(35)
Viewers 37k

ညက မည်းမှောင်နေပြီး ညနေခင်းရဲ့လမ်းမီးရောင်တွေနဲ့ တလက်လက်ဖြစ်နေပါတယ်။ အဆောက်အဦးတွေက တောက်ပတဲ့နီယွန်မီးတွေလင်းထင်းနေပြီး မှန်ပြတင်းမှာရောင်ပြန်ဟပ်နေတယ်။ ပြတင်းပေါက်ကျယ်ကြီးရဲ့ရှေ့မှာတော့ ကောင်းထျန်းချန်တစ်ယောက် မတ်တပ်ရပ်နေတယ်။ သူ့အောက်ဘက်မှာက ကားတွေပြည့်ကျပ်နေတဲ့မြို့လယ်လမ်းမမြင်ကွင်းပါ။ 

သူက ကတ္တီပါဘူးတစ်ဘူးကို လက်ထဲကိုင်ထားတယ်။ ကတ္ထီပါဘူးထဲမှာ လက်စွပ်တစ်ကွင်းရှိတယ်။ ဒါက သူအရင်တုန်းကရှာတွေ့ထားတဲ့ အင်တာနေရှင်နယ်ဒီဇိုင်နာတစ်ယောက်ဆီမှာ  သူ့စိတ်တိုင်းကျအပ်ပြီးလုပ်ခိုင်းထားတာဖြစ်ပါတယ်။ ဒီဇိုင်းက ကျစ်လျစ်ပြီးရိုးရှင်းတယ်။ ဒါပေမယ့် ဘယ်တော့မှရိုးသွားမယ့်ပုံစံမဟုတ်ဘဲ အဆုံးမဲ့တင့်တယ်ခြင်းတွေနဲ့ တန်ဆာဆင်ထားပါတယ်။ 

ကောင်းထျန်းချန်က လူတွေကိုအံ့သြအောင်လုပ်တဲ့နေရာမှာ အတွေ့အကြုံမရှိဘူး။ ဒါကြောင့် ချစ်သူကိုဆွဲဆောင်ဖို့ အခြားဆန်းဆန်းပြားပြားနည်းလမ်း မတွေးမိဘူး။ သူရွေးတဲ့နည်းက တစ်ခါလာမဲပြာပုဆိုး၊ ရိုးရိုးကြီးဆန်တယ်။ ဒါပေမယ့် သာမန်ရိုးကျဖြစ်တယ်လို့ပြောရင်တောင် လုံးဝတဲ့တိုးပဲ။

သူ မုကျင်ကိုလက်ထပ်တဲ့အချိန်တုန်းက မုမိသားစုဘက်က လက်ထပ်လက်စွပ်ပြင်ဆင်ပေးလိုက်တာကို မှတ်မိသေးတယ်။ သေချာပေါက် လက်စွပ်ထိပ်မှာ စိန်ပွင့်ကြီးက အကြီးကြီး။ မြင်ရတွေ့ရတာခန့်ညားပေမယ့် ကြွားဝါပြီးပိုလွန်းတယ်ဆိုလည်း မမှားဘူး။  ဒါပေမယ့် လက်ထပ်ပြီးနောက်ပိုင်းမှာ အဲဒိလက်စွပ်ကို မုကျင်ဝတ်တာမတွေ့မိတော့ဘူး။ သူ့လက်တွေက တစ်ချိန်လုံးပြောင်ရှင်းနေတယ်။

ကောင်းထျန်းချန်ရဲ့လက်ထဲကလက်စွပ်လေးမှာ စံပယ်ပွင့်သဏ္ဍာန်ကို သေသပ်စွာထွင်းထုထားတယ်။ စံပယ်ပွင့်ရဲ့ပွင့်ဖတ်တွေက အတွင်းကနေအပြင်ကိုဖြည်းဖြည်းချင်းပွင့်အာသွားတယ်။ နောက်ပြီး အတွင်းမှာက နာမည်တစ်ခုရဲ့အတိုကောက်စာလုံးတစ်လုံး ရေးထိုးထားတယ်။

သိမ်မွေ့ပြီးသပ်ရပ်တယ်၊ မုကျင်လိုပေါ့။

နှစ်ယောက်မရှိတဲ့တစ်ဦးတည်းသောလူသား၊ သူ့နှလုံးသားပါ။

ကောင်းထျန်းချန်ရဲ့စိတ်ထဲ စိုးရိမ်စိတ်လေးနည်းနည်းလည်းရှိတယ်။ သူက ဗီလာဆီကားမောင်းပြန်လာတဲ့အချိန်မှာ ပြတင်းပေါက်မှာထင်ဟပ်နေတဲ့အလင်းဖျော့ဖျော့လေးကို မြင်လိုက်ရတယ်။ သူ့နှလုံးသားထဲနွေးထွေးသွားပြီး ရင်းနှီးကျွမ်းဝင်တဲ့ခံစားချက်လေးဖြစ်လာတယ်။

မုကျင်က လက်ထဲရေနွေးတစ်ခွက်လက်ထဲကိုင်လို့ ပြတင်းပေါက်ဘေးမှာ တိတ်တဆိတ်ထိုင်နေခဲ့တာဖြစ်ပါတယ်။ ရေငွေ့ပူပူတွေက ခွက်နှုတ်ခမ်းဝကနေ အငွေ့တလူလူထွက်နေတယ်။ သူ့ပေါင်ပေါ်မှာက ပါးစပ်ကလေးကိုဟပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ ဘေဘီကောင်းလေးရှိပါတယ်။

ပြတင်းပေါက်အပြင်ဘက်ကလေပြည်လေညင်းလေးတွေ အေးအေးလူလူဖြတ်သန်းဝင်ရောက်လာပြီး မုကျင်ရဲ့ပိန်ပါးပါးကိုယ်ခန္ဓာလေးကို ပွတ်သပ်ကျီစယ်သွားခဲ့ကြတယ်။ အညိုရောင်ဆံနွယ်ပျော့ပျော့လေးတွေ အသာလွန့်လူးကုန်လို့ ပါးပြင်ထက်မှာမေးတင်ကုန်ကြပါတယ်။ 

ကောင်းထျန်းချန်တံခါးပေါက်ကဝင်လာတဲ့အချိန်မှာ ဒီမြင်ကွင်းကို ပထမဆုံးမြင်လိုက်ရတာဖြစ်တယ်။

ပြီးတော့ ဒါက သူ့ကမ္ဘာကြီး၊ သူပိုင်ဆိုင်တဲ့အရာအားလုံးဖြစ်တယ်လို့တွေးလိုက်တယ်။

သူက အနားကိုဖွဖွလျှောက်သွားပြီး နောက်ဘက်မှာအသာရပ်ကာ တစ်ဘက်လူကိုသူ့လက်မောင်းတွေကြားထဲ သိမ်းဖက်လိုက်တယ်။ ရင်ခွင်ထဲကိုယ်ခန္ဓာလေး အံ့သြပြီးတောင့်တင်းသွားတာကိုလည်း ခံစားမိလိုက်တယ်။ နောက်တော့ မုကျင်က သူ့နောက်ကလူပြန်ရောက်လာတဲ့အကြောင်းကိုသိပြီး သတိချပ်မနေတော့ဘဲ စိတ်အေးလက်လေးဖြစ်သွားပါတယ်။

မုကျင်က သူ့ခါးမှာရစ်ပတ်ထားတဲ့လက်တွေကို ဖွဖွအုပ်ကိုင်လိုက်တယ်။ ဒါပေမယ့် တစ်ဘက်လူက သူ့လက်ချောင်းတွေကိုပြန်လည်ဆုပ်ကိုင်လာတယ်။ သူတို့ရဲ့လက်ချောင်းဆယ်ချောင်းစလုံး တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားကြတယ်။ ကောင်းထျန်းချန်ရဲ့ပါးပြင်က သူ့လည်ပင်းကိုပွတ်သပ်လာတယ်။ လည်ကုတ်ဆီထိတွေ့လာတဲ့ဆံပင်တွေကြောင့် သူက ယားကျိယားကျိဖြစ်လာပါတယ်။

“ပင်ပန်းနေလို့လား? ရေချိုးဖို့ပြင်ပေးရမလား”

သူ့အယ်လ်ဖာရဲ့အားအင်ကုန်ခမ်းနေတဲ့ပုံစံက အလွန်ရှားပါးတဲ့ဖြစ်ရပ်တစ်ခုဖြစ်တယ်။ မုကျင်က ဒီအပြုအမူကြောင့် အတော်လေးစိတ်မကောင်းဖြစ်ရတယ်။ သူက သူ့ကိုသွားအနားယူဖို့ ပြောလိုက်ချင်ပေမယ့် ရုတ်တရက် သူ့လက်ချောင်းကြားမှာ အေးစက်စက်အထိအတွေ့တစ်ခုခံစားလိုက်ရပါတယ်။

အေးစက်စက်ကွင်းကလေးတစ်ခု…။ မုကျင်ကအတော်လေးအံ့သြသွားတယ်။ သူက ကောင်းထျန်းချန်ရဲ့နူးညံ့တည်ငြိမ်တဲ့ မီးတောင်ကျောက်လိုမျက်ဝန်းမဲနက်နက်တွေကို မော့ကြည့်တယ်။ နှလုံးသားလေးလည်း ပျော့ပျောင်းသွားရတော့တာပေါ့။

“ဒါ…ငါ့ဟာလေ၊ ဒီဟာကို ငါ့အတွက် မင်းဝတ်ပေးထားလို့ရမလား” သူကပြောပြီး မုကျင်ရဲ့လက်ဖဝါးထဲ လက်စွပ်တစ်ကွင်းထည့်ပေးလိုက်တယ်။

မုကျင်က သူ့ရဲ့အနည်းငယ်တုန်ယင်နေတဲ့လက်ချောင်းလေးနဲ့ လက်စွပ်သေးသေးလေးကို ထိကြည့်တယ်။ သူ့နှလုံးသားကတော့ ချာ့ချ်ကျောင်းမင်္ဂလာဆောင်တုန်းကထက် ပိုပြီးအခုန်မြန်နေတယ်။ စိတ်လှုပ်ရှားနေပုံကလည်း သိသာလွန်းပါတယ်။ 

မုကျင်က ဘာတစ်ခွန်းမှပြန်မပြောပါဘူး။ ဒါပေမယ့် သူ့ရဲ့တုန်ယင်နေတဲ့နှုတ်ခမ်းတွေကတော့ အတွင်းစိတ်ကိုဖော်ပြခဲ့ပြီးပြီပေါ့။

နောက်ထပ်တစ်ကြိမ်.. သူက ကောင်းထျန်းချန်ရဲ့သိမ်းသွင်းမှုအောက်မှာ ကျရောက်ခဲ့ရပြန်ပြီ။ ဒီယောင်္ကျားကို ပထမဦးဆုံးမြင်ခဲ့ရကတည်းက သူ့နှလုံးသားရဲ့ပေးဆပ်ခြင်းအလင်းရောင်လေးဆိုတာ သိခဲ့ပြီးသား။ 

ဒီယောင်္ကျားကိုငြင်းဆန်ဖို့ဆိုတာ သူ့အတွက်တော့ ဘယ်တုန်းကမှမဖြစ်နိုင်ခဲ့ဘူး။

မုကျင်က မတ်တပ်ထရပ်လို့ သူ့ရှေ့ကလူကိုနမ်းလိုက်ပါတယ်။ အေးစက်စက်နှုတ်ခမ်းပါးလေးတွေက ဖြည်းဖြည်းချင်းနွေးလာတယ်။ နွေးထွေးမှုနဲ့အတူ အရမ်းကိုပေ့ါပါးပြီး တကယ့်ကိုဖွဖွလေး။ သိပ်ကိုနူးညံ့ညင်သာလွန်းပါတယ်။

ဒီအချိန်မှာ မမျှော်လင့်ဘဲ ကောင်းထျန်းချန်က မုကျင်ကိုကောက်ပွေ့လိုက်တယ်။ အနမ်းတွေကလည်း ပိုလို့နက်ရှိုင်းလာပြီး အားနဲ့မာန်နဲ့တက်ကြွတဲ့ရနံ့တစ်ခု ဖြည်းဖြည်းချင်းလွင့်မျောလာတယ်။ မုကျင်ကတော့ နှိုးဆွခံနေရလို့ ခါးတွေပျော့ခွေလာပြီး ကောင်းထျန်းချန်အိပ်ရာပေါ်ချီပွေ့လာတာကို လက်ခံရုံပဲတတ်နိုင်တယ်။ သူက နူးညံ့တဲ့အိပ်ရာကြီးပေါ်ပြုတ်ကျသွားခဲ့ပါတယ်။

သူ့ကိုယ်ခန္ဓာက ပူပြီးရင်းပူလာတယ်။ အယ်လ်ဖာတစ်ယောက်ဆီက ပျော်ပါးကြဖို့ဖိတ်ခေါ်ခံရတဲ့ အိုမီဂါတစ်ယောက်က ငြင်းဆန်ဖို့မဖြစ်နိုင်ဘူး။ ဒါ့အပြင် မုကျင်ကိုယ်တိုင်ကလည်း မငြင်းလိုပါဘူး။ 

ပေးအပ်မြှပ်နှံခြင်းဆိုတဲ့အသိစိတ်တစ်ခုနဲ့ မုကျင်က သူ့ရဲ့စိတ်သဏ္ဍာန်အားလုံးကို ကောင်းထျန်းချန်ဆီမှာလက်နက်ချခဲ့ကာ ကိုယ်ခန္ဓာကိုဖွင့်လို့ သဘောရှိခွင့်ပြုလိုက်လျောပေးခဲ့ပါတယ်။

ညနေစောင်းရဲ့အချိန်စောစောမှာ နှစ်ယောက်သားကလုံးဝပျော်ရွှင်နေခဲ့ကြတယ်။ သူတို့က ဘေဘီကောင်းအတွက်ညီငယ်လေးတစ်ယောက် အမြန်ဆုံးရနိုင်ဖို့မျှော်လင့်ခဲ့ကြတာပေါ့။

ဒါက နောက်ထပ်နှစ်လအကြာရဲ့တစ်ခုသောနေ့ မတိုင်ခင်အထိဖြစ်ပါတယ်။ မနက်ဘက်လင်းအားမကြီးခင်အချိန်မှာ မုကျင်က ပျို့အန်တက်လာတဲ့ခံစားချက်ကြောင့် ရုတ်တရက်နိုးထလာရတယ်။ သူက အန်ချင်နေတာ ပါးစပ်ထဲကထွက်တော့မယ်။ ဒါကြောင့်အိပ်ရာထဲကကုန်ရုန်းထပြီး ရေချိုးခန်းဆီပြေးသွားရတယ်။

ကောင်းထျန်းချန်က လှုပ်ရှားမှုတွေကြောင့်နိုးလာတယ်။ သူက အိပ်ချင်နေတဲ့မျက်လုံးကို ဖြဲရဲဖွင့်ပြီး အခန်းထောင့်ကရေချိုးခန်းဆီလှမ်းကြည့်လိုက်တယ်။ ရေချိုးခန်းထဲကမီးအလင်းရောင်လေးက ဟနေတဲ့တံခါးကြားကနေ တစ်ဝက်တစ်ပျက်ထိုးထွက်နေပြီး ဆူဆူညံညံအသံတွေလည်းထွက်နေပါတယ်။

သူ့စိတ်ထဲစိုးရိမ်ပူပန်သွားပြီးဒိန်းခနဲဖြစ်သွားလို့ တံခါးကိုတွန်းဖွင့်လိုက်တဲ့အခါမှာတော့ ဘေစင်ရှေ့ခြေဗလာနဲ့မတ်တပ်ရပ်နေတဲ့မုကျင်ကိုသွားတွေ့တယ်။ ညဝတ်အင်္ကျီဖရိုဖရဲနဲ့မုကျင်က ခေါင်းကိုဘေစင်ထဲစိုက်ထားပြီး အသည်းအသန်အန်ထုတ်နေတယ်။

ကောင်းထျန်းချန်က အထဲကိုခပ်မြန်မြန်ဝင်လိုက်ပြီး မုကျင်ကိုကူတွဲပေးပြီး သူ့ကိုယ်ပေါ်မှီတွဲစေပါတယ်။ နောက်တော့ ကျောကုန်းကိုဖွဖွပုတ်ပေးတယ်။

“ဘာဖြစ်လို့လဲ?” သူက မုကျင်တစ်ခုခုဖြစ်မှာစိုးရိမ်နေတာပါ။

မုကျင်က အန်ထွက်နေရာကနေ ပြန်သက်သာလာတဲ့အခါ ခေါင်းကိုအသာယမ်းလို့ မှန်ထဲမှာရောင်ပြန်ဟပ်နေတဲ့ သူ့ကိုယ်ပိုင်ဖြူဖျော့ဖျော့မျက်နှာလေးကိုမော့ကြည့်လာတယ်။ ဒါပေမယ့် သူ့နှုတ်ခမ်းတွေကတော့ အတန်ငယ်ကော့ညွှတ်လာပြီး ပျော်ရွှင်စရာအပြုံးလေးတစ်ခုကိုဖန်တီးလာပါတယ်။

သူ့အမြင်က အမြဲတမ်းတိကျမှန်ကန်တယ်။ နောက်ပြီး သူ့ဟော်မုန်းရနံ့တွေကလည်း အခုချိန်မှာ တော်တော်ကလေးပုံမှန်မဟုတ်ဘူး။ သူ့နှလုံးသားထဲ ဖုံးကွယ်ထားလို့မရတဲ့ ပျော်ရွှင်မှုလေးတစ်ခု ချဉ်းနင်းဝင်ရောက်လာခဲ့ပါတယ်။ 

“ထျန်းချန် ငါတော့ဒုက္ခပဲ” မျက်လုံးတွေကိုမော့ဝင့်လို့ ကောင်းထျန်းချန်ရှိရာပင့်ကြည့်လိုက်ပြီးမှာ မုကျင်က တိုးတိုးညင်းညင်းကလေးပြောလာပါတယ် “မင်းငါ့ကို နောက်ထပ်လေးငါးခြောက်လလောက် ထိလို့ရတော့မှာမဟုတ်ဘူး” 

“ငါတို့သားကတော့ ညီလေးလား ညီမလေးလားမသိဘူး ရတော့မယ်” 

စကားတွေက ပြတင်းပေါက်အပြင်ဘက်ကလာတဲ့ မနက်ခင်းရဲ့ပထမဦးဆုံးရောင်ခြည်တန်းနဲ့ အပြိုင်အဖော်ပြုပြီး ထွက်လာပါတယ်။ နွေးထွေးပြီး နူးညံ့နေခဲ့တယ်။

……………….

END.