အပိုင်း ၉၁၁
Viewers 53k

အခန်း ၉၁၁

နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏စစ်ဆေးမှု


ငရဲဘုရင်၏ရင်ထဲ၌ အနည်းငယ်နာကျင်မှုကိုခံစားနေရသည်။ အကယ်၍ သူသာစောစီးစွာသိခဲ့လျှင် သွေးကျောက်ပုစွန်နှပ်ကို သူ့ဆီသို့တိုက်ရိုက်ယူလာပေးပြီး သူနှင့်တူတူစားရန် ပုဖန်ကိုပြောလိမ့်မည်။


ဤနည်းဖြင့် ပြိုင်ဘက်ကင်းအရသာရှိသော သွေးကျောက်ပုစွန်နှပ်ကို ဂရုတစိုက်အရသာခံနိုင်လိမ့်မည်။


သွေးကျောက်ပုစွန်အစပ်နှင့်ယှဉ်လျှင် ဤဟင်းလျာသည် အလွန်စပ်သည်ဟုမသတ်မှတ်နိုင်ပေ။ သို့သော် ဝိုင်နံ့သင်းပျံ့နေသောသွေးကျောက်ပုစွန်၏အရသာကြောင့် ဤဟင်းပွဲကိုပို၍ပင်စွဲလန်းသွားစေလိမ့်မည်။


သူသည် သွေးကျောက်ပုစွန်နှပ်တစ်ပန်းကန်လုံးမှ အနည်းငယ်ကိုသာ ယူစားခဲ့မိသည်။


ကျောက်ပုစွန်စားရာတွင် တစ်မူထူးခြားစွာလျင်မြန်သည့် မိန်းကလေးနယ်သာရီ နှင့်ယှဉ်လျှင် ငရဲဘုရင်အာဟစားသုံးသည်မှာ အလွန်နှေးကွေးပါသည်။


ထိုင်ခုံပေါ်တွင်မှီနေသောပုဖန်သည် ငရဲဘုရင်အာဟအတွက် အနည်းငယ်စိတ်မကောင်းဖြစ်မိသည်။


သူအတော်များများစားသောက်လိုက်သည်။ နောက်ဆုံးတွင် သွေးကျောက်ပုစွန်နှပ်သည် အလွန်ဆွဲဆောင်သောကြောင့် သူ၏လက်များလှုပ်ရှားမှုက်ိုမလွန်ဆန်နိုင်ပဲ အနည်းငယ်မျှထပ်စားမိသည်။


" ဟလေး ရှူးရှဲအစပ်ချောင်းတွေနဲ့ သွေးကျောက်ပုစွန်တွေထပ်ရှိသေးတယ်... ဝမ်းမနည်းပါနဲ့..." 


ပုဖန်ကငရဲဘုရင်အာဟကို နှစ်သိမ့်လိုက်သည်။


ပုဖန်၏အနားတွင် ထိုင်နေသူများသည်လည်း သူ၏စကားကို တုံ့ပြန်သည့်အနေဖြင့် ခေါင်းငြိမ့်ကြ၏။ 


ဤရာဇဝတ်ကောင်အုပ်လိုက်ကြီးကို ငရဲဘုရင်အာဟ ဘာလုပ်နိုင်မည်နည်း။


သွေးကျောက်ပုစွန်နှပ်ကို စားသုံးပြီးသည်မှာ ကြာမြှင့်ပြီဖြစ်သော်လည်း သူ၏သိပ်သည်းသောရနံ့သည် လေထဲတွင်ရှိနေဆဲပင်။


ဤရနံ့သည် သူတို့၏နှာဖျားနားတွင် ရစ်ပတ်နေပြီး သူတို့ကိုအလွန်အမင်းဆာလောင်အောင် ခံစားနေစေသည်။ 


ပုဖန်၏သွေးကျောက်ပုစွန်နှပ်ကို မမြည်းစမ်းခဲ့ရသည်မှာ နှမြောစရာကောင်းသည်ဟု လူအိုကြီးခံစားနေရသည်။ ပုဖန်သည်သူ့ကိုအနိုင်ယူရန် သွေးကျောက်ပုစွန်များကို အသုံးပြုထားသောကြောင့် သူဘယ်မှာရှုံးခဲ့သည်ကို အမြဲသိချင်နေခဲ့သည်။


သူသည်သွေးကျောက်ပုစွန်များကို ကြေးနန်းတော်တွင်နေထိုင်စဉ်က နှစ်ထောင်ပေါင်းများစွာ စားဖူးခဲ့ပြီးဖြစ်သည်။သူစားနိုင်သမျှက သွေးကျောက်ပုစွန်များသာဖြစ်ပြီး သူ၏နည်းလမ်းသည် ပုဖန်နှင့်ကွာခြားလှသည်။ ဟင်းပွဲများကို နည်းလမ်းမျိုးစုံဖြင့်ပြုလုပ်ထားသဖြင့် ဟင်းပွဲများ၏အရသာသည်လည်း ကွာခြားနေလိမ့်မည်။


ထို့ကြောင့် လူအိုကြီးသည် ဤသွေးကျောက်ပုဇွန်ကို စမ်းကြည့်ရန် အလွန်စိတ်လှုပ်ရှားပြီး စိတ်အားထက်သန်ခဲ့သည်။


ဒါပေမဲ့ ထိုသွေးကျောက်ပုစွန်များကို ပုဖန်ချက်ပြုတ်ခဲ့သောနည်းလမ်းသည် ယခင်တစ်ခေါက်နှင့်မတူပဲ ကွာခြားသည်ဟုထင်ရသည်။


ဒါဆိုရင် သွေးကျောက်ပုစွန်များကိုချက်ဖို့ တခြားနည်းလမ်းရှိသေးသည်ဟု ဆိုလိုတာလား...


ပုဖန်၏ဟင်းချက်နည်းများကို သူအလွန်ချီးကျူးမိသည်။ သို့သော် ထိုသို့ချီးကျူးနေစဉ်မှာပင် အမှတ်တမဲ့သက်ပြင်းချမိ၏။


ယခင်က သူ၏ဟင်းချက်နည်းများသည် ပုန်းကွယ်နဂါးတိုက်ကြီး၏ အထွတ်အထိပ်သို့ ရောက်နှင့်နေပြီးဟုထင်ခဲ့သည်။ 


သို့သော် နောက်ပိုင်းတွင် ရှေးဟောင်းစာစုများထဲမှ နယ်ဘုရားအဆင့်ချက်ပြုတ်ခြင်းနယ်ပယ်၏ သတင်းအချက်အလက်များအကြောင်းရှာတွေ့ခဲ့ပြီး ချက်ပြုတ်နည်းစနစ်သည် အပြည့်စုံဆုံးအဆင့်သို့ ရောက်ရှိနေသော လူတစ်စုရှိသည်ကို သိရှိခဲ့ရသည်။


ထို့ကြောင့် အချက်အပြုတ်ပညာတွင် ထိပ်ဆုံးသို့ရောက်ရှိပြီး ကြေးနန်းတော်သို့ဝင်ရောက်ရန်အတွက် လူသားတို့၏အသိဉာဏ်ထက်သာလွန်သောနည်းလမ်းကိုရှာဖွေခဲ့သည်။ ကံဆိုးစွာနှင့်ပင် နှစ်ပေါင်းထောင်ချီကြာသောအချိန်ထိ သူ မဖြတ်ကျော်နိုင်ခဲ့သေးပေ။


သို့သော် ယနေ့တွင် ပုဖန်ဟူသောအမည်နှင့် လူတစ်ဦးပေါ်ထွက်လာခဲ့သည်။ အချက်အပြုတ်ပညာတွင် ထိပ်ဆုံးသို့ရောက်ရှိခဲ့သည့်သူ့ကို ထိုကလေး၏အချက်အပြုတ်ပညာသည် ချေမှုန်းရန်လုံလောက်ခဲ့သည်။ ဤကဲ့သို့ဆိုလျှင် နတ်ဘုရားအဆင့်ချက်ပြုတ်ခြင်းနယ်ပယ်၏ စားဖိုမှူးက ဘယ်လောက်တောင် ကြံ့ခိုင်လိမ့်မလဲ...


ထိုအကြောင်းအရာကိုပိုတွေးလေ သူ၏နှလုံးသားထဲသို့ လေအေးများတိုက်ခတ်လာသလို အေးစိမ့်လာလေပင်ဖြစ်သည်။ အချက်အပြုတ်အနုပညာလမ်းသည် အမှန်တကယ်တွင် လေးလံပြီးဝေးကွာလှပေသည်။ 


တနေ့တာလုပ်ဆောင်မှုများကို အဆုံးသတ်ပြီးနောက် ပုဖန် စားသောက်ဆိုင်၏တံခါးများကိုပိတ်ပြီး သွေးကျောက်ပုဇွန်ကိုစွဲလမ်းနေသော ကြည့်ရှုသူများကို ထွက်ခွာသွားစေသည်။


ထွက်ခွာရန်တွန့်ဆုတ်နေသော ထိုလူများကိုကြည့်လျက် ပုဖန်၏စိတ်ထဲတွင် အမှတ်တမဲ့လှုပ်ရှားသွားသည်။


အကယ်၍ သူသည် အစားကြူးနတ်ဘုရားမြို့တော်၏ ရှည်လျားသည့်လမ်းပေါ်တွင် စားသောက်ဆိုင်ဖွင့်ထားပါက အလွန်နာမည်ကြီးမည်မှာသေချာသည်...


သူ့တွင်ဤနေရာ၌ စားသောက်ဆိုင်တစ်ခုရှိပြီးသည်မှာ နှမြောစရာကောင်းလွန်းလှသည်။ စားသောက်ဆိုင်ကဲ့သို့ ကိစ္စတစ်ခုသည် စဉ်းစားရုံမျှသာအဆင်ပြေသည်။


.....


လျှို့ဝှက်နဂါးတော်ဝင်ခုံရုံး


ယနေ့တွင် မြင့်မြတ်နယ်မြေများသည် အပျက်အစီးများဖြစ်လာခဲ့ကြပြီး သုတ်သင်ရှင်းလင်းခြင်းများသည် နေရာအနှံ့ဖြစ်လာခဲ့သည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေရှိရာ မြင့်မြတ်နယ်မြေ၏အလယ်ဗဟိုတွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများသည် ထိုနေရာကို စုရုံးပြီးသိမ်းပိုက်ခဲ့သည်။


မူလက အတုမရှိသန့်ရှင်းစင်ကြယ်သော ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေသည် ယခုအခါတိမ်လွှာအမည်းများဖြင့် ဖုံးအုပ်လျက်ရှိသည်။ 


ထိုတိမ်မည်းများသည် ကောင်းကင်၏ အကွေ့အကောက်များပေါ်တွင်ဝေ့ဝဲပြီး ဖိအားများနှင့်ထူထပ်သည့်အလွှာတစ်ခု ဖြစ်ပေါ်နေသည်။


ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏ အဓိက နန်းတော်တွင် အရပ်ရှည်၍သန်မာသော အသွင်သဏ္ဌာန်တစ်ခုသည် အင်ပါယာခန်းမ၏အလယ်ဗဟိုတွင် ခြေထောက်များယှက်လျက်ထိုင်နေ

သည်။


ထိုအသွင်သဏ္ဌာန်မှာတော့ အခြားသူမဟုတ်ပေ။ ထောင်တျဲ့စားသောက်ဆိုင်မှ သနားစရာအခြေအနေဖြင့် ထွက်ပြေးလာရသော အသန်မာဆုံးနတ်ဆိုးဘုရင်ပင်ဖြစ်သည်။ 


အသန်မာဆုံးနတ်ဆိုးဘုရင်၏ လက်အောက်တွင် အကြောက်တရားဖြင့် ငြိမ်သက်နေသော ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူအုပ်စုတစ်စုရှိသည်။


ဒုန်း...


နန်းတော်၏အပြင်ဘက်တွင် မိုးခြိမ်းသံများသည် ဟင်းလင်းပြင်တွင် အက်ကွဲကြောင်းတစ်ခုဖြစ်ပေါ်စေသည်။ 


ထိုအက်ကွဲကြောင်းအတွင်းမှ ပြင်းထန်သော စစ်သင်္ဘောတစ်စင်း ရွက်လွှင့်လာသည်။


အဆိုပါ စစ်သင်္ဘောများ၏ အသွင်အပြင်မှာ အလွန်တရာ ရက်စက်ကြမ်းကြုတ်သော အမှတ်အသားများဖြင့် ဖုံးအုပ်ထားသည်။


၎င်းသင်္ဘောများသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်တိုက်ပွဲအတွက် အသုံးပြုခဲ့သော စစ်သင်္ဘောများဖြစ်သည်။ ယနေ့အချိန်တွင် ပုန်းကွယ်နဂါးတိုက်ကြီး၏ မဟာနိယာမလမ်းကြောင်းအုပ်ချုပ်သူသည် ပျက်စီးသွားကာ ကန့်သတ်ချက်များ ဆုံးရှုံးသွားသော ပျက်သုဉ်းခြင်းအကျဉ်း‌ထောင်မှ ကျင့်ကြံသူများသည် ကောင်းကင်နှင့်မြေကြီးဆီသို့ စစ်သင်္ဘောများကို လည်ပတ်စေခဲ့သည်။


စစ်သင်္ဘောတစ်စီး... နှစ်စီး...


ထိုအက်ကွဲကြောင်းသည် အဆိုပါ စစ်သင်္ဘောများ ရွက်လွှင့်လျက် ပြင်းထန်စွာ အသံပြုနေစဉ် ဝန်ထုပ်ဝန်ပိုးကို အနည်းငယ်မျှ မကိုင်တွယ်နိုင်ပုံရသည်။


စုစုပေါင်း အနက်ရောင် စစ်သင်္ဘော ရှစ်စင်း ရှိပြီး သင်္ဘော၏ဦးစွန်းပေါ်တွင် ရက်စက်ကြမ်းကြုတ်သော နတ်သားရဲရုပ်ပုံ ထွင်းထားသည်။


ထိုစစ်သင်္ဘောများသည် ကောင်းကင်ဘုံလျှို့ဝှက်သန့်စင်နယ်မြေ၏အထက်တွင် ပေါလောပေါ်လျက်ရှိပြီး ကြောက်စရာကောင်းသောစွမ်းအင်များကို ထုတ်လွှတ်လျက်ရှိသည်။ 


စစ်သင်္ဘောအတွင်းမှ များစွာသော ပုံသဏ္ဌာန်များထွက်ပေါ်လာသည်။ ဤပုံသဏ္ဌာန်များ၏ စွမ်းအင်သည် အလွန်အားကောင်းပြီး တစ်ချက်နှင့်ပင်လှုပ်ခတ်သွားစေမည့် စစ်တပ်ကို ဖွဲ့စည်းခဲ့သည်။


စစ်သင်္ဘောတိုင်းကို ဦးဆောင်သော ကျင့်ကြံသူတစ်ဦးရှိ၏။ ထိုကျင့်ကြံသူများသည် သူတို့၏ခန္ဓာကိုယ်၌ တိုက်ပွဲဝင်သံချပ်ဝတ်စုံများ ဝတ်ဆင်ထားပြီး မြင်ရသူများအဖို့ တုန်လှုပ်စေနိုင်သည်။


ဝေါ...


ပုံရိပ်ယောင်ဟင်းလင်းပြင်သည် လှည့်စားလိုက်သကဲ့သို့ သူ့အလိုလိုလှုပ်ခတ်သွားသည်။


ထို့နောက် နန်းတော်၏ အင်ပါယာခန်းမအတွင်း၌ ကျင့်ကြံသူရှစ်ဦး တဖြည်းဖြည်း ပေါ်လာသည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ထူးချွန်သော နတ်ဆိုးဘုရင်ရှစ်ဦး ရောက်ရှိလာခဲ့လေပြီ။


အသန်မာဆုံးနတ်ဆိုးဘုရင်သည် နန်းတော်၏အလယ်ရှိ ခုံပေါ်တွင်ထိုင်နေပြီး နတ်ဆိုးဘုရင်ရှစ်ဦးကို တည်ငြိမ်စွာကြည့်နေသည်။


နတ်ဆိုးဘုရင်ရှစ်ဦး၏ စွမ်းအင်များသည် အလွန်သန်မာပြီး တစ်ဦးစီ၏မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်များထုတ်လွှတ်လျက်ရှိသည်။ 


နတ်ဆိုးမျက်လုံးမျိုးနွယ်စု၏ နတ်ဆိုးဘုရင်... နတ်ဆိုးကင်းမြှီးကောက်မျိုးနွယ်၏ နတ်ဆိုးဘုရင်... နတ်ဆိုးမိကျောင်းမျိုးနွယ်၏ နတ်ဆိုးဘုရင်...ကျန်နတ်ဆိုးဘုရင်များအားလုံးသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ခေါင်းဆောင်များဖြစ်သည်။


နတ်ဆိုးမျက်လုံးမျိုးနွယ်စု၏ နတ်ဆိုးဘုရင်၏နှဖူးတွင် အမဲရောင်မျက်လုံးတစ်လုံးရှိပြီး ထိုမျက်လုံးမှ နတ်ဆိုးအရှိန်အဝါများကို ဖြန့်ကျဲနေသည်။


" နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှ နတ်ဆိုးဘုရင်က အသန်မာဆုံးနတ်ဆိုးအရှင်ဘုရင်ကြီးအား ဂါရဝပြုပါတယ်..."


နတ်ဆိုးမျက်လုံးမျိုးနွယ်စုဘုရင်က်ို မြင်သည်နှင့် အသန်မာဆုံးနတ်ဆိုးဘုရင်ကြီးသည် ပြုံးလျက်လက်ကိုဝှေ့ယမ်းလိုက်သည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ကျင့်ကြံသူများသည်လည်း ရိုသေလေးစားစွာဖြင့် ဦးညွှတ်အရိုအသေပြုကြသည်။


အသန်မာဆုံးနတ်ဆိုးဘုရင်သည် နတ်ဆိုးမျက်လုံးမျိုးနွယ်၏ဘုရင်ကို တစ်ချက်ခန့်ကြည့်လိုက်သည်။ သူ၏လက်ကိုမြှောက်လျက် နွားသိုးဦးချိုကြီးများနှင့် ဆော့ကစားလျက်ရှိသည်။


ထိုခဏတွင်းချင်းမှာပင် အင်ပါယာခန်းမအတွင်းရှိ လေထုသည်သိပ်သည်းသွား၏။


အားလုံးမျက်မှောင်များကြုံ့နေကြသည်။


သူတို့မြင်လိုက်ရသည်က နတ်ဆိုးဘုရင်၏အသွင်သဏ္ဌာန်နှင့် မရေမတွက်နိုင်သောအရိပ်များ လေထဲမှာဖြတ်သွားခြင်းကိုပင်။ တစ်ခဏအတွင်းမှာပင် သူသည် နတ်ဆိုးမျက်လုံးမျိုးနွယ်စုဘုရင်ရှေ့၌ ပေါ်လာသည်။


နတ်ဆိုးမျက်လုံးမျိုးနွယ်စုဘုရင်၏ အမူအရာသည် တစ်စုံတစ်ခုကို ရှင်းပြလိုသည့်အတိုင်း ပြောင်းသွားသည်။


သို့သော်လည်း အသန်မာဆုံးနတ်ဆိုးဘုရင်သည် သူ၏လည်ပင်းကို အကြောင်းပြချက်မဲ့စွာဖြင့် ကြမ်းပြင်ပေါ် သို့ ကြမ်းကြမ်းတမ်းတမ်းဖိထားသည်ကို သိလိုက်သည်။


ဘုန်း...


အင်ပါယာနန်းတော်၏ကြမ်းပြင်သည် ရုတ်တရက်ပေါက်ကွဲကာ အတွင်းသို့ဝင်သွားပြီး နက်နဲသောမီးတောင်တစ်ခုပေါ်လာသည်။


" မင်းကိုကြည့်ရတာ ဒီအရှင်သခင်ရဲ့ ခန္ဓာကိုယ်ကို တကယ်ပဲလိုချင်နေတဲ့ပုံပဲ..."


 အသန်မာဆုံးနတ်ဆိုးဘုရင်က သူ၏ပါးစပ်ကိုပြန်ဆွဲကာ ပြောလိုက်သည်။


နတ်ဆိုးမျက်လုံးမျိုးနွယ်စုဘုရင်သည် တုန်လှုပ်နေ၏။ ဤသည်မှာ အသန်မာဆုံး နတ်ဆိုးဘုရင်သည် သူကြေးနန်းတော်၌ ပြုလုပ်ခဲ့သမျှကို အငြိုးထားခဲ့ကြောင်း ထင်ရှားသည်။


" ကျွန်တော်မျိုး အဲ့အချိန်က စူးစမ်းချင်ရုံပါပဲ..."


ဘုန်း...


ဒါပေမဲ့ နတ်ဆိုးမျက်လုံးမျိုးနွယ်စုဘုရင် စကားပြော ပြီးပြီးချင်းမှာပင် အသန်မာဆုံးနတ်ဆိုးဘုရင်သည် သူ၏ခေါင်းကို ပြင်းပြင်းထန်ထန် မြှောက်လိုက်ပြီး လှဲချလိုက်သည်။


အင်ပါယာခန်းမကြီးတစ်ခုလုံး တုန်လှုပ်သွားသည်။


နတ်ဆိုးမျက်လုံးမျိုးနွယ်စုဘုရင်အား အသန်မာဆုံး နတ်ဆိုးဘုရင်၏ ဖိနှိပ်ချုပ်ချယ်မှုကို စောင့်ကြည့်နေကြစဉ် လူတိုင်း စကားမပြောဝံ့ဘဲ ခေါင်းငုံ့ထားကြသည်။


အချိန်အတော်ကြာပြီးနောက်...


အသန်မာဆုံး နတ်ဆိုးဘုရင်သည် ထိုထိုင်ခုံဆီသို့ ပြန်သွားခဲ့သည်။ သူသည် ၎င်းကိုမှီလျက် ရှိနေသူတိုင်းကို ငေးကြည့်နေသည်။


" ဒီအရှင်သခင်ရဲ့စကားကိုနာခံကြစမ်း... မင်းတို့တွေ အစားကြူးတောင်ကြားကို သွားခွင့်မရှိဘူး... အစားကြူးတောင်ကြားကို ရန်လည်းမစရဘူး... ကျန်တဲ့အရင်းအမြစ်တွေနဲ့ ကြိုက်တာလုပ်နိုင်တယ် ဒီသခင်ကတော့ဝင်ပါမှာမဟုတ်ဖူး..."


 နတ်ဆိုးဘုရင်ကြီးကပြောလိုက်သည်။


ပြောပြီးသည့်နောက်တွင် ထိုထိုင်ခုံမှာပင်မှီလျက် မျက်လုံးများပိတ်ပြီး ခေတ္တအနားယူနေသည်။


နတ်ဆိုးမျက်လုံးမျိုးနွယ်စု၏ နတ်ဆိုးဘုရင်သည် အနက်ရောင်သွေးများ ပါးစပ်ထောင့်မှ စီးကျလာသည်။ သူ၏နှာခေါင်းမှ သွေးများထွက်နေပြီး မျက်နှာသည်လည်း ရောင်နေ၏။ အမုန်းတရားများ သူ၏နှလုံးသားထဲမှ အရူးအမူးထွက်ပေါ်လာနေသည်။


သို့သော် အသန်မာဆုံးနတ်ဆိုးဘုရင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် သူနှင့် နှိုင်းယှဉ်နိုင်သော အရာမဟုတ်ပေ။ ထို့ကြောင့် ဒေါသတကြီး အော်ဟစ်ချင်သော်လည်း အသံမထွက်ရဲပေ။


ဒီနွားသိုးနတ်ဆိုး တစ်နေ့ကျရင် ငါ့ရဲ့ရုပ်သေးရုပ်ဖြစ်လာမဲ့နေ့ ရှိဦးမှာပါ... အဲ့အခါကျရင် ငါရခဲ့တဲ့အရှက်ကွဲမှုတွေ မင်းကိုအတိုးနဲ့ပြန်ပေးမယ်...


.....


အသန်မာဆုံးနတ်ဆိုးဘုရင်က အမိန့်ပေးလိုက်သည့်အတွက် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများလည်း တောင်ဘက်ပိုင်းဒေသတွင်ရှိသော အစားကြူးတောင်ကြားကို မတိုက်ခိုက်ရဲတော့ပေ။ 


သို့သော် ထိုအရာက ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများကို သိမ်ငယ်စေသည်။ ဒါကအစာကြူးတောင်ကြားလေးသာဖြစ်သည်။ 


ပျက်သုဉ်းအကျဉ်းထောင်၏ အင်အားကြီးမားသော တပ်ကို တွန်းလှန်ရန် သူတို့ဘာကို အားကိုးခဲ့သနည်း...


ထိုအချိန်၌ အသန်မာဆုံးနတ်ဆိုးဘုရင် အရှက်ရသွားသည်ကို တော်တော်များများ မမြင်ဖူးခဲ့ကြပေ။ မြင်ခဲ့သည့်သူများသည်လည်း ထုတ်ဖော်မပြောရဲကြပေ။ ထို့ကြောင့် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ကျင့်ကြံသူများသည် အခြေအနေကို နားမလည်နိုင်ဖြစ်နေသည်။ 


အထူးသဖြင့် နတ်ဆိုးဘုရင် ရှစ်ပါးတို့သည် အသန်မာဆုံး နတ်ဆိုးဘုရင်၏ မောက်မာသော လုပ်ရပ်အတွက် အနည်းငယ် ဒေါသတကြီး ခံစားလိုက်ရသည်။


ပျက်သုဉ်းအကျဉ်းထောင်၏ ကြီးကျယ်သော စစ်တပ်ကြီးသည် ပုန်းကွယ်နဂါးတိုက်ကြီးကို တိုက်ခိုက်နေသည်။ သူတို့ထွက်သွားကြဖို့ ဆန္ဒမရှိပေ။ သူတို့၏ရည်ရွယ်ချက်မှာ ပုန်းကွယ်နဂါးတိုက်ကြီး တစ်ခုလုံးကို အောင်နိုင်ရန်ဖြစ်သည်။ 


ပုန်းကွယ်နဂါးတိုက်ကြီး၏ အဆုံးမဲ့ပင်လယ်ကိုပင် ကျူးကျော်တိုက်ခိုက်ခဲ့သည်။


ဤတိုက်ကြီးသည် အရည်အသွေးအရညံ့ဖျင်းသော်လည်း မရေမတွက်နိုင်သော အရင်းအမြစ်များ ပိုင်ဆိုင်ထားသောကြောင့် ၎င်းသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ကျောထောက်နောက်ခံ ဖြစ်လာနိုင်သည်။


နတ်ဆိုးဘုရင်ရှစ်ပါးသည် မခံမရပ်နိုင်ဖြစ်သော်လည်း အသန်မာဆုံးနတ်ဆိုးဘုရင်ရှေ့မှောက်တွင် မဝံ့ရဲကြပေ။ 


ထို့ကြောင့်ချက်ချင်းပင် အခြေအနေသည် ရှေ့မတိုးသာဖြစ်နေသည်။ 


အစားကြူးတောင်ကြားမှလွဲ၍ ပုန်းကွယ်နဂါးတိုက်ကြီးသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ငရဲကဲ့သို့ဖြစ်လာသည်။ငရဲစွမ်းအင်များသည် ကောင်းကင်၌ပျံ့နှံ့နေပြီး တိုက်ကြီးရှိ သက်ရှိအများအပြား သည်လည်း သေကြေကျဆုံးကုန်၏။ 


တိုက်ကြီးသည် အစွန်းရောက်နေရာတစ်ခု ဖြစ်လာပုံပော်သည်။


ထိုအခြေအနေအောက်မှာပင် အချိန်များ တနေ့ပြီးတနေ့ ကုန်ဆုံးသွားသည်။


..........


ကျွီ....


ထောင်တျဲ့စားသောက်ဆိုင်၏ တံခါးကိုဖွင့်လိုက်သည်။ 


ပုဖန်သည် ပျင်းရိနေသောခါးကိုဆန့်ကာ သမ်းဝေလျက် ဖြည်းညှင်းစွာ လျှောက်လာသည်။ 


ထိုင်ခုံတစ်ခုကိုဆွဲပြီး အဝင်ဝ‌တွင် ထိုင်လိုက်သည်။ 


ဆောင်းရာသီကုန်ဆုံးသွားပြီဖြစ်သည်။ ကမ္ဘာမြေကြီးပေါ်ရှိ အရာအားလုံး ပြန်လည်ကောင်းမွန်လာပြီး တံခါးအပြင်ဘက်တွင် စိမ်းလန်းသော မြက်ပင်အချို့သည် ချွန်ထက်သော အစွန်းများထွက်ကာ မြေပြင်ပေါ်တွင် အ‌ညှောင့်လေးများထွက်နေကြသည်။


စားသောက်ဆိုင်ဖွင့်ခါနီးအချိန်တွင် တံခါးအပြင်ဘက်၌ လူများ တဖြည်းဖြည်းစုဝေးလျက် တန်းစီနေကြသည်။


ပုဖန် နောက်တစ်ကြိမ် အလုပ်များသောနေ့ကို စတင်ခဲ့သည်။


ပုဖန်အတွက် ထိုသို့အလုပ်များသည့် နေ့များက အလွန်ကောင်းပါသည်။ ထိုကဲ့သို့နေ့များကို သူတကယ်ပျော်သည်။ 


အချိန်ကြာလာသည်နှင့်အမျှု လုပ်ငန်းဝင်ငွေ တိုးလာခဲ့သည်။ သူ၏လုပ်ငန်းမှ ၀င်ငွေသည် အရေးကြီးသောအဆင့်သို့ ရောက်ရှိသည်နှင့် တပြိုင်နက် အဆင့်တဆင့် ဖြတ်ကျော်နိုင်မည်ဖြစ်သည်။


အားကောင်းသည့် စာဖိုမှူးတစ်ယောက်ဖြစ်လာရန် သန်မာသည့် ကိုယ်လုံးကိုယ်ပေါက်နှင့် ကျင့်ကြံခြင်းအဆင့်ရှိရန် ဦးစွာပြုလုပ်ရမည်ကို ပုဖန်ယ‌နေ့အချိန်ထိ နားလည်လာခဲ့သည်။


ထိုနည်းလမ်းနှင့်ပင် သူသည် ပိုမိုကောင်းမွန်ပြည့်စုံသောဟင်းလျာကို ချက်ပြုတ်နိုင်လိမ့်မည်။


ပုဖန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်တွင် ထိပ်ဆုံး၌ကျန်ရှိနေသည်။ အဘယ့်ကြောင့်ဆိုသော် သူသည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ စစ်ဆေးမှုကို မအောင်မြင်သေးသောကြောင့်ဖြစ်သည်။


ယခင်က ပုဖန်၏ ကျင့်ကြံခြင်းအဆင့်တည်ငြိမ်မှုသည် မလုံလောက်ခဲ့ပေ။ ဒါပေမဲ့ ယခုအချိန်သည် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏စစ်ဆေးမှုကို ပြုလုပ်ရမည့်အချိန်ဟု ပုဖန်ခံစားလိုက်မိသည်။ 


သူ စနစ်၏ အဆုံးအဖြတ်ကို ကျော်လွန်နေသမျှ ကာလပတ်လုံး သူ၏နတ်ဘုရားမီးတောက်ကို ထွန်းညှိနိုင်ပြီး နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ခြေလှမ်းချနိုင်မည်ဖြစ်သည်။ 


သူ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်သို့ ဝင်ရောက်ပြီးသည်နှင့် သူ၏အချက်အပြုတ်ကျင့်ကြံခြင်းအဆင့်သည် ဦးတည်ချက်အသစ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။


သို့သော် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏ စမ်းသပ်မှုအတွက်နှင့်ပတ်သက်၍ အလွန်စိတ်မပူပေ။ စနစ်က သူ့ကိုပေးမည့် စာမေးပွဲ၏ အကြောင်းအရာကို မသိသည့်အတွက် သေချာပြင်ဆင်ထားရန်လိုသည်။


တစ်နေ့တာအတွက် လုပ်ငန်းဆောင်တာများ ပြီးဆုံးသွားပြီဖြစ်သည်။ 


သူ ထောင်တျဲ့စားသောက်ဆိုင်တံခါးကိုပိတ်၍ အလင်းတံခါးဝမှတဆင့် တိမ်ခိုးစားသောက်ဆိုင်ထဲသို့ဝင်ခဲ့သည်။ 


တိမ်ခိုးစားသောက်ဆိုင်တွင် မှော်ကဝေ အန်းရှန့်နှင့် ယန်မိန်ကျီတို့ အပြင်းအထန်လေ့ကျင့်နေကြသည်။လတစ်ဝက်ခန့်ကြာပြီးနောက်တွင် ပုဖန်၏ ရုတ်တရက်ထွက်ပေါ်လာခြင်းကို သူတို့နှစ်ဦးလုံး မထိတ်လန့်တော့ပေ။


ပုဖန်ပေါ်လာသည့်အချိန်တိုင်း သူတို့ကို ဟင်းချက်နည်းလမ်းအနည်းငယ်ကို သင်ကြားပေးလေ့ရှိသည်။ ထို့ကြောင့် သူတို့နှစ်ဦးသည် တစ်ခါတစ်ရံ ပုဖန် လာရောက်မည်ကိုမျှော်နေတတ်ကြသည်။


တိမ်ခိုးစားသောက်ဆိုင်တွင် ခေတ္တအချိန်ဖြုန်းပြီးနောက် အသိမိတ်ဆွေဟောင်းများနှင့်တွေ့ရန် ဖန့်ဖန်ဆိုင်ငယ်လေးသို့ သွားခဲ့သည်။ ထို့နောက် ထောင်တျဲစားသောက်ဆိုင်သို့ ပြန်သွားလိုက်သည်။ 


ပုဖန် မီးဖိုချောင်ထဲမှ မီးဖိုရှေ့ရပ်နေလျက် မေးစေ့ကိုပွတ်ပြီး အတွေးနယ်ချဲ့နေမိသည်။ 


ခေတ္တတိတ်ဆိတ်နေပြီးသည့်နောက်... သူ ပြောလိုက်သည်။


 " စနစ်...နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်စစ်ဆေးမှုကို စလိုက်ပါ..."


" ပိုင်ရှင်က နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ရဲ့စစ်ဆေးမှုကိုလက်ခံဖို့ အသင့်ဖြစ်ပြီလား ... တကယ်လို့ကျရှုံးခဲ့ရင် ပိုင်ရှင်ရဲ့ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ရဲ့ တစ်ခုတည်းသောဝိညာဉ်လှေကားထစ် ဆီကိုပြန်ရောက်သွားလိမ့်မယ်... အောင်မြင်သွားခဲ့ရင်တော့ နတ်ဘုရားမီးတောက်ကိုထွန်းညှိနိုင်ပြီး နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ကိုရောက်ရှိသွားလိမ့်မယ်..." 


စနစ်၏ စည်းကမ်းတင်းကျပ်ပြီးလေးနက်သောအသံသည် အနည်းငယ်ပြင်းထန်စွာနှင့် ထွက်ပေါ်လာသည်။


ပုဖန် အနည်းငယ်တွေးတောပြီးသည့်နောက် သူ၏ကျင့်ကြံခြင်းအဆင့်သည် တည်ငြိမ်လာပြီဟုခံစားရသည် ... ထို့ကြောင့် နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်၏စစ်ဆေးမှုကို စတင်တော့မည်ဖြစ်သည်။


ပုဖန်၏ စစ်ဆေးမှုကို လက်ခံသည့်အကြောင်းကိုကြားပြီးနောက် စနစ်သည် ခေတ္တမျှတိတ်ဆိတ်နေပြီး 


" ပိုင်ရှင် ... ကျေးဇူးပြု၍ အာရုံစိုက်ပါ ... နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်ရဲ့စစ်ဆေးမှုကိုစတင်ပါမယ်... စစ်ဆေးမှု၏အကြောင်းအရာမှာ..... ပြိုင်ဘက်ကင်းသောဟင်းလျာတစ်ခုချက်ပြုတ်ရန် ကောင်းကင်နှင့်ကမ္ဘာမြေလယ်ကွင်းရှိ ပါဝင်ပစ္စည်းများကို အသုံးပြုပါ။ အဲဒီနောက် စနစ်က အကဲဖြတ်ပေးပါလိမ့်မယ်..."