အပိုင်း ၆၄
Viewers 41k

Chapter 64




ကျိယွီရှောင်က သူ့ခေါင်းကို အနည်းငယ် ငုံ့လိုက်သည်။ 


လင်းလော့ချင်းက ချက်ချင်းပင် စိတ်လှုပ်ရှားသည်ဟု ခံစားလိုက်ရသည်။ သူက ကျိယွီရှောင်ကို စိုက်ကြည့်ကာ သူလိုက်ခဲ့၍ ရသည်လားကို မေးချင်သော်လည်း ကျိယွီရှောင် သဘောမတူမည်ကို စိုးရိမ်နေပေသည်။ 


ကျိယွီရှောင်က မေးလာသောအခါ သူက တုံ့ဆိုင်းနေဆဲ ဖြစ်သည်။ 

"မင်း ငါနဲ့ အဖော်လိုက်ခဲ့ချင်လား..."


လင်းလော့ချင်းက အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။ 

"လိုက်လို့ရလား..."


ကျိယွီရှောင်က ရယ်ကာ ညင်သာစွာဆိုလိုက်သည်။

"ခဏနေရင် ဖေးဖေးနဲ့ ရှောင်ယွီကို ပြောပြလိုက်... သူတို့ကို အိမ်မှာ ကောင်းကောင်းနေပြီး ညနေကျရင် ငါတို့ပြန်လာမယ်လို့ပြောလိုက်..."


လင်းလော့ချင်းက ပျော်ရွှင်စွာထရပ်လိုက်ပြီး ကလေးနှစ်ယောက်ကို သွားရှာလိုက်သည်။ ကျိယွီရှောင်က ကူကယ်ရာမဲ့ ခံစားရကာ သူ့လက်ကို ဆွဲလိုက်သည်။

"အရင်စားဦး... မင်းစားလို့ မပြီးသေးဘူးလေ..."


လင်းလော့ချင်းက သူ့ထိုင်ခုံတွင် ပြန်ထိုင်ကာ ကျိယွီရှောင်ကို အပြုံးမျက်လုံးများဖြင့် ကြည့်လိုက်လေသည်။ သူက ခေါင်းငုံ့ကာ ဆက်စားလိုက်သည်။ 


ကျိယွီရှောင်က သူ့၏ စိတ်လှုပ်ရှားနေသော သွင်ပြင်ကိုကြည့်ကာ သူ့နှလုံးသားက ကူကယ်ရာမဲ့ကာ အနည်းငယ် ချိုမြိန်လာသည်ဟု ခံစားလိုက်ရပေသည်။


သူက မူလတွင် လင်းလော့ချင်းကို ခေါ်သွားရန် မစီစဉ်ထားပါပေ။ ထို့ကြောင့်လည်း သူက လင်းလော့ချင်းအား ခရီးစဉ်၏ ရည်ရွယ်ချက်ကို စမပြောခဲ့ခြင်း ြဖစ်ပေသည်။


သို့သော် လင်းလော့ချင်း၏ အကြည့်က သည်းမခံနိုင်အောင် ပြုလုပ်ခဲ့ပေသည်။ သူက အတူလိုက်ချင်နေသည်မှာ ရှင်းလင်းသော်လည်း ကျိယွီရှောင် သဘောမတူမည်ကို စိုးရိမ်ကာ စကားပြောလိုသော်လည်း ကြောက်လန့်နေပုံရပေသည်။


ကျိယွီရှောင်မှာ သူက စပြီးမမေးပါက လင်းလော့ချင်းမှာ သူ့ဆန္ဒကို မျိုသိပ်ထားမည့် အခွင့်အရေးမှာ ၉ပုံ၈ပုံရှိသည်ကို သိပေသည်။ သူက အမြဲတမ်းပင် ဉာဏ်ကောင်းသော လူတစ်ဦးဖြစ်ခဲ့ရာ တခြားသူများကို ခက်ခဲသော အနေအထားများသို့ မတွန်းပို့ပါပေ။ သို့သော် ဤသည်မှာ လင်းလော့ချင်းထံမှ ထိုကဲ့သို့ အကြည့်မျိုးနှင့် ကြုံရသည့် ပထမဆုံးအကြိမ်ဖြစ်ပေသည်။ သူက ၄င်းမှာ သည်းမခံနိုင်ဟုခံစားရပြီး လင်းလော့ချင်း မလုပ်နိုင်ခင်မှာပင် စတင်ဖိတ်ခေါ်ရန် ဆုံးဖြတ်လိုက်မိလေသည်။ 


ဤသည်က သူ့အစီအစဉ်ထဲတွင် မပါဝင်ပါပေ။ သူက အလွန်မာနကြီးသော လူတစ်ဦးဖြစ်ကာ တခြားသူများ သနားသည်ကို မလိုချင်ပေ။ မတော်တဆဖြစ်ပြီးသည့်အချိန်မှစ၍ သူက ပို၍ သတိကြီးကာ ထိရှလွယ်လာပေသည်။ သူဆရာဝန်ပြသည့်အချိန်တိုင်းတွင် ဝေ့ကျွင်းဟယ်ကိုသာ ခေါ်သွားပေသည်။ 


သူ့၏ အစီအစဉ်များတွင် လင်းလော့ချင်း ဝင်ရောက်လာသည့် အချိန်တိုင်းတွင် အပြောင်းအလဲများ လုပ်ရန် လိုအပ်လာသည်။ 


လက်ထပ်မှတ်ပုံတင် ယူသည့်အချိန်တွင်ရော လင်းလော့ချင်းအား သူ့ခြေထောက်များက ပြန်ကောင်းနိုင်ချေရှိသည်ဟု ပြောသည့်အချိန်တွင်ရော ထို့သို့ပင် ဖြစ်သည်။ ယခုတွင်လည်း အတူတူပင် ဖြစ်လေသည်။ 


ကျိယွီရှောင်က လင်းလော့ချင်းမှာ မိုးနှင့်တူသည်ဟု ခံစားရပေသည်။ ညအချိန်တွင် လေပြင်းကဲ့သို့ ခိုးဝင်လာကာ ရေများကို တိတ်တဆိတ်ယူဆောင်လာပေးမည် ဖြစ်သည်။


လင်းလော့ချင်းက တစ်ခွန်းမှ မဆိုပါပေ။ သူက ကျိယွီရှောင်ကို တစ်ချက်သာကြည့်ပြီး မဖြစ်နိုင်သည်များကို ဖြစ်နိုင်အောင် ငြင်းဆန်သည်များကို သဘောတူအောင် ပြုလုပ်နိုင်ပေသည်။


၄င်းမှာ ကျိယွီရှောင်အတွက် ဆန်းသစ်သော အတွေ့အကြုံနှင့် ခံစားချက်တစ်ခုဖြစ်သည်။ သို့သော် ၄င်းမှာ နှစ်လိုဖွယ် အတွေ့အကြုံတစ်ခုလည်းဖြစ်ရာ ကျိယွီရှောင်က ထပ်မံရှာဖွေလိုစိတ်ရှိပေသည်။ 


လင်းလော့ချင်းက သူ့၏ မနက်စာကို အပြီးသတ်လိုက်သည်။ ထို့နောက် သူက အပေါ်ထပ်သို့တက်ကာ လင်းဖေးနှင့် ကျိလဲ့ယွီကို သူနှင့်ကျိယွီရှောင် အပြင်သွားမည့်အကြောင်း ပြောလိုက်သည်။ 


"ဘာလုပ်ဖို့လဲ..."

ကျိလဲ့ယွီက သံသယအပြည့်နှင့် မေးမြန်းလိုက်သည်။ 

"သားတို့ကိုကျတော့ ခေါ်မသွားဘူးလား..."


"ဆေးရုံသွားမလို့..."

လင်းလော့ချင်းက ပြန်ဖြေလိုက်သည်။ 

"ငါတို့က မင်းပါးပါးရဲ့ ခြေထောက်ကို သွားပြီး ဆေးစစ်မလို့... ပြီးတာနဲ့ အိမ်တန်းပြန်လာမှာ..."


ကျိလဲ့ယွီက သူ့ကို ကြားသောအခါ ချက်ချင်းပင် ပို၍ မသက်မသာဖြစ်လာလေသည်။ 


သူက တိတ်တဆိတ်ခေါင်းညိတ်ပြကာ ခပ်တိုးတိုး မေးလိုက်လေသည်။ 

"သားပါးပါးရဲ့ ခြေထောက်တွေက ပိုကောင်းလာမှာလား..."


လင်းလော့ချင်းက ပြန်မဖြေမီတွင် အနည်းငယ် တွေးတောလိုက်သည်။ 


"ကောင်းလာမှာ... ငါတို့က သူ့ကို ယုံကြည်သရွေ့ သူက သေချာပေါက် ပိုကောင်းလာမှာ..."


ကျိလဲ့ယွီက သူ့ပြန်ဖြေသည်ကို ကြားသောအခါ အနည်းငယ် ပိုကောင်းလာသည်ဟု ခံစားလိုက်ရပေသည်။ 

"အဲ့ဒါဆိုလည် အိမ်မြန်မြန်ပြန်လာ..."


"အင်း..."

လင်းဖေးက ဆိုလိုက်သည်။


လင်းလော့ချင်းက စကားပြောပြီးနောက် နောက်လှည့်ကာ သူ့အိပ်ခန်းထဲသို့ အဝတ်အစားလဲရန် ပြန်လာခဲ့ပေသည်။ 


ကျိလဲ့ယွီက သူထွက်သွားသည်ကိုမြင်ကာ သက်ပြင်းဖွဖွ ချလိုက်သည်။ 


"သားလည်း သွားချင်တယ်..."

သူက လင်းဖေးကို လှည့်ကြည့်လိုက်သည်။


လင်းဖေးက အကြံပေးလိုက်သည်။ 

"ကလေးတွေက ဆေးရုံကို ခဏခဏ မသွားသင့်ဘူး..."


ကျိလဲ့ယွီက သူ့နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ဒေါသထွက်နေပုံရပေသည်။


သူဒေါသထွက်နေသော အခိုက်အတန့်တွင် သူက ချော့မော့ရန်တစ်စုံတစ်ယောက်လိုချင်ပေသည်။ ထို့ကြောင့် သူက လင်းဖေးအား မျက်တောင်တဖျပ်ဖျပ်ခတ်ကာ သနားစဖွယ်ဆိုလိုက်သည်။ 


"အဲ့ဒါဆိုရင် ကိုကိုသားကိုချော့..."


လင်းဖေး : ...


လင်းဖေးက စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချကာ ကျိလဲ့ဖေး၏ ခေါင်းကို ပွတ်ပေးရန် လက်တစ်ဖက်ဆန့်လိုက်ကာ ဆိုလိုက်သည်။


"လိမ္မာတဲ့ ကောင်လေး..."


ကျိလဲ့ယွီ၏ စိတ်ခံစားချက်က တောက်ပလာလေသည်။ 

"ပြီးတော့..."


လင်းဖေးက သူ့ကို ဖက်ကာ ဆက်ချော့ရန်သာ တတ်နိုင်ပေသည်။ 

"လိမ်လိမ်မာမာနေ..."


"အင်း... သားက လိမ္မာတဲ့ ကလေးလေး..."

ကျိလဲ့ယွီက သူ့ကို ချိုမြန်စွာ ပြန်ဖြေလိုက်သည်။ 


လင်းလော့ချင်းနှင့် ကျိယွီရှောင်က အပြင်ထွက်ရန် စီစဉ်သောအခါ လင်းလော့ချင်းက လင်းဖေး၏ အခန်းထဲသို့ ချောင်းကြည့်လိုက်ရာ လင်းဖေးနှင့် ကျိလဲ့ယွီက ဗီဒီယိုတစ်ခုကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူက ဝင်မသွားပဲ အော်လိုက်သည်။


"ရှုရှုတို့ သွားတော့မယ်..."


"နှုတ်ဆက်ပါတယ်..."

လင်းဖေးက ဗီဒီယိုကို ခဏ ရပ်လိုက်သည်။ 


ကျိလဲ့ယွီက သူ့ထက် ပို၍ စိတ်အားထက်သန်နေကာ သူ့လက်ကလေးများကို ယမ်းပြလိုက်သည်။ 

"ရှုရှုလင်းနဲ့ ပါးပါး မြန်မြန်ပြန်လာနော်..."


ကျိယွီရှောင်က သူ့ကို ကြားပြီး ရုတ်တရက် တစ်ခုကို တွေးမိသွားလေသည်။ သို့သော် ယခုက သင့်တော်သော အချိန်မဟုတ်၍ သူက ညနေမှပြောရန်ဆုံးဖြတ်လိုက်သည်။ 


"အင်း... လိမ်လိမ်မာမာနေပြီး ကိုကို့စကားကို နားထောင်နော်..."


"ဟုတ်..."

ကျိလဲ့ယွီက အပြုံးတစ်ခုနှင့် ပြောလိုက်သည်။ 


လင်းလော့ချင်းက သူတို့ကို လက်ပြကာ တံခါးပိတ်လိုက်သည်။ သူက သူတို့ကို ထပ်မံ မနှောင့်ယှက်တော့ပဲ ကျိယွီရှောင်ကို ဓာတ်လှေကားထဲသို့ တွန်းသွားလိုက်သည်။ ထို့နောက် သူတို့က အတူတကွ ထွက်ခွာသွားလိုက်လေသည်။ 


ရှောင်လီက ကားပြင်ထားပြီး ဖြစ်သည်။ သူက လင်းလော့ချင်း ကားထဲသို့ ဝင်လာသည်ကို မြင်သောအခါ နည်းငယ် အံ့ဩသွားလေသည်။ 


အရင်က တစ်ယောက်တည်းသွားချင်တာ သူတို့သခင်လေး မဟုတ်ဘူးလား...


သို့သော် သူက မကြာခင်မှာပင် နားလည်သွားလေသည်။ သူတို့၏ သခင်က ယခုတွင် လက်ထပ်ပြီး ဖြစ်သည်။ သူ့ဇနီးက သူ့အား အဖော်ပြုပေးသည်မှာ သဘာဝကျပေသည်။ 


သို့သော် ဝေ့ကျွင်းဟယ်က ထိုသို့ မတွေးပါပေ။ 


ဝေ့ကျွင်းဟယ်က လင်းလော့ချင်းက ကျိယွီရှောင်ကို တွန်းကာ ထွက်လာသည်ကို မြင်သောအခါ သူက ကြောင်အသွားလေသည်။ 

ဒါက ဘာလဲ... လင်းလော့ချင်းက ဘာလို့ ဒီရောက်နေတာလဲ...


သူက တကယ်ကြီး လင်းလော့ချင်းကို ဒီလောက်ထိ ယုံသွားပြီလား...


ဝေ့ကျွင်းဟယ်၏ နှလုံးသားမှာ မုန်တိုင်းများဖြင့် ပြည့်နေသော်လည်း သူက အမူအရာဖြင့် မည်သည်ကိုမှ ထုတ်မပြပါပေ။ 

"မင်္ဂလာပါ မရီး... ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ..."


"ငါလာခိုင်းလိုက်တာ..."

ကျိယွီရှောင်က တည်ငြိမ်စွာ ဆိုလိုက်သည်။


ဝေ့ကျွင်းဟယ်က ခေါင်းညိတ်ပြကာ မည်သည့်အကြောင်းအရာမှ ထပ်မပြောတော့ပါချေ။ သူက လင်းလော့ချင်းကို အဆောက်အဦးပေါ်သို့ ခေါ်သွားလိုက်သည်။ 


သူတို့ ပြနေသော ဆရာဝန်မှာ သူမိသားစု၏ ကိုယ်ပိုင်စီးပွားရေးအောက်တွင် စာချုပ်ချုပ်ထားသော လူတစ်ယောက်ဖြစ်ကာ သူတို့က ကျိယွီရှောင်အတွက် သီးသန့် နိုင်ငံခြားမှ ပြန်ခေါ်ထားသော လူတစ်ယောက်ဖြစ်သည်။ သူတို့က ကျိယွီရှောင် တိုင်ပင်ဆွေးနွေးရန်အတွက် လာရန်သာ အရာရာကို ပြင်ဆင်ထားသည်မှာ ကြာပြီဖြစ်သည်။


လင်းလော့ချင်းမှာ သူနှင့်အတူ လိုက်ဝင်ချင်သော်လည်း ကျိယွီရှောင်၏ တားမြစ်ခြင်းကို ခံလိုက်ရသည်။


"မင်း ဒီမှာနေခဲ့ပြီး သူ့ကို အဖော်ပြုပေးလိုက်..."

ကျိယွီရှောင်က ဝေ့ကျွင်းဟယ်ကို ပြောလိုက်သည်။ 


ဝေ့ကျွင်းဟယ်က ထိတ်လန့်သွားလေသည်။

"ငါလည်း လိုက်ဝင်လို့ မရဘူးလား..."


သူက နောက်ထပ်အချိန်တွေမှာလည်း ခွင့်မပြုဘူးလား...


ကျိယွီရှောင်က ပြောစရာမဲ့သွားသည်ဟု ခံစားလိုက် သည်။ 


"မင်းက ဒီမရင်းနှီးတဲ့ နေရာမှာ မင်းမရီးကို အပြင်မှာတစ်ယောက်တည်း နေခဲ့စေချင်လို့လား..."


ဝေ့ကျွင်းဟယ် : ... ဝုတ်...


ကျိယွီရှောင်နောက်မှ သူနာပြုဆရာမက သူ့နောက်မှတံခါးကို ပိတ်လိုက်သည်။ လင်းလော့ချင်းက အနီးနားရှိ ထိုင်ခုံတစ်ခုတွင် ထိုင်လိုက်ပြီး ကျိယွီရှောင် ပျောက်ကွယ်သွားသည့်နေရာကို စိတ်ဝင်တစား စိုက်ကြည့်လိုက်လေသည်။ 


"သေချာနားလိုက် မရီး... အကုန်လုံး အဆင်ပြေသွားလိမ့်မယ်..."

ဝေ့ကျွင်းဟယ်က သူ့ကို အကြံပေးလိုက်သည်။ 

"သူက အဲ့မှာ ဆရာဝန်ကို သူ့ရဲ့လက်ရှိအခြေအနေကို စစ်ဆေးဖို့အတွက်ပဲ သွားတာ... သူ မကြာခင် ထွက်လာလိမ့်မယ်..."


လင်းလော့ချင်းက ခေါင်းညိတ်လိုက်လေသည်။

"အင်း..."


ဝေ့ကျွင်းဟယ်က စိုးရိမ်မှုများဖြင့် ပြည့်နေသော သူ့မျက်နှာကိုကြည့်ကာ အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။

"ဒါပေမဲ့ သူမင်းကို ခေါ်လာလိမ့်မယ်လို့ ငါတကယ်မထင်ထားဘူး..."


"ဘာလို့လဲ..."

လင်းလော့ချင်းက နားမလည်ပါပေ။


"ဘာရှိရမလဲ... သူ့ရဲ့ စရိုက်နဲ့ဆိုရင် ဘယ်လိုလုပ်ပြီး တစ်ယောက်ယောက်ကို သူ့ရဲ့ အားအနည်းဆုံး အခြေအနေကို မြင်ခွင့်ပြုမှာလဲ... တွေ့လား... သူက ငါတို့နှစ်ယောက်ကို နောက်ဆုံးအချိန်မှာတောင် ထားခဲ့ပြီး ရှက်နေတာ မဟုတ်ဘူးလား..."


သူက လင်းလော့ချင်း နားလည်မှုလွဲမည်ကို စိုးရိမ်နေ၍ လင်းလော့ချင်းကိုကြည့်ကာ စိတ်ရှည်ရှည်နှင့် ရှင်းပြလိုက်သည်။ 


"အဲ့တော့ မရီး သူ့ကို အပြစ်မတင်ပါနဲ့... သူက မင်းသူ့ကို အဖော်မပြုစေချင်တာ မဟုတ်ပါဘူး... သူက ထိန်းသိမ်းထားဖို့ လိုအပ်တဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခု အရမ်းများနေတာပါ... သူက မင်းကို သူ့ရဲ့ အဲ့ဖက်ခြမ်းကို မမြင်စေချင်တာပဲ ရှိတာပါ..."


"ငါသိပါတယ်..."


လင်းလော့ချင်းက အသံတိုးတိုးနှင့် ဆိုလိုက်သည်။ 

"ငါသူ့ကို အပြစ်မတင်ပါဘူး... သူက တော်တော်လေး ကောင်းတယ်လို့ ငါထင်ပါတယ်... ဘယ်နေရာမှာမဆို သူက သူ့နည်းသူ့ဟန်နဲ့ တော်တယ်လေ..."


ဝေ့ကျွင်းဟယ် : ... ကောင်းပါပြီ... သူက ဘေးမှာပဲ နေပြီး ဆက်ဟောင်နေလိုက်ပါမယ်...


"ဒါပေမဲ့ ငါသူ့ကို အထဲထိ လိုက်ပြီး အဖော်ပြုပေးချင်နေတုန်းပဲ..."

လင်းလော့ချင်းက ကျိယွီရှောင် ပျောက်ကွယ်သွားသည့်နေရာသို့ လှမ်းကြည့်လိုက်သည်။


"အခုထိကတော့ ငါ သူ့ခြေထောက်ကို မတွေ့ရသေးဘူး..."


ဝေ့ကျွင်းဟယ် : ...


"တစ်ခါတောင်မှလား..."


လင်းလော့ချင်းက ခေါင်းညိတ်ပြလိုက်သည်။ 


ဝေ့ကျွင်းဟယ် : ... လူလိမ္မာလေးပဲ... သူက အစက သူတို့က ကြင်စဦးတွေအနေနဲ့ ဝတ္တရားတွေကို မဖြည့်ဆည်းရသေးဘူးလို့ထင်နေတာ... ဒါပေမဲ့ သူတို့က တစ်ယောက်နဲ့ တစ်ယောက် ဒီလောက်စိတ်ရင်းအမှန်နဲ့ ပြုမူနေမယ်လို့ သူမထင်ထားဘူး...


ကျိယွီရှောင်... မင်းတကယ်ကို သည်းခံနိုင်တာပဲ... မင်းက သူတို့ရဲ့ အခွံတွေကို နေ့တိုင်းသယ်ထားရတဲ့ ဆယ်ကျော်သက် လိပ်နင်ဂျာတွေထက်တောင် သာသေးတယ်...


"အဲ့ဒါဆိုရင်တော့ သူက အတော်လေး အထင်ကြီးစရာကောင်းသားပဲ..."

ဝေ့ကျွင်းဟယ်က သက်ပြင်းချလိုက်သည်။ 


ဘယ်သူက ငြင်းနိုင်မှာလဲ...

လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။ 

"အိုး ဟုတ်သားပဲ... ဒီမှာ ကျန်းမာရေး ဆေးစစ်ချက်တစ်ခု လုပ်လို့ရတာပဲ..."


"မင်းလုပ်ချင်လို့လား မရီး..."


"အဓိကက သူ့အတွက်ပါ..."


ဝေ့ကျွင်းဟယ် : ...


အမ်... မရီး... ငါဘယ်လို ရှင်းပြရမလဲ... ငါ့ကောက သာမန်လူတစ်ယောက်ထက်ပိုပြီး သူ့ကိုယ်သူ ထိန်းချုပ်နိုင်ပေမဲ့ အဲ့ကိစ္စမှာ သူ့ကျန်းမာရေးက လုံဝ ကောင်းပါတယ်...


ခဏလေး... 

ဝေ့ကျွင်ဟယ်က ရုတ်တရက် သိပ်မသေချာတော့ပေ။

အဲ့ဒါက... ကောင်းတယ်လား...


ထိုမတော်တဆမှုပြီးသည့် အချိန်မှစ၍ သူတို့က သန့်စင်ခန်းအတူတူမသုံးရသည်မှာ ကြာပြီဖြစ်သည်။

တကယ်လို့ ကျိယွီရှောင်က အဲ့အချိန်မှာ ဂရုမစိုက်တာ... ဒါမှမဟုတ်ရင် အာရုံစိုက်မနေတာနဲ့... အဲ့နေရာကို တကယ်တစ်ခုခုဖြစ်သွားရင်ရော... သူက သူတို့ကို ပြောဖို့ ရှက်နေတာလား... အဲ့ဒါက မဖြစ်နိုင်ပါဘူး...


ဝေ့ကျွင်းဟယ်က သူ့မေ့စေ့ကို ကိုင်ကာ သေသေချာချာ တွေးကြည့်လိုက်သည်။ သူက တွေးလေလေ ထိုနေရာမှာ တစ်ခုခုဖြစ်သွားသည်ဟု ခံစားရလေလေဖြစ်ပေသည်။ 


"မင်း သူ့ကို ကျန်းမာရေး စစ်ဆေးမှုတစ်ခုလုပ်စေချင်တာလား..."

ဝေ့ကျွင်းဟယ်က လင်းလော့ချင်းကို အသံတိုးတိုးနှင့် ဆိုလိုက်သည်။ 


လင်းလော့ချင်းက ဆိုလိုက်သည်။ 

"အဲ့ဒါက အဆင်ပြေလောက်လား..."


"အဆင်ပြေတာ မပြေတာက ပြဿနာမဟုတ်ဘူး... မေးခွန်းက ကျိယွီရှောင်က လုပ်ချင်ရဲ့လား..."


"သူက... တကယ်တော့ မလုပ်ချင်ဘူး..."

လင်းလော့ချင်းက သက်ပြင်းချလိုက်သည်။ 


ဘယ်လိုလုပ်ပြီး ဒီလောက်တောင်ဖြစ်သွားတာလဲ... ကျိယွီရှောင်က ရောဂါတစ်ခုကို တကယ်ကြီး ဖုံးထားတာလား... 

ဝေ့ကျွင်းဟယ်က ပို၍ပင် စိတ်ပူလာလေသည်။


"အဲ့ဒါဆို နောက်ကျရင် ငါတို့ အတူတူ လုပ်ပြီး သူ့ကို ကျန်မာရေး စစ်ဆေးချက်အတွက် ထပ်လာအောင် ဖျောင်းဖျကြတာပေါ့..."


"အဲ့ဒါ အလုပ်ဖြစ်မယ်ထင်တယ်..."

လင်းလော့ချင်းက အလျင်အမြန်ဆိုလိုက်သည်။ 

"ကျေးဇူးပါ..."


"ရပါတယ်... ငါတို့က ညီအစ်ကိုတွေပဲ... ငါတို့က တခြားကိစ္စတွေ့ နှောင့်နှေးလို့ရပေမဲ့ ကျန်းမာရေးနဲ့ ပတ်သက်တာက အရေးကြီးတယ်လေ..."


အဓိကအနေနဲ့ သူ့ကောရဲ့ ခြေထောက်နှစ်ဖက်က တစ်ခုခုမှားနေရင်ပေါ့... သူ့ရဲ့ တတိယခြေထောက်က ဘာမှဖြစ်လို့မရဘူး... ဘာပဲ ဖြစ်ဖြစ်ကိုပဲ...


ကျိယွီရှောင်က တံခါးဖွင့်လိုက်သောအခါ လင်းလော့ချင်းနှင့် ဝေ့ကျွင်းဟယ်တို့ နှစ်ယောက်စလုံးက ခေါင်းငုံ့နေသည်ကို မြင်လိုက်သည်။ သူတို့နှစ်ဦးက မည်သည်ကို တီးတိုးပြောဆိုနေသည်ကို သူလုံးဝ မသိပါပေ။ 


သူက အနီးနားမှ သူတို့နှစ်ဦးကြားရှိ အကွာအဝေးကို လေ့လာကြည့်လိုက်သည်။ သူက မည်သို့ပင် ကြည့်သော်လည်း မကျေနပ်ကာ မပျော်ရွှင်နေဆဲ ဖြစ်သည်။ 


"မင်းတို့နှစ်ယောက်ဘာတွေ ပြောနေကြတာလဲ..."

သူက ဘီးတပ်ကုလားထိုင်ကို ရှေ့သို တွန်းလာလိုက်သည်။ 


လင်းလော့ချင်းက အလျင်အမြန် ခေါင်းမော့ကာ ပျော်ရွှင်စွာ ဆိုလိုက်သည်။ 

"ပြီးပြီလား..."


"အင်း..."

ကျိယွီရှောင်၏ အသံက ထူးခြားနေပေသည်။

"ဘာလဲ... အရမ်းမြန်မြန်ထွက်လာတော့ မင်းတို့ နှစ်ယောက်ကို အနှောင့်အယှက် ဖြစ်သွားတာလား..."


လင်းလော့ချင်း : ...


ဝေ့ကျွင်းဟယ် : ...


ဝေ့ကျွင်းဟယ်က သူ့နှာခေါင်းကို ပွတ်ကာ လေထုကို အနံ့ခံကြည့်လိုက်သည်။ လေထဲတွင် ရှာလကာရည်အနံ့ ရှိနေပုံရပေသည်။ သူက လင်းလော့ချင်းကို သံသယအပြည့်နှင့် လှမ်းကြည့်လိုက်သည်။


"မရီး အနံ့ရလား... ရှာလကာရည်အနံ တော်တော်ပြင်းတယ်... ဘယ်မိသားစုရဲ့ ရှာလကာရည်ပုလင်း မှောက်နေလဲ ဘယ်သူသိမှာလဲ..."


လင်းလော့ချင်း၏ နှုတ်ခမ်းထိပ်များက ကွေးတက်သွားလေသည်။ သူက ဝေ့ကျွင်းဟယ်ဘက်ကို ခေါင်းစောင်းကာ ကျိယွီရှောင်ကို ကြည့်လိုက်လေသည်။


"ဒါက ဘယ်လိုလုပ်ပြီး ရှာလကာရည် တစ်ပုလင်း ဖြစ်မှာလဲ... ငါတော့ ဘယ်က ရှာလကရည်ကုမ္ပဏီက မတော်တဆဖြစ်ပြီး ပေါက်ကွဲသွားသလဲဆိုတာ ကြောက်နေတာ... ဒီအနံ့ပြင်းပြင်းနဲ့ဆိုရင် ဖက်ထုပ်တစ်နှစ်စာအတွက်တောင် လောက်မယ်ထင်တာပဲ..."


ကျိယွီရှောင် : ...


ကျိယွီရှောင်က သူ့ဘီးတပ်ကုလားထိုင်ကို အနားရှိ ဓာတ်လှေကားဆီသို့ လိမ့်သွားလိုက်သည်။ လင်းလော့ချင်းက အလျင်အမြန်လိုက်ကာ လက်ကိုင်ကို ဆွဲလိုက်သည်။ သူက ဘီးတပ်ကုလားထိုင်ကို ရပ်ကာ ကျိယွီရှောင်၏ နားရွက်နားသို့ တိုးလိုက်သည်။


"ဘာလို့ ထွက်သွားတာလဲ... မင်းလည်း အနံ့က အရမ်းပြင်းတယ်လို့ ခံစားရလို့လား... မခံနိုင်တော့ဘူးလား... ငါရောပဲ... ငါအရင်က တစ်ခါမှ ဒီလောက်ပြင်းတဲ့ ရှာလကာရည်အနံ့မရဖူးဘူး... အဲ့ဒါက တော်တော် အရည်အသွေးကောင်းတဲ့ ပုံပဲ..."


"ဟွန့်..."

ကျိယွီရှောင်က နောက်လှည့်ကာ သူ့ကို ကြည့်လိုက်လေသည်။  


လင်းလော့ချင်းက ရယ်လိုက်သည်။ 

"သူ့ကို အဖော်အဖြစ်ထားခဲ့တာ မင်းမဟုတ်ဘူးလား... အခုကျမှ မင်းက အဲ့ဒါကို ရှာလကာရည် သောက်ရသလို လာလုပ်နေတယ်..."


"ငါမလုပ်ပါဘူး..."


ကျိယွီရှောင်က ၄င်းကို ဝန်ခံရန် ငြင်းဆိုလိုက်သည်။

"ငါက ရှာလကာရည်သောက်တယ်... သဝန်တိုတယ်ဟုတ်လား... မင်းက ငါ့ကို ၁၅နှစ်တောင် ကြိတ်ကြိုက်လာတာပါနော်... မနာလိုစရာ မလိုပါဘူး..."


လင်းလော့ချင်းက ထပ်မံ ရယ်ချင်ပြန်သည်။ 


သူက သူ့ဆန္ဒများကို ချိုးနှိမ်ကာ အော်ရယ်ခြင်းမှ တားဆီးလိုက်သည်။ ထိုအစားသူက နာခံသည့်အမူအရာဖြင့် ခေါင်းညိတ်လိုက်သည်။


"ဟုတ်ပါတယ်... ကောက ငါ့ရဲ့ နတ်ဘုရားပါ... ကောက ကြိုက်တဲ့လူအပေါ် ရှာလကာရည် သောက်လို့ရပါတယ်... ပြီးတော့ ငါတို့နှစ်ယောက်က ဘာမှပြောစရာမရှိပါဘူး... နောက်ဆုံးတော့ ကောအကြောင်းပဲ ပြောနိုင်တာပါ..."


"ငါ့အကြောင်းပြောတယ်... ဘာအကြောင်းလဲ..."

ကျိယွီရှောင်က မေးမြန်းလိုက်သည်။


"ကောက ဒီရောက်နေပြီဆိုမှတော့ ဘာလို့ ကျန်းမာရေးစစ်ဆေးမှု မလုပ်တာလဲ..."

လင်းလော့ချင်းက ဖျောင်းဖျလိုက်သည်။ 


ကျိယွီရှောင် : ... မင်းလက်မလျော့သေးဘူးလား...


"မလုပ်ဘူး..."

ကျိယွီရှောင်က တုံ့ဆိုင်းခြင်းမရှိ ငြင်းဆန်လိုက်သည်။


လင်းလော့ချင်းက သူ့တုံ့ပြန်မှုကိုမြင်ပြီး အလျင်အမြန်ဆိုလိုက်သည်။

"စိတ်မပူပါနဲ့... ငါတို့က ကောရဲ့ ကျောက်ကပ်တွေက ဘယ်လောက်ကောင်းကောင်း အလုပ်လုပ်နေလဲဆိုတာ မစစ်ပါဘူး..."


ကျိယွီရှောင် : ...


အချိန်ကောင်းရောက်ပြီဟု ဆုံးဖြတ်ကာ သူတို့နားသို့ ရောက်လာသော ဝေ့ကျွင်းဟယ် : ...


သူဘာကြားလိုက်တာလဲ... ဘာကျောက်ကပ် လုပ်ဆောင်ချက်လဲ...


"ပြီးတော့ ငါတို့က မျိုးဥဌာနကိုလည်း မသွားပါဘူး..."

လင်းလော့ချင်းက ထပ်ပြောလိုက်သည်။ 


ကျိယွီရှောင် : ....


ဝေ့ကျွင်းဟယ် : ...


မျိုးဥ...


သူ့ကောက တကယ်ကြီး မစွမ်းဆောင်နိုင်တော့ဘူးလား...


မဖြစ်နိုင်ပါဘူး...


သူ့ကောက မစွမ်းဆောင်နိုင်ဘူးဆိုတာ မဖြစ်နိုင်ဘူး...


"ငါ ဘယ်ဌာနကိုမှ မသွားဘူး..."

ကျယွီရှောင်က ခိုင်မာစွာဆိုလိုက်သည်။ 


လင်းလော့ချင်းက ထပ်မံ၍ မဖျောင်းဖျလိုတော့ပါချေ။ သူက နောက်မှ ဝေ့ကျွင်းဟယ်

ရှိနေသည်ကို ကြားလိုက်ပေသည်။ ဝေ့ကျွင်းဟယ်၏ အသံက ထွက်လာလေသည်။

"မဟုတ်ဘူး... ငါတို့က သွားစရာလိုတဲ့ ဌာနတွေအကုန်ကို သွားရမယ်..."


ဝေ့ကျွင်းဟယ်က အကြီးအကျယ် ထိတ်လန့်သွားကာ ကျိယွီရှောင်ဆီသို့ လျှောက်လာလေသည်။ သူ့အသံမှာ အထိတ်တလန့်နှင့် အလန့်တကြား ဖြစ်နေလေသည်။


"ပြဿနာရှိတာနဲ့ ငါတို့ ကုပစ်ရမယ်... ကော ငါတို့ ဆရာဝန်ကို ရှောင်နေလို့မရဘူး..."