အပိုင်း ၉၁၃
Viewers 53k

အခန်း ၉၁၃

ဂေါ်ဖီထုပ်ကို ထုရိုက်ခြင်း


အင်အားသုံးပြီး အိတ်ကိုထိုးပစ်ရမည်.....


ဒါသည်လည်း ချက်ပြုတ်နည်းတစ်ခုတဲ့လား...

သူတို့သည် ထိုအရာမျိုး တစ်ကြိမ်မျှ မမြင်ဖူးပေ။


ချူးချန်ရှန့်၏ မျက်ခုံးများသည် အနည်းငယ်တွန့်သွားကာ အံ့သြမှု အရိပ်အမြွက် ထွက်ပေါ်လာသည်။ ပုဖန်က ဒီအိတ်ကို ခွန်အားအပြည့်နဲ့ ထိုးစေချင်နေသည်လား...


ထိုအိတ်သည် နူးညံ့လှသည်။ လက်သီးဖြင့်ထိုးလိုက်ပါက ပေါက်ကွဲပြီး အိတ်ထဲတွင် ရှိသမျှပါဝင်ပစ္စည်းများ နေရာအနှံ့ လွှင့်စင် ပြန့်ကျဲသွားမည်ကို စိုးရိမ်ရသည်။


ထိုမြင်ကွင်းကို တွေးကြည့်လျက် ချူးချန်ရှန့်မှာ အဆင်မပြေဖြစ်နေသည်။ ထို့ကြောင့် သူသည် အနည်းငယ် ချီတုံချတုံဖြစ်ကာ လှုပ်ရှားနိုင်ခြင်း မရှိပေ။


တစ်ဖက်တွင်လည်း ငရဲဘုရင်အာဟ အနည်းငယ်စူးစမ်းချင်စိတ် ဖြစ်ပေါ်နေသည်။ ထိုကဲ့သို့ ရိုးရှင်းသော ဟင်းချက်နည်း ရှိသည်တဲ့လား...


ထိုကဲ့သို့ဆိုပါက သူသည်လည်း အနာဂတ်တွင် ဟင်းလျာများ ချက်ပြုတ်နိုင်လာမည်လား...


ယခင် မီးသွေးအနက်ရောင် ရှူးရှဲအစပ်ချောင်းများသည် ငရဲဘုရင်အာဟ၏နှလုံးသားတွင် အစွန်းအထင်းတစ်ခု ဖြစ်ခဲ့သည်။ ထိုအရာကို မည်သူမျှ မစားနိုင်ပေ။


လူအိုကြီးက ပုဖန်၏အိတ်ကိုကြည့်ကာ လေးလေးနက်နက် အတွေးထဲတွင် နစ်မွန်းသွားသည်။ သူ၏မျက်နှာပေါ်ရှိ အရေးအကြောင်းများ လှုပ်ခါသွားသောအခါတွင် သူ၏မျက်ခုံးကို ပင့်တင်လိုက်သည်။ အတန်ကြာအောင် စဉ်းစားပြီးနောက် မျက်လုံးများ တောက်ပလာသည်။


" ပိုင်ရှင်ပု အိတ်ထဲက အရသာနဲ့ ပါဝင်ပစ္စည်းများကို ရောစပ်ဖို့ ပြင်းထန်တဲ့ အကျိုးသက်ရောက်မှုကို အသုံးပြုဖို့ အစီအစဉ်ရှိနေတာလား..."


ပုဖန် လူအိုကြီးကို ကြည့်ကာ အံ့သြသွားသည်။နောက်ကွယ်ရှိ အကြောင်းတရားကို နားလည်နိုင်လိမ့်မည်ဟု မထင်ထားမိပေ။


သို့သော် လူအိုကြီးက အနည်းငယ်သာ နားလည်သည်။ ဤနည်းလမ်းသည် ရိုးရှင်းသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ အလွန်ခက်ခဲပါသည်။


" ဒါပေမဲ့ ဒီအိတ်က ချူးလေးရဲ့လက်သီးကို ခံနိုင်ပါ့မလား... ချူးလေးရဲ့ ကျင့်ကြံခြင်းအဆင့်ကမနိမ့်ဘူး လက်သီးတစ်ချက်နဲ့တင် စားသောက်ဆိုင်တစ်ခုလုံး ပျက်စီးသွားနိုင်တယ်..."


"ကြိုက်သလောက်သာထိုးပါ... အကယ်၍ ပျက်စီးခဲ့ရင်လည်း အဲ့တာငါ့အပြစ်ပဲ..." 


လူအိုကြီး၏ စိုးရိမ်ပူပန်မှုနှင့်ပတ်သက်၍ ပုဖန်က ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်သည်။


အကယ်၍ စနစ်မှထုတ်ထားသော အိတ်ကို ချူးချန်ရှန့် အလွယ်တကူ ဖျက်ဆီးနိုင်ပါက ကောင်းကင်သို့ပင် တက်နိုင်သွားမည်ဖြစ်သည်။


"ပိုင်ရှင်ပုက အရမ်းယုံကြည်ချက်ရှိနေတာလား ဒါမှမဟုတ် ဒီလူအိုကြီးရဲ့လက်သီးတွေကို မယုံကြည်တာလား..."


သူ့ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ စွမ်းအားသည်အင်မတန်အစွမ်းထက်သည့်အတွက် လက်သီးနှင့်ထိရုံဖြင့် အပိုင်းအစများအဖြစ် ကွဲအက်သွားမည်မှာသေချာသည်။


"ငါ မင်းကို နှိမ့်ချနေတာ မဟုတ်ဘူး၊ ဒါပေမယ့် မင်း တကယ်ကို ခွဲလို့မရဘူး..." 


ပုဖန်က ခံစားချက်မဲ့စွာဖြင့် ပြောလိုက်သည်။


ချူးချန်ရှန့် စကားထပ်မဆိုတော့ပဲ အသက်ပြင်းပြင်းရှူလိုက်သည်... သူ့ အစွမ်းကို ပြဖို့ အချိန်တန်နေပေပြီ။


သူ၏ရှေ့က ထမင်းစားပွဲပေါ်တွင် တင်ထားသော ဖောက်ထွင်းမြင်နိုင်သည့်အိတ်ကို ကြည့်လိုက်ကာ လက်ဖဝါးတစ်ဖက်ကို မြှောက်လိုက်သည်။


ပုဖန်က တည်ငြိမ်စွာဖြင့် ကြည့်နေသည်။


ငရဲဘုရင်အာဟသည်လည်း စိတ်ဝင်တစား စူးစမ်းနေသည်။


လူအိုကြီးက သူ့ ဆံပင်ဖြူများကို ထိကာ စိတ်ဝင်တစား ကြည့်နေသည်။


အကယ်၍ ချူးချန်ရှန့်၏ လက်သီးချက်ထိုးကျသွားပြီး ထိုအိတ်ကွဲသွားလျှင် ပိုင်ရှင်ပု၏မျက်နှာမှာ အရမ်းစိတ်ဝင်စားဖို့ကောင်းနေလောက်သည်။


" ပိုင်ရှင်ပု ငါ ဒါကိုထိုးပစ်လ်ိုက်တော့မယ်... ရတယ်မလား..." 


"စိတ်အေးအေးထားပါ... မကြောက်လန့်ပဲ အဲ့တာကိုထိုးပစ်လိုက်..." 


 ဟမ့်...


ချူးချန်ရှန့် စိတ်ထဲမှမပါပဲ "ဟမ့်" ဟူသောအသံကို ပြုလုပ်လိုက်မိသည်။ 


ကြည့်ရတာ ပိုင်ရှင်ပုက သူ့ကိုအထင်သေးနေပဲ


ဒီလိုဆိုရင်လည်း.....


အစိတ်စိတ် အမြွှာမြွှာကွဲကြေလိုက်တော့ အိတ်လေးရေ.....


ချူးချန်ရှန့်၏ မျက်လုံးများ ကျဉ်းမြောင်းသွားကာ သူ၏လက်ဖဝါး ရုတ်တရက် ထိုးကျသွားသည် ။ လေချွန်သံနှင့်အတူ လေထဲသို့ ဖြတ်သန်းသွားသည်။


ဘုန်းခနဲ အသံနှင့်အတူ သူ၏လက်ဖဝါးသည် ထမင်းစားပွဲကို ထိုးလိုက်သည်။ 


ထမင်းစားပွဲသည် ပြင်းထန်စွာတုန်ခါပြီး ကွဲအက်သံများထွက်ပေါ်လာ၏။


မီးဖိုချောင်ထဲမှ ဝှိုက်တီ၏မျက်လုံးများသည် လျှပ်စီးလက်သကဲ့သို့ တောက်ပလာပြီးစက်ရုပ်သံထွက်ပေါ်လာသည်။.


" ပြဿနာရှာတဲ့သူတွေကို ဖယ်ထုတ်ပစ်မယ်..." 


ချူးချန်ရှန့် ဝှိုက်တီအား နေရခက်စွာကြည့်၍ ပြောလိုက်သည် 


" ဒီအဘိုးကြီးက ပိုင်ရှင်ပုနဲ့ ကစားနေတာပါ..."


ချူးချန်ရှန့်၏ ရှင်းပြချက်ကိုကြားသောအခါ ဝှိုက်တီသည် မီးဖိုချောင်သို့ ချက်ခြင်းပြန်သွားသည်။  


ချူးချန်ရှန့်က သူ၏လက်ကို မြှောက်လိုက်ပြန်သည်။


စားပွဲပေါ်ရှိ ထိုအိတ်သည် လုံး၀မပျက်စီးပေ။ အထဲမှ ဂေါ်ဖီထုပ်များသည်လည်း ပုံစံမပြောင်းလဲပေ။


ပုဖန် သက်ပြင်းချကာ တစ်ချက်ကြည့်လိုက်သည်။


"မဖြစ်သေးဘူး... မင်းကအရမ်းအားနည်းတယ်..."


အဲ့အရာက တကယ်မပေါက်ကွဲခဲ့ဘူးလား...


"မတော်တဆပါ... တကယ့်ကိုမတော်တဆ... ဒီအိတ်ကတော်တော်လေး ကြံ့ခိုင်တာပဲ... ပိုင်ရှင်ပု ဒီအဖိုးကြီးကို အခွင့်အရေးတစ်ခါလောက် ပေးပါဦး..."


 ချူးချန်ရှန့် တည်ငြိမ်စွာ ပြောလိုက်သည်။


ကြည့်ရသည်မှာ ပုဖန်သည် နောက်နေဟန်မပေါ်ပေ။သူထိုအိတ်ကို တကယ်ပင် ထိုးပစ်တော့မည်။


ဒီအခြေအနေတွင် ဘာကြောင့်မျှ ထိန်းထားရန်မလိုပေ။


"ကောင်းပြီလေ..."


ပုဖန်သည် ခေါင်းညိတ်ပြလိုက်၏ ။ ချူးချန်ရှန့်ကို နောက်ထပ်အခွင့်အရေးပေးခြင်းသည် မမှားပေ။


" လာကြပါ... အပြင်ဘက်ကိုသွားပြီး အဖြူရောင်သခင်လေးရဲ့ အထင်လွဲမှုတွေကိုဖြေရှင်းကြမယ်..."


 ချူးချန်ရှန့်သည် ထိုအိတ်ကိုကိုင်ပြီး စားသောက်ဆိုင်အပြင်သို့ထွက်ရန်ပြင်လျက် ပြောလိုက်သည်။ 


ပုဖန်က ဂရုမစိုက်သလိုမျိုး လက်ပိုက်လျက် သူ၏နောက်မှလိုက်သွား၏ ။


ငရဲဘုရင်အာဟနှင့် လူအိုကြီးတို့သည်လည်း စူးစမ်းလျက် လိုက်လာကြ၏။


မူလက သိမြင်မှုသစ်သီးပင်အောက်တွင် လဲလျောင်းနေသော ခွေးအရှင်သခင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူသည် သမ်းဝေလျက် ဘာမျှမပြောနိုင်အောင် ဖြစ်နေသည်။


အခြားတစ်ဖက်တွင် ပန်းပွင့်လေးသည် သူမ၏မျက်လုံးများကို ပြူးကျယ်ကာ ဖျော်ဖြေမှုကို ခံစားရန် စိတ်အားထက်သန်စွာ ပြေးသွားခဲ့သည်။


နယ်သာရီလည်း အခွင့်အရေးကို လက်လွတ်မခံပဲ အပျင်းပြေမှုအတွက် ပါဝင်လာခဲ့သည်။


နီယန်က ယခုအချိန်တွင် စားသောက်ဆိုင်၌ ရှိမနေပါ။ ကောင်းကင်ဘုံ လျို့ဝှက်သန့်စင်နယ်မြေ၏ သူတော်စင်မလေး ဖြစ်သည့်အတွက် ကောင်းကင်ဘုံလျှို့ဝှက် သူတော်စင်ဂိုဏ်းချုပ်များ၏ တောင်းဆိုချက်အရ လက်ရှိစခန်းချရာနေရာသို့သွား၍ တပည့်များအားလမ်းညွှန်ပေးနေရသည်။ 


သူမ အခုထိ ပြန်မရောက်သေးပါ။ သို့မဟုတ်လျှင် ထိုအမျိုးသမီး၏ အကျင့်နှင့်ဆိုလျှင် သူမကိုယ်တိုင်ပါဝင်ပြီး လက်သီးနှင့်ထိုးနေပေလိမ့်မည်။


စားသောက်ဆိုင်ရှေ့၌ လူအုပ်ကြီး စုရုံးလာသည်။


‌ပတ်ဝန်းကျင်မှ ဖြတ်သွားဖြတ်လာလူများသည်လည်း လူအုပ်ကြီး၏ ဆွဲဆောင်မှုကြောင့် ထိုအဖွဲ့အတွင်းရောက်လာသည်။ 


ချူးချန်ရှန့်သည် ထိုးဖောက်မြင်နိုင်သောအိတ်ကို မြေကြီးပေါ် ချထားပြီးနောက် သူ့အတွက် နေရာနည်းနည်းပေးရန် ပရိသတ်ကို နောက်ပြန်ရွှေ့ဖို့ အချက်ပြလိုက်သည်။


ချူးချန်ရှန့်၏ ခန္ဓာကိုယ်အထက်တွင် စစ်မှန်သောစွမ်းအင်များ တိုးလာပြီး မြင့်တက်လာသည် ။ နောက်တစ်ခဏတွင်းချင်း၌ သူ၏မျက်လုံးထဲမှ အလင်းရောင်များ လင်းလက်လာသည်။


သူ၏အသွင်သဏ္ဌာန်သည် ရုတ်တရက်ကြီးမားလာသည်။ ကြွက်သားများ ဖောင်းပွလာပြီး ထိုခဏ၌ပင် သုံးမီတာမြင့်သော ဧရာမလူကြီးတစ်ယောက်ဖြစ်လာသည်။


ယားစ်....


ချူးချန်ရှန့်သည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။ သူ၏ ငွေရောင်ဆံနွယ်များသည် သံမဏိအပ်များကဲ့သို့ တဖျပ်ဖျပ်ခတ်၍ လေကိုပေါက်ကွဲစေသွားမည် ဟုပင်ထင်ရသည်။ 


သူ၏အကြည့်ကို လှည့်ကြည့်လိုက်သောအခါတွင် အိတ်သည် မြေပြင်ပေါ် သို့ကျသွားသည်။ ထို့နောက် ချူးချန်ရှန့်သည် သူ၏လက်နှစ်ဖက်လုံးကို ဆုပ်ကိုင်လိုက်သည်။


သူ၏ကြွက်သားများသည် ချိုနှင့်နဂါးကဲ့သို့ ထူထပ်ကာ သံမဏိကဲ့သို့ သန်မာသည်။


ပါးစပ်ကိုဖွင့်၍ လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး မြေပြင်ပေါ်ရှိ အိတ်ကို ရိုက်ချလိုက်သည်။


အရှိန်သည် အလွန်လျင်မြန်ပြီး လေထုလေထုသည် ကွဲကြေတော့မည်ဟု ထင်ရသည်။


ပတ်ဝန်းကျင်မှ လူများသည် အံ့သြတကြီး ခုန်ပေါက်ပြီး အေးစက်သည့်လေကို ရှုရှိုက်မိလိုက်ကြသည်။


သူဘာလုပ်နေတာလဲ...


အိတ်တစ်လုံးကို မြေကြီးပေါ်ပစ်ရန် ခွန်အားအများကြီးသုံးလိုက်သည်... မြေကြီးပျက်စီး သွားမည်ကို မကြောက်ဘူးလား...


ချူးချန်ရှန့်သည် ထိုအိတ်ကို မခွဲနိုင်သေးဘူးတဲ့လား...


ဒါက စိတ်ဝင်စားစရာမဟုတ်ပေဘူးလား...


ဝုန်း.....


ပရိသတ်၏စိတ်သည် တုန်လှုပ်သွားပြီး မြေကြီးသည်လည်း တုန်ခါသွားသကဲ့သို့ ခံစားလိုက်ရသည်။


မြေကြီးပေါ်တွင် ပြင်းထန်သော လှိုင်းလုံးကြီးထွက်လာပြီး အက်ကွဲကြောင်းများ ပေါ်ပေါက်လာသည်။


သုံးမီတာဧရာမလူကြီးအဖြစ်သို့ အသွင်ပြောင်းသွားသော ချူးချန်ရှန့်သည် ကြီးမား၍ မယှဉ်ပြိုင်နိုင်သော အင်အားကိုပိုင်ဆိုင်ထား၏ ။ သူသည် တောင်ငယ်တစ်ခုကိုပင် လက်ဗလာဖြင့် အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေနိုင်သည်။


သူ၏ခွန်အားသည် ၎င်း၏ဂုဏ်ကျက်သရေကို ထင်ရှားစေပြီး အနီးနားရှိလူများကို အလွန်တုန်လှုပ်သွားစေခဲ့သည်။


သို့သော်လည်း ပုဖန်သည် နောင်တရစွာဖြင့် ခေါင်းခါလိုက်သည်။


ငရဲဘုရင်အာဟနှင့် လူအိုကြီးသည်လည်း သက်ပြင်းချလိုက်၏ ။


ထိုအိတ်သည် နဂိုမူလအတိုင်းပင်...


ချူးချန်ရှန့် ခြေလှမ်းအနည်းငယ် ဆုတ်သွားသည် ။ သူ၏လက်ကို ဆန့်တန်းပြီး မြေကြီးထဲ မြုပ်သွားသည့် ဖောက်ထွင်းမြင်နိုင်သည့်အိတ်ကို ဆွဲထုတ်လိုက်သည်။ 


အိတ်သည် အစအန တစ်ခုပင်မျှ မပျက်စီးသေးကြောင်း သဘောပေါက်သွား၏ ။


" ငါတကယ်ပဲ ဒီအိတ်ကို တကယ်မထိုးနိုင်သေးဘူးလား..." 


ဧရာမလူကြီးအဖြစ်သို့ ပြောင်းသွားသော ချူးချန်ရှန့် အနည်းငယ် ထိတ်လန့်သွား၏ ။


သူ၏ခန္ဓာကိုယ်သည် ကျုံ့သွားပြီး ငယ်ရွယ်နုပျိုသော အသွင်အပြင်ကို ပြန်လည်ရရှိလာသည်။ သို့သော် သူ၏မျက်နှာတွင် နေရခက်သည့် အမူအရာများ ကျန်ရှိနေခဲ့သည်။


" စိတ်ဝင်စားစရာကောင်းသားပဲ... ဒီလူအိုကြီးလည်း စမ်းကြည့်ရအောင်..."


သူ အနည်းငယ် သိချင်စိတ်ပြင်းပြစွာဖြင့် ချူးချန်ရှန့်၏ လက်ထဲမှ အိတ်ကို ယူလိုက်ပြီး မြေပြင်ပေါ်တွင် တင်လိုက်သည်။ အသက်ပြင်းပြင်းရှူသွင်းပြီးနောက်...


ဝေါ...


အဘိုးအို၏ ကျင့်ကြံမှုသည် ထုထည်ကြီးမားပြီး ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်များက သူ၏ခန္ဓာကိုယ်ကို ရစ်ပတ်ထားပုံရသည်။


ထို့နောက် အဘိုးအိုသည် ဟိန်းဟောက်သော သားရဲအရိပ်ကို ဖန်ဆင်းလိုက်သကဲ့သို့ သူ၏တစ်ကိုယ်လုံးတွင် စစ်မှန်သော စွမ်းအင်များ စုစည်းကာ လက်သီးဆုပ်ကို မြှောက်လိုက်သည်။


လက်သီးချက်တစ်ချက်တည်းဖြင့် ထိုးချလိုက်သည်။


မြေပြင်သည် ချက်ခြင်းတုန်ခါကာ မြေတွင်းတစ်ခုဖြစ်လာပြန်သည်။


ပတ်ဝန်းကျင်ရှိ လူများလည်း ထိတ်လန့်ကုန်ကြသည်...


အားနည်းပုံရတဲ့ အဘိုးအိုကြီးက အမှန်တကယ် သန်မာသည်တဲ့လား...


" ပိုင်ရှင်ပုရဲ့ ပစ္စည်းတွေက တကယ်ကို ဆန်းကြယ်ပါပေတယ်... ဒီလူအိုကြီးက အိုမင်းနေလို့ မခွဲနိုင်ပါဘူး..."


လူအိုကြီး၏ပုံရိပ်က တွင်းနက်ကြီးထဲမှ လွင့်ပျံလာသည်။ သူ၏လက်တွင် လုံးဝမပျက်စီးသေးသော အိတ်ကို ကိုင်ထားပြီး ခါးသီးသော အပြုံးနှင့်ပြုံးနေ၏ ။


ပုဖန် ထိုအိတ်ကိုကြည့်လိုက်သောအခါ အထဲတွင် ဂေါ်ဖီထုပ်များ ပူစပ်စပ်ငရုတ်နှစ် နှင့် အခြားဟင်းခတ်အနှစ်များ အနည်းငယ် ရောစပ်သွားသည်ကို တွေ့လိုက်၏ ။ သို့သော် ပုဖန်၏ နှလုံးသားထဲတွင် မျှော်မှန်းချက်ဆီသို့ ရောက်ရန် အကွာအဝေးက ဝေးနေသေးသည်။


" ဘုရင်ကြီးကိုစမ်းခိုင်းကြည့်ရအောင်..."


ငရဲဘုရင်အာဟသည် ပါးစပ်ထဲတွင်ရှိသော ရှူးရှဲအစပ်ချောင်းများကို အနည်းငယ်ဝါး၍ လက်စသတ်လိုက်သည် ။ သူ၏အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများနှင့် ပြည့်နှက်နေသည်။


ချက်ပြုတ်သည့် နေရာတွင် ပါဝင်နိုင်ရန်အတွက် သူ စိတ်လှုပ်ရှားနေ၏ ။ ထို့အပြင် ၎င်းသည် ပြိုင်ဘက်ကင်းသော ဟင်းချက်နည်းဖြစ်သည်ကို သိလိုက်ရသဖြင့် ပို၍ပင် စိတ်လှုပ်ရှားစေခဲ့သည်။


လူအိုကြီးက ငရဲဘုရင်အာဟကို တစ်ချက်ကြည့်လိုက်ပြီး ထိုအိတ်ကိုပစ်ပေးချိန်တွင် သူ၏မျက်လုံးများ ချက်ချင်းတောက်ပလာခဲ့သည် ။ 


အာဟ လက်ခံလိုက်သည့်အချိန်တွင် အိတ်ထဲရှိဂေါ်ဖီသည် အနည်းငယ် နွေးနေပြီဖြစ်သည်။ 


သိသာထင်ရှားသည်မှာ၊ အဘိုးအိုနှင့် ချူးချန်ရှန့်တို့၏ ထိုးရိုက်မှုသည် ထိရောက်မှု ရှိနေဆဲဖြစ်သည်။


" လူငယ်လေးပုဖန် အကယ်၍ ဒီဘုရင်က အိတ်ကိုထိုးနိုင်ခဲ့ရင် ဒီဘုရင်ရဲ့ ရှူးရှဲအစပ်ချောင်းတွေကို မနှုတ်ယူသွားဘူးမလား..." ငရဲဘုရင်အာဟသည် မျက်မှောင်ကြုံ့လျက် ပြောလိုက်သည် ။


" မနှုတ်ယူပါဘူး ... တကယ်လို့ ဒီအိတ်ကိုဖျက်ဆီးနိုင်ခဲ့ရင် ရှူးရှဲ အစပ်ချောင်းသုံးချောင်း ဆုချဖို့ ဝန်မလေးဘူး..." 


ပုဖန် လက်ပိုက်လျက် ဖြေလိုက်သည်။ 


" အိုင်းရိုး ပုဖန် ကောင်လေး... မင်းအရမ်း စိတ်ကြီးဝင်နေတာ မဟုတ်ဖူးလား...ဒီဘုရင်က အလွန်အံ့သြဖွယ်ကောင်းတဲ့ တည်ရှိမှုဆိုတာကို မမေ့ပါနဲ့..." 


ပုဖန်၏ ယုံကြည်ချက်ရှိသည့် အသွင်ပြင်ကိုမြင်ပြီးနောက် ငရဲဘုရင်အာဟသည် မျက်မှောင်ကြုံ့သွား၏ ။ သူ၏ခေါင်းမှ ဆံပင်များသည် စကားပြောလိုက်လျှင် တဖျက်ဖျက် လှုပ်ခါနေ၏ ။ 


နောက်တခဏတွင်းချင်းတွင် အိတ်ကို ပစ်လိုက်သည်။ သူ၏သွင်ပြင်အထက်တွင် ငရဲစွမ်းအင်ပမာဏ ထူထပ်စွာ ပြန့်ကျဲနေသည်။


သူ၏လက်ဝှေ့ရမ်းခြင်းဖြင့် သိန်းနှင့်ချီသော ငရဲစွမ်းအင်များ ပေါင်းစပ်ကာ ကောင်းကင်ကြီးကို ဖုံးကွယ်ပြီး ကမ္ဘာမြေကြီးကို ဖုံးအုပ်ထားသည့် ကြီးမားသော လက်ဖဝါးကြီးတစ်ခု ဖြစ်ပေါ်လာသည်။


ထိုလက်ဖဝါးသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားရှိပြီး အစားကြူးတောင်ကြားကို တစ်ချက်တည်းနှင့်ပင် ဖျက်ဆီးတော့မည်ဟု ထင်ရသည်။ 


ကမ္ဘာကြီး အဆုံးသတ်တော့မည်ကဲ့သို့ ကြောက်မက်ဖွယ်ခံစားချက်ကြီးဖြစ်နေသည်။


စားသောက်ဆိုင်အတွင်း ခွေးအရှင်သခင်သည် သူ၏မျက်လုံးများကို အလိုအလျောက်ဖွင့်လိုက်ပြီး ရေရွတ်လိုက်သည်။


 " ဒီလူရွှင်တော်ကောင် ထပ်ပြီးရူးနေပြန်ပြီ..."


ဘုန်း.....


လက်ဖဝါးကြီးသည် ပြုတ်ကျလာပြီး လူတိုင်းသည် မျိုးဆက်တစ်ခု ကုန်ဆုံးသွားပြီဟု ခံစားကြရသည်။


တစ်ခဏအကြာ၌ အမြင်အာရုံများ ရှင်းလင်းသွားသည်။ 


လေထဲတွင် အိတ်သည် လွင့်နေလျက်ရှိပြီး 

အတွင်းရှိ ဂေါ်ဖီထုပ်နှင့် ဟင်းခတ်အနှစ်များ ပွက်ပွက်ဆူနေပုံရသည်။


ပုဖန်၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာ၏ ။ ငရဲဘုရင်အာဟ၏ လက်ဖဝါးတစ်ချက်သည် ထိုမျှလောက်စွမ်းအားကြီးသည်လော...


သူ၏အလိုဆန္ဒအရ စိတ်စွမ်းအားများ ပြန့်ကျဲလာပြီး ဖောက်ထွင်းမြင်ရသော အိတ်ငယ်ကို ပတ်ထားလိုက်သည်။


ပုဖန်သည် ပါးစပ်ထောင့်ကို ဆွဲလိုက်သည်။ သနားစရာ… ငရဲဘုရင်အာဟထံမှ ဤလက်ဖဝါးသည် သန်မာသော်လည်း အနည်းငယ်မျှသာ ရှိသေးသည်။


ဂေါ်ဖီထုပ်နှင့် ဟင်းခတ်အနှစ်များ ရောနှောခြင်းသည် မပြီးပြတ်သေးပေ။ 


ငရဲဘုရင်သည် လုံးဝပျက်စီးခြင်းမရှိသော အိတ်ကို ကြည့်ကာ ခြောက်သွေ့စွာ ရယ်မောလိုက်သည်။


" အဟီးဟီး... ဒီအိတ်ကတော်တော်ခံနိုင်တာပဲ... မဆိုးပါဘူး... ဒီဘုရင်လည်း ကောင်းတယ်လို့ စဉ်းစားမိတယ်..."


" ပုဖန် ခွေးအရှင်သခင်ကို သူ့ရဲ့လက်သည်းနဲ့ စမ်းကြည့်ခွင့်ပေးသင့်တယ်... အဲ့တာမှ စုတ်ပြဲသွားမယ်လို့ အာမခံတယ်..."


ထိုတစ်လျှောက်လုံး တိတ်တိတ်ဆိတ်ဆိတ်နေခဲ့သည့် နယ်သာရီသည် ရုတ်တရက် ပါးစပ်ကိုဖွင့်ပြီး အေးဆေးစွာ ပြောလိုက်သည်။ 


ပုဖန်အေးခဲသွားပြီး သူ၏မျက်လုံးများ တောက်ပလာသည်။


ဒါအမှန်ပဲ... ခွေးအရှင်သခင်၏ ပြောင်မြောက်လှသော လက်သည်း၏ စွမ်းအားသည် အလွန်ကြောက်စရာကောင်းသည်။သူသည် မိုးကြိုးပြစ်ဒဏ်ကိုပင် လက်သည်းဖြင့်ခွဲနိုင်သည်... ထို့ကြောင့် အိတ်တစ်လုံးကို ထိုးရိုက်ခြင်းသည် လှည့်ပတ်ကစားခြင်းနှင့် အတူတူပင် ဖြစ်သင့်သည်။


ထို့ကြောင့် ပုဖန်၏အကြည့်သည် သိမြင်မှုသစ်သီးပင်အောက်၌ လှဲလျောင်းနေသော ခွေးဘုရင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏ ။


ခွေးအရှင်သခင်သည် အေးခဲသွားပြီး သူ၏တစ်ကိုယ်လုံးရှိ အမွေးများသည် ပေါက်ကွဲသွားမည်ဟုပင် ထင်ရသည် ။ 


" ရေးကြီးခွင်ကျယ် မလုပ်စမ်းပါနဲ့... ဒီမြင့်မြတ်တဲ့ လက်သည်းကို ကစားဖို့လို့ ထင်နေလား...ငာသခင်ခွေးက လွယ်လွယ်နဲ့ လက်သည်းကိုမထုတ်ဖူး..."


ခွေးဘုရင်၏ နူးညံ့သိမ်မွေ့သော သံလိုက်ကဲ့သို့အသံ ထွက်ပေါ်လာသည်။


ခွေးဘုရင်၏ ရင့်ကျက်သောအကြည့်ကို ကြည့်ပြီး ပုဖန်သည် ခေါင်းကို လေးလေးနက်နက် ငြိမ့်လိုက်သည်။


ထို့နောက် လက်ကိုမြှောက်ကာ ပြောလိုက်သည်။


 "နံရိုးချိုချဉ်ကြော်တစ်ပွဲအတွက် လက်သည်းတစ်ချက်ဆို ဘယ်လိုလဲ..."


"ဒီအရှင်သခင်က သွေးဆောင်မှုကို အလွယ်တကူလက်လွှတ်ခံနိုင်မယ့် ခွေးတစ်ကောင်နဲ့ တူနေလို့လား..."


" လက်သည်းတစ်ချက်အတွက် နဂါးနံရိုးချိုချဉ်ကြော်တစ်ပွဲ ဆိုရင်ရော ဘယ်လိုလဲ..."


" ဘာလို့‌ စောစောက မပြောတာလဲ... သဘောတူတယ်..."