အခန်း ၉၂၀
ဖားနတ်ဆိုးဘုရင်ကဘယ်မှာလဲ...
ဖားနတ်ဆိုးဘုရင်သည် အမှန်တကယ်ပင် ထိတ်လန့်နေလေသည်။
သူပြေးချင်သော်လည်း အရုဏ်ဦး သူတော်စင်ဂိုဏ်းချုပ်သည် သူ၏ပေါင်ပေါ်တွင် ကပ်နေသည်။ ရေကန်မှ ခုန်ချရန် ကြီးမားသော ခွန်အားကို အသုံးပြုပြီးတိုင်း သူသည် အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်၏ ဆွဲချခြင်းကို ခံရပြီး ရေကန်ထဲသို့ ထိုးဖေါက်ဝင်ရောက်သွားသည်။
မြည်သံတိုင်းသည် ကောင်းကင်ဆီသို့ ကြီးမားသော လှိုင်းလုံးကြီးတစ်ခု တိုးလာစေလိမ့်မည်။
သူ၏ စိတ်စွမ်းအင်သည် လောင်မြိုက်နေသော နေရောင်ကဲ့သို့ စွမ်းအင်များရှိသည့် သူတော်စင် ဂိုဏ်းချုပ်ကျင့်ကြံသူ များ၏ ဝိုင်းရံခံထားရကြောင်း သိမြင်လာသည့် ဖားနတ်ဆိုးဘုရင်သည် သူ၏နှလုံးသားထဲတွင် "ချီးပဲ" ဟူသော စကားလုံးသာ ကျန်ရှိတော့သည်။
သူ၏ပုံသဏ္ဍာန်သည် သေးငယ်သောတောင်၏အရွယ်အစားခန့် ရှိသော ဧရာမဖားကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။ ပါးစပ်ကိုဖွင့်၍ ရေကျည်ဆန်အချို့ကို တံတွေးထွေးသကဲ့သို့ အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်ထံ ပစ်ထုတ်လိုက်ပြီး လွှင့်စင်သွားစေရန် ပြုလုပ်လိုက်သည်။
သို့ရာတွင် အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် နီမြန်းနေပြီး သူ၏စွမ်းအင်များသည် ကောင်းကင်ဆီသို့ ကျယ်ပြန့်လာနေသည်။ သူ၏လက်မှ အဖြူရောင် အငွေ့များထွက်လာပြီး ပူပြင်းသည့်နေရောင်ကဲ့သို့ လက်သီးချက်များကျရောက်လာပြီး ရေကျည်ဆန်များကို အငွေ့ပြန်သွားစေသည် ။
တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်ကိုသောက်ပြီးနောက် အရုဏ်ဦး သူတော်စင်ဂိုဏ်းချုပ်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ကြောက်မက်ဖွယ်အဆင့်သို့ မြှင့်တက်လာခဲ့သည်။
ကြယ်အလင်းတန်းများ ပြန့်ကျဲနေပြီး တောင်ငယ်တစ်ခုလို ကြီးမားသည့် ဖားနတ်ဆိုးဘုရင်၏ ပတ်ပတ်လည်တွင် ရစ်ပတ်နေသည်။
သူ၏ပတ်ဝန်းကျင်တွင် အစက်သေးသေးလေးများ အများအပြား စုဝေးနေပုံဟုထင်ရသည်။
ကြယ်ရောင်သည် ချက်ချင်းပင် စူးရှပြီး လှည့်ပတ်ကာ ဖားနတ်ဆိုးဘုရင်ကို အတွင်းဘက်တွင် ထောင်ချောက်ဆင်ရန် လျှို့ဝှက်ဆန်းကြယ်သော မှော်ထောင်ချောက်တစ်ခုအဖြစ် ဖွဲ့စည်းလိုက်သည်။
" အာကာသ ကြယ်ချည်စွမ်းရည်..."
ဂုဏ်သိက္ခာရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် ကောင်းကင်ထက်တွင် ကြယ်များပေါ်မှ ပုံရိပ်တစ်ခု ဆင်းသက်လာသည်။
ဖားနတ်ဆိုးဘုရင်၏ မျက်လုံးများမှ မျက်ရည်များ ယိုထွက်လုနီးပါးဖြစ်နေပြီ...
သူ ပြီးဆုံးသွားပြီ… အခုတော့ သူတကယ် မလွတ်မြောက်နိုင်တော့ဘူး...
သောက်ကျိုးနဲ ဖားနတ်ဆိုးဘုရင်... တကယ်ကို ဒီဖားအတွက် တွင်းတူးနေရတာပဲ...
ဖားနတ်ဆိုးဘုရင်သည် အော်ဟစ်လျက် သူ၏ရုပ်သွင်မှ အကန့်အသတ်မဲ့ ငရဲစွမ်းအင်ကို အဆက်မပြတ်ထုတ်လွှတ်နေကာ ထိုမှော်ထောင်ခြောက်များကို ဖောက်ထုတ်ရန် ကြိုးစားနေခဲ့သည်။
သို့သော် အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်သည် ရုတ်တရက် ကောင်းကင်ပေါ်သို့ တက်သွားခဲ့သည်။ ဖားနတ်ဆိုးဘုရင်၏ ဦးခေါင်းကိုချိန်ရွယ်လျက် လက်သီးချက်ကို ပစ်လွှတ်လိုက်သည် ။
ထိုလက်သီးချက်သည် ဖားနတ်ဆိုးဘုရင်၏ ဦးခေါင်းခွံကို ကြေမွလုပင် ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် တောက်ပသော ပိုးထည်များ ကျဆင်းလာကာ ဖားနတ်ဆိုးဘုရင်ကို တင်းတင်းကြပ်ကြပ် ချည်နှောင်ထားသည်။ သူ၏ဦးခေါင်းသာ ကျန်တော့သည်။
မိုးကုတ်စက်ဝိုင်း အကွာအဝေးတစ်ခုမှ ဓါးအလင်းတန်းတစ်ခု ပေါ်လာပုံရသည်။ ခုတ်ပိုင်းလိုက်သောအခါ အာကာသတစ်ခုလုံး နှစ်ပိုင်းကွဲသွားသည် ဟုပင်ထင်ရသည်။
ဓားသွားထောင်ပေါင်းများစွာသည် ကောင်းကင်ဘုံဗဟို သူတော်စင်ဂိုဏ်းချုပ်၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင် ပျံဝဲကာ နေဝင်ရေကန် သို့မဝင်မီတွင် ကန်ရေများပေါက်ကွဲသွားစေခဲ့သည် ။
ဓားသွားမီးများသည် ချွန်ထက်သောပိုက်ကွန်တစ်ခုကို ဖန်တီးကာ ဖားနတ်ဆိုးဘုရင်ကို ပို၍ပင် ထိန်းထားနိုင်သည်။
များစွာသော သူတော်စင် ဂိုဏ်းချုပ်များသည် လေကို နင်းလျက် စူးစူးရှရှ အကြည့်များက စိုက်ကြည့်နေကြသည်။
ထိုအချိန်တွင် ဖားနတ်ဆိုးဘုရင်အပေါ်တွင် ပြင်းထန်သော အထီးကျန်မှု ခံစားချက်များ ဖုံးလွှမ်းနေပြီး ဤကမ္ဘာပေါ်တွင် တစ်ယောက်တည်း ရှိနေသည်ဟု ခံစားရသည်။
.....
ကျန်ရှိသော နတ်ဆိုးဘုရင်များသည် ထွက်ပြေးလွတ်မြောက်သွားကြသည်။
ဆေးအချို့စားခဲ့သော သူတော်စင်ဂိုဏ်းချုပ် အုပ်စုသည် ၎င်းတို့အား အကျပ်အတည်းခံစားရစေခဲ့ပြီး ဤအကျပ်အတည်းကြောင့် ၎င်းတို့၏ချွေးပေါက်များ ပေါက်ကွဲလုနီးပါးဖြစ်စေခဲ့သည်။
ထိုအကြည့်... တစ်စုံတစ်ယောက်က သူတို့ကို ဟင်းချက်ပါဝင်ပစ္စည်း လုပ်ချင်နေသည့် အကြည့်များ...
သူတို့သည် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးများဖြစ်ကြသည်... အဘယ့်ကြောင့် ပုန်းကွယ်နဂါးတိုက်ကြီးမှ သတ္တဝါများအတွက် ဟင်းချက်ပါဝင်ပစ္စည်း ဖြစ်လာရသလဲ... ထိုအရာမျိုးသည် လက်မခံနိုင်စရာပေ။ ထို့ကြောင့် သူတို့ ယာယီတပ်ဆုတ်သွားကြသည်။
သူတို့အား နတ်ဆိုးဘုရင် ပါဝင်ပစ္စည်းများအဖြစ်ကြေညာထားသော အသံပိုင်ရှင်ကို မုန်းတီး၍ ထိုလူကို သတ်ရန် သွားများယားယံနေသည်။
ထိုသို့ မိုက်ရိုင်းသည့်လူမျိုး ကမ္ဘာပေါ်တွင် အဘယ့်ကြောင့် ရှိရသနည်း...
နတ်ဆိုးဘုရင်များကို စားသုံးရန် ပါဝင်ပစ္စည်းများအဖြစ် လုပ်ရဲရသနည်း...
" ဖားနတ်ဆိုးဘုရင် ဘယ်မှာလဲ... သူထွက်မပြေးဘူးလား..."
သိမ်းငှက်နတ်ဆိုးဘုရင်နှင့် အခြားနတ်ဆိုးများ ထိန်လန့်အေးခဲသွားကြသည်။ တစ်ယောက်ကိုတစ်ယောက်ကြည့်လျက် ဖားနတ်ဆိုးဘုရင်သည် သူတို့အတွင်းတွက် မပါလာသည်ကို သဘောပေါက်သွားကြသည်။
တစ်ခဏအတွင်းတွင် ဤနတ်ဆိုးဘုရင်များ၏ အမူအရာများသည် အနည်းငယ်ထူးခြားလာသည်။
မျက်လုံးချင်းဆုံပြီး တစ်ယောက်ကိုတစ်ယောက် တုန်လှုပ်ခြောက်ခြားစွာ ကြည့်နေကြသည်။
" ဖားနတ်ဆိုးဘုရင်က တကယ်ပဲ အဖမ်းခံလိုက်ရတာလား..."
"သူက ပါဝင်ပစ္စည်းလို ဆက်ဆံခံပြီး အချက်ပြုတ်ခံရမယ်လို့ မင်းထင်လား..."
" ဖားနတ်ဆိုးဘုရင်ရဲ့ ကျင့်ကြံမှုနဲ့ဆိုရင် သူလွတ်မြောက်လာသင့်တယ်မလား..."
နတ်ဆိုးဘုရင်များစွာသည် အဖွဲ့ဝင်ဖြစ်သူ၏ ဖြစ်နိုင်သည့်ကံကြမ္မာကို ဆွေးနွေးလျက် ရှိကြသည်။ စကားပြောပြီးကြသောအခါ အားလုံး၏မျက်နှာတွင် ကြောက်ရွံ့မှုများဖြင့် ပြည့်လာသည်...
" မင်းတို့သိချင်ရင် ပြန်သွားပြီးတော့ ကြည့်ကြမလား..."
နတ်ဆိုးဘုရင်တစ်ပါးက ဒီလိုပြောပြီးသည်နှင့် ထိုအကြံအစည်ကို နတ်ဆိုးဘုရင်အားလုံးက လက်ခံခဲ့ကြသည်။
ရွှစ်....
နတ်ဆိုးဘုရင်များ၏ ပုံသဏ္ဌာန်များသည် ကောင်းကင်သို့ ပျံတက်သွားကာ အနက်ရောင် အရိပ်များအဖြစ်သို့ ချက်ချင်းပြောင်းသွားပြီး အစားကြူးတောင်ကြားဆီသို့ တစ်ဖန် ဦးတည်သွားပြန်သည်။
သို့သော် ဤတစ်ကြိမ်တွင် သူတို့သည် အလွန်နက်နဲစွာ ထိုးဖောက်ဝင်ရောက်ခြင်း မပြုပေ။ တိုက်ပွဲကို အကွာအဝေးတစ်ခုမှသာ စောင့်ကြည့်နေသည်။
အဝေးမှ သူတို့သည် ဖားနတ်ဆိုးဘုရင်ပေါ်တွင် များပြားလှသော အရောင်အသွေးများကို မြင်နိုင်သည်။
လောင်မြိုက်နေသော နေမင်းကြီး၏ စစ်မှန်သော စွမ်းအင်...ထောင်ပေါင်းများစွာသော ဓားမီးရောင်များ... တောက်ပြောင်နေသည့် ပိုးထည်စများ... ကြယ်မှော်အခင်းအကျင်း...
ဖားနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ပေါ်ရှိ သူတော်စင်ဂိုဏ်းချုပ်များ၏ ကျွမ်းကျင်မှုများကို ကြည့်ရှုနေစဉ် တိတ်တဆိတ်ကြည့်ရှုနေသော နတ်ဆိုးဘုရင်များစွာတို့သည် ၎င်းတို့၏နှုတ်ခမ်းထောင့်များ လှုပ်ယမ်းသွားကြသည်။
" ငါပြေးတာမြန်လို့ ကံကောင်းသွားတာ... ဒီရူးနေတဲ့ ပုရွက်ဆိတ်တွေက အုပ်စုဖွဲ့လိုက်ရင် တော်တော်လေး ကြောက်ဖို့ကောင်းတယ်..."
နတ်ဆိုးဘုရင်များသည် သူတို့၏စိတ်နှလုံးထဲတွင် တိတ်တဆိတ် ရွှင်မြူးနေကြသည်။
တစ်ချိန်တည်းမှာပင် သူတို့၏ နှလုံးသားများသည် ဖားနတ်ဆိုးဘုရင်အတွက် ဝမ်းနည်းနေကြသည်။
ဖားနတ်ဆိုးဘုရင်သည် ပြင်းပြင်းထန်ထန်အရိုက်နှက်ခံထားရသည်။
သူတော်စင်ဂိုဏ်းချုပ်များသည် လေထဲတွင်ပျံဝဲလျက် ထိုးနှက်ချက်များ ပစ်လွှတ်နေပြီး ဖားနတ်ဆိုးဘုရင်ကို
ပြင်းထန်စွာ ရိုက်နှက်နေသည်။
ဆည်းဆာရေကန်အတွင်းသို့ တိုက်ရိုက်ဖိချခံလိုက်ရသည့်အတွက် ဖားနတ်ဆိုးဘုရင်၏အသွင်သည် အလယ်ဗဟိုသို့ ကျရောက်လျက် ရေကန်သည် ပေါက်ကွဲထွက်သွား၏ ။
ခဏအကြာတွင် အဘိုးအိုတစ်ယောက် လေကိုနင်း၍ ရောက်လာသည်။
အဘိုးအို၏ ရုပ်ရည်သည် တောက်ပသော အဆင်းသဏ္ဍာန်ကို ထုတ်လွှတ်ကာ သူ၏ စွမ်းအင်အစစ်အမှန်မှာ နဂါးများကဲ့သို့ လှည့်ပတ်နေသည်။
" အိုင်းရိုး...ဒီဖားကြီးမှာ အသားနည်းနည်းရှိတယ်... အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ် မင်းကံက မဆိုးဘူးထင်တယ်…" လူအိုကြီးသည် အပြုံးဖြင့်ပြောလိုက်သည်။ သူ၏ ဆံပင်ဖြူကြိုးမျှင်သည် လေထဲတွင် တဖျပ်ဖျပ်လွင့်နေကာ ဖားနတ်ဆိုးဘုရင် သူတော်စင်ဂိုဏ်းချုပ်များစွာ၏ နာခံမှုအောက်တွင် နစ်မြုပ်သွားသည်ကို မြင်တွေ့နေရသည်။
လူအိုကြီးသည် နတ်ဆိုးကဲ့သို့ ပြုံးလျက် သူ၏ဆံပင်ကိုထိကာ ထပ်မံပြောလိုက်သည်။
" ဒီဖားကြီးတစ်ကောင်တည်း ကျန်တာတော့ နှမြောစရာပဲ... တခြားနတ်ဆိုးဘုရင်တွေက ထွက်ပြေးကုန်ပြီ...မဟုတ်ရင် ငါတို့ ပိုင်ရှင်ပုကို ဆင်းရဲတွင်းထဲရောက်အောင်လုပ်နိုင်ပြီ..."
သူတော်စင်ဂိုဏ်းချုပ်များသည်လည်း အနည်းငယ် နောင်တ ရသွား၏ ။
သူတို့သည် ဤဖားကြီးကိုအောင်နိုင်ခဲ့သော်လည်း အရုဏ်ဦး သူတော်စင်ဂိုဏ်းချုပ်ကသာ ပိုင်ဆိုင်သည်ဖြစ်သည်။ နောက်ဆုံးတွင် ဧရာမဖားကြီးကို တစ်လျှောက်လုံး တိုက်ခိုက်ခဲ့သူမှာ အရုဏ်ဦး သူတော်စင် ဂိုဏ်းချုပ်သာဖြစ်သည်။
ထိုအချိန်တွင် အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်သည် သည် ပျော်ရွှင်မှုဖြင့် ရူးသွပ်နေ၏ ။ သူသည် မိုက်မဲစွာ ရယ်မောရင်း ဖားနတ်ဆိုးဘုရင်၏ အထက်တွင် ထိုင်နေသည်။
ရုတ်တရက်...
သူတော်စင်ဂိုဏ်းချုပ်များသည် ၎င်းတို့၏ နှလုံးသားထဲတွင် တစ်ခုခုကို ခံစားနေပုံရပြီး ကောင်းကင်၏ ထောင့်တစ်နေရာသို့ မော့ကြည့်ရန် ခေါင်းကို လှည့်လိုက်သည်။
နတ်ဆိုးဘုရင် ကျင့်ကြံသူများသည် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံးရှိ ဆံပင်များ ထောင်မတ်လာသည်ဟု ခံစားရသည်။ သူတို့၏အထွတ်အထိပ် အရှိန်ကိုပြသလျက် အဝေးသို့ အရူးအမူး ပြေးထွက်လာကြသည်။
ဒီတစ်ချိန်တွင် သူတို့သည် နောက်ကိုမကြည့်ပဲ ပြေးလာကြသည် ပြန်လည်းမလာတော့ပေ။
ဖားနတ်ဆိုးဘုရင်သည် အဆုံးသတ်သွားပြီ...
...
ထောင်တျဲ့စားသောက်ဆိုင်တွင်...
စားသောက်ဆိုင်၏ တံခါးပေါက်ကိုဖွင့်ထားသည် ။ ပုဖန်သည် ခုံတစ်ခုံကိုယူ၍ စားသောက်ဆိုင်ရှေ့တွင် ထိုင်နေသည်။
ခုံကိုမှီ၍ မျက်လုံးများ မှိတ်ထားကာ တိုက်ခတ်နေသောလေကို ခံစားနေသည်။ ထိုအချိန်တွင် သူသည် အလွန်ကျေနပ်နေပုံရသည်။
ငရဲဘုရင်အာဟနှင့် ချူချန်းရှန်တို့သည်လည်း ပုဖန်ဆီမှ အတုယူ၍ ခုံများပေါ်တွင် မှီလျက်ရှိကြသည်။
တိုက်ပွဲသည် ပြီးဆုံးသွားပြီဟု ထင်ရသည်။
ကျယ်လောင်သောအသံများ လုံးဝရပ်တန့်သွားသည်။
သိပ်မကြာခင်မှာပင် မြေပြင်တုန်ခါသွားပြီး ကြီးမားသော အရာဝတ္ထုတစ်ခုသည် အဝေးမှနေ၍ စားသောက်ဆိုင်ဆီသို့ ဖြည်းညှင်းစွာ ရွေ့လျားလာသည်။
ပုဖန်နှင့် ကျန်လူများ လန့်နိုးသွားကြသည်။
ပုဖန်သည် အိပ်ငိုက်နေသော မျက်လုံးများကို ဖွင့်လိုက်ပြီး အဝေးမှ ဖြည်းညှင်းစွာ ချဉ်းကပ်လာသော အရာဝတ္တုကို ငြိမ်သက်စွာ ကြည့်နေသည်...
ကြီးမားသော ဖားတစ်ကောင်ပါလား...
တောင်ငယ်တစ်လုံးခန့်ရှိသော ဖားနတ်ဆိုးဘုရင်ကို အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်သည် ကိုင်ဆောင်လျက် ထောင်တျဲ့စားသောက်ဆိုင်ဆီသို့ တစ်လှမ်းခြင်းလျှောက်လာသည်။
အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားသည်။ တောင်ငယ်တစ်လုံးခန့်ရှိသော ဖားနတ်ဆိုးဘုရင်ကို ကိုင်ထားပြီး သူ၏တစ်ကိုယ်လုံးသည် နဂါးတစ်ကောင်ကဲ့သို့ ကြွက်သားများဖြင့် ဖုထစ်နေသည်။ လိုင်းများသည် ပြတ်သားပြီး ရဲရင့်သော စွမ်းအင်များဖြင့် ပြည့်နေသည်။
ဝုန်း...
နောက်ဆုံးတွင် ဖားနတ်ဆိုးဘုရင်ကို စားသောက်ဆိုင်ထဲတွင် ချထားလိုက်သည် ။ အရုဏ်ဦး သူတော်စင်ဂိုဏ်းချုပ်သည် မောဟိုက်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ပုဖန်ကို စိုက်ကြည့်နေသည်။
" ပိုင်ရှင်ပု ဒါက သူတော်စင်ဂိုဏ်းချုပ်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ဖားနတ်ဆိုးဘုရင်ပဲ... ဒါကို နတ်ဆိုးဘုရင်အဆင့် ပါဝင်ပစ္စည်းအဖြစ် သတ်မှတ်လို့ရလား..."
အရုဏ်ဦးသူတော်စင်ဂိုဏ်းချုပ်သည် ခေါင်းမှချွေးများကို သုတ်လိုက်သည်။ ထို့နောက် ခုန်ပေါက်ကာ ဖားနတ်ဆိုးဘုရင်၏ ခေါင်းပေါ်တွင်ထိုင်ပြီး သူ၏လက်ဖြင့် ခေါင်းကိုပုတ်နေသည်။
ချူချန်းရှန့်သည် အံ့ဩလွန်း၍စကားမပြောနိုင်ပေ။
ဘယ်လိုတောင် ကြီးတဲ့ဖားကြီးလဲ...
ငရဲဘုရင်အာဟ၏ နှုတ်ခမ်းသည် ကွေးညွတ်သွား၏ ။ ထို့နောက် ရှူးရဲအစပ်ချောင်းကိုယူလျက် ဝါးနေပြီးနောက် စားသောက်ဆိုင်ထဲမှ ထွက်သွားသည် ။
လူငယ်လေးပုဖန်၏ နည်းလမ်းသည် အလွန် အသုံးဝင်သည်။ ဤသူတော်စင်ဂိုဏ်းချုပ်များသည် ပျက်သုဉ်းခြင်း အကျဉ်းထောင်ကို အမှန်တကယ် အဆုံးသတ်လိုက်မည်ဟု မည်သူကတွေးမိမည်လဲ...
အသားများဖြင့် ပြည့်နေသော ဖားနတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ကိုကြည့်၍ ငရဲဘုရင်အာဟသည် တံတွေးမျိုချလိုက်မိသည် ။ နတ်ဆိုးဘုရင်၏အသား... သူအမှန်တကယ်ပင် မျှော်လင့်နေမိသည် ။
ပုဖန်သည်လည်း ထွက်လာခဲ့သည်။ ဖားနတ်ဆိုးဘုရင်၏ မျက်နှာသည် ဤကမ္ဘာပေါ်တွင် ချစ်ခြင်းမေတ္တာများ မကျန်တော့သကဲ့သို့ ဖြစ်နေသည်။ လူသားများ၏ ဟင်းချက်ပါဝင်ပစ္စည်း ဖြစ်ရခြင်းသည် သူ့အားပို၍ အားငယ်စေသည်။
သူသည် ပျက်သုဉ်းခြင်း အကျဉ်းထောင်၏ နတ်ဆိုးဘုရင်တစ်ပါး ဖြစ်ခဲ့သည်...
သူသည် သေချာစွာ တိုင်းတာပြီးနောက် ပြောလိုက်သည်။
" ကောင်းပြီ ...တော်တော်ကောင်းတဲ့ နတ်ဆိုးဘုရင်အဆင့် ပါဝင်ပစ္စည်းပဲ... ကျွန်တော် ကတိတည်ပါတယ်...အရုဏ်ဦး သူတော်စင်ဂိုဏ်းချုပ်က စားသောက်ဆိုင်မှာ သုံးရက်အခမဲ့ စားခွင့်ရပြီး နတ်ဆိုးဘုရင်အဆင့် ပါဝင်ပစ္စည်းရဲ့ ဟင်းပွဲကိုလည်း ပထမဆုံး မြည်းခွင့်ရမယ်..."
အွမ်...
" ပုရွက်ဆိတ်လို လူသားတွေ... မင်းတို့ကဘာလို့ ဒီအရှင်သခင်ရဲ့ ဘဝကို ဆုံးဖြတ်ပေးနေရတာလဲ..."
ဖားနတ်ဆိုးဘုရင်သည် အမျက်ဒေါသများထွက်လာသည် ။ ချည်နှောင်ခံထားရသော်လည်း ပုဖန်၏ နားစည်များကွဲထွက်သွားအောင် ဟိန်းဟောက်လိုက်သည်။
လေပြင်းတစ်ခု ပျံ့နှံ့သွားပြီး နေရာတစ်ခုလုံးကို လွှမ်းခြုံသွားပုံရသည်။
ပုဖန်၏ဆံပင်များသည် ဤဟောက်သံကြောင့် တဖျပ်ဖျပ်လွင့်နေပြီး သူ၏အနီရောင်ဝတ်ရုံ သည်လည်း အဆက်မပြတ် လွင့်ပျံနေသည်။
ပုဖန်သည် လက်ပိုက်၍ ဖားနတ်ဆိုးဘုရင်ကို အမူအရာမဲ့စွာ ကြည့်နေသည်။
" တော်တော်တက်ကြွနေတာပဲ...ကောင်းကင်ကမ္ဘာမြေ လယ်ယာမြေက ငရုတ်သီးတွေ့ မှည့်ပြီလား မသိဘူး ဧရာမဖား ဟော့ပေါ့ချက်ရင်ကောင်းမလား... ဒါမှမဟုတ်...ဧရာမဖားငရုတ်ကောင်းချဉ် လုပ်ရမလား...
ပုဖန်သည် ဖားနတ်ဆိုးဘုရင်၏ ဟိန်းဟောက်မှု့များကို ဂရုမစိုက်ပဲ ရေရွတ်လျက်ရှိသည်။
ထို့နောက် ဘာမှမပြောနိုင်လောက်အောင် ပျင်းရိလာကာ လက်ကိုမြှောက်၍ ဖားနတ်ဆိုးဘုရင်၏ ပေါင်ကိုထိလိုက်သည်။
မိုးချုန်းသံတစ်ခု ထွက်ပေါ်လာသည်။
ဖားနတ်ဆိုးဘုရင်၏ အသွင်သည် ချက်ချင်းပင်ပျောက်ကွယ်သွား၏ ။
ဖားနတ်ဆိုးဘုရင် မည်သည့်နေရာ ရောက်သွားမှန်းမသိသဖြင့် ကြည့်ရှူ့သူများထိတ်လန့်သွားကြသည်။
ဖူး...ဖူး...ဖူး
ထို့နောက် သူတော်စင်ဂိုဏ်းချုပ်များသည် မောဟိုက်လျက် မြေပြင်ပေါ်တွင် ထိုင်နေကြသည်။
၎င်းတို့၏ ကျင့်ကြံမှု့သည် ယခင်အခြေအနေသို့ ရောက်ရှိသွားသောအခါတွင် ၎င်းတို့၏ ခန္ဓာကိုယ်ရှိ စွမ်းအင်များသည် ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်၌ သူတို့သည် အနည်းငယ် မူးဝေနေကြသည်...
တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်တွင် အရက်ပါဝင်မှု မြင့်မားသည်။
တစ်ယောက်ချင်းစီသည် ဝိုင်တစ်ခွက်စီ သောက်သုံးကြပြီးနောက် ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်တက်လာသည့်အတွက် ခဏတာ မူးဝေကြသည်မှာ သဘာဝပင်ဖြစ်သည်။
ပိုင်ရှင်ပု၏ စားသောက်ဆိုင်ထဲသို့ဝင်၍ တစ်စုံတစ်ခု စားသောက်ရန် အခွင့်အရေးရလျှင် ကောင်းမည်။
ထောင်တျဲစားသောက်ဆိုင်သည် စီးပွားရေးအတွက်ဖွင့်ထားဆဲဖြစ်သောကြောင့် ပုဖန်သည် ၎င်းတို့စားသောက်ဆိုင်သို့ ဝင်ရောက်ခြင်းကို ကန့်ကွက်ခြင်းမရှိခဲ့ပေ။
ထို့နောက် သူတော်စင်ဂိုဏ်းချုပ်များမှ အစားကြူးတောင်ကြားတွင် ပြုပြင်မှုစတင်ရန် ၎င်းတို့၏ သက်ဆိုင်ရာ သန့်စင်သောမြေများ၏ တပည့်များအား ညွှန်ကြားခဲ့သည်။ ထောင်တျဲစားသောက်ဆိုင်သို့ဝင်၍ မူးယစ်နေခဲ့ကြသည့်အတွက် သူတို့တွင် ဝိုင်နံ့များထွက်နေသည်။
စားသောက်ဆိုင်သည် နောက်တစ်ကြိမ် အလုပ်များသောနေ့ကို တစ်ဖန်စတင်ခဲ့သည်။
....
ထိုအချိန်၌
အစားကြူးတောင်ကြား၏ အပြင်ဘက်တွင် ပျက်သုဉ်းခြင်းအကျဉ်ထောင်မှ ကျင့်ကြံသူ စစ်တပ်ကြီးသည် အစားကြူးတောင်ကြားဘက်သို့ စောင့် ကြည့်နေကြသည်။
သူတို့သည် အစားကြူးတောင်ကြားကို စတင်တိုက်ခိုက်ရန်အတွက် နတ်ဆိုးဘုရင်၏ အချက်ပြမှု့ကို စောင့်ဆိုင်းနေကြသည်။ သို့သော် အချိန်အတန်ကြာစောင့်ပြီးသည်အထိ မည်သည့်အချက်ပြမှု့မျှ မတွေ့ရပေ။
ရုတ်တရက် လျင်မြန်စွာ ပြေးဝင်လာသော အနက်ရောင်အသွင်တစ်ခုကို တွေ့သောအခါ မျက်မှောင်များကြုတ်လိုက်ကြသည်။
အချို့သော ကျင့်ကြံသူများသည် ပျော်ရွှင်သွားကြသည်။ အရှင်နတ်ဆိုးဘုရင်ကြီးဆီမှ အချက်ပြမှု့များလား...
သို့သော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ကျင့်ကြံသူတိုင်း၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။
အဘယ့်ကြောင့်ဆိုသော် လွင့်ပျံလာသောအရာသည် ယခင်ကစီစဉ်ထားသော အချက်ပြမှုမဟုတ်ပဲ သွေးရောင်မျက်လုံးတစ်လုံး ဖြစ်နေသောကြောင့်ပင်...
သွေးရောင်မျက်လုံးကြီးတဲ့လား...
" အဲ့တာနတ်ဆိုးမျက်လုံး ဘုရင်ရဲ့ နတ်ဆိုးမျက်လုံးပဲ..."
နတ်ဆိုးမျက်လုံးမျိုးနွယ်စုမှ ကျင့်ကြံသူသည် အမှတ်ရသွားပြီး ထိတ်လန့်စွာ အော်ဟစ်လိုက်သည်။
ဘာ...
နတ်ဆိုးမျက်လုံးဘုရင်က သူ၏မျက်လုံးလည်း ဖယ်ထုတ်ခံခဲ့ရတာလား...
ထို့နောက်ခဏတွင်းချင်းပင် လေကိုဖြတ်သန်းလာသော အသံများကြားရသည်။
ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများသည် အနှိုင်းမဲ့ ထိတ်လန့်သွားကြသည်။ သူတို့၏ခေါင်းကို မော့ကြည့်လိုက်သောအခါတွင် သူတို့စိတ်နှလုံးထဲတွင်အနှိုင်းမဲ့စွမ်းအားကြီးသော နတ်ဆိုးဘုရင်များ ပျာယာခတ်လျက် ပြေးနေကြသည်ကို တွေ့လိုက်ရသည်။
တကယ်ပဲ ဘာတွေဖြစ်ကုန်တာလဲ...
နတ်ဆိုးဘုရင်ကျင့်ကြံသူများသည် အဘယ့်ကြောင့် အလွန်ကြောက်လန့်နေရသနည်း...
" အရှင်သိမ်းငှက်နတ်ဆိုးဘုရင်ကြီး ဘာလို့ပြန်လာကြတာလဲ... ကျွန်တော်တို့ သဘောတူထားတဲ့အတိုင်း အစားကြူးတောင်ကြားကို တိုက်ခိုက်ဖို့ကရော ဘာဖြစ်သွားပြီလဲ..."
ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူအချို့သည် ကြောက်လန့်စွာ မေးကြသည်။
သိမ်းငှက်နတ်ဆိုးဘုရင်၏ နှုတ်သီးသည် ကောက်ကွေးတော့မည်ဖြစ်ကာ ထိုကျင့်ကြံသူကို တစ်ချက်ကြည့်လိုက်သည်။
" အစားကြူးတောင်ကြားကို တိုက်ခိုက်မယ် ဟုတ်လား... လာမနောက်စမ်းပါနဲ့... နတ်ဆိုးမျက်လုံးဘုရင်တောင် ဖျက်ဆီးခံလိုက်ရပြီ... ငါထင်တာတော့ငါတို့ပြန်လှည့်ပြီး ရေချိုးပြီးအိပ်နေတာ ပိုကောင်းမယ်..."
ထိုစကားများကို ကြားရသော ကျင့်ကြံသူများသည် အလိုအလျောက် မျက်လုံးပြူးသွားကြသည်။
ထိုအချိန်တွင် ဖားနတ်ဆိုးမျိုးနွယ်စုမှ ကျင့်ကြံသူများသည် တစ်စုံတစ်ခု ထူးခြားနေသည်ကို သတိထားမိသွားသည်။ သူတို့၏ အသံများတုန်ယင်လျက် မေးကြသည် ။
" အရှင်နတ်ဆိုးဘုရင်တို့ ကျွန်တော်တို့ရဲ့ ဖားနတ်ဆိုးဘုရင်ရော ဘယ်မှာလဲ..."
နတ်ဆိုးဖား မျိုးနွယ်စု၏ မေးခွန်းကို ရင်ဆိုင်ရသောအခါ...
နတ်ဆိုးဘုရင်များအားလုံး သက်ပြင်းချကြသည်။ နတ်ဆိုးဖားမျိုးနွယ်စုမှ ကျင့်ကြံသူများကို စာနာဂရုဏာသက်စွာ ကြည့်လိုက်သည်။
" ဖားနတ်ဆိုးဘုရင်က ပြေးတာ နည်းနည်းနှေးသွားတယ်...သူ့ရဲ့ရဲရင့်တဲ့ သူရဲကောင်းဆန်မှုက ငါတို့ရဲ့နှလုံးသားထဲမှာ ထာဝရရှင်သန်နေမှာပါ..."