစ်နှစ်ဆယ်လောက် သောက်ပြီးသည့် နောက်မှာ ဆရာဝန်ငယ်က မူးသွားပြီး ဆိုဖာပေါ်မှာ အိပ်ပျော်သွားသည်။


လျန်ကျင်း ဟောက်နေသော သူ့လုပ်ဖော်ကိုင်ဖက်ကို ကြည့်လိုက်ပြီး ယခုအချိန်တွင် အရက်မူးပြီးအိပ်ပျော်နေသူက သူဖြစ်လိုမိသည်။


ထိုနည်းအားဖြင့်၊ရှင်းရှင့် နှင့် သူ့နောက်တစ်ကောက်ကောက်လိုက်ခဲ့ဖူးသော ကလေးလေးအကြောင်းကို ခေတ္တမေ့သွားနိုင်သည်။ရှင်းရှင်းက သူ့ကို ကြိုက်ခဲ့သည်ကို မေ့သွားနိုင်သည်။။


ရှင်းရှင်းက သူနှင့်မသက်ဆိုင်တော့ဘူးဆိုသည်ကို မေ့သွားနိုင်သည်။


မှန်သည်၊ လူတွေက ထိုကဲ့သို့ပင်။တစ်ခုခုကိူ ဆုံးရှုံးသွားပြီးနောက် မြတ်နိုးတတ်လာကြသည်။


သူ သူ့ကိုယ်သူ အလွန်ကို မုန်းနေပြီဖြစ်၏။ဘာလို့ သူ့မွေးရပ်မြေကို စွန့်ခွာသွားခဲ့မိတာလဲ...ဘာလို့သူပြန်လာချိန်မှာမှ ရှင်းရှင်းလေးက အရမ်းလန်းပြီးတလက်လက်တောက်ပနေတာကိုတွေ့ရှိခဲ့ရတာလဲ...


အကယ်၍ သူသာ အနည်းငယ်စောခဲ့မည်ဆိုလျှင်၊ သူက ရှင်းရှင်းကို ယခုလို တောက်ပတက်ကြွနေအောင် ဖြစ်စေခဲ့သူဖြစ်လိမ့်လေမလား။


နောက်မှရောက်လာသည့် ခံစားချက်တွေက အသုံးမဝင်ဆုံးပါပင်။


ငယ်ငယ်လေးကတည်းက သူရရှိခဲ့သည်ဆုံးမသင်ကြားမှုတွေက လူမြင်ကွင်းနေရာမှာ တည်ငြိမ်မှု ပျောက်ဆုံးရန် မဖြစ်နိုင်ဖြစ်စေသည်။ အော်ဟစ်ပေါက်ကွဲချင်နေသောဒေါသများက အရက်ကို ခံနိုင်ရည်အဖြစ်သို့ ပြောင်းလဲသွားသည်။ သူက စားပွဲထိုးကို ဝိုင်နီနှစ်ပုလင်း ထပ်ဖြည့်ခိုင်းပြီး တစ်ယောက်တည်း သောက်ခဲ့သည်။။


အတန်ကြာအောင် သောက်ပြီးနောက် ထကာ သန့်စင်ခန်းထဲသို့ ဝင်သွားလိုက်သည်။ လက်ဆေးရန် အမျိုးသားသန့်စင်ခန်းထဲက ထွက်လာချိန်မှာ ရင်းနှီးသည့်အသွင်အပြင်ကို ရုတ်တရက် တွေ့လိုက်ရ၏။


အချိန်အတော်ကြာ ဂရုတစိုက်ကြည့်ရှုပြီးနောက်တွင် ၎င်းက လူနာ၏မိသားစုဝင်ဖြစ်ကြောင်း သိရှိလိုက်ရသည်။


သူက ချက်ချင်းဆိုသလိုပဲ ဆရာဝန်တစ်ယောကိ၏ စိတ်နေစိတ်ထားကို ပြန်လည်ရရှိလာပြီးပြောလိုက်သည်။

"တိုက်ဆိုင်လိုက်တာ မစ္စထောင်" 


"တိုက်ဆိုင်လိုက်တာနော်" 

ထောင်ထောင်လည်း ဝိုင်သောက်ထား၏။ သူမ၏ ပါးပြင်များသည် မက်မွန်ပွင့်များကဲ့သို့ ပန်းရောင်သန်းနေသည်။


"ဇာတ်ညွှန်းအကြောင်းပြောဖို့ ဒီကိုရောက်နေတာ... ကလပ်မှာ ရှင်နဲ့တွေ့ဖို့ မမျှော်လင့်ထားဘူး... ဒေါက်တာလျန် ရှင်တော်တော်မူးနေပုံရတယ်...အဆင်ပြေရဲ့လား"


"အဆင်ပြေပါတယ်"


သို့သော် သူ့ခန္ဓာကိုယ်က နှစ်ကြိမ်တိုင်တိုင် မနာခံဘဲ ယိမ်းထိုးသွားသည်။


ထောင်ထောင်က စိုးရိမ်တကြီး ကြည့်နေသည်။ 


"မဟုတ်ဘူး ရှင် မူးနေတာပဲ... တစ်ယောက်တည်းလား ဒါမှမဟုတ် တခြားတစ်ယောက်နဲ့ လာခဲ့တာလား...တက္ကစီစီးလာတာလား၊ကာမောင်းလာတာလား"


မေးပြီးနောက် ထောင်ထောင် လျန်ကျင်းက မလှုပ်မရှားရှိနေသည်ကိုတွေ့လိုက်ရသည်။ သူ့မျက်ခွံတွေက ငိုက်စိုက်ကျနေကာ ၎င်းနောက် သူမျက်လုံးဖွင့်လိုက်သည်။


သူမ၏ နူးညံ့သောလက်ကလေးက လျန်ကျင်း၏လက်မောင်းကို ဆုပ်ကိုင်လာသည်။ 


"ဒီနေ့ ကျွန်မဒရိုင်ဘာက ကိုယ်ပိုင်ကားနဲ့ မောင်းလာတာ...ရှင့်ကို လမ်းကြုံအိမ်ပြန်ပို့ပေးမယ်လေ..."


..........


နေ့ခင်းဘက်တွင် ချီရှင်းချန်သည် ပုံမှန်စစ်ဆေးရန် Ocean World သို့ သွားရောက်ခဲ့သည်။ ညဘက် အိမ်ပြန်ရောက်သောအခါ အသီးအနှံများကို စားပြီး သူ့မိသားစုနှင့် စကားစမြည်ပြောခဲ့သည်။ သူ့အခန်းထဲမှာ ဆေးကြောပြီနောက် အိပ်ရာပေါ်တက်ပြီး ပိုင်ရဲ့ဆီကို WeChat မက်ဆေ့ချ် ပို့လိုက်သည်။

 [ကော အားရဲ့လား?]


ပိုင်ရဲ့က သင်တန်းသားတစ်ယောက်၏မေးခွန်းကို စဉ်းစားနေပြီး သူ့ရည်ရွယ်ချက်ကို သတိမထားမိဘဲ ပြန်ဖြေလိုက်သည်။

 [အင်း... ဘာလို့လဲ]


နှစ်စက္ကန့်အကြာ– [ရှင်းရှင်း သင့်အား ဗီဒီယိုခေါ်ဆိုမှုအတွက် ဖိတ်ခေါ်လိုက်သည်။]


ပိုင်ရဲ့က ကောက်ကိုင်လိုက်ပြီး သည်အတိုင်းမေးလိုက်သည်။

 "မင်းမိသားစုနဲ့အတူရှိနေတာ မဟုတ်ဘူးလား"


"... ကျွန်တော့်မိသားစုက စောစောအိပ်ကြတယ်" 

ချီရှင်းချန်က မရဲတရဲ မေးကြည့်လိုက်သည်။


 "အလုပ်လုပ်နေတာလား"


"ဟုတ်တယ်...ကိုယ် ဂီတနုတ်တွေကို စဉ်းစားနေတာ"

သူက ခဏရပ်လိုက်သည်။


 "ဒါပေမဲ့ ကိုယ်တို့ရဲ့ ဗီဒီယိုကောလ်ကို နှောင့်နှေးစေမှာ မဟုတ်ပါဘူး"


ချီရှင်းချန် သက်ပြင်းတစ်ချက်ချလိုက်သည်။

 "အဲဒါကောင်းတယ်"


၎င်းနောက်ချက်ချင်းပဲ သူက အနည်းငယ် တွယ်ကပ်လွန်းနေမိမှန်း သူသဘောပေါက်သွားသည်။ 

"ကော ကိုယ့်ဘာကိုယ်စဉ်းစားနေနော်...ကျွန်တော် Weibo ကိုစစ်ဆေးပြီး ကောကိုကြီးကြပ်ပေးမယ်"


သူ၏သတိထားနေသောလေသံကိုကြားသောအခါ ပိုင်ရဲ့ သူ့နှလုံးသားထဲမှာ သက်ပြင်းချလိုက်သည်။


ယုတ္တိကျကျပြောရလျှင် ချီမိသားစု၏နောက်ခံဖြင့်၊ဖန်ငယ်လေးသည် မာနကြီးပြီး ကြီးစိုးသူအဖြစ် ကြီးပြင်းလာခြင်းမရှိလျှင်ပင် သူသည် တဇွတ်ထိုးနိုင်၊တစ်ကိုယ်ကောင်းဆန်ပြီး မဆင်မခြင်တတ်သူ ဖြစ်သင့်သည်။


သို့သော်လည်း သူတို့နှစ်ဦး ပေါင်းသင်းဆက်ဆံသည့် ဖြစ်စဉ်တွင် ဖန်လေးက အလွန်သတိထားနေခဲ့သည်။ပိုင်ရဲ့ ဘာမှကိုပြောစရာပင်မလိုပေ။ သူ့ကိုယ်သူ အနိမ့်ဆုံးအနေအထားမှာ ထားထားပြီးသားဖြစ်သည်။


သွားပေါက်ခါစ ကြောင်ပေါက်လေးဆီက အကိုက်ခံရသလိုမျိုး ပိုင်ရဲ့ ၏နှလုံးသားထဲ စူးအောင့် နာကျင်လာသည်။


ခေါင်းငုံ့ကာ ဂီတနုတ်ကို ဓာတ်ပုံရိုက်ပြီး တစ်ဖက်လူထံ ပေးပို့လိုက်သည်။


"မင်းရဲ့ဗီဒီယိုကောလ်ကအချိန်ကိုက်ရောက်လာတာပဲ...ကိုယ် အဲဒါကို အကြိမ်ရေတချို့ကြည့်ပြီးပြီ... ဒီဂီတနုတ်ကို ခွဲခြားဖို့လမ်းပျောက်နေတယ်... ကိုယ့်အတွက် သီချင်းဆိုပေးပါလား...ကိုယ် ဘယ်လိုပြောင်းရမလဲဆိုတာ ကြည့်မယ်"


ပိုင်ရဲ့က အဆိုးအကောင်းမခွဲနိုင်ဘူးလား...

ချီရှင်းချန် မယုံနိုင်ဖြစ်သွားသည်။ 


"တကယ်လား"


"တကယ်...ကိုယ် မင်းကိုဘာလို့လိမ်ရမှာလဲ"


ပိုင်ရဲ့ကို သူ မနှောင့်ယှက်မိခဲ့သလို သူ့ကိုလည်း ကူညီနိုင်သည်ကို သူ သိလာရ၏။ချီရှင်းချန်၏ တက်ကြွမှုက ချက်ချင်းပင် ထွက်ပေါ်လာခဲ့သည်။ 

"အိုကေ... ဒါပေမဲ့ ကျွန်တော်က သီချင်းကောင်းကောင်း မဆိုတတ်ဘူး... စိတ်မရှိနဲ့နော်"


"စိတ်မရှိပါဘူးကွာ...ဆိုကြစို့"


နောက်ဆုံးမှာ သူက ပရော်ဖက်ရှင်နယ် အဆိုတော်တစ်ယောက် မဟုတ်ပါချေ။ချီရှင်းချန် ကောင်းကောင်းမသီဆိုနိုင်ပေမဲ့ သူ့ အသံထွက်နှင့် ရစ်သမ်က ပြဿနာမရှိပါချေ။ပိုင်ရဲ့ သူ့ဆိုသည်ကို နားထောင်ပြီး ခဏလောက် စဉ်းစားလိုက်၏။ 


"ဒီအပိုင်းကို ဘယ်လိုထင်လဲ"


အနုပညာနယ်ပယ်တွင် ခုနစ်နှစ်ကြာ ကျင်လည်လာခဲ့သည့် သူ၏ idol က သူ၏ထင်မြင်ချက်ကို တောင်းဆိုလာသည့်အတွက် ချီရှင်းချန် ဂုဏ်ယူသွားသည်။ 

"ကျွန်တော့်အမြင်... တတိယနဲ့ စတုတ္ထအပိုင်းက အရမ်းတင်းမာလွန်းတယ်... တင်းမာမှုကို ဖြေလျှော့ဖို့ ရှစ်ကြိမ်လောက် ထပ်ထည့်လို့ရတယ်"


ပြဿနာကိုရှာတွေ့ရန်က လွယ်ပေမဲ့ အဖြေတစ်ခုရရန်က ခက်၏။


ပိုင်ရဲ့ သူ့ကို မေးလိုက်စဥ်က သူ့ချစ်သူကို ချော့မော့လိုသည့် စိတ်သာရှိခဲ့သည်။သီချင်းရေးဖွဲ့ပုံမလေ့လာဖူးသည့် ကလေးက မှန်ကန်သည့် ထင်မြင်ချက်နှင့် ဖြေရှင်းချက်ကိုပေးရန်သူ မမျှော်လင့်ထားပေ။


အရှိန်အဝါတွေအပြည့်နဲ့ပါလား...


"မင်းနဲ့ကိုယ်ခံစားရပုံချင်းတူတာပဲ...အဲဒါကို အတူတူပြောင်းကြရအောင်" 

ပိုင်ရဲ့က အံ့သြရင်းပြောလိုက်သည်။


... ပိုင်ရဲ့က သူ့ကို သူနဲ့ သီချင်းအတူတူဖွဲ့ဖို့ ဖိတ်ခေါ်ခဲ့တယ်...

 

ချီရှင်းချန် ပို၍ပင် ပျော်ရွှင်နေခဲ့သည်။ သူက လေးလေးနက်နက် ခေါင်းညိတ်လိုက်သည်။ 


"ကောင်းပြီ"


ဂီတက လူတို့ စွဲစွဲမြဲမြဲ စွဲလမ်းစေခဲ့သော အရာဖြစ်သည်။ သူတို့၏ အယူအဆ တော်တော်များများက တိုက်ဆိုင်နေသည်။ များများဆွေးနွေးလေ ပိုနက်နဲလာလေပါပင်။


မသိလိုက်ဘဲ တစ်နာရီကြာသွားသည်။ချီရှင်းချန်၏ဖုန်းက ဘက်ထရီအားနည်းနေကြောင်း ပြလာခဲ့သည်။ ထိုမှပင် သန်းခေါင်ကျော်နေပြီဖြစ်သည်ကို သူသိလိုက်သည်။ပိုင်ရဲ့အိပ်ရေးမဝမှာကိုစိုးသဖြင့် သူအမြန်ရပ်လိုက်သည်။

"ဒီနေ့ဒီလောက်နဲ့ပဲရပ်ရအောင်"


ပိုင်ရဲ့ကဆိုသည်။

"ကောင်းပြီ...မနက်ဖြန် သင်တန်းသားတွေကို ကိုယ်တို့ပြောခဲ့တဲ့ ပုံစံအတိုင်း ပြန်ရေးခိုင်းလိုက်မယ်"


စာအုပ်ထဲသို့ တစ်နှစ်ခွဲကျော် ကူးပြောင်းပြီးနောက်၊ချီရှင်းချန် အပေါ်ယံတွင် ချီမိသားစု၏ ဒုတိယသခင်လေးတစ်ဦးအဖြစ် သူ့အထောက်အထားကို လက်ခံထားပုံရသော်လည်း သူ့နှလုံးသား၏အနက်ရှိုင်းဆုံးသောနေရာတွင် သူသည် ညဥ့်ကောင်းကင်ထဲမှ ကောင်းကင်ကို မျှော်ကြည့်နေသည့် လူငယ်တစ်ယောက်အဖြစ် ရှိနေဆဲဖြစ်သည်။ 


"ကိုယ်တို့" ဟူသော စကားလုံးက သူ့ကို လျှို့ဝှက်စွာ ပျော်ရွှင်မှုပေးသည်။ချီရှင်းချန် သူ့လည်ချောင်းတွင် ဆို့နင့်လာသလို ခံစားလိုက်ရသည်။


ဒီလောက်ကောင်းတဲ့ ပိုင်ရဲ့နဲ့ ဘေးချင်းရပ်ဖို့ သူက ဘယ်လိုလုပ်ထိုက်တန်မှာတဲ့လဲ...


သူက ကျေးဇူးတင်စိတ်အပြည့်ဖြင့်ပြောလိုက်သည်။

"ဒီည ကျွန်တော်နဲ့အကြာကြီးနေပေးလို့ ကျေးဇူးတင်ပါတယ်...ကျွန်တော်

က အရမ်းကြီးတွယ်ကပ်တတ်မှန်းသိပါတယ်...ကျွန်တော် ပြောင်းလဲပါ့မယ်"


သို့သော် ပိုင်ရဲ့က ချက်ချင်း ငြင်းလိုက်သည်။


 "မဟုတ်ဘူး... ပြောင်းလဲစရာ မလိုပါဘူး... အဲဒါကို ဒီအတိုင်းပဲ ထားလိုက်ပါ"


သူ့အသံက ညင်သာတိုးဖွ၍နေသည်။

"မင်းကိုယ့်ကို တွယ်ကပ်နေတာကို ကိုယ်ကြိုက်တယ်"