အခန်း ၉၂၁
နတ်ဆိုးဖားမွှေကြော်
လျို့ဝှက်နဂါးတော်ဝင်ခုံရုံး၏ အနောက်ဘက် မြင့်မားသော အနက်ရောင်တောင်တွင်...
တောင်ထိပ်၏ အလယ်ဗဟိုတွင် ဧရာမအသွင်တစ်ခုသည် ကြီးမားလှသော လှိုဏ်ဂူအတွင်းတွင် ထိုင်နေသည်။ ထိုလူသည် သူ၏ခန္ဓာကိုယ်တစ်ဝိုက်တွင် လှည့်ပတ်နေသော နတ်ဆိုးအမှတ်အသားများစွာရှိသဖြင့် ပို၍ပင် ရက်စက်ကြမ်းကြုတ်သည်ဟု ထင်ရစေသည်။
သူသည် အထီးကျန်စွာ ကျင့်ကြံနေသော အသန်မာဆုံး နတ်ဆိုးဘုရင်မှတစ်ပါး အခြားသူမဟုတ်ပေ။
ကြေးနန်းတော်တွင် နှစ်ပေါင်းတစ်သောင်းခန့် ချိတ်ပိတ်ခံခဲ့ရသည့်အတွက် နတ်ဆိုးဘုရင်၏ ကျင့်ကြံခြင်းအဆင့်သည် အနည်းငယ် ငြိမ်သက်နေသည်။
ယနေ့တွင် သူသည် သူ၏ ခန္ဓာကိုယ် လုပ်ဆောင်မှုများနှင့် ၎င်း၏ အထွတ်အထိပ် အခြေအနေတို့ကို ပြန်လည်ရရှိရန် ဆက်လက် လေ့ကျင့်နေရမည်ဖြစ်သည်။
ဝုန်း... ဝုန်း...
လှိုဏ်ဂူထဲတွင် ငရဲစွမ်းအင်များနှင့် ပြည့်နှက်နေသည်။ထူထပ်လွန်းသဖြင့် နေရာတစ်ခုလုံးကို ပြည့်လုနီးပါး ဖြစ်သွားစေသည်။
အသန်မာဆုံး နတ်ဆိုးဘုရင်သည် ထိုနေရာ၌ ရှိနေသည်။ အသက်ရှုနေစဉ်တွင် ကြီးမားသောစွမ်းအင်များသည် သူ၏နှာခေါင်းနှင့် ပါးစပ်ကြားတွင် ရှည်လျားသော နဂါးများကဲ့သို့ ရွေ့လျားနေသည်။
ရုတ်တရက် ကြီးကျယ်ခမ်းနားသော ကြယ်ရောင်ကဲ့သို့ နက်နဲပြီး ဉာဏ်ပညာရှိသော သူ၏မျက်လုံးများကို အသန်မာဆုံး နတ်ဆိုးဘုရင်က ဖွင့်လိုက်သည်။
" ငါသူတို့ကို အစားကြူးတောင်ကြားကို ရန်သွားမစဖို့ပြောတာကို နားမထောင်ကြဘူး... အခု သူတို့ကိုယ်တိုင် သေခြင်းတရားကို ကြုံရပြီ... အနှစ်တစ်ထောင်ကြာအောင် ပျောက်ကွယ်သွားပြီးနောက် ငါ့ရဲ့ဂုဏ်သိက္ခာဟာ အရင်လိုမဟုတ်တော့သလိုပဲ..."
အသန်မာဆုံး နတ်ဆိုးဘုရင်သည် မှုန်မှိုင်းနေသော လေကို ပါးစပ်ဖြင့် ရှူထုတ်လိုက်သည်။ စွမ်းအင်တွေသည် သူ၏အောက်မှာ ရွေ့လျားနေသကဲ့သို့ပင်။
စကားပြောပြီးသည့်နောက် ထိုကိစ္စသည် သူနှင့်မသက်ဆိုင်သကဲ့သို့ မျက်လုံးများကို တစ်ဖန် ပြန်ပိတ်လိုက်သည်။
...
အစားကြူးတောင်ကြားကို လာရောင်ကျူးကျော်ကြသော ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများသည် ချေမှုန်းခြင်းခံလိုက်ရသည် ။ နတ်ဆိုးမျက်လုံးဘုရင်သည် ချေမှုန်းခံရပြီး အခြားနတ်ဆိုးဘုရင်များသည်လည်း သူတို့၏ အသက်အတွက် ထွက်ပြေးခဲ့ရသည်။
ထို့အပြင် ဖားနတ်ဆိုးဘုရင်သည် လူသားများ၏ ဝမ်းဗိုက်ထဲတွင် နေရတော့မည်...
ထိုကဲ့သို့ ရလဒ်မျိုးကို မည်သူမှ မခန့်မှန်းခဲ့ကြပေ...
ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများသည် ထိတ်လန့်တုန်လှုပ်နေကြသည်။ တစ်ဖက်တွင်မူ အစားကြူးတောင်ကြားမှ ကျင့်ကြံသူများသည် ပျော်ရွှင်ပြီး စိတ်လှုပ်ရှားနေကြသည်။
သူတို့၏ ပျော်ရွှင်မှုသည် အစားကြူးတောင်ကြား တစ်ခုလုံးကိုပင် ပြည့်နှက်နေသည်။
ဟုတ်ပါတယ် အစားကြူးတောင်ကြားမှာ စိတ်လှုပ်ရှားနေသည့် ခံစားချက်တွေကြားမှပင် ထောင်တျဲ့စားသောက်ဆိုင်သည် ပုံမှန်အတိုင်း ဖွင့်လှစ်နေဆဲဖြစ်သည်။
နောက်ထပ် အလုပ်များသော နေ့တစ်နေ့ ဖြစ်ခဲ့သည်။
အစပိုင်းတွင် သူတော်စင်ဂိုဏ်းချုပ်များသည် တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင်ကြောင့် ထွေပြားနေကြပြီး ချက်ချင်းပင် ဧရာမ ဖားနတ်ဆိုးဘုရင်ကို စားရတော့မည်ဟု မျှော်လင့်နေကြသည်။
သို့သော် ပုဖန်သည် ထိုဧရာမဖားကို မည်သို့ချက်ပြုတ်ရမည်ကို မဆုံးဖြတ်ရသေးသဖြင့် စိတ်ပျက်သွားကြသည်။
ပုဖန်၏ အဆိုအရ ၎င်းသည် နတ်ဆိုးဘုရင်အဆင့် ပါဝင်ပစ္စည်းဖြစ်သောကြောင့် ပြင်ဆင်ရန် အချိန်လိုအပ်သည်။ ထို့ကြောင့် သူတော်စင်ဂိုဏ်းချုပ် ကျင့်ကြံသူများသည် နောင်တရနေကြသည်။
ပျော်ရွှင်စရာ ခံစားချက်များဖြင့် နေ့တစ်နေ့ကုန်ဆုံးသွားသည်။
ချူချန်းရှန်သည် နောက်ဆုံးစားသောက်သူ ဆိုင်မှထွက်ခွာသွားသောအခါ ပင်ပန်းမှုကြောင့် ခုံပေါ်တွင် လဲကျသွားသည်။ အဘယ့်ကြောင့် သူပင်ပန်းနေမှန်း မသိပေ။ သူ၏ကျင့်ကြံခြင်း အဆင့်နှင့်ဆိုလျှင် ထိုမျှလောက် ပင်ပန်းမနေသင့်ပေ။
အလုပ်များပြီးတိုင်း သူဘာကြောင့် ဒီလောက်ပင်ပန်းနေရတာလဲ...
သို့သော် တွေးကြည့်လိုက်သောအခါ နောက်ဆုံးတွင်သိလိုက်ရသည်။
စားပွဲထိုးတစ်ဦး ဖြစ်သဖြင့် သူသည် ပုဖန် အစားအသောက်များ တည်ခင်းရာတွင် ကူညီရသည်။ အစားအသောက် တည်ခင်းရခြင်း... ထိုအရာသည် သူပင်ပန်းရခြင်း၏ အဓိက အကြောင်းအရင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ချူချန်းရှန် ဟင်းလျာများ တည်ခင်းသောအခါတိုင်း ၎င်းတို့၏ ရနံ့များက သူ့ကို အလွန်စွဲလန်းစေသောကြောင့် ဖြစ်သည်။
သို့သော် အကျင့်စာရိတ္တကောင်းမွန်သော ကျွမ်းကျင်သည့် စားပွဲထိုးတစ်ဦးအနေဖြင့် အစားအသောက်များကို ခိုးယူမည်မဟုတ်ပါ။ ထိုသို့တိုင် ဤကဲ့သို့ အရသာရှိလှသော အစားအသောက်များအတွက် သူ၏စိတ်ဆန္ဒများကို ချုပ်ထိန်းရခြင်းသည် အလွန်ရုန်းကန်ရသည်။
ချူချန်းရှန်သည် မောပန်းနေသည်မှာ ခန္ဓာကိုယ်မဟုတ်ပဲ သူ၏ နွမ်းနယ်နေသောစိတ် ဖြစ်သည်ကို ရှင်းရှင်းလင်းလင်း နားလည်ထားသည်။
ပုဖန်ကို သတိပြုလျက် ချူချန်းရှန်သည် သူ၏အခန်းထဲသို့ ပြန်သွားခဲ့သည်။
နီယန်သည် နောက်ဆုံး၌ အခန်းမှ ထွက်သွားသည် ။ မည်သို့ပင်ဖြစ်စေကာမူ သူမသည် အာကာသနတ်သမီး ဖြစ်သည့်အတွက် ပုဖန်၏အခန်းထဲတွင် နေ၍မရပေ။ ထိုသတင်းပျံ့နှံ့သွားပါက သူမ၏ ဂုဏ်သိက္ခာကို ထိခိုက်မည်ဖြစ်သည်။
ညနက်လာပြီဖြစ်၍ စားသောက်ဆိုင်လည်း ပိတ်သွားလေပြီ။
သို့သော် အတွင်းဘက်တွင် မီးမှိန်မှိန်လေး လင်းနေသေးသည်။
မှိန်ပျပျအလင်းရောင်သည် မှောင်မိုက်နေသော စားသောက်ဆိုင်ငယ်လေးကို လင်းထိန်စေပြီး အေးချမ်းမှုနှင့် အုံ့မှိုင်းမှုတို့ကို ခံစားစေသည်။
စားသောက်ဆိုင်ထဲတွင် အရာအားလုံး တိတ်ဆိတ်ငြိမ်သက်နေသည်။
သိမြင်မှုသစ်ပင်၏ အရွက်များသည် ပန်းပွင့်လေး၏ လှုပ်ရှားမှုကြောင့် အသံအဆက်မပြတ် ထွက်နေသည်။ သူမသည် ခြေထောက်ကိုချိတ်ထားလျက် ကျင့်ကြံခြင်းပြုလုပ်နေသည်။
ခွေးဘုရင် ကသစ်ပင်ရိပ်အောက်တွင် ဟောက်လျက်ရှိသည်
ငရဲကမ္ဘာသဘောင်္ ကုန်းပတ်ပေါ်တွင် နယ်သာရီသည် သူမ၏ ကျောက်စိမ်းနှင့်တူသော လှပသောခြေထောက်များကို တွဲလောင်းချလျက် ထိုင်နေသည်။
ယနေ့ညတွင် လသည်ငွေပြားနှစ်ခြမ်းနှင့် တူနေကာ ကောင်းကင်၌ တစ်ခုကိုတစ်ခု ထောက်ပံ့ထားပြီး စိတ်ဝင်စားစရာကောင်းသည့် မြင်ကွင်းတစ်ခုပေးစွမ်းနေသည် ။
လရောင်သည် စားသောက်ဆိုင်၏ ပြတင်းပေါက်များမှတစ်ဆင့် ကျဉ်းမြောင်းသော အပေါက်များကို ဖြတ်၍ဝင်လာသည်။ သို့သော် မီးဖိုချောင်ရှိ အလင်းရောင်သည် တောက်ပနေ၏ ။
ထိုနေရာမှ ရေကျသံများ ထွက်ပေါ်လာသည်။
ပုဖန် ယနေ့ညလေ့ကျင့်မှုများ ပြီးဆုံးချိန်တွင် လက်မှရေများကို ခါယမ်းလိုက်သည်။ သူ၏ လယ်ယာမြေလောကထဲသို့ ဝင်ရန် မစောင့်နိုင်တော့ပေ။
သူ၏လယ်ယာမြေထဲရှိ ကောင်းကင်ကြီးသည် အပြာရင့်ရောင် တောက်ပနေသည် ။ အပြာရောင်ကောင်းကင်တစ်ခွင်တွင်တိမ်အချို့ လွင့်ပျံလာသည်။ ထိုနှစ်ခုကို တူတူကြည့်ရသည်မှာ ငြိမ်းချမ်းစေသည်။ ပုဖန်သည် ထိုနေရာကို ဝင်လာပြီး မြေပြင်ပေါ်သို့ ဖြည်းညှင်းစွာ ဆင်းသက်လာသည်။
ထိုအချိန်တွင် လယ်မြေများ သိသိသာသာ ပြောင်းလဲလာသည်။ ထိုနေရာသည် မြေရိုင်းမဟုတ်တော့ပေ ။ လယ်များကို ထွန်ယက်ပြီး အပိုင်းလိုက် သပ်သပ်ရပ်ရပ် စိုက်ပျိုးထားသည်။
ပုဖန်သည် အပိုင်းတစ်ခုစီကို ဖြည့်ခဲ့ပြီး ယခုအခါ လယ်ကွက်အချို့ကို ရိတ်သိမ်းနိုင်ခဲ့သည်။
သူသည် စပါးစိုက်ရန် မြစ်ကမ်းစပ်တွင် လယ်ကွင်းအများအပြား ဖွင့်ထားခဲ့သည်။ စားဖိုမှူးတစ်ယောက်အတွက် ဆန်သည် အခြေခံ ပါဝင်ပစ္စည်းဖြစ်သည်။
ဝိညာဉ်လယ်ယာမြေများလည်း ပွင့်နေပြီး အပင်ပေါက် များကိုလည်း စိုက်ပျိုးထားသည်။
ထို့အပြင် ယင်းတို့သည် သာမာန်ပျိုးပင်များမဟုတ်သော်လည်း လယ်ယာမြေကို လုံးလုံးလျားလျား ပြုစုပျိုးထောင်ပြီးသည့်နောက် စနစ်မှပေးသော ပျိုးပင်များဖြစ်သည်။
" ကွမ်ရင်ပုလဲမျက်ရည်ဆန်..."
အောင်မြင်ပြီး ပျိုးပင်များ စပါးဖြစ်လာပါက အရည်အသွေးမြင့် ဆန်အမျိုးအစားများထဲမှ ကွမ်ရင်ပုလဲမျက်ရည်ဆန် ဖြစ်လာမည်ဖြစ်သည်။
နဂါးသွေးဆန်နှင့် နှိုင်းယှဉ်ပါက ကွမ်ရင်ပုလဲမျက်ရည်ဆန်သည် တစ်ဆင့်ပိုကောင်းပါသည်။ ထို့ကြောင့် ပုဖန်သည် ဤစပါးလယ်ကွက်နှစ်ကွက်ကို အမှန်တကယ် မျှော်လင့်နေခဲ့သည်။
နျိူဟန်စန်းတွင် နောက်ထပ်တာဝန်တစ်ခုမှာ ဝိညာဉ်လယ်မြေများကို စောင့်ရှောက်ရန်ဖြစ်သည်။ သို့သော် လယ်ကွင်းများကို စောင့်ရှောက်ရသောအခါတွင်မူ အနည်းငယ်ပျင်းနေတတ်သည် ။
ထိုအခိုက်တွင် သူသည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းလျက် လယ်ကွင်းပြင်နှင့် ပျိုးပင်များကို တိုက်ခတ်လာသော လေပြည်လေညှင်းကို ခံစားနေသည်။
ရုတ်တရက် နျိူဟန်စန်း သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ မြေပြင်ပေါ်တွင် တုန်ခါမှုအချို့ကို သူခံစားလိုက်ရသည်။
မှားစရာမရှိဘူး ပုဖန်ရောက်လာပြီ...
ပုဖန်မှလွဲ၍ ဤလယ်မြေတွင် မည်သူမျှ ထိုသို့သော တုန်ခါခြင်းကို မဖန်တီးနိုင်ပေ။
ရှစ်လေးနှင့် သုံးလေးတို့သည် တောင်ကုန်းအရွယ် ဖားပြုပ်တစ်ကောင်ကို ဖြည်းညှင်းစွာဆွဲနေသော ပုဖန်ကို ငေးစိုက်ကြည့်လျက် သစ်သားအခန်းငယ်ထဲမှ ပြေးထွက်လာကြသည်။
ထိုခွေးဘီလူးသည် တောင်ငယ်တစ်ခုခန့် ကြီးမားပြီး မျက်စိကို အံ့အားသင့်စရာဖြစ်သည်။
ဟုတ်ပါတယ်... တောင်အရွယ် ဖားပြုပ် အပြင် ပုဖန်သည်လည်း သူတို့၏အာရုံကို ဖမ်းစားခဲ့သည်။
ဤအခိုက်အတန့်တွင် ပုဖန်သည် ရွှေနဂါးရိုးမီးဖိုချောင်သုံးဓားကို ကိုင်ဆောင်ထားပြီး သူ၏အနီရောင်ဝတ်ရုံသည် လေထဲတွင်တဖျပ်ဖျပ် လွင့်နေသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူသည်အလွန် ကြောက်စရာကောင်းနေသည်။
ဖားနတ်ဆိုးဘုရင်သည် ခါးသီးမှု့ကို ခံစားနေရသည်။ သူမည်သည့်နေရာတွင် ရှိနေမှန်းမသိပေ။ ဤနေရာ၌ သူ၏ ကျင့်ကြံခြင်းအခြေခံကို လုံးလုံးလျားလျား ချုပ်နှောင်ထားသောကြောင့် သူသည် သူ၏ နတ်ဆိုးဘုရင်အဆင့် စွမ်းအားကို အသုံးမချနိုင်ပေ။
သူသာတတ်နိုင်လျှင် ဤလူသားစားဖိုမှူးကို လက်တစ်ဖက်တည်းဖြင့် အနိုင်ယူလိုက်လိမ့်မည်။
နျိူဟန်စန်းသည် ဖားကြီးကိုကြည့်လျက် အလွန် ကြောက်လန့်နေသည်။
ဒီခွေးဘီလူးကြီး... မဟုတ်ဖူး... ဒီ တောင်အရွယ်လောက်ရှိတဲ့ဖားကြီး...အဲ့တာ ဖားနတ်ဆိုးမျိုးနွယ်စုရဲ့ နတ်ဆိုးဘုရင် မဟုတ်ဖူးလား...
ဒါဆို နတ်ဆိုးဘုရင်အဆင့် တည်ရှိမှု့ကတောင် ပုဖန်ရဲ့ မီးဖိုချောင်ဓားအောက်က မလွတ်မြောက်နိုင်ဘူးတဲ့လား...
ဒီလူသားက ဘယ်လောက်တောင် ကြောက်စရာကောင်းတာလဲ...
ဖားနတ်ဆိုးဘုရင်သည် ခုခံချင်သည်။ သို့သော် ဤကမ္ဘာကြီးတွင် သူ လှုပ်တောင် မလှုပ်နိုင်ပေ။
ဖားကို ဘေးသို့တွန်းချကာ ပုဖန်သည် ပတ္တမြားငရုတ်သီး စိုက်ထားသည့် ဧရိယာဆီသို့ ဦးတည်သွားကာ သူ၏လယ်ယာမြေအတွင်း လမ်းလျှောက်သွားသည်။
" ပေါက်ကွဲမီးတောက် ငရုတ်သီး... မင်းငါ့ကို စိတ်မပျက်စေဖို့ မျှော်လင့်ပါတယ်..."
ပုဖန်က ပေါက်ကွဲမီးတောက် ငရုတ်သီးကိုပွတ်ကာ ပြုံးလိုက်သည်။
ရင့်မှည့်နေသော ပေါက်ကွဲမီးတောက် ငရုတ်သီးများကို ကြည့်လျက် ပုဖန်သည် မပြုံးနိုင်ပဲ မနေနိုင်ပေ။
ပေါက်ကွဲမီးတောက် ငရုတ်သီးများ မှည့်နေသည်မှာ ကောင်းပါသည်။ ယခု သူသည် ထိုနတ်ဆိုးဘုရင် အဆင့် ဧရာမခွေးဘီလူးကို စီမံရန် အခွင့်အရေး ရခဲ့ပြီ။
ပုဖန်သည် ပေါက်ကွဲမီးတောက် ငရုတ်သီးများကို ခြင်းအပြည့်ခူးလျက် ရွေးကာ ငရုတ်သီးပူပူများကို ဦးစွာ စီမံဆောင်ရွက်နေသည်။
ဤလယ်ယာမြေတွင် ငရုတ်သီးမှည့်များသည် လှပ၍ ပတ္တမြားကဲ့သို့ နီမြန်းနေသည်။ ဖားနတ်ဆိုးဘုရင်သည် ငရုတ်သီးများကိုကြည့်၍ ကြောက်လန့်သွားသည်။ ဒီလူက သူ့ကို တကယ် ချက်စားတော့မယ်...
ဂျိန်း... ဂျိန်း... ဂျိန်း...
ဖားနတ်ဆိုးဘုရင်သည် ကြောက်လန့်၍ ခုန်ထွက်သွားသည် ။ သူမသေချင်သေးပေ။ သူသည် ပျက်သုဉ်းခြင်း အကျဉ်းထောင်၏ နတ်ဆိုးဘုရင်တစ်ပါးဖြစ်သည်။သူက ပုန်းကွယ်နဂါးတိုက်ကြီး၏ လူသားများ နှစ်သက်ခံစားနိုင်စေရန် ဟင်းတစ်ခွက် ဘယ်လိုဖြစ်လာနိုင်မှာလဲ...
လုံးဝ မဖြစ်နိုင်ဘူး...
ခဏကြာပြီးနောက်...
တောင်အရွယ်ခန့်ရှိသော နတ်ဆိုးဘုရင်သည် ပျောက်ကွယ်သွား၏ ။
နျိူဟန်စန်းသည် ဖားနတ်ဆိုးဘုရင် ပျောက်ကွယ်သွားသော နေရာကိုကြည့်ကာ ကြောက်လန့်တုန်လှုပ်နေသည်။
သူအမှန်တကယ်ပင် တုန်လှုပ်သွားခဲ့သည် ။ ခဏအကြာတွင် ပုဖန်သည် နတ်ဆိုးဖားကို လုပ်ဆောင်ခြင်း ပြီးဆုံးသွားသည်ကို သိလိုက်ရခြင်းမှာ တကယ်ကို အံ့အားသင့်စရာပင်။
ထိုဓားသည် သူ၏နှလုံးသားထဲတွင် လေးလံသော အရိပ်တစ်ခု ဖြစ်နေ၏ ။ အကယ်၍ သူခုခံရန်ရွေးချယ်ခဲ့လျှင် ထိုဓားသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို ဖြတ်သွားလိမ့်မည်။
နောက်ဆုံးတွင် ပုဖန်သည် လယ်ယာမြေမှ ထွက်သွားပြီး ကြောက်လန့်နေသော နျိူဟန်စန်းနှင့် မျက်လုံးသုံးလုံး ခြင်္သေ့လေးကို ချန်ထားခဲ့သည်။
နျိူဟန်စန်းသည် ခိုက်ခိုက်တုန်နေ၏ ။ သူသည် ပျင်းရိမှု မရှိပဲ လယ်ယာမြေကို အားကုန်စိုက်ထုတ်၍ ပိုမိုကောင်းမွန်လာရန် ကြိုးပမ်းတော့မည်။
...
ပုဖန်သည် သူ၏စားသောက်ဆိုင်သို့ ပြန်ရောက်သောအခါတွင် ပေါက်ကွဲမီးတောက် ငရုတ်သီးများကို ကောင်တာပေါ်တွင် ဆူညံစွာ တင်လိုက်သည်။
ရိတ်သိမ်းပြီးနောက်တွင် ပေါက်ကွဲမီးတောက်ငရုတ်သီးများသည် အလယ်ဗဟိုတွင် မီးတောက်တစ်ခုရှိနေသကဲ့သို့ တစ်ချိန်လုံး တောက်လောင်နေခဲ့သည်။
ပေါက်ကွဲမီးတောက် ငရုတ်သီးများကို သန့်ရှင်းရေးလုပ်ကာ ပန်းကန်ပြားကိုလည်း ပြင်ဆင်လိုက်သည်။
ထို့နောက် သူသည် စနစ်၏အတိုင်းအတာ အိတ်ထဲတွင် သိမ်းဆည်းထားသော နတ်ဆိုးဖားအသားကို ထုတ်ယူလိုက်သည်။
ဖားအသားသည် နတ်ဆိုးဘုရင်အဆင့် ချက်ပြုတ်
ပါဝင်ပစ္စည်းဖြစ်ထိုက်သည်။ အသားသည် နူးညံ့ချောမွေ့ပြီး လှီးဖြတ်လိုက်သည့်အခါ သူ၏စွမ်းအင်များ ပြန့်ကျဲနေသည်ကို ခံစားရနိုင်သည်။
သူသည် ဖားသားအချို့ကို ထုတ်၍ အဖြူနှင့်အပြာရောင်စပ် ကြွေပန်းကန်ပြားပေါ်တွင် ထားလိုက်သည်။
ထို့နောက် ပန်းကန်လုံးပေါ်သို့ အေးခဲကျောက်စိမ်း နှလုံးသားဝိုင်ကို လောင်းချလိုက်ပြီး ဆီအနည်းငယ်နှင့် ပူစပ်စပ်ငရုတ်နှစ် တို့ကိုထည့်ကာ အသားကိုဆီစိမ်လျက် နယ်ထားသည်။
အသားကိုစိမ်၍ ဆီနှင့် ဟင်းခတ်အမွှေးကြိုင်များထည့်သော လုပ်ငန်းစဉ်သည် အချိန်လိုအပ်သည်။
ရွှေနဂါးအရိုးမီးဖိုချောင်သုံးဓားကို လက်ပေါ်တွင်လှည့်၍ ငရုတ်သီးများကို စဉ်းတီးတုံးပေါ်တင်ကာ လှီးဖြတ်လိုက်သည်။ ခဏအကြာတွင် ထူထဲ၍စပ်သောရနံ့ ထွက်ပေါ်လာပြီး လူတို့၏ အရသာ အာရုံခံဖုကို လှုံဆော်ပေးနေသည်။
ပုဖန် ယနေ့ချက်မည့် ဟင်းသည် မရှုပ်ထွေးပေ။
မဟူရာလိပ်ခုံးဒယ်အိုးကို ယူကာဖွင့်ပြီး ကောင်းကင် ကမ္ဘာမြေမီးလျံဖြင့် မီးမွှေးလိုက်သည်။
ကောင်းကင်ကမ္ဘာမြေ မီးလျံသည် ဒယ်အိုးအောက်တွင် ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေသည်။
ဆီထည့်သည်။ ပူပြင်းသော မဟူရာလိပ်ခုံးဒယ်အိုးတွင် ရွှေရောင်ဆီသည် ပွက်ပွက်ဆူကာ ဆူညံနေသည်။
ရွဲ... ရွဲ... ရွဲ...
မဟူရာလိပ်ခုံးဒယ်အိုးထဲသို့ ကောင်းစွာနယ်ထားသော နတ်ဆိုးဖားအသားကို ထည့်လိုက်သောအခါ အဖြူရောင် အငွေ့အသက်များ ချက်ချင်း မြင့်တက်လာပြီး တောက်လျှောက် တောက်လောင်နေသည်။
အသားများ အိုးထဲရောက်သွားသည့်အခါ သူ၏ရနံ့သည် ချက်ချင်းထွက်လာသည် ။ ပွက်ပွက်ဆူနေသော ဆီများကြားတွင် ၎င်း၏ထူးခြားသော ရနံ့ကို ခွဲခြားနိုင်သည်။
အချိန်အတန်ကြာပြီးနောက် ဖောက်ထွင်းမြင်ရသော ဖားအသားသည် သာမန်မျက်စိဖြင့် မြင်နိုင်သော နို့နှစ်ရောင်ကဲ့သို့ ပြောင်းသွားသည်။
ပုဖန်သည် မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်ထားစဉ် လက်တစ်ဖက်တွင် ယောက်မကို ကိုင်ထားသည်။ အနံ့ကို ခံယူလျက် သူ၏ငြိမ်သက်နေသော မျက်လုံးများက မပြောင်းလဲပေ။
အိုးကို လှုပ်ခါလိုက်သည်နှင့် နတ်ဆိုးဖားအသားသည် လှိမ့်ပြီး ပွက်ပွက်ဆူလာသည်။
နတ်ဆိုးဖားအသားကို ခဏမွှေကြော်ပြီးနောက် ပုဖန်သည် အသားကိုထုတ်ကာ သန့်ရှင်းပြီး အဖြူနှင့်အပြာရောင် ကြွေပန်းကန်ပြားထဲသို့ လောင်းထည့်လိုက်သည်။
ပြင်းထန်သော ရေနွေးငွေ့ကြောင့် ပန်းကန်ပြားပေါ်တွင် နတ်ဆိုးဖား အသားတုံးသည် အနည်းငယ် လှုပ်သွားသည်။ နို့နှစ်ရောင် ဖားသားသည် လူများ၏ အစာစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။
အိုးကို နောက်တစ်ကြိမ် အပူပေးကာ ပုဖန်သည် လယ်ယာမြေမှ ယူဆောင်လာသော ကြက်သွန်ဖြူ နှင့် လေးညှင်းပွင့် အချို့ကို ထည့်လိုက်သည်။ ခဏခန့် မွှေလိုက်သောအခါ မွှေးရနံ့တစ်ခု ထွက်လာသည်။ ထို့နောက် ငရုတ်သီးများကို လောင်းထည့်လိုက်သည်။
ပေါက်ကွဲမီးတောက်ငရုတ်သီး အမြှောင်းများ အိုးထဲသို့ ရောက်သည်နှင့် တပြိုင်နက် ၎င်းတို့သည် အဆက်မပြတ် ပေါက်ကွဲထွက်ကာ စွမ်းအင်နှင့် စပ်သော အရသာကို ထုတ်ပေးသည်။
ပုဖန်သည် တုန်လှုပ်ခြင်းမရှိပဲ မဟူရာလိပ်ခုံးဒယ်အိုးကို ကိုင်၍ လှုပ်ရမ်းကာ မွှေကြော်လိုက်သည်။
ဒယ်အိုးထဲရှိ စွမ်းအင်များ ငြိမ်သက်သွားပြီးနောက် ပေါက်ကွဲမီးတောက် ငရုတ်သီးများသည် ပို၍ ထင်ရှားသော အရောင်အဆင်းကို ရရှိလာသည်။ ထို့နောက် နတ်ဆိုးဖားအသားကို အိုးထဲသို့ ပြန်လောင်းထည့်လိုက်သည်။
ရွဲ... ရွဲ... ရွဲ...
ဤတစ်ကြိမ်တွင် ဖားသားသည် ပန်းကန်ထဲသို့ ဝင်လာသောအခါတွင် ဓာတုဗေဒ တုံ့ပြန်မှုအချို့ ဖြစ်ပေါ်ခဲ့ပုံရသည်။ ဤတစ်ကြိမ်တွင် ရရှိသော အနံ့သည် ယခင်တစ်ခေါက်ထပ် အဆပေါင်းများစွာပို၍ သိပ်သည်းသည်။
ကြော်နေစဉ် နတ်ဆိုးဖားအသား တစ်ခုတည်းကို အသုံးပြုခြင်းနှင့် နှိုင်းယှဉ်လျှင် ယခုတစ်ခါ ကြက်သွန်ဖြူနှင့် ပေါက်ကွဲမီးတောက် ငရုတ်သီးကို အသုံးပြုထားသည့်အတွက် အနံ့အသက်ကို ထူးထူးခြားခြား မြှင့်တင်ပေးလျက်ရှိသည်။
ပွက်... ပွက်... ပွက်
မဟူရာလိပ်ခုံးဒယ်အိုးမှ မီးတောက်များသည် ရုတ်တရက်မြင့်တက်လာပြီး ကောင်းကင်ယံထိ မြင့်တက်လာခဲ့သည်။
သို့သော် ပုဖန်သည် မျက်တောင်တစ်ချက်ပင် မခတ်ချေ။ အစားအသောက်များကို လှန်ရန် အိုးကို လှုပ်နေဆဲပင် ဖြစ်သည်။
အဆုံးတွင်သူသည် အေးခဲကျောက်စိမ်းနှလုံသားဝိုင်နှင့် ပူစပ်စပ်ငရုတ်နှစ်ကို ထည့်လိုက်သည်။ မီးကိုလျော့လိုက်သည့်အချိန်တွင် ရနံ့သည် ပို၍ မြင့်တက်လာသည်။
အဖြူနှင့်အပြာရောင်စပ် ပန်းကန်ကိုယူ၍ ဆီပူထိုးထားသော ဖားအသားကို ထည့်ပြီးနောက် အချဉ်ရည် လောင်းလိုက်သည်။
ပန်းကန်လုံးထဲတွင် အနီရင့်ရောင်ရှိပြီး နီမြန်းသော နတ်ဆိုးဖားသားသည် ညင်သာစွာ လှုပ်ခါနေပြီး လူများကို သားရည်ယိုစေသည်။
ပုဖန်သည် အနံ့အသက်ပြင်းပြင်းကို ရှူရှိုက်လျက် ဒယ်အိုးကို ချလိုက်သည် ။ သူ၏ပါးစပ်ထောင့်များသည် ကွေးညွှတ်သွား၏ ။
"နတ်ဆိုးဖားမွှေကြော် ပြီးပြီ..."