အပိုင်း ၆၃
Viewers 25k

Chapter 63




သူက ကွန်ပျူတာကို ဖွင့်ကာ လင်းလော့ချင်းကို ဇာတ်ညွှန်းအား ပရင့်ထုတ်ရန် ကူညီပေးလိုက်သည်။ 

"ဒါပဲလား..."


"ဟုတ်တယ်..."

လင်းလော့ချင်းက စာရွက်များကို ကောက်လိုက်သည်။ 

"အများအားဖြင့် အစမ်းဖတ်ဖို့အတွက် ဇာတ်ညွှန်းတွေက အမြဲတမ်း ပါးပြီးတော့ ပထမဆုံး အပိုင်းနည်းနည်းအတွက်ပဲ ပါတတ်တာ... ငါက အဲ့ဇာတ်ရုပ်ကို သရုပ်ဆောင်မယ်ဆိုတာ သေချာမှ ကျန်တဲ့ဇာတ်ညွှန်းကို အဖွဲ့က ပို့ပေးမှာ..."


အဖွဲ့က သူ့ကို အစောကြီးကတည်းက ကြိုက်နေတယ်ဆိုရင်တော့ တစ်မျိုးပေါ့...


သို့သော် မူလပိုင်ရှင်မှာ ပွဲဦးထွက်ပြီး၂နှစ်ကြာခဲ့သည့်တိုင် တက်သစ်စလေးသာ ဖြစ်နေသေးသည့် မင်းသားတစ်ဦးဖြစ်ပေသည်။ သူက ဤကဲ့သို့ ပြုမူ ခံရရန်မှာ မဖြစ်နိုင်ပါပေ။ 


ကျိယွီရှောင်က လက်ဆန့်ကာ လင်းလော့ချင်း၏ လက်ထဲမှ ဇာတ်ညွှန်းကို တောင်းလိုက်သည်။ ထို့နောက် သူက ချုပ်စက်ကိုကောက်ကာ စာရွက်များကိုအတူချုပ်ရန် လင်းလော့ချင်းကို ကူညီပေးလိုက်သည်။ 


သူက ဆိုလိုက်သည်။

"ဇာတ်ညွှန်းက မဆိုးလောက်ဘူးလို့တော့ ထင်တာပဲ..."


"ငါလဲ ထင်ပါတယ်..."

လင်းလော့ချင်းက ပြုံးလိုက်သည်။ 


ကျိယွီရှောင်က တခြားသူ၏ မျက်နှာပေါ်မှအပြုံးကိုကြည့်ကာ သူ့မျက်လုံးများက နူးညံ့လာသည်။


ဝူရှင်းယွမ်သူ့ဆီသို့ လာသောနေ့တွင် ဝူရှင်းယွမ်က သူ့အား လိုအပ်သည်များ ရှိသည်လားဆိုသည်ကိုမေးခဲ့ပေသည်။


ထိုအချိန်တွင် ကျိယွီရှောင်က မစဉ်းစားပဲ 

"လောလောဆယ်တော့ သူ့အတွက် အရမ်းကြီး ခက်ခဲတဲ့ ရိုက်ကွင်းမျိုးတွေ မစီစဉ်ပေးနဲ့ဦး... ပြီးတော့ သူ့ကို အရမ်းအဝေးကြီးမှာ သွားပြီး ရုပ်ရှင်ရိုက်ဖို့ ခွင့်မပြုနဲ့ဦး..."ဟု ပြောလိုက်ချင်သွားသည်။


သို့သော် သူက ထိုစကားလုံးများကို ပြန်မျိုချလိုက်ပေသည်။ 


လင်းလော့ချင်းမှာ သရုပ်ဆောင်ရသည်ကို အလွန်ကြိုက်ပေသည်။ သူတို့ ဒုတိယအကြိမ် တွေ့စဉ်က လင်းလော့ချင်းမှာ လူရွေးပွဲအတွက် အကြိမ်ကြိမ် ပြင်ဆင်နေသည်ကို သူစောင့်ကြည့်ခဲ့ပေသည်။ ထို့ကြောင့် လင်းလော့ချင်းမှာ သူ့အလုပ်ကို မည်မျှ အလေးအနက်ထားသည်ကို ကျိယွီရှောင် သိခဲ့ရပေသည်။ 


သူက လင်းလော့ချင်း၏ သရုပ်ဆောင် အရည်အချင်းများကို စစ်ဆေးရန် ပြောပြီး သူ့အတွက် အခန်းတစ်ခု သရုပ်ဆောင်ပေးရန် တောင်းဆိုသည့်အချိန်တိုင်းတွင် လင်းလော့ချင်းက အလေးအနက် ပြင်ဆင်ကာ သူ့အတွက် စိတ်ရှည်စွာ သရုပ်ဆောင်ပေးလေသည်။ ၄င်းမှာ လင်းလော့ချင်းက ကျိယွီရှောင် အိပ်ပျော်သွားမည်ကို သိထားသည့်တိုင်ပင် ဖြစ်သည်။ သူက ဝတ်ကျေတမ်းကျေအမူအရာဖြင့် သရုပ်ဆောင်သည့် မည်သည့်လက္ခဏာမှ မပြပါပေ။ 


လင်းလော့ချင်းမှာ အမှန်တကယ်ပင် သရုပ်ဆောင်ကောင်းတစ်ဦးဖြစ်လိုပေသည်။


သို့ဖြစ်၍ ကျိယွီရှောင်က သူ့ကို မနှောင့်ယှက်သင့်သလို သူ့၏ ကိုယ်ပိုင်ဆန္ဒများအတွက်လည်း ချုပ်နှောင်မထားသင့်ပါပေ။ 


လင်းလော့ချင်းမှာ သူ့အား အများအပြား ကူညီခဲ့သူဖြစ်သည်။ ကျိယွီရှောင်က သူ့အတွက် သက်ဆိုင်သော ပေးဆပ်မှု ပြန်မပေးနိုင်လျှင်ပင် သူ့၏ အလုပ်အတွက် အတားအဆီးတစ်ခု မဖြစ်သင့်ပါပေ။ 


ကျိယွီရှောင်မှာ လင်းလော့ချင်း ရုပ်ရှင်ရိုက်ရန်သွားမည်ဆိုသည်က ဘာကို ဆိုလိုသလဲ သိပေသည်။ ၄င်းမှာ လင်းလော့ချင်းက ထွက်သွားမည်ဟု ဆိုလိုကာ သူက အိပ်မပျော်သော ရောဂါကို ထပ်မံ ခံစားရမည် ဖြစ်ပေသည်။ သို့သော် ၄င်းက သူ့၏ အရေးကိစ္စဖြစ်ပေသည်။ ၄င်းမှာ လင်းလော့ချင်း၏ ကိစ္စမဟုတ်ပါပေ။


သို့ဖြစ်၍ သူက လင်းလော့ချင်းအား သူ့၏ အိပ်မပျော်သောရောဂါအတွက် ပေးဆပ်ခွင့်ပြုရန် အရည်အချင်း မမီပါပေ။


ထိုသို့လုပ်ခဲ့မိပါက သူ့ကိုယ်သူ အထင်သေးနေမိပေလိမ့်မည် ။


ထို့ကြောင့် သူက ဝူရှင်းယွမ်ကို ဆိုလိုက်သည်။ 

"အကုန်လုံးက သူ့ဆန္ဒအတိုင်းပါပဲ... သူက အဲ့ကို တက်တက်ကြွကြွ သွားပြီး ပျော်ပျော်ရွှင်ရွှင် ပြန်လာစေဖို့ပဲ ငါမျှော်လင့်တာပါ..."


ဖျော်ဖြေရေးနယ်ပယ်ထဲမှ ရေများက စီးပွားရေးလောကထဲရှိ ရေများထက် ပို၍ မတိမ်သည်ကို သူသိပေသည်။ သူက လင်းလော့ချင်းအား ဆုများစွာ ရရှိရန် မလိုပါပေ။ သူက လင်းလော့ချင်းမှာ သူလုပ်ချင်သည်အား အတားအဆီးမရှိ ပျော်ပျော်ရွှင်ရွှင် လုပ်နိုင်ရန်သာ မျှော်လင့်ပေသည်။ ၄င်းက လုံလောက်ပေသည်။


သူက ထိုနေ့မှာ အလွန်လျင်မြန်စွာ ရောက်လာရန် မမျှော်လင့်ထားရုံသာ ဖြစ်သည်။


သူက လင်းလော့ချင်း ထွက်သွားရန်အတွက် အသင့်မဖြစ်သေးခင်မှာပင် ဝူရှင်းယွမ်က သူ့အတွက် ဇာတ်ညွှန်းတစ်ခုကို ရွေးထားပေးပြီး ဖြစ်နေလေသည်။ 


ကျိယွီရှောင်မှာ သူ့စိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းနေသည်ဟု ခံစားရပြီး အချိန်မှာ တိုလွန်းသည်ဟု ခံစားရပေသည်။ သူတို့က ဆုံပြီးခါစဖြစ်ကာ အတူရှိခါစသာ ရှိသေးသော်လည်း ခွဲရတော့မည်ဟု ထင်ရပေသည်။ 


ကျိယွီရှောင်မှာ လင်းလော့ချင်း ထွက်မသွားသေးခင်မှာပင် တွန့်ဆုတ်နေပြီ ဖြစ်လေသည်။


လင်းလော့ချင်းမှာ ဇာတ်ညွှန်းကို ကြည့်ကာ ကျိယွီရှောင်စိတ်ထဲမှ ခံစားချက်များကို လုံးဝ သတိမထားမိပါပေ။ 


သူက ဤလောကထဲသို့ မဝင်ရောက်ခင်ကတည်းကပင် သရုပ်ဆောင်တစ်ယောက် ဖြစ်ပေသည်။ ယခုတွင် သူက ထပ်မံ အလုပ်လုပ်ခွင့်ရပြီ ဖြစ်ကာ အနည်းငယ် စိတ်လှုပ်ရှားနေဆဲ ဖြစ်လေသည်။ 


"သွာစို့... ပြန်ကြစို့..."

လင်းလော့ချင်းက ကျိယွီရှောင်ကို ကြည့်လိုက်သည်။ သူက အခန်းထဲသို့ ပြန်ကာ ဇာတ်ညွှန်းဖတ်ရန် မစောင့်နိုင်တော့ပါချေ။


ကျိယွီရှောင်က ခေါင်းညိတ်ကာ သူ့ဆီသို့ ဘီးတပ်ကုလားထိုင်ကို တွန်းလာလိုက်သည်။ 


လင်းလော့ချင်းက အလိုလိုပင် ဘီးတပ်ကုလားထိုင်လက်ကိုင်ကိုဖိကာ သူ့ကို စာကြည့်ခန်းထဲမှ တွန်းထွက်သွားလိုက်သည်။ 


သူက ကျိယွီရှောင် ကျန်းမာရေး စစ်ဆေးရန် ပျက်ကွက်မည်ကို စိုးရိမ်နေ၍ အဖွဲ့ထဲဝင်ရန် စိုးရိမ်နေပေသည်။ ဤသည်က ဒေသခံ နေရာတွင်ဖြစ်ကာ သူမကြာခဏ ပြန်လာ၍ ရသော်လည်း ယခုကဲ့သို့ ကြာကြာနေနိုင်မည် မဟုတ်ပါပေ။ 


သို့ဖြစ်၍ သူက အလျင်အမြန်ပင် ကျိယွီရှောင်ကို ကျန်းမာရေး စစ်ဆေးချက်တစ်ခု ပြုလုပ်ရန် ဖျောင်းဖျရမည်ဖြစ်သည်။ သို့သော် ကျိယွီရှောင်က ကျန်းမာရေး စစ်ဆေးချက်ကို ငြင်းပယ်မည့်ဟန် ရပေသည်။ 


သူဘာလုပ်သင့်လဲ...


လင်းလော့ချင်းက ၄င်းကို တွေးကာ မျက်မှောင်ကြုတ်လိုက်လေသည်။


ကျိယွီရှောင်က အိပ်ခန်းထဲသို့ပြန်လာပြီး သူ့၏ ညအိပ်ဝတ်စုံကို ယူကာ ရေချိုးခန်းထဲသို့သွားပြီး ရေချိုးရန် ပြင်ဆင်လိုက်သည်။


လင်းလော့ချင်းက အိပ်ရာပေါ်တွင် ထိုင်ကာ ပရင့်ထုတ်လာသော ဇာတ်ညွှန်းကို ဖတ်လိုက်သည်။


ဇာတ်ညွှန်းမှာ ပထမဆုံး အခန်းအနည်းငယ်နှင့် သက်ဆိုင်ရာ ဇာတ်ကောင်၏ ကိုယ်ရေးအကျဉ်းသာ ဖြစ်လေသည်။ လင်းလော့ချင်းက ၄င်းကို အလွန်လျင်မြန်စွာ ဖတ်လိုက်ပြီး အချိန်တိုအတွင်းမှာပင် အပြီးသတ်လိုက်သည်။


ကျိယွီရှောင် ထွက်မလာမီတွင် အချိန်အလုံအလောက်ရှိ၍ လင်းလော့ချင်းက အင်တာနက်ပေါ်တွင် မူရင်းဝတ္ထုကို ရှာလိုက်လေသည်။ 


ချက်ချင်းပင် သတင်းအချက်အလက်များစွာက ဝဘ်ဆိုက် စာမျက်နှာများပေါ်တွင် တက်လာလေသည်။ 


ဇာတ်ကောင် မိတ်ဆက်များ၊ ဇာတ်ကွက် အနှစ်ချုပ်များနှင့် ဇာတ်ကားရိုက်ကူးမည့် သတင်းကြားသောအခါ မူလဝတ္ထုနှင့် ကိုက်ညီသော မင်းသားများကို ရွေးချယ်ကြသည့် စာဖတ် ပရိသတ်များ ရှိပေသည်။


လင်းလော့ချင်း၏ ဇာတ်ကောင်မှာ ဇာတ်ပို့ဖြစ်ပြီး ရိုက်ကွင်းအရေအတွက်မှာ ဒုတိယ အမျိုးသားဇာတ်ဆောင်နှင့် တတိယအမျိုးသား ဇာတ်ဆောင်ကြားတွင် ဖြစ်ပေသည်။ ဇာတ်ကောင်စရိုက်မှာ အလွန် ကျေနပ်စရာကောင်းပေသည်။ ၄င်းမှာ အမျိုးသမီးဇာတ်ဆောင်၏ မောင်လေးဖြစ်ပေသည်။ သူက သူ့အစ်မနှင့် အနာဂတ် ယောက်ဖလောင်းကို ကူညီပေးကာ သူကြိုက်သော မိန်းကလေးအတွက် တိုက်ခိုက်ပေးနေပေသည်။ သူက ပျော်ရွှင်မှုရော လွဲမှားမှုရော ဖြစ်နေပေသည်။ 


စာဖတ်ပရိသတ်များမှာ ဤဇာတ်ကောင်ကို နှစ်သက်ပြီး မင်းသားအတွက် လိုအပ်ချက်များက မမြင့်ပါပေ။ ပထမဆုံး သူတို့က ငယ်ရွယ်ရမည် ဖြစ်ပြီး ဒုတိယအနေဖြင့် သူတို့က ချောမောရမည် ဖြစ်သည်။ မည်သိုပင် ဆိုစေ သူက ဇာတ်လိုက်မင်းသား မဟုတ်လေရာ သရုပ်ဆောင် အရည်အချင်းအတွက် လိုအပ်ချက်မှာလည်း မတင်းကြပ်ပေ။ 


လင်းလော့ချင်းက ၄င်းကို အကြမ်းဖျဉ်းကြည့်ကာ ဝူရှင်းယွမ်၏ အပင်ပန်းခံထားသော ရည်ရွယ်ချက်ကို နားလည်သည်ဟု ခံစားရပေသည်။


ကိုယ်စားလှယ်တစ်ယောက်အနေဖြင့် ဝူရှင်းယွမ်မှာ သူမည်သို့ အကျင့်စရိုက်ရှိမည်ကို မသိနိုင်သော်လည်း သူယခင်က ရိုက်ခဲ့သည့် ကုန်ကျစရိတ်နည်းသော အွန်လိုင်း ဒရမ်မာနှစ်ခုကို ကြည့်ထားပြီး ဖြစ်ရပေမည်။ သို့ဖြစ်၍ ဝူရှင်းယွမ်က သူ့အားသာချက်များကို အသုံးချကာ အားနည်းချက်များကို ရှောင်ရှားရန် ဆုံးဖြတ်ခဲ့ပေသည်။ ၄င်းမှာ သရုပ်ဆောင်အရည်အချင်းထက် လင်းလော့ချင်း၏ ရုပ်ရည်ကို အသုံးချခြင်းဖြစ်ပေသည်။ 


ထို့ကြောင့် သူက လင်းလော့ချင်းအတွက် မည်သည့် အဓိက ဒရမ်မာကိုမှရော ထုတ်လုပ်ရေး အကြီးစားမှရော လက်မခံသည့်အပြင် အမျိုးသားဇာတ်ဆောင်နေရာတွင် ချက်ချင်း သရုပ်ဆောင်ခြင်းကိုလည်း ရှောင်ထားပေသည်။ 


ဤဒရမ်မာမှာ ဝူရှင်းယွမ်အတွက် မှတ်ကျောက် ဖြစ်သည်မှာ သိသာလှပေသည်။ ဤသည်မှာ ပညာရှင်၏ လက်ရာကို အခြေခံထားပြီး စာဖတ်ပရိသတ်လည်း အတန်များလှသည်။ သူက ခေါင်းဆောင်မဟုတ်၍ နာမည်ကြီးရန်အတွက် သူ့ကို မှီခိုစရာမလိုပါပေ။ ၄င်းက နာမည်ကြီးလာလျှင်လည်း သူအကျိုးအမြတ်ရနိုင်သည်။ ထို့အပြင် သူ့ဇာတ်ကောင်မှာ ဇာတ်ကွက်များစွာမရှိသော်လည်း ပါသော ဇာတ်ကွက်များမှာ အားမနည်းပါပေ။ ဝူရှင်းယွမ်က ဤဇာတ်ကောင်ကို ရွေးချယ်ရာတွင် များစွာ စဉ်းစားပေးခဲ့သည်မှာ သိသာလှသည်။ 


လင်းလော့ချင်းမှာ အလွန်ကျေနပ်သွားပေသည်။ ဤကဲ့သို့ ပညာရှင်လက်ရာကို အခြေခံထားသည့် ဒရမ်မာမျိုးမှာ လူသိများရန်အတွက် သိသာပေသည်။ သူက တက်သစ်စတစ်ဦးကဲ့သို့ဖြစ်ပြီး လူသိများရန်အတွက် အလိုအပ်ဆုံးဖြစ်လေသည်။ သူက ပိုကောင်းသော ဇာတ်ညွှန်းများနှင့် အဆက်အသွယ်ရရန် အခွင့်အလမ်းများ ရှိနိုင်သည်မှာ နာမည်ကြီးမှ ဖြစ်ပေသည်။ သို့ဖြစ်၍ လူသိများခြင်းက အလွန် လိုအပ်ပေသည်။ 


ထို့အပြင် ဇာတ်လမ်းရိုက်ကူးရေး၏ တည်နေရာမှာ သူတို့ မြို့ထဲတွင်သာဖြစ်၍ သူအိမ်ပြန်ရန်အတွက် အဆင်ပြေနိုင်သည်။ ၄င်းမှာ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်း ဖြစ်ပြီး နှစ်ဖက်စလုံးအတွက် အကောင်းဆုံးဖြစ်ပေသည်။


လင်းလော့ချင်းက ဝူရှင်းယွမ်ကို ချက်ချင်းပင် စာပြန်လိုက်သည်။

[ငါသရုပ်ဆောင်ချင်တယ်...]


ဝူရှင်းယွမ်မှာ ဤWechatစာကို မြင်သောအခါ သက်ပြင်းချကာ စိတ်သက်သာသွားလေသည်။ သူက လင်းလော့ချင်းအား တောင်းဆိုစရာရှိလားဟု မေးခဲ့ရာ လင်းလော့ချင်းက အရမ်းဝန်မပိကာ ဒေသအတွင်းမှာပင် ရိုက်၍ရသော ဇာတ်ကွက်များကိုသာ တောင်းဆိုခဲ့ပေသည်။ သို့သော် ဝူရှင်းယွမ်မှာ လီကောနှင့် အရင်စကားပြောကာ ဇာတ်ညွှန်ရွေးပြီးနောက် လင်းလော့ချင်းက စိတ်တိုင်းမကျမည်ကို စိုးရိမ်နေမိသည်။


ကြည့်ရတာ သူက အတော်လေး အပူအပင်မထားတတ်တဲ့ လူဖြစ်ပုံပဲ... လီကောက လူတွေကို ခြောက်တဲ့နေရာမှာ အရမ်းတော်တာပဲ... 


[ငါ သဘက်ခါကျရင် လူရွေးပွဲအတွက် မင်းကို လာကြိုမယ်...]

ဝူရှင်းယွမ်က ပြန်ဖြေလိုက်သည်။ 


[ကောင်းပြီ... အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးပါ...]


ဝူရှင်းယွမ် : [မင်းက ယဉ်ကျေးလွန်းနေပါပြီ... ငါက လုပ်သင့်တာကို လုပ်တာပါ...]

ထို့နောက် သူက လူရွေးပွဲအကြောင်း အဓိက အချက်တစ်ချို့ကို ထပ်ပေါင်းထည့်ကာ သူ့အား စောစောအိပ်ရာဝင်ကာ စိတ်အခြေအနေကောင်းကောင်းကို ထိန်းသိမ်းထားရန် အကြံပေးလိုက်သည်။ 


လင်းလော့ချင်းက အလျင်အမြန်ပင် ပြန်ဖြေလိုက်သည်။ 

[အေး...]


ကျိယွီရှောင် ရေချိုးပြီး ထွက်လာသောအခါ သူက စာပို့နေလေသည်။ 


သူက လင်းလော့ချင်း၏ ရှေ့သို့ လျှောက်လာသောအခိုက်တွင် လင်းလော့ချင်းက ပျော်ရွှင်စွာပြောလာသည်ကို ကြားလိုက်ပေသည်။

"ငါ ဝူကောကို သဘောတူလိုက်ပြီ... သဘက်ခါကျရင် လူရွေးပွဲသွားဖြေရမှာ..."


ကျိယွီရှောင်က ရပ်တန့်သွားကာ ခေတ္တမျှ ကြောင်သွားလေသည်။ 


အဲ့လောက်မြန်မြန်ကြီးလား... လင်းလော့ချင်း မသွားခင် အချိန်တွေ အများကြီး ရှိသေးတယ်လို့ သူက ထင်နေတာ...


သို့သော် သူ့မျက်နှာက ယခင်အတိုင်း ညင်သာနေဆဲဖြစ်ကာ သူ့မျက်လုံးများက ရေကဲ့သို့ ဖြစ်နေလေသည်။ 

"ကောင်းတယ်... မင်း လူရွေးပွဲအောင်ပါစေလို့ ငါဆုတောင်းပေးပါတယ်..."


"အင်း..."

လင်းလော့ချင်းက ညအိပ်ဝတ်စုံကို အပြုံးတစ်ခုနှင့် ကောက်ကိုင်ကာ ရေချိုးခန်းထဲသို့ ဝင်သွားလိုက်လေသည်။


ထိုအခါမှသာ ကျိယွီရှောင်က သက်ပြင်းဖွဖွချပြီး အိပ်ရာပေါ်သို့ တက်လိုက်လေသည်။ 


နောက်တစ်နေ့နံနက်အစောတွင် လင်းလော့ချင်းက လူရွေးပွဲအတွက် မပြင်ဆင်ရသေးခင်မှာပင် အဖေလင်းဆီမှ ဖုန်းတစ်ကောကို လက်ခံရရှိလေသည်။


သူက ခေတ္တမျှ တွေးတောကာ ကျိယွီရှောင်ကိုသာ ဖုန်းတိုက်ရိုက် ကမ်းပေးလိုက်လေသည်။

"မင်းပြောလိုက်..."


ကျိယွီရှောင်က အုတ်ဂျုံတစ်ဇွန်းကို စားလိုက်ပြီး အလျင်မလိုသော အမူအရာဖြင့် ဇွန်းကိုချကာ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို..."


အဖေလင်းက သူ့အသံကြားပြီးနောက် ချက်ချင်းပင် စိတ်ပျက်သွားလေသည်။ 


သူက မူလတွင် လင်းလော့ချင်း ဖုန်းဖြေကာ လင်းလော့ချင်းကို ဖျောင်းဖျ၍ ရမည်ဟု ထင်နေသည်ဖြစ်သည်။ သူက ခြိမ်းခြောက်မှုများ၊ သကာရေလောင်းထားသော အခွံများဖြင့် ဖြည့်စွက်မည် ဖြစ်သည်။ ၄င်းမှာ နှစ်ဖက်ခွ ချဉ်းကပ်မှုဖြစ်ပြီး လင်းလော့ချင်းက အမြဲလိုလို ဆွဲဆောင်ခံရပေသည်။ 


သို့သော် ဖုန်းဖြေလာသည်မှာ ကျိယွီရှောင်ဖြစ်ပေသည်။ သူက လင်းလော့ချင်းထံမှ မည်သည့် အကျိုးအမြတ်မှ မရသေးပါပေ။ 

ကျိယွီရှောင်ကို လင်းလော့ချင်းက သူ့ကို ပိုက်ဆံအတွက် လက်ထပ်တယ်လို့ ဘယ်လိုလုပ်ပြီး တိုက်ရိုက်ကြီး သွားပြောရမလဲ... အဲ့ဒါက မယားလဲဆုံး တပ်လည်းဆုံးဆိုတာနဲ့ မတူဘူးလား...(မြွေပါလည်းဆုံးသားလည်းဆုံး)


အဖေလင်းက သက်ပြင်းချလိုက်သည်။ သူက သွေးတစ်စက်မှ မကျပဲနှင့် ကျိယွီရှောင်၏ အဆင့်ကို ကျော်ဖြတ်နိုင်မည်မဟုတ်ဟု သိပေသည်။ သူက အံတင်းတင်းသာ ကြိတ်နိုင်ပေသည်။

"ဒီလိုရှိတယ် ယွီရှောင်... ငါအဲ့ဒါကို မနေ့ညက တစ်ညလုံးစဉ်းစားနေတာ... မင်းပြောတာ မှန်တယ်လို့ ငါထင်ပါတယ်... လော့ချင်းနဲ့ မင်းနဲ့က လက်ထပ်ပြီးပြီ... အဲ့ဒါက ကိစ္စကြီးတစ်ခုပဲ... အဖေတစ်ယောက်အနေနဲ့ ငါဘာမှလည်းမတတ်နိုင်ဘူး... အဲ့တော့ အရင်က သန်း၂၀အပြင် ငါမင်းကို စုစုပေါင်း သန်း၃၀ ပေးမယ်... မင်းဘယ်လိုထင်လဲ..."


ကျိယွီရှောင်က ရယ်လိုက်သည်။ 

"အဲ့ဒါက နည်းလွန်းတယ်... စုစုပေါင်း သန်း၅၀ဆိုရင်ရော... အဲ့ဒါမှ နည်းနည်း ပိုကောင်းတဲ့ပုံပဲ..."


အဖေလင်းက သူ့အသားမှ နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သနားစဖွယ် ဆိုလိုက်သည်။ 

"အဲ့ဒါက များလွန်းတယ်... ယွီရှောင် မင်းသိပါတယ်... ငါတို့မိသားစုက မင်းတို့ မိသားစုလို မချမ်းသာဘူး... သန်း၅၀ဆိုတာက တကယ်ကို နည်းနည်းများတယ်..."


ကျိယွီရှောင်က ရယ်လိုက်သည်။ 

"အဲ့လိုလား... ဦးလေးပြောတာတွေကို ကျွန်တော်ကြားပြီး ကျွန်တော်ကို သားမက်တစ်ယောက်အနေနဲ့ အရမ်းတန်ဖိုးထားတယ် ထင်နေတာ... ဒီလိုဆိုမှတော့ လော့ချင်းနဲ့ ကျွန်တော်က ဦးလေးကို မနှောင့်ယှက်တော့ပါဘူး... ကျွန်တော်တို့ ပြန်မလာတော့ဘူး..."


ကျိယွီရှောင်က စကားပြောပြီးနောက် ဖုန်းချလိုက်လေသည်။ 


အဖေလင်းက အလွန်ဒေါသထွက်နေပြီး ဖုန်းထပ်မံပြုတ်ကျသွားလေသည်။ ထို့နောက် သူက နဖူးပေါ်ကို လက်ဖိထားလိုက်လေသည်။ 


"သူက အခုထိ သဘောမတူသေးဘူးလား..."

လင်းလော့ချင်းက မေးလိုက်သည်။


"မကြာခင်ပေါ့..."


ကျိယွီရှောင်က သူ့အား ဖုန်းပြန်ပေးလိုက်သည်။

 "ငါမနက်စာစားပြီးရင် အပြင်ခဏသွားလိုက်ဦးမယ်... မင်းကားသုံးစရာလိုရင် လော့ကျားကို ခေါ်လိုက်..."


လင်းလော့ချင်းက ဖုန်းကို လှမ်းယူနေစဉ်၌ ရပ်တန့်သွားလေသည်။ 

"မင်း... ဘာတွေ ဖြစ်နေတာလဲ..."


"ကိစ္စလေးတစ်ခုပါပဲ..."


"ငါသိလို့ရမလား

..."

လင်းလော့ချင်းက မေးလိုက်သည်။


ကျိယွီရှောင်က သူ့၏ ကြည်လင်နေသော မျက်လုံးများကို စိုက်ကြည့်ကာ ဝန်မခံမီတွင် အနည်းငယ် တုံ့ဆိုင်းနေလေသည်။


"ဆရာဝန် သွားပြမလို့..."


"မင်းခြေထောက်ကိုလား..."