အပိုင်း ၉၁၅
Viewers 53k

အခန်း ၉၁၅

ငရဲဘုရင်အာဟ ကင်ချီပြုလုပ်ခြင်း


လေထုသည် ရုတ်တရက် တိတ်ဆိတ်သွား၏ ။


အားလုံးက ငရဲဘုရင်အာဟ ပုဖန်ပေးသော ကင်ချီတစ်ပိုင်းလုံးကို မျိုချလိုက်သည်ကို ကြောက်လန့်စွာ ကြည့်နေကြသည်။ 


ထို့နောက် ကင်ချီကို မျိုချလျက်နှင့်ပင် သူ၏တစ်ကိုယ်လုံး ထိုနေရာတွင် အေးခဲသွား၏ ။


ပွဲကြည့်ပရိသတ်များသည် ငရဲဘုရင်အာဟ၏မျက်နှာ ဖြည်းညှင်းစွာ မည်းမှောင်သွားသည်ကို တွေ့လိုက်ကြပြီး အားလုံး လေအေးတချက်ရှိုက်လိုက်မိကြသည်။


" မျှော်လင့်ထားသလိုပဲ... ကင်ချီလို့ခေါ်တဲ့ဟာက အရမ်းဆိုးတာလား..."


" အရှင်သခင်ဟရဲ့ မျက်နှာကိုကြည့်လိုက်ပါဦး မျောက်ဖင်ကြီးလိုပဲ..."


" ကြောက်စရာကောင်းလိုက်တာ... ငါတို့မစားမိတာ ကံကောင်းသွားတယ်..."


ပတ်ဝန်းကျင်မှ လူများသည် ငရဲဘုရင်အာဟကို ညွှန်ပြလျက် ဆွေးနွေးနေကြသည် ။


ပူစပ်စပ်ငရုတ်နှစ် ဟင်းခတ်ဇွန်းတစ်ဇွန်း အပြည့်သည် သာမန်လူများ သူတို့၏ဘဝကို မေးခွန်းထုတ်ရန် လုံလောက်ပါသည်။ ပုဖန်နှင့် ငရဲဘုရင်အာဟသည်ပင် စပ်လွန်းသည့်အတွက် နှုတ်ခမ်းများ နီရဲနေသည် ။

၎င်းတို့၏ ခန္ဓာကိုယ်အတွင်းရှိ စစ်မှန်သောစွမ်းအင်ကို ထိန်းချုပ်ထားလျှင် အစပ်သည် သဘာဝအတိုင်းပင် သူတို့အား လုံးဝထိခိုက်စေမည်မဟုတ်ပေ။


သို့သော်လည်း ဟင်းတစ်ပွဲစားနေစဉ် သူတို့၏ စွမ်းအင်အစစ်အမှန်ကို ထိန်းထားလျှင် ထိုအရာသည် အဓိပ္ပါယ်ရှိလိမ့်မည်မဟုတ်ပေ။ ဟင်းလျာများ စားနေရခြင်းသည် ‌ဖယောင်းကို စားနေရသကဲ့သို့ ဖြစ်လိမ့်မည်။ 


ပွဲကြည့်ပရိသတ်များ၏ အကြည့်အောက်တွင် ငရဲဘုရင်အာဟသည် မျက်လုံးများကို ပိတ်လိုက်သည်။ စက္ကန့်ပိုင်းအတွင်း နှုတ်ခမ်းများ နီမြန်းလာပြီး မျက်လုံးထောင့်မှ စူးရှသော မျက်ရည်တစ်စက် ကျဆင်းလာသည်။ 


ပုဖန်သည်လည်း ငရဲဘုရင်အာဟကို အနည်းငယ်နားလည်သည်။ ဤလူသည် စပ်သော အစားအစာများအား မည်သို့စားရမည်ကိုမသိပေ။


သွေးကျောက်ပုစွန်နှင့် ရှူးရှဲအစပ်ချောင်းများအား စားရသည်ကို နှစ်သက်သော်လည်း သူသည်စပ်သော အစားအစာများပေါ်တွင် ခံနိုင်ရည် နည်းပါးသည်။ သူ၏ သွေးကျောက်ပုစွန်ကို စားသည့်နှုန်းကိုကြည့်၍ ပြောနိုင်ပါသည်။ 


" ဝိုး... ကြောက်စရာကောင်းလိုက်တာ...သူငိုနေတာကိုကြည့်ပါဦး... အဲ့တာကဒီလောက်တောင် ဆိုးလား..." 


" ဘုရားရေ... ငါတို့မစားမိတာ တော်သေးတယ်..." 


" ငါမင်းကို ပြောသားပဲ...တစ်ယောက်ယောက်ရဲ့ လက်သီးနဲ့ ထိုးချေထားတဲ့ ဟင်းလျာက ဘယ်လိုလုပ် အရသာရှိမှာလဲ..." 


ငရဲဘုရင်အာဟသည် လေအေးများ ရှုသွင်းလျက် မျက်ရည်ကျနေသည်ကို ပတ်ဝန်းကျင်မှ လူများ ကြည့်နေကြသည်။ သူတို့အားလုံး ထိတ်လန့်သွားကြောင်း ထင်ရှားသည်။


ချူးချန်ရှန့်နှင့် အခြားသူများသည် တစ်စုံတစ်စု ထူးဆန်းနေသည်ဟု ခံစားမိလာသည် ။ ပိုင်ရှင်ပု၏ ဟင်းများ မကောင်းလျှင်တောင်မှ တစ်စုံတစ်ယောက် ငိုရလောက်သည်အထိ မဆိုးဘူးဟူသည်ပင်။ 


ပွဲကြည့်ပရိသတ်များ၏ တုံ့ပြန်ချက်များကို ဂရုမစိုက်ပဲ ပုဖန် ငရဲဘုရင်အာဟကိုကြည့်လျက် နီမြန်းနေသော နှုတ်ခမ်းများကို တွန့်ကွေးလိုက်သည်။ 


ထို့နောက် တစ်ခဏအကြာတွင်.....


ငရဲဘုရင်အာဟ မျက်လုံးများကို ဖွင့်လိုက်သည် ။ သူ၏ပါးစပ်က ကင်ချီကို ပြင်းပြင်းထန်ထန် ဝါးလိုက်သည်နှင့် သူ၏သွားများနှင့် ကင်ချီကြိတ်သံများ အဆက်မပြတ် ထွက်ပေါ်လာသည် ။


တဂျွတ်ဂျွတ်ဝါးနေသည်။


ငရဲဘုရင်အာဟ နာကျင်ပြီး ပျော်ရွှင်နေခဲ့သည်...


ကင်ချီ၏ ချဉ်စပ်အရသာသည် ငရဲဘုရင်အာဟကို မရပ်တန့်စေနိုင်ခဲ့ပေ။ ၎င်း၏ အသွင်အပြင်နှင့် စပ်သောအရသာသည် သူ၏တစ်ကိုယ်လုံးရှိ ချွေးပေါက်များကို ကျဉ်းသွားစေပြီး ပါးပြင်များ အနည်းငယ် ရောင်ရမ်းလာသည်။


စပ်သော်လည်း တစ်မျိုးတစ်ဖုံ စိတ်လှုပ်ရှားစေသည့်အပြင် အရသာရှိလှ၍ မျက်ရည်များပင်ကျစေသည် ။


ကင်ချီကို လူများစွာ၏ လက်သီးများဖြင့် ကြိတ်ထားသောကြောင့် ၎င်းသည် အမှန်တကယ် ကြီးမားသော သက်ရောက်မှုကို ပေးပုံရသည်။


အတွင်းတွင် စွမ်းအင်အတက်အကျများရှိပြီး ၎င်းတို့ကို ရိုက်ခွဲလိုက်သောအခါတွင် စွမ်းအင်များသည် ဂေါ်ဖီထုပ်ထဲသို့ ရောနှောသွားကာ ဂေါ်ဖီထုပ်၏အရသာကို ပို၍စွဲမက်ဖွယ်ဖြစ်လာစေသည်။


သူ စားသောက်နေစဉ်တွင် သူ၏အာခေါင်ပေါက်ကွဲတော့မည် ဟုခံစားရပြီး မီးတောင်ပေါက်ကွဲတော့မည့် အငွေ့အသက်တစ်ခုကဲ့သို့ ခံစားလိုက်ရသည် ။


အချိန်အတော်ကြာအောင် ဝါးပြီးနောက် ကင်ချီအတွင်းမှ ချဉ်စပ်စပ်အရည်များ သူ၏ပါးစပ်ထဲသို့ ဝေ့ဝဲလာသည်။ ချဉ်ချဉ်စပ်စပ်အရသာက သူ၏ပါးစပ်တစ်ခုလုံးကို လွှမ်းသွားသည်။


ကင်ချီကို မျိုချပြီးနောက် ပူလောင်သော ခံစားမှုသည် လည်ချောင်းနှင့် ဗိုက်ထဲသို့ ရောက်သွားသည်။ သည်းမခံနိုင်လောက်သည်အထိ ပူပြင်းသည့် ခံစားချက်မျိုးကြောင့် သူ၏လက်များကို အလိုအလျောက် ဆန့်ထုတ်လိုက်ပြီး မိန်းမောနေသည့်အကြည့်ဖြင့် သူ၏ပါးပြင်နှင့် နှုတ်ခမ်းများကို ပွတ်သပ်နေသည် ။


" အိုး... ဒါကအရမ်းကောင်းတာပဲ..." 


သူ နှာခေါင်းမှ လေများမှုတ်ထုတ်လျက် အံ့အားသင့်စွာ ပြောသည် ။ သူ၏မျက်လုံးများသည်လည်း ရွှင်မြူးနေပုံရသည်။


"အရသာရှိတယ်မလား... ပြိုင်ဘက်ကင်း ချက်ပြုတ်နည်းကိုအသုံးပြုခဲ့တာကိုး... ပါဝင်ပစ္စည်းအနည်းငယ်ကို ဝိုင်ကောင်းကောင်းနဲ့ တွဲစားရင် ပိုအရသာရှိမှာပါ...." 


ပုဖန်သည် သူ၏လက်ထဲမှ ကင်ချီကို လှုပ်ခါကာ ပြုံးလျက်ပြောသည်။ 


" အဲ့တာကနည်းနည်းလေးတော့ စပ်နေတယ်..." 


ငရဲဘုရင် သူ၏နီမြန်းနေသော နှုတ်ခမ်းများကို ဖိလျက်ပြောသည် ။


ခဏအကြာတွင် သူ၏မျက်နှာသည် အပြုံးများနှင့် ပြည့်နှက်သွားသည် ။


" ဘာပဲဖြစ်ဖြစ် ဒီကင်ချီသာ အစပ်အရသာ ကင်းမဲ့နေရင် ဒီလောက်အရသာရှိမှာမဟုတ်ဖူး... အဲ့တာကြောင့် လူငယ်လေးပုဖန် ဒီဘုရင်ကို နောက်ထပ် တစ်ခုလောက်ပေးရင် ဘယ်လိုလဲ...ဒီဘုရင်က နောက်ထပ်အရသာတွေကို မြည်းစမ်းနိုင်မှာပါ..." 


ထိုအရာကို ကြားသောအခါ အနီးမှလူများ ဘာမျှမပြောနိုင် ဖြစ်သွားကြသည် ...ဒီလူ သူ့မျက်နှာကို လိုချင်သေးရဲ့လား...


လူအိုကြီး၏ နှလုံးသားသည် ကြာရှည်စွာ မငြိမ်မသက်ဖြစ်လာသည်။ ပုဖန်ကိုကြည့်ပြီးနောက် ပြောလိုက်သည်။ 


" စားဖိုမှူးလေး ဒီအဘိုးကြီးကိုလည်း တစ်ခုပေးပါဦး..." 


" ပုဖန်...ငါရောပဲ..." 


နယ်သာရီက အနက်ရောင်မျက်ဝန်းများဖြင့် ပုဖန်ကိုကြည့်လျက် အနီရောင်နှုတ်ခမ်းများကို လျှာဖြင့်လျက်လိုက်သည် ။ သူမ၏ လှပသော မျက်နှာလေးသည် တည်ငြိမ်မှုများနှင့် ပြည့်နေသည် ။


ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးများသည် ပုဖန်ကိုကြည့်လျက် "အာ..." ဟူ၍ပြောနေသည် ။


ပန်းကလေးသည်လည်း ထိုအရာကို မြည်းစမ်းချင်သည်မှာ သံသယရှိစရာ မလိုပေ။ 


သို့သော် လူတိုင်း၏မျှော်လင့်ထားသည့်အကြည့်များအောက်တွင် ပုဖန်သည် အိတ်အဖုံးကိုသာ အလုံပိတ်ထားပြီး လေးနက်သောအသံဖြင့် ပြောနေသည်။


 “မရှိတော့ဘူး၊ မရှိတော့ဘူး။ ကျန်တဲ့ ကင်ချီကို သုံးဖို့လိုသေးတယ်..." 


ပုဖန် ကင်ချီကို ဘာအတွက် လိုအပ်တာလဲ...စားသုံးခြင်းမှလွဲ၍ အခြားမည်သို့အသုံးပြုနိုင်မည်နည်း...


ပတ်ဝန်းကျင်ရှိ လူများ စူးစမ်းသည့် အမူအရာများ ပေါ်လာသည်။ 


သူတို့ကင်ချီအရသာကို မခံစားနိုင်သည့်အတွက် နောင်တရရုံမျှဖြင့် နှလုံးသားထဲတွင် သနားစရာကောင်းသည်ဟု ခံစားရသည်။


လူအိုကြီး ဒေါသအလွန်ထွက်သွားပြီး အံကြိတ်ကာ ခေါင်းပေါ်မှ ဆံပင်ဖြူများကို ဆွဲစုပ်လိုက်မိသည်။


သူသည် အစားကြူးတောင်ကြား၏ ပထမဆုံးတောင်ကြားသခင် ဖြစ်သည်။ သူစားချင်သည့်အရာကို စားကိုစားနိုင်ရမည်။


သို့သော် ယခုအချိန်ထိ သူသည် ထိုကောင်လေးထံမှ အရှက်ခွဲခံရသည်မှာ အကြိမ်ပေါင်းများစွာ ခံခဲ့ရသည်။ ယခင်က သူသည် တစ်ကြိမ်မျှ အငြင်းမခံရဖူးပေ ။ 


ဤဒေါသကြောင့် အဘိုးအိုသည် ခေါင်းပေါ်မှ ဆံပင်ဖြူများ ကျွတ်လုနီးပါးဖြစ်သဖြင့် ထိပ်ပြောင်သွားသကဲ့သို့ ခံစားလိုက်ရသည်။


နယ်သာရီ ပုဖန်ကိုတစ်ချက်ကြည့်လိုက်သည်... သူမ အကြည့်များသည် နားမလည်နိုင်ခြင်းနှင့်ပြည့်နေသည်။


ပန်းပွင့်လေးက သူ မစားရတော့သည်ကို သိသောအခါ နောင်တရစွာ သက်ပြင်းချလိုက်သည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်ကို လှည့်၍ စားသောက်ဆိုင်သို့ ပြန်ရန်ပြင်လိုက်သည် ။


" ဟမ့်... လူငယ်လေးပုဖန်... မင်း ငါတို့ကို မစားခိုင်းမှတော့ ငါတို့ကိုယ့်ဘာသာလုပ်ရုံပဲပေါ့..." 


ငရဲဘုရင်အာဟသည် ခါးထောက်ကာ ပုဖန်ကိုကြည့်လျက် သူ၏နီမြန်းနေသော နှုတ်ခမ်းဖြင့် ဂုဏ်ယူစွာ ပြုံးပြလိုက်သည် ။


ပုဖန် ထိတ်လန့်သွားသကဲ့သို့ ကြည့်ရှူ့သူများသည်လည်း လန့်သွားကြသည် ...


" ဘာကို ဆိုလိုတာလဲ..." ပုဖန်သည် မျက်မှောင်ကျုံ့လျက် စူးစမ်းစွာ မေးလိုက်သည်။


" ဒီဘုရင်လည်း ကင်ချီလုပ်နိုင်ပါတယ်... ခံနိုင်ရည်ရှိတဲ့ အိတ်တစ်အိတ်ရှာပြီး ဂေါ်ဖီထုပ်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပြီး လက်သီးနဲ့ထိုးလိုက်ရုံပဲ ဟုတ်တယ်မလား... ဒီလောက် ရိုးရှင်းတာကို... ဒီဘုရင်ရဲ့ ဉာဏ်ပညာကြီးမားမှုနဲ့ ဒီဟင်းလျာကိုလုပ်ဖို့ မဖြစ်နိုင်ဘူးလား..."


ငရဲဘုရင်အာဟသည် သူ၏ကိုယ်ပိုင်ဉာဏ်ပညာကို ချီးကျူးနေသကဲ့သို့ ယုံကြည်မှုအပြည့်ဖြင့် ရယ်မောလိုက်သည်။


သူ၏ပတ်ဝန်းကျင်မှ လူများစွာ၏ မျက်လုံးများ တောက်ပလာသည်။ တစ်ခုခု မူမမှန်ဟု ခံစားမိပေမယ့် သူပြောသည်မှာ အဓိပ္ပာယ်ရှိသည်။


ဒါလည်း ဟုတ်တာပဲ...


ပုဖန်သည် ဤဟင်းပွဲကို သူတို့၏ရှေ့၌သာ လုပ်ခဲ့ပြီး လုပ်ငန်းစဉ်မှာလည်း မရှုပ်ထွေးပေ။ ထိုသို့ဆိုလျှင် သူတို့သည်လည်း လုပ်နိုင်ရမည်သာ...


ပုဖန် ဘာပြောရမှန်းမသိအောင် ‌ဖြစ်သွားသည်။ 

ငရဲဘုရင်အာဟ ပြောသည့်စကားမှာ အဓိပ္ပာယ်ရှိသောကြောင့် သူ့တွင် ဆန့်ကျင်ရန် စကားလုံး မရှိပေ။


သို့သော် တစ်စုံတစ်ခုသည် ထူးဆန်းနေသည့်ဟု ခံစားရသည်...


တရှပ်ရှပ်အသံနှင့်အတူ စားသောက်ဆိုင်ရှေ့ရှိလူများအားလုံး ကင်ချီပြုလုပ်ပြင်ဆင်ရန် အိမ်သို့ပြန်သွားကြသည် ။


ငရဲဘုရင်အာဟက ပုဖန်ကို စိတ်လှုပ်ရှားစွာဖြင့် နှုတ်ဆက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကိုလှည့်၍ ထွက်ခွာရန်ပြင်ဆင်ကာ ပါဝင်ပစ္စည်းများနှင့် ငရုတ်နှစ်များတောင်းရန် အစားကြူးတောင်ကြားရှိ ကြီးကျယ်သော စားသောက်ဆိုင်များသို့ သွားသည်။


ကနဦး အစတွင် သူက ပုဖန်ထံမှ တောင်းရန် ရည်ရွယ်ထားသော်လည်း သူသည် ပုဖန်ထံမှ ကင်ချီပြုလုပ်ရန် လျှို့ဝှက်ချက်နှင့် နည်းလမ်းများကို ရရှိပြီးဖြစ်သဖြင့် သူ့ထံမှ ပါဝင်ပစ္စည်းများတောင်းရန်မှာ ရက်စက်လွန်းသည်ဟု တွေးမိသွားသည်။


သူ...ငရဲဘုရင်က သဘောကောင်းသူတစ်ယောက်ဖြစ်သည်။ထို့ကြောင့် အခြားစားသောက်ဆိုင်များသို့ သွားခြင်းဖြစ်သည်။


ပုဖန်၏ တွန့်တိုသော စိတ်နေစိတ်ထားဖြင့် သူ့ထံမှ ပါဝင်ပစ္စည်းများကို တောင်းရသည်မှာ ကောင်းကင်ဘုံသို့ တက်ရသလောက် ခက်ခဲကြောင်းမှာ ရှင်းလင်းနေသည်။


နောက်ဆုံးတွင် လာရောက်ကြည့်ရှူ့သူများ ထွက်သွားကြ၏ ။


ထူးဆန်းသည်ဟု ခံစားရသော်လည်း ပုဖန်သည် ဂရုမစိုက်ကာ ပခုံးများကိုတွန့်၍ စားသောက်ဆိုင်ဆီသို့ ပြန်သွားသည်။ 


နယ်သာရီက ထိုလူများထံ မလိုက်သွားပေ။ ချက်ပြုတ်ခြင်းတွင် သူမသည် ပုဖန်တစ်ယောက်တည်းကိုသာ ယုံကြည်သည်။


သူမသည် စားသောက်ရန်သာသိသည်... ဟင်းတစ်ပွဲချက်ပြုတ်ခိုင်းရန်မှာ မဖြစ်နိုင်ပေ။


ပန်းပွင့်လေးက သုံးပန်လှမြွေမျက်လုံး ကိုဖွင့်လိုက်သည်။ 


သူမနေရာမှ ထွက်ခွာသွားသောအခါ သူမ၏အသွင်သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ သူမဘယ်ကိုသွားသည်ကို မည်သူမျှ မသိပေ။


မီးဖိုချောင်ထဲသို့ ပြန်လာပြီးနောက် ပုဖန်သည် ကင်ချီကိုအိတ်ထဲမှထုတ်ပြီး ကြွေပန်းကန်ထဲသို့ ထည့်လိုက်သည်။


ချက်ချင်းပင် မီးဖိုချောင်တစ်ခုလုံး ကင်ချီရနံ့များ ဖုံးလွှမ်းသွားသည်။ 


ကင်ချီသည် အရံဟင်းအနေဖြင့် ကောင်းသည်။ အရသာရှိ၍ စားချင်စရာလည်း ကောင်းသည်။ 


ထို့အပြင် ၎င်းကို ဝိုင်ကောင်းများဖြင့် တွဲစားပါကကွဲပြားသော အရသာတစ်မျိုးဖြစ်လိမ့်မည်။ ကင်ချီတစ်လုတ်စား၍ ဝိုင်တစ်ငုံသောက်ပါက ဝိုင်၏ ယမကာရနံ့နှင့် ရောစပ်ထားသော ချဉ်စပ်အရသာသည် သေချာပေါက် ယစ်မူးစေလိမ့်မည်။


ကင်ချီကို အခြားပါဝင်ပစ္စည်းများနှင့် ရော၍ ကြော်စားပါက ဟင်း၏အရသာကို မြှင့်တင်ပေးပြီး အလွန်အရသာ ရှိလိမ့်မည်ဖြစ်သည်။


" မသေမျိုးဝိညာဉ်နယ်ပယ်၏ စစ်ဆေးမှု ပြီးဆုံးသွားပါပြီ... ဟင်းလျာအမည် ချဉ်စပ်ကင်ချီ... စနစ်သည် ဟင်းလျာအဆင့်မြင့်သည်ဟု အကဲဖြတ်သည် မသေမျိုးဝိညာဉ်နယ်ပယ်၏ စစ်ဆေးမှု အောင်မြင်ခြင်းအတွက် ပိုင်ရှင်အား ဂုဏ်ပြုပါသည်..."


ပုဖန်သည် သူ၏မီးဖိုချောင်သုံးဓားကို ဆွဲထုတ်လိုက်ပြီး ကင်ချီနှင့် ဟင်းချက်ရန် ပြင်ဆင်နေစဉ်မှာပင် စနစ်၏လေးနက်သော အသံသည် စိတ်ထဲတွင် ပဲ့တင်သွားသည်။


စနစ်၏ အကဲဖြတ်ချက်ကို ကြားသောအခါ ပုဖန်သည် အလွန်အံ့သြခြင်းမရှိပါ။ သူ၏လက်ထဲမှမီးဖိုချောင်သုံးဓားကို ခဏရပ်လိုက်ပြီး အသက်ရှုထုတ်လိုက်ပြီးနောက် ဆက်ခုတ်လိုက်သည် ။


ပုဖန်သည် ဤကင်မ်ချီတွင် အများကြီး လိုအပ်နေသေးသည်ဟု ခံစားလိုက်ရပြီး သူ့အနေနှင့် ပိုမိုကောင်းမွန်အောင် ပြုလုပ်နိုင်သေးသည်ဟု ထင်သည်။


.....


အစားကြူးတောင်ကြား အတွင်း၌...


ငရဲဘုရင်အာဟ၏ ပုံသဏ္ဌာန်သည် လျှင်မြန်စွာ ထွက်ပေါ်လာပြီး မကြာမီတွင် စားသောက်ဆိုင် တစ်ခုကိုတွေ့လိုက်သည်။ 


ခေါက်ဆွဲဘုရင်စားသောက်ဆိုင်သည် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။


အိုးရန်ချန်းဖုန်က ငရဲဘုရင်အာဟကို မြင်သောအခါ လေးစားစွာ နှုတ်ဆက်သည်။ အစားကြူးတောင်ကြားတွင် ငရဲဘုရင်အာဟ မည်သူမည်ဝါဆိုသည်ကို မသိသူမရှိပေ။ သူသည် အရေးပါသူတစ်ဦးဖြစ်သည်။


ဒီလိုလူကို ဘယ်သူက စော်ကားဝံ့မှာလဲ...


မည်သူ့စားသောက်ဆိုင်တွင် သူရောက်နေသည်ဖြစ်စေ ဘယ်သူမဆို သူ့ကိုဧည့်သည်အဖြစ် ကြိုဆိုရမည်ဖြစ်သည်။


ကြက်အူချောင်းကဲ့သို့ နီမြန်းနေသော နှုတ်ခမ်းများဖြင့် ငရဲဘုရင်အာဟက အိုးရန်ချန်းဖုန်၏ ကြိုဆိုမှု့ကို လွန်စွာ ကျေနပ်သွားသည်။ သူဆိုသည့် ငရဲဘုရင်မှာ ထိုမျှလောက် ကြီးကျယ်မြင့်မြတ်သူ တစ်ဦးပင်...


" မင်းရဲ့စားသောက်ဆိုင်ကို ဒီဘုရင်လာတာ ခက်ခဲအောင်လုပ်ဖို့ မဟုတ်ပါဘူး ... ဟင်းချက်ပါဝင်ပစ္စည်းတချို့ငှားချင်လို့ပါ..."


အိုးရန်ချန်းဖုန် လေးစားစွာ ဂါရဝပြုပြီး ညင်သာစွာ ပြုံးပြလိုက်သည်။ သို့သော် ငရဲဘုရင်အာဟ၏ နောက်ဆုံးစကားကို ကြားလိုက်သောအခါ အေးခဲတောင့်တင်းသွားသည်။


ဟင်းချက်ပါဝင်ပစ္စည်းတွေ ငှားဖို့တဲ့လား...


ဘယ်လိုကြီးလဲ... ဒီအရှင်သခင်က တကယ်ကြီး ချက်ပြုတ်နည်း သင်ချင်နေတာတဲ့လား...


မဖြစ်နိုင်တာ...


စားဖို့မှလွဲပြီး ဒီအရှင်သခင်က ချက်ပြုတ်ဖို့ သိသည်တဲ့လား...


သို့သော် အိုးရန်ချန်းဖုန်သည် ခေါက်ဆွဲဘုရင်ပင် ဖြစ်သည်။ သူ၏နှလုံးသားတွင် မည်သည့်တွန့်ဆုတ်မှုအရိပ်အယောင်မျှ မတွေ့ရဘဲ သူပြုံးနေခဲ့သည်။ ငရဲဘုရင်အာဟ လိုအပ်သော ပစ္စည်းများကို မေးမြန်းပြီးနောက် သူ၏လူများကို ပြင်ဆင်ခိုင်းလိုက်သည်။


" လတ်ဆတ်တဲ့ ဂေါ်ဖီတစ်ထုပ်နဲ့ ငရုတ်သီးအနှစ် ... ပုဖန်ရဲ့ ပူစပ်စပ်ငရုတ်နှစ် မပါရင် မင်းတို့မှာရှိတဲ့ ငရုတ်သီးအနှစ်ကိုပဲ သုံးလို့ရမယ်... နောက်ပြီး ဝိုင်ကောင်းကောင်းနည်းနည်း... ပြီးတော့..."


ငရဲဘုရင်အာဟသည် လက်ညိုးများကွေးလျက် ပါဝင်ပစ္စည်းများကို စာရင်းလုပ်နေသည်။


အိုးရန်ချန်းဖုန်သည် ဤပါဝင်ပစ္စည်းများကိုကြားသောအခါတွင် သူ၏နူးညံ့သိမ်မွေ့သောမျက်နှာပေါ်၌ ရှုပ်ထွေးနေသောအကြည့်ကို ထုတ်ဖော်ပြသလိုက်သည်။


ထိုပါဝင်ပစ္စည်း‌များသည် ဘာအတွက် ဆိုသည်ကို သူနားမလည်ပေ။


သိပ်မကြာခင်မှာပင် ထိုပါဝင်ပစ္စည်းများကို ယူ‌ဆောင်လာခဲ့သည်။


"အရှင်သခင်ဟ ဒီငရုတ်သီးအနှစ်ရည်က ကျွန်တော်တို့ ခေါက်ဆွဲဘုရင်စားသောက်ဆိုင်ရဲ့ လျှို့ဝှက်ချက်ပါ... အရမ်းစပ်တာမို့ အရှင်သခင်က သင့်တော်သလို သုံးပေးမယ်လို့ မျှော်လင့်ပါတယ်” အိုးရန်ချန်းဖုန်သည် ငရုတ်နှစ်အရည်ကို ငရဲဘုရင်အာဟကို ရိုသေစွာပေးလျက် ပြောလိုက်သည် ။


တုံ့ပြန်သည့်အနေဖြင့် ငရဲဘုရင်က အနည်းအကျဉ်းသာ အသုံးပြုမည်ဟု ရင်ဘတ်က်ိုပုတ်လျက် ကတိပေးလိုက်သည်။


သူက များပြားလှသော ပါဝင်ပစ္စည်းများကို သယ်ဆောင်လျက် အိုးရန်ချန်းဖုန်ကို ကြည့်လိုက်သည်။ 


" လူငယ်လေး ...ဒီဘုရင်ရဲ့ ထူးမြတ်တဲ့ အချက်အပြုတ်စွမ်းရည်ကို မြင်ချင်သလား...ဒီဘုရင်က ကောင်လေးပုဖန်ဆီက လျို့ဝှက်ပြီး သင်ယူခဲ့တယ်..."


" တကယ်ပဲလား..." 


ခေါက်ဆွဲဘုရင် အိုးရန်ချန်းဖုန်၏ မျက်လုံးများ အရောင်တောက်သွားသည် ။ ဒါဆို ဒီနည်းလမ်းက ပိုင်ရှင်ပုဆီက ခိုးလာတာပေါ့... စိတ်ဝင်စားစရာကောင်းမှာပဲ... သူအနည်းငယ် မျှော်လင့်မိသွားသည် ။


ခေါက်ဆွဲဘုရင် သူအား မြှောက်ပင့်ပေးနေသည်ကို မြင်သောအခါ ငရဲဘုရင် ချက်ချင်းပင်ပြုံးပြီး ခေါက်ဆွဲဘုရင် စားသောက်ဆိုင်ရှေ့၌ ပြုလုပ်ရန်ပြင်‌ဆင်တော့သည် ။


စားသောက်ဆိုင်မှ စားသောက်သူများသည် စူးစမ်းစွာ 

ကြည့်နေကြသည်။


အိတ်ကို မည်သည့်နေရာမှ ရလာမှန်းမသိပေ ။ ပုဖန်၏အိတ်ကဲ့သို့ ဖောက်ထွင်း မမြင်ရသော်လည်း ခိုင်ခံ့သည်။ ၎င်းကို နတ်သားရဲအရေခွံတစ်မျိုးဖြင့် ပြုလုပ်ထားသည်။


သူ ဂေါ်ဖီထုပ်ကို ချိုးလိုက်ပြီး အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ငရုတ်နှစ်ဘူးကိုဖွင့်သည်။ တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ပုလင်းတစ်ခုလုံးကို အိတ်ထဲသို့ လောင်းထည့်လိုက်သည်။


ထို့နောက် ဝိုင်ပုလင်းတစ်ဝက်ခန့်ကို ကလစ်ကနဲ အသံဖြင့် လောင်းချလိုက်သည်။ ဟင်းခတ်အမွှေးအကြိုင်အချို့ထည့်ပြီးနောက် သူထည့်သင့်သည်ဟု ခံစားမိသော ပါဝင်ပစ္စည်းများကိုလည်း ထည့်သည်။


နောက်ဆုံးတွင် သူ နာကျင်မှုကိုအံတု၍ ရှူးရှဲအစပ်ချောင်း ကိုထုတ်ပြီး တစ်ဝက်ကိုချိုး၍ အိတ်ထဲသို့ထည့်လိုက်သည် ။ 


ပရိသတ်များက သူ့ကို စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်နေသည်...


ဒါကို ဟင်းချက်တယ်လို့ ခေါ်တာလား...


ခေါက်ဆွဲဘုရင် အိုးရန်ချန်းဖုန်သည်လည်း အမူအရာမဲ့စွာဖြင့်ကြည့်လျက် ဆိုးရွာမည့် တစ်စုံတစ်ခု ဖြစ်လာတော့မည်ဟု ခံစားမိနေသည်။


ခဏအကြာတွင် ငရဲဘုရင်အာဟက ပါဝင်ပစ္စည်းများအားလုံးကို ထည့်ပြီးနောက် သူ၏လက်များကို ပွတ်လိုက်သည်။


ထို့နောက် အိတ်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ကာ ပရိသတ်ကို ကြည့်လိုက်သည်။


"ကဲ… အံ့ဖွယ်တစ်ခုကို တွေ့ရဖို့ အချိန်ရောက်ပြီ"


သူ ပြုံးလျက် လက်ကိုပွတ်ပြီးနောက် လက်မြှောက်လိုက်သည်။


ဤမြင်ကွင်းကို အိုးရန်ချန်းဖုန် မြင်လိုက်သည့်အခိုက်တွင် သူ၏မျက်လုံးများ ချက်ခြင်းမှိန်သွားသည်။ သူ၏နှလုံးသားများ ရပ်တန့်သကဲ့သို့ ဖြစ်သွားပြီး ဆိုးဝါးသည့် ခံစားချက်သည် ပိုမိုကြီးထွားလာသည်။