အခန်း ၉၁၂
ကင်ချီပြုလုပ်သည့်ပြိုင်ဘက်ကင်းနည်းလမ်း
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေရှိ ပါဝင်ပစ္စည်းများကို အသုံးပြု၍ ဟင်းလျာချက်ရန်တဲ့လား...ပြီးတော့ ပြိုင်ဘက်ကင်းဟင်းလျာတဲ့လား...
စနစ်၏အသံကိုကြားပြီးနောက် ပုဖန်၏ခန္ဓာကိုယ်တစ်ခုလုံးသည် ထိုနေရာ၌ပင်ရပ်တန့်နေမိသည်။ ဒီတစ်ခါစစ်ဆေးမှု၏ အကြောင်းအရာသည် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေနှင့် ဆက်စပ်နေမည်ဟုမထင်ထားခဲ့ပေ။
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် ပုဖန်စိုက်ပျိုးထားသည့် ဟင်းချက်ပါဝင်ပစ္စည်းများသည် ကြီးထွားနေပြီဖြစ်သော်လည်း ထိုအရာများသည် အရည်အသွေးမြင့် ပါဝင်ပစ္စည်းများမဟုတ်ပေ။
ထို့အပြင် ထိုနေရာ၌စိုက်ပျိုးထားသော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက်များသည် သာမန်မျှသာဖြစ်သည်။ သို့သော် ထိုအရာများတွင် သိပ်သည်းသော ဝိညာဉ်စွမ်းအင် ပါရှိနေကြသည်။
ထို့အပြင် သူတော်စင်ဂိုဏ်းချုပ် များစွာထံမှ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကို အသုံးပြု၍ လဲလှယ်ခဲ့သော ပါဝင်ပစ္စည်းများသည် အလွန်ကောင်းမွန်သော်လည်း မရင့်မှည့်သေးသည့်အတွက် နှမြောစရာကောင်းလှသည်။
ဖီးနစ်သွေးသစ်သီးသည် ရင့်မှည့်ခါနီးဖြစ်သော်လည်း ရင့်မှည့်မှုအဆင့်ကို မရောက်သေး၍ စား၍မရပေ။
ယခုမူ စနစ်သည် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှ ပါဝင်ပစ္စည်းများနှင့် ထူးခြားသည့်ဟင်းလျာတစ်ခုပြုလုပ်ရန် တောင်းဆိုခဲ့သည်။
ဤတစ်ကြိမ်တွင် ပုဖန်သည် အမှန်တကယ်ပင် အေးခဲသွားခဲ့သည်။ သူ၏မေးစေ့ကို ပွတ်သပ်ရင်း သူသည် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေမှ သူသုံးသင့်သည့် ပါဝင်ပစ္စည်းများကို တွေးကာ မည်ကဲ့သို့ပြိုင်ဘက်ကင်းဟင်းပွဲ ချက်ပြုတ်ရမည်ကိုတွေးတောနေခဲ့သည်။
အချိန်အတော်ကြာစဉ်းစားပြီးသည်အထိ ပုဖန်မည်သည့်စိတ်ကူးမျှ မရရှိခဲ့ပေ။
ပုဖန်သူ၏ ဆံပင်များကိုပွတ်သပ်လိုက်သည်။ အတွေးတစ်ခုဖြင့် သူသည်ထိုနေရာမှ ပျောက်ကွယ်သွားပြီး ကောင်းကင်ကမ္ဘာမြေလယ်ယာမြေထဲသို့ ရောက်သွား၏။
ထိုကဲ့သို့ ဂရုမစိုက်စွာ တွေးတောနေခြင်းထက် လယ်ယာမြေထဲသို့သွား၍ ရရှိနိုင်သော ပါဝင်ပစ္စည်းများကိုသွားကြည့်လိုက်သည်က ပို၍မြန်ဆန်သည်။
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ သို့ ဝင်ရောက်သွားသောအခါ.....
လေပြေလေညင်း တိုက်ခတ်သွားသည်နှင့် လေထုသည် ဝိညာဉ်အသီးအနှံများ၏ ရနံ့မျိုးစုံနှင့် ပြည့်နေ၏။
သူ လေထဲတွင် လွင့်မျောရင်း အောက်သို့ငုံ့လြိုက်သည်။
သူ၏အောက်တွင် ကောင်းကင်ကမ္ဘာမြေလယ်ယာမြေ ကို သပ်သပ်ရပ်ရပ်ဖြင့် နယ်မြေ များစွာခွဲခြားထား၏။
အချို့မှာ စိုက်ပျိုးမြေနေရာများဖြစ်ပြီး ထိုနေရာတွင် နဂါးများကို မွေးမြူကြသည်။ သေးငယ်ပြီး ချစ်စရာကောင်းသော နဂါးငယ်အများအပြားသည် နဂါးကြီး၏ ခန္ဓာကိုယ်နောက်တွင် အဆက်မပြတ် အော်ဟစ်နေပါသည်။
ထိုဧရိယာ၏အခြားထောင့်တွင် နဂါးဥအနည်းငယ်သာ အလင်းတန်းများဖြင့်ဖြန့်ကျက်တည်ရှိနေသည်။
စိုက်ပျိုးမြေ၏ ဘေးတွင် ဟင်းသီးဟင်းရွက် စိုက်ရာနေရာဖြစ်သည်။ ပုဖန် မြေဆီလွှာကို နေ့တိုင်း ထွန်ယက်၍ ရေလောင်းပေးသည်။
ဟင်းသီးဟင်းရွက်နေရာ၏ အောက်တွင် နတ်ဆေးပင်စိုက်သောနေရာရှိသည်။ ဖီးနစ်သွေးသစ်သီး... သွေးစပျစ်သီးအစရှိသော နတ်ဆေးပင်အများအပြား စိုက်ပျိုးထားသည်။
ထိုနေရာများမှလွဲ၍ တခြားနေရာများတွင်လည်း အများကြီးရှိသော်လည်း ပါဝင်ပစ္စည်းများ အနည်းငယ် တိုးပွားလာသောကြောင့် ဤနေရာများသည် ပြန့်ကျဲနေပါသည်။
မြစ်တစ်စင်းသည် ထိုနေရာများကို ဖြတ်သွားကာ မြစ်အတွင်းမှ ငါးကြီးများသည် ရံဖန်ရံခါ ခုန်ပေါက်နေကြသည်။ ထိုငါးများကို လိုက်ဖမ်းရာတွင် သွေးကျောက်ပုဇွန်များသည် ၎င်းတို့၏ လက်မများကို လွှဲလျက် ၎င်းတို့၏ အစွမ်းကိုပြသနေကြသည်။
ပုဖန် အောက်သို့ဆင်းလိုက်ပြီး သူ၏သဏ္ဌာန်သည် သစ်သားအိမ်တစ်လုံးရှေ့တွင် ပေါ်လာသည်။ သစ်သားအိမ်ရှေ့တွင် ခုံရှည်တစ်လုံးရှိပြီး ထိုခုံပေါ်တွင်အိပ်ပျော်နေသော နွားသိုးတစ်ကောင်ရှိသည်။
ကောင်းကင်ကမ္ဘာမြေလယ်ယာမြေတွင် ကုန်ဆုံးရသောနေ့ရက်များသည် နျိူဟန်စန်းအတွက် အေးဆေးပြီးပျော်ရွှင်ဖွယ်ကောင်းလှသည်။
နေ့တိုင်းစားပြီးလျှင် အိပ်သည်... အိပ်ပြီးလျှင် စားသည်။ ရံဖန်ရံခါ လယ်လုပ် မြေလှန် အစသဖြင့်ပြုလုပ်သည်။
နေ့စဉ်တိုက်ခိုက် သတ်ဖြတ်နေရသည့် ပျက်သုဉ်းခြင်းအကျဉ်းထောင်ရှိ နေ့ရက်များနှင့်ယှဉ်လျှင် ယခုနေ့ရက်များသည် ပိုမိုကောင်းမွန်လှသည်။
မျက်လုံးသုံးလုံးခြင်္သေ့နှင့် ရှစ်လေးသည် ရွှင်မြူးစွာ ပြေးလွှားကာ အဝေးသို့ လျှောက်သွားကြသည်။ မျက်လုံးသုံးလုံးခြင်္သေ့သည် ယနေ့မှစ၍ ရှစ်လေး၏ ခိုင်းဖော်ခိုင်းဖက် လုံးလုံးလျားလျား ဖြစ်နေသည်။
နေ့စဉ် ရှစ်လေး၏နောက်မှလိုက်ကာ ကောင်းကင်ကမ္ဘာမြေလယ်ယာမြေကို စူးစမ်းရှာဖွေနေကြသည်။
တခါတရံတွင် ဟင်းချက်ပါဝင်ပစ္စည်းများကို မတော်တဆ ထိခိုက်မှုဖြစ်စေပြီး ထိုအရာက သူတို့ကို အလွန်စိတ်မကျေနပ်မှုဖြစ်စေသည်။
ပုဖန်၏ အသွင်အပြင်သည် နျိူဟန်စန်းကို အနည်းငယ် ထိတ်လန့်သွားစေသည်။
နျိူဟန်စန်းသည် မျက်လုံးတစ်ဖက်ကို အနည်းငယ်ဖွင့်လိုက်သည်။ ပုဖန်ကို မြင်လိုက်သည်နှင့် သူ့ခန္ဓာကိုယ်ကို ခုံရှည်ပေါ်မှ ချက်ခြင်း မတ်တပ်ထကာ ထိုင်ချလိုက်သည်။ သူ၏လက်ကိုပွတ်၍ စိတ်လှုပ်ရှားစွာဖြင့် စကားပြောသည်။
" အိုင်းရိုး...ပိုင်ရှင်ပုပါလား... ထမင်းစားခဲ့ပြီးပြီလား... အခုအရသာရှိတာတစ်ခုခု လုပ်မလို့လား..."
နျိုဟန်စန်း သူ၏နှုတ်ခမ်းများကို လျက်လိုက်သည်။ ယနေ့အထိ သူတကယ်ကို ကောင်းကင်ဘုံကဲ့သို့နေရာတွင် ရှိနေချင်ခဲ့သည်။
ထိုကဲ့သို့ အေးအေးဆေးဆေး နေရာမျိုးမှ နျိူဟန်စန်း က လူသတ်ဖို့ အပြင်မထွက်ချင်ပေ။ မည်သည့်အချိန်ပြီးအသတ်ခံရပြီး ဝိုင်နှင့်တွဲစားရန် စားစရာဖြစ်သွားမည်ကို မည်သူမျှမသိနိုင်ပေ။
ဤနေရာ၌ အစားကောင်းအသောက်ကောင်းများ ရှိပြီး သူအိပ်ချင်သည့်အချိန် အိပ်နိုင်သည်မှာ ပြောစရာပင်မလိုချေ။ မပျော်ရွှင်နိုင်စရာ အကြောင်းမရှိပေ။
" မဟုတ်ဖူး ဒီတစ်ခါ ငါစားစရာတွေလုပ်ဖို့လာတာမဟုတ်ဖူး... ရိတ်သိမ်းဖို့လာတာ..." ပုဖန်သည်လက်ပိုက်လျက် ပြောလိုက်သည်။
"ရိတ်သိမ်းဖို့တဲ့လား..." နျိူဟန်စန်းသည် ထိတ်လန့်သွားပြီးနောက် သူ၏နှုတ်ခမ်းထောင့်မှအပြုံးတစ်ခုထွက်ပေါ်လာသည်။
“ပိုင်ရှင်ပု ဒါကျွန်တော်ပြောတာမဟုတ်ပါဘူး ဒါပေမယ့် ဒီလယ်ကွင်းမှာ ပါဝင်ပစ္စည်းတော်တော်များများက ရိတ်သိမ်းဖို့ မမှည့်သေးဘူး... တကယ်ရိတ်သိမ်းချင်ရင်တောင် ဂေါ်ဖီပဲရှိမှာကြောက်တယ်...”
နျိူဟန်စန်းသည် ကူကယ်ရာမဲ့ပြောလျက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။
ဟင်းရွက်များစိုက်ပျိုးထားသောအပိုင်းရှိ ဂေါ်ဖီထုပ်များကို ပုဖန်မှ အစောဆုံး စိုက်ပျိုးထားသောကြောင့် အစောဆုံး ရိတ်သိမ်းရမည်မှာ ဂေါ်ဖီထုပ်များသာ ဖြစ်သင့်သည်။
နျိူဟန်စန်း၏ စကားကိုကြားသည့်အခါ ပုဖန်၏ မျက်ခုံးများ ချက်ချင်း တွန့်တက်သွားသည်။
"ဂေါ်ဖီတွေပဲ ရှိတာလား..."
ပုဖန်သည် သူ့ခန္ဓာကိုယ်ကိုလှည့်လိုက်ပြီး ဟင်းရွက်စိုက်ခင်းဆီသို့ လျှောက်သွားသည်။ နျိူဟန်စန်း
လည်း နောက်မှ လိုက်လာ၏။
ပျော့ပျောင်းသော မြေဆီလွှာပေါ်တွင် လျှောက်လှမ်းရင်း ပုဖန်သည် ညှင်သာစွာ အသက်ရှူထုတ်လိုက်သည်။ လေထုထဲတွင် သစ်သီးများ ဟင်းသီးဟင်းရွက်များနှင့် နတ်ဆေးပင်များ၏ ရနံ့များဖြင့် ပြည့်နှက်နေသည်။
သူပိုင်ဆိုင်သော လယ်ကွင်းထဲတွင် လမ်းလျှောက်ရခြင်းက ပုဖန်၏စိတ်ထဲပြောမပြတတ်အောင် ပျော်ရွှင်သွားစေသည်။
ဟင်းသီးဟင်းရွက်ခင်းရှိ ဂေါ်ဖီထုပ်များသည် ရင့်မှည့်၍ ကြီးမားပြီး အလွန်ကျစ်လစ်ပုံရသည်။ အရွက်များသည် ကြည်လင်ပြီး အပြစ်အနာအဆာမရှိ အပေါက်များမရှိပေ။ သူတို့သည် စူးရှသော အလင်းရောင်ဖြင့်ပင် လင်းလက်နေခဲ့သည်။
"ဂေါ်ဖီတွေပဲ ရှိတာတဲ့လား..."
ပုဖန် မေးစေ့ကိုပွတ်လျက် တွေဝေနေသည်။
သူတို့ အခြားသီးနှံများကို စစ်ဆေးရန် ဆက်လက်လမ်းလျှောက်လာခဲ့သည်။
ခရမ်းသီးသည်လည်း မရင့်မှည့်သေးပေ။ ရင့်မှည့်ခါနီး ဖြစ်နေသော်လည်း ယနေ့အခြေအနေအရ စားရန်မဖြစ်နိုင်ပေ။
ဖီးနစ်သွေးသစ်သီးနှင့် သွေးစပျစ်သီးများသည်လည်း မမှည့်သေးပေ။
ယခုတစ်ခေါက် ချက်ပြုတ်ရန်အတွက် ဂေါ်ဖီထုပ်ကိုသာ ရွေးချယ်ရလိမ့်မည်။
သို့သော် ဂေါ်ဖီတစ်မျိုးတည်းနှင့် မည်သည့်ဟင်းလျာကို ချက်ရမည်နည်း...
ပုဖန် အတွေးထဲတွင် နစ်မြုပ်လျက် ဂေါ်ဖီထုပ်များကို ကြည့်ရင်း ဒူးထောက်လိုက်သည်။
ပုဖန်နောက်မှ လိုက်လာသော နျိုဟန်စန်းက ရုတ်တရက် မျက်မှောင်များကြုံ့လျက် အတွေးထဲနစ်နေသော ပုဖန်ကိုကြည့်ကာ ဘာပြောရမည်မှန်းမသိဖြစ်နေသည်။
" ရွေးစရာမရှိဘူး... ဂေါ်ဖီထုပ်တစ်မျိုးတည်းပဲ ရွေးရတော့မှာပဲ..."
ပုဖန် ဖြည်းညှင်းစွာ သက်ပြင်းချလိုက်သည်။
မြစ်ထဲတွင်ရှိသော သွေးကျောက်ပုစွန်နှင့် ငါးများကိုပင် မရွေးချယ်နိုင်ပေ။ ပုဖန် ထိုပါဝင်ပစ္စည်းများက်ို ယခင်က အသုံးပြုခဲ့ပြီးသည့်အတွက် ပြိုင်ဘက်ကင်းဟင်းလျာအချို့ ပြုလုပ်ရန် မဖြစ်နိုင်ပေ။
နဂါးများသည်လည်း အသားကင်ပြုလုပ်ခြင်းမှလွဲ၍ ကောင်းသောပါဝင်ပစ္စည်းများအဖြစ် မသတ်မှတ်နိုင်ပေ။
ထို့ကြောင့် ပုဖန်သည် ဂေါ်ဖီကိုသာ ရွေးချယ်လိုက်သည်။ သူ၏လက်ကို မြှောက်လိုက်ပြီး ဂေါ်ဖီထုပ် နှစ်လုံးကို ခူးယူလိုက်သည်။ ဂေါ်ဖီထုပ်များသည် လတ်ဆတ်၍ အစိုဓာတ်ပြည့်ဝကာ ၎င်းတို့တွင် မြေဆီလွှာအစွန်းအထင်းအချို့ပင် ရှိနေသည်။
ဂေါ်ဖီထုပ်များအား ယူပြီးသည့်အခါ မြေဆီလွှာအစွန်းအထင်းများကို လှုပ်ခါလိုက်သည်။
" လယ်ယာမြေကို ကောင်းကောင်းစောင့်ရှောက်ထားပါ... ငါသွားနှင့်ပြီ..."
ပုဖန်သည် ဂေါ်ဖီနှစ်ထုပ်ကို ဘယ်ညာတစ်ဖက်ဆီကိုင်လိုက်ပြီး နျိူဟန်စန်းအားကြည့်လိုက်သည်။ ပုဖန်၏ အသွင်သဏ္ဌာန်သည် နျိူဟန်စန်းကြည့်နေစဉ်မှာပင် ဂေါ်ဖီနှစ်ထုပ်ကိုကိုင်လျက် ပျောက်ကွယ်သွားသည်။
ခဏကြာသောအခါ ပုဖန် မီးဖိုချောင်သို့ ပြန်ရောက်လာသည်။
ဂေါ်ဖီထုပ်များကို မီးဖိုပေါ်တင်၍ သူတို့ကိုကြည့်လျက် ကြောင်တောင်တောင်ဖြင့် ရပ်နေလိုက်သည်။
ဂေါ်ဖီထုပ်များကို သုံးပြီး မည်ကဲ့သို့ ပြိုင်ဘက်ကင်းဟင်းလျာ ချက်ပြုတ်ရမည်နည်း...
ဂေါ်ဖီကြော်လား...
ဂေါ်ဖီထုပ်မြေအိုးလား...
ဂေါ်ဖီဟင်းချိုလား...
.....
ပုဖန်သည် ဂေါ်ဖီထုပ်ကိုအသုံးပြုသော နည်းလမ်းများအား စဉ်းစားသော်လည်း တစ်ခုမျှ အဆင်မပြေသည်ကို သဘောပေါက်၏။
" ပြိုင်ဘက်ကင်းဟင်းလျာတဲ့လား..."
ပုဖန် သူ၏မေးစေ့ကိုပွတ်နေသည်။ သူ၏အနီရောင်ဝတ်ရုံသည် ပြင်းပြင်းထန်ထန်တွေးတောနေသောအခါ လှုပ်ခါနေ၏။
ရုတ်တရက် ပုဖန်သည် တစ်ခုခုကို တွေးမိသွားပုံရပြီး သူ၏မျက်လုံးများ ချက်ချင်းအရောင်လက်လာသည်။
တစ်ခဏအတွင်းမှာပင် ရွှေနဂါးရိုးမီးဖိုချောင်သုံးဓားသည် သူ၏လက်ထဲတွင် ပေါ်လာသည်။ လတ်ဆတ်သော ဂေါ်ဖီထုပ်ကို တိုက်ရိုက်လှီးဖြတ်လိုက်သည်။
ဂေါ်ဖီထုပ် အတွင်းပိုင်းသည် ဝိုင်းစက်၍ အတွင်း၌ ကြည်လင်သောရေစက်များရှိကာ ဖွင့်ထားသောဘက်မှ ရေစက်များကျနေသည်။
ဂေါ်ဖီထုပ်ကို အပိုင်းပိုင်းဖြတ်ပြီးသောအခါ ပြင်ဆင်ထားသည့် ကြွေပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။
ပုဖန်သည် မဟူရာလိပ်ခုံးဒယ်အိုးကို ထုတ်ခြင်းမရှိသည့်အပြင် ဟင်းခတ်အမွှေးအကြိုင်များကိုလည်း မပြင်ဆင်ခဲ့ပေ။ ထိုအစား အတွေးတစ်ခုနှင့် သူသည် စနစ်နှင့် ဆွေးနွေးရန် စတင်ခဲ့သည်။
နောက်ဆုံးတွင် ပုဖန်သည် စနစ်ဆီမှ ဖောက်ထွင်းမြင်ရသော အိတ်တစ်ခုကို ရနိုင်ခဲ့သည်။
ထိုအိတ်သည် သာမန်မဟုတ်သည်မှာ ထင်ရှား၏။ ၎င်းကို မည်သည့်ပစ္စည်းဖြင့် ပြုလုပ်ထားသည်ကို မသိရသေးသော်လည်း အလွန်ခိုင်ခံ့ပြီး စုတ်ပြဲရန် မလွယ်ကူပေ။
အမှန်စင်စင် ၎င်းသည် စနစ်၏ထုတ်ကုန်ဖြစ်သောကြောင့် အရည်အသွေးကောင်းသည်မှာ မလွဲနိုင်ချေ။
အိတ်ထဲသို့ လှီးဖြတ်ထားသော ဂေါ်ဖီထုပ်ကို ထည့်လိုက်သောအခါ ပုဖန်၏ မျက်လုံးများ အနည်းငယ် တောက်ပလာသည်။
ထို့နောက် အတွေးတစ်ခုဖြင့် စနစ်၏သိုလှောင်သည့်နေရာမှ ပူစပ်စပ်ငရုတ်နှစ်ပုလင်းကို ထုတ်လိုက်သည်။
ပူစပ်စပ်ငရုတ်နှစ်ကို ဟင်းခတ်ဇွန်းအပြည့်နှင့် ခတ်၍ အိတ်ထဲသို့ လောင်းထည့်ပြီးနောက် ဂေါ်ဖီထုပ်နှင့် ရောမွှေလိုက်သည်။
ထို့နောက် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကို ဟင်းခတ်ဇွန်းဖြင့် အိတ်ထဲသို့ အနည်းငယ်ထည့်လိုက်သည်။ ချက်ချင်းပင် သင်းပျံ့သော ယမကာနံ့သည် အိတ်အတွင်းမှ ပျံ့နှံ့လာ၏။
အိတ်ကိုဖွင့်လိုက်သောအခါ အတွင်း၌ ဟင်းခတ်အနှစ်အနည်းငယ် ထည့်ထားတာကြောင့် အိတ်၏
အတွင်းပိုင်းသည် အလွန်ရှုပ်ပွလျက်ရှိသည်။
နောက်ဆုံးတွင် ပုဖန်သည် အိတ်ကို အကြိမ်အနည်းငယ်လှုပ်လိုက်ပြီး အလုံပိတ်လိုက်သည်။
ပုဖန်သည် လက်ထဲမှ ဖောက်ထွင်းမြင်ရသောအိတ်ကို ကျေနပ်စွာ ကြည့်လိုက်သည်။
ဝိညာဉ်စွမ်းအင်များနှင့် ပြည့်နေသော ဂေါ်ဖီထုပ်ကို ပူစပ်စပ်ငရုတ်နှစ်နှင့် ရောနယ်ထားသဖြင့် အရောင်အနည်းငယ် ပြောင်းနေသည်။
ပုဖန်ဘာလုပ်ဖို့ ရည်ရွယ်ထားတာလဲ...
ဂေါ်ဖီထုပ်အတွက် သူစဉ်းစားခဲ့သော နည်းလမ်းများမှလွဲ၍ ထူးခြားသောနည်းလမ်းတစ်ခု ရှိပါသေးသည်၊ ၎င်းမှာ ကင်ချီဖြစ်သည်။
မှန်ပါတယ်... သူ ကင်ချီပြုလုပ်လိုက်သည်။
သို့သော်... သူသည် ကင်ချီကို ပုံမှန်နည်းလမ်းနှင့် လုပ်ဖို့ မရည်ရွယ်ခဲ့ပေ။
အထူးနည်းလမ်းကို အသုံးပြုရန် ရည်ရွယ်ထားသည်။
စနစ်သည် ပြိုင်ဘက်ကင်းသော ဟင်းလျာတစ်ပွဲလိုချင်သည်...
ထို့ကြောင့် ပုဖန်သည် စနစ်ကိုပြိုင်ဘက်ကင်းဟင်းလျာ တစ်ပွဲပေးမည်ဖြစ်သည်။
ယခုအချိန်တွင် စနစ်သည် အနည်းငယ် ရှုပ်ထွေးနေနိုင်သည်။ ပုဖန်ချက်ရန် ရည်ရွယ်ထားသော ဟင်းလျာကို ခန့်မှန်း၍မရ ဖြစ်နိုင်ပါသည်။
မီးဖိုချောင်ထဲမှ အိတ်ကိုယူ၍ ကျေနပ်စွာထွက်လာပြီးနောက် စားသောက်ဆိုင်သို့လာခဲ့သည် ။
စားသောက်ဆိုင်သည် တစ်နေ့တာလုပ်ငန်းရပ်ဆိုင်းပြီဖြစ်သောကြောင့် အထဲတွင် လူအနည်းငယ်သာ ဝိုင်သောက်ကြပြီး အေးအေးဆေးဆေး စကားစမြည်ပြောနေကြသည်။
ထိုလူများသည် သာမန်လူများမဟုတ်ကြပေ။ ၎င်းတို့မှာ ချူးချန်ရှန့် ငရဲဘုရင်အာဟနှင့် ခေါင်းပေါ်တွင် ဆံပင်ဖြူနှင့် လူအိုကြီးတို့ဖြစ်သည်။
လူအိုကြီးက ဤနေရာ၌နေရန် ဆုံးဖြတ်ထားသည်။ မည်သို့ပင်ဖြစ်စေ ပုဖန်၏စားသောက်ဆိုင်တွင် အစားအသောက်ကောင်းများရှိပြီး သူသည်လည်း နတ်ဘုရားအဆင့်ချက်ပြုတ်ခြင်းနယ်ပယ် ဖွင့်လှစ်မည့်နေ့ကို ပုဖန်နှင့် အတူစောင့်ဆိုင်းနိုင်သည်။
သူဘာဖြစ်လို့ မပျော်ရွှင်ရမှာလဲ...
ထို့အပြင် ဤနေရာတွင် ချစ်စရာသက်ရှိမ ျားစွာ ရှိသည်။ ငရဲဘုရင်အာဟ သို့မဟုတ် ချူးချန်ရှန့် ဖြစ်ပါစေ သူတို့နှင့် အလွယ်တကူ စကားပြောနိုင်သည်။ သူသည် သူတို့နှင့် သူငယ်ချင်းကောင်းဖြစ်ခဲ့သည်မှာ အချိန်ကြာခဲ့ပြီဖြစ်သည်။
ပုဖန်မီးဖိုချောင်ထဲက ထွက်လာသည်ကို ကြည့်လျက် အားလုံးက သူ့ကို နှုတ်ဆက်ကာ ပြုံးနေကြသည်။
ပုဖန် သူတို့ကို မြင်သောအခါ မျက်လုံးများ တောက်ပလာသည်။ သူ၏လက်ထဲတွင် ဖောက်ထွင်းမြင်နိုင်သောအိတ်ကို ကိုင်ထားပြီး သုံးယောက်သားကို ကြည့်လိုက်ပြီးနောက် သူတို့ဆီ လျှောက်သွားသည်။
ပုဖန်သည် ခုံကိုဆွဲ၍ သူတို့ရှေ့တွင်ထိုင်လိုက်ပြီး အေးခဲကျောက်စိမ်းဝိုင် တစ်ခွက်ကိုတစ်ကျိုက်တည်း သောက်လိုက်၏။
" လူငယ်လေးပုဖန် မင်းရဲ့အိတ်ထဲမှာ ဘယ်လိုမျိုး ကစားစရာ ရှိနေတာလဲ..."
ငရဲဘုရင်အာဟက ပုဖန်ကိုင်ထားသော အိတ်ကိုစူးစမ်းစွာကြည့်လျက် ပြောလိုက်သည်။
ချူးချန်ရှန့်နှင့် လူအိုကြီးသည်လည်း စူးစမ်းစွာကြည့်နေကြသည်။
"မင်းက မေးလာတော့လည်း ငါ့မှာမင်းရဲ့အကူအညီလိုအပ်တာ တစ်ခုတော့ရှိနေတယ်..."
"အကူအညီလား... ဘာအကူအညီလဲ... ဒီဘုရင်ကိုနောက်ထပ် နဂါးအဖိုအမတစ်စုံ ဖမ်းခိုင်းဖို့တော့မဟုတ်ဖူးမလား..."
ငရဲဘုရင် မျက်လုံးများ ပြူးကျယ်သွား၏။
" ဒီအိတ်ကိုမြင်လား... ဒါက ငါတီထွင်နေတဲ့ ဟင်းလျာအသစ်ပဲ... မင်းရဲ့အကူအညီလိုတယ်..."
ပုဖန်၏ စကားများက်ုကြားသောအခါ ငရဲဘုရင်အာဟနှင့် အခြားသူများ ထိတ်လန့်သွားကြသည် ။
" ငါတို့ကို ဟင်းချက်ဖို့ ကူညီခွင့်ပြုတယ်တဲ့လား... ပုဖန် ကောင်လေး ...မင်းဘယ်အချိန်က ဒီဘုရင်ကိုယုံကြည်သွားတာလဲ... ဒီဘုရင်က နောက်ဆုံးတော့ ကျွမ်းကျင်မှုတွေကို ပြရတော့မှာပေါ့... ဒီဘုရင် အနက်ရောင် ရှူးရှဲအစပ်ချောင်းတွေလုပ်တုန်းက အချိန်ကိုပြန်စဉ်းစားပါဦး ကြားတဲ့သူကဝမ်းနည်းပြီးတော့ စားတဲ့သူကငိုခဲ့ကြတယ်လေ..."
ငရဲဘုရင်အာဟက စကားကိုအမျှင်မပြတ် ဆက်တိုက်ပြောနေသည်။
ပုဖန် ထိုလူရွှင်တော်ကို ဂရုစိုက်ရန် ပျင်းလွန်းသဖြင့် ချူးချန်ရှန့် ဘက်သို့ လှည့်ကြည့်လိုက်သည်။
" ပိုင်ရှင်ပု ပြောပါ... ငာတို့ကို ဘယ်လိုကူညီစေချင်တာလဲ... မင်းရဲ့ အချက်အပြုတ်ကျွမ်းကျင်မှုကို ငာတို့ယုံကြည်တယ်..." ချူးချန်ရှန့်က လေးနက်စွာပြောလိုက်သည်။
ချူးချန်ရှန့်၏ လေးနက်သော မျက်နှာကို ကြည့်ပြီး ပုဖန်အနည်းငယ် စိတ်လှုပ်ရှားသွားသည်။ သူ လေးနက်စွာခေါင်းငြိမ့်ပြပြီး အိတ်ကို ထမင်းစား စားပွဲပေါ် တင်လိုက်သည်။
အသက်ပြင်းပြင်းရှူရင်း ချူးချန်ရှန့်ကို အလေးအနက်ပြောလိုက်သည်
"ချူးလေး မင်းရဲ့အစွမ်းရှိသမျှနဲ့ ထိုးပစ်လိုက်..."
ဟမ်.....
ထိုးရမယ်တဲ့လား... ဒီဂေါ်ဖီတွေနှင့် ပြည့်နေသည့်အိတ်ကို ထိုးပစ်ရမယ်...
ချူးချန်ရှန့်သည် ပုဖန်၏စကားများကြောင့် အနည်းငယ်တုန်လှုပ်ပြီး စိတ်ရှုပ်ထွေးသွားသည်။
ဟင်းချက်မည်ဟု သူပြောခဲ့သည်မလား...
အဘယ်ကြောင့် အိတ်ကိုထိုးပစ်ရမှာလဲ...
အဘိုးအို၏ မျက်နှာသည် စူးစမ်းလိုစိတ်နှင့် ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။
“ဒီဟင်းကို ရနံ့မွှေးကင်ချီအစပ် လို့ခေါ်တယ်...ငါ့ကိုယုံပါ... မင်းရဲ့ခွန်အားအားလုံးကိုသုံးပြီး လက်သီးနဲ့ထိုးဖို့ပဲလိုတယ်..."
ချူးချန်ရှန့်ကို ရိုးရိုးသားသားကြည့်လျက် ပုဖန်က လေးနက်သော အသံဖြင့် ပြောသည်။
ဟင်းလျာကို လက်သီးဖြင့် ထိုးခြင်းက ဟင်းလျာပြုလုပ်သည်တဲ့လား...
ပိုင်ရှင်ပု တကယ်ပြောနေတာလား...