အပိုင်း ၉၂၂
Viewers 53k

အခန်း ၉၂၂

နဂါးနန်းတော်မှ သမုဒ္ဒရာမျိုးစိတ်များ၏ ဖိတ်ကြားချက်


အဖြူနှင့် အပြာရောင်စပ် ကြွေပန်းကန်မှ အငွေ့များ တလိပ်လိပ် တက်လာသည်။


ပန်းကန်ထဲရှိ နီမြန်းသော ဖားသားမွှေကြော်သည် ရေနွေးငွေ့များ ထွက်လာသည်။ လှိမ့်နေသည့် ရေနွေးထဲတွင် ဖားသားသည် တုန်လှုပ်နေသကဲ့သို့ ထင်ရသည်။


အဆီပြန်သောဟင်းရည်နှင့် ပေါက်ကွဲမီးတောက် ငရုတ်သီးများသည် အမှန်တကယ်လောင်ကျွမ်းနေသော မီးတောက်များနှင့်တူသည်။ ထိုအနီရောင်သည် မျက်လုံးကို အလွန်ဖမ်းစားထား၏ ။


ပေါက်ကွဲမီးတောက်ငရုတ်သီးနှင့် ဝိုင်တို့ ရောစပ်လိုက်သောအခါ စပ်သောအရသာ ထွက်ပေါ်လာသည်။ အနံ့အနည်းငယ် ရရုံမျှဖြင့် လူတို့သည် ၎င်းတို့၏ အစာစားချင်စိတ်ကို ရပ်တန့်နိုင်မည် မဟုတ်ပါ။


ပုဖန်သည် နတ်ဆိုးဖားသားတစ်တုံးကို သူ၏တူဖြင့် ကောက်ယူလိုက်သည် သူ၏အမူအရာမှာ အနည်းငယ် နူးညံ့သွားကာ နတ်ဆိုးဖားသားကို သေချာလိုက်သည်။


အငွေ့တစ်ထောင်းထောင်းနှင့် ဖားအသား ပါးစပ်ထဲသို့ ဝင်သွားသောအခါ ပုဖန်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။


သူ၏ပါးစပ်ထဲရှိ ဖားအသားသည် ချော့မွေ့၍ ပျော့ပျောင်းနေသည်။ ဝါးလိုက်သည့်အခါတိုင်း သူ၏သွားများသည် အသား၏ ပွတ်တိုက်မှုကို ကောင်းစွာ ခံစားရသည်။


အသားကို တစ်ဝက်ခန့် ဝားပြီးသည်နှင့် သူ၏ပါးစပ်နံရံကို ခေါက်လိုက်သကဲ့သို့ ကွဲပြားသည့် ခံစားမှုမျိုးကို ယူဆောင်ပေးသည်။


ဒီခံစားချက်... သူသေချာပင် မရှင်းပြနိုင်ပေ။


ပုဖန်သည် ဝါးပြီးနောက် မျိုချလိုက်သည်။ ချက်ချင်းပင် နူးညံ့သော ဖားအသား၏ အရသာ ထွက်ပေါ်လာသည်။


ဖားသားသည် လည်ချောင်းမှဖြတ်၍ ဗိုက်ထဲသို့လျှောကျလာသော ပိုးချည်မျှင်ကဲ့သို့ ခံစားရပြီး လမ်းတစ်လျှောက် ပူလောင်သောခံစားမှုကို ဆောင်ကြဉ်းပေးသည်။သူ၏ဗိုက်ထဲသို့ ရောက်သွားသောအခါ ကြီးမားလှသည့် ဝိညာဉ်စွမ်းအင်များ ပွင့်လန်းလာသည်။


သို့သော် ပုဖန်အတွက် ဤဝိညာဉ်စွမ်းအင်မျိုးသည် အသုံးမဝင်ပေ။


အဘယ်ကြောင့်ဆိုသော် ပုဖန်သည် သူ၏ ဟင်းလျာများကို မြည်းစမ်းကြည့်သောအခါတွင် သူသည် ထိုနေရာရှိ ဝိညာဉ်စွမ်းအင်ကို စုပ်ယူနိုင်လိမ့်မည် မဟုတ်သောကြောင့် ၎င်းကို တစ်နည်းနည်းဖြင့် နှစ်သက်မှု နည်းပါးစေသောကြောင့် ဖြစ်သည်။


ပုဖန်က အသားတစ်တုံးတည်းသာ စားသော်လည်း သူသည် အရသာနှင့် အရောင်အဆင်းကို ကျေနပ်အားရမှုရှိသည်။


မည်သို့ပင်ဖြစ်စေ ထိုအရာသည် နတ်ဆိုးဘုရင်အဆင့် ပါဝင်ပစ္စည်းဖြစ်သည် ။ အသားအနည်းငယ် စားရုံဖြင့် ထိုဟင်းသည် အလွန်အမင်းအရသာ ရှိလိမ့်မည်။


သူ နာကျင်နေသော ကျောကို ဆန့်လိုက်ကာ ကြွေပန်းကန်ပြားကို ကိုင်၍ မီးဖိုချောင်မှ ထွက်လာခဲ့သည်။


အပြင်ဘက်၌ မိုးလင်းနေပြီဖြစ်သည်။ သူသည် ဟင်းချက်ရန် တစ်ညလုံး အလုပ်များခဲ့သည်။ 


နေအလင်းရောင်ဖြင့် ထွန်းလင်းနေသော စားသောက်ဆိုင်ကိုကြည့်၍ ပုဖန်အံ့အားသင့်သွားသည် ။ သူ ပန်းကန်ကို စားပွဲပေါ်၌ မတင်ခင် ထိုနေရာ၌ ခဏရပ်နေမိ၏။ 


သေသေချာချာ စဉ်းစားကြည့်မည်ဆိုလျှင် တစ်ညတာ ကာလသည် အလွန်မကြာပေ။


ပုဖန်သည် လယ်ယာမြေထဲသို့ ဝင်ရောက်သောအခါ မှောင်နေ၏။ ကတ္တီပါ ကြယ်ရောင် ကောင်းကင်ကြီးသည် ထိုနေရာ အနှံ့ ဖြန့်ကျက်ထားသည်။


သို့သော် လယ်ယာမြေတွင် ပုဖန်သည် စပါးပျိုးပင်များနှင့် အခြားချက်ပြုတ်ပါဝင်ပစ္စည်းများကို စစ်ဆေးခဲ့သည်။ ပေါက်ကွဲမီးတောက် ငရုတ်သီးများကို ရိတ်သိမ်း၍ သန့်စင်ထားသည်။ သူသည် တောင်အရွယ်ခန့်ရှိ ဧရာမ ဖားနတ်ဆိုးကိုပင် အပြီးသတ်ပြီးပြီဖြစ်သည်။


ပုဖန်၏ ဓားကျွမ်းကျင်မှုဖြင့်ပင် ဖားနတ်ဆိုးဘုရင်ကို အပြီးသတ်ရန် အချိန်များစွာယူခဲ့ရသည်။ ထို့ကြောင့် မိုးလင်းသွားသည်မှာ မထူးဆန်းတော့ပေ။


သူ့ ၏ဓားစွမ်းရည်သည် အထွတ်အထိပ်သို့ရောက်ရှိသွားခဲ့ပြီး အရှင်သခင်ဓားဆယ့်သုံးချက် ကို ကောင်းစွာစွမ်းဆောင်နိုင်ခဲ့သည်။


ပုဖန်အတွက် သူ၏ဓားစွမ်းရည်က သိသိသာသာ တိုးတက်လာသော်လည်း တစ်ချိန်တည်းမှာပင် ပ‌ဟေဠိ ဖြစ်သွားစေခဲ့သည်။


သူ၏ အရှင်သခင် ဓားဆယ့်သုံးချက် ပြီးသွားကတည်းက ဓားစွမ်းရည်ကို မြှင့်တင်ဖို့ သူ့အတွက် နေရာကျန်သေးရဲ့လား...


တစ်ခါတရံ ပုဖန် ထိုအရာကို တွေးနေသည်။


သူ၏ အရှင်သခင် ဓားဆယ့်သုံးချက်သည် အထွတ်အထိပ်သို့ ရောက်သွားသည်မှာ သံသယရှိစရာ မလိုပေ။ ဒါက သူ၏ဓားစွမ်းရည်က အထွတ်အထိပ်ကို ရောက်နေပြီလို့ ဆိုလိုတာလား...


ယခင်က ပုဖန်သည် အစားကြူးတောင်ကြားသည် အချက်အပြုတ်အနုပညာ၏ အထွတ်အထိပ်ဟု ထင်ခဲ့ဖူးသည်။ အစားကြူးတောင်ကြားထက် ပို၍ တစ်ဆင့်မြင့်သော မသေမျိုးအချက်အပြုတ်နယ်ပယ် ရှိသည်ဟု မတွေးမိခဲ့ပေ။


သို့သော် လက်ရှိတွင် မသေမျိုးအချက်အပြုတ်နယ်ပယ်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီရန် ရုန်းကန်နေရသည်။


ဒါက ဘာကို ဆိုလိုတာလဲ...မသေမျိုး အချက်အပြုတ်နယ်ပယ်၏ စားဖိုမှူးများအားလုံးတွင် ထူးထူးခြားခြား ဟင်းချက်ကျွမ်းကျင်မှု ရှိသည်ဟု ဆိုလိုခြင်းဖြစ်သည်။


အဲဒါက စားဖိုမှူးတွေရဲ့ တကယ့် သုခဘုံပါပဲ...


ထို့ကြောင့် ဓားကျွမ်းကျင်မှု ပိုမိုအားကောင်းလာမည်ဖြစ်သည်။


ပုဖန် အသက်ရှုထုတ်၍ မျက်လုံးများမှိတ်လိုက်ပြီး စိတ်တည်ငြိမ်ရန် ကြိုးစားလိုက်သည်။ မသေမျိုး အချက်အပြုတ်နယ်ပယ် အကြောင်းတွေးလိုက်သည့် အခါတိုင်း စိတ်လှုပ်ရှားနေမိသည်။


စနစ်သည် ထိုမသေနိုင်သောစွမ်းအင်ကို အဘယ်ကြောင့်စုပ်ယူခဲ့သည်ကို သူမသိပေ။


ပုဖန် မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါမျက်မှောင်ကြုတ်သွားသည်။


သူ၏ရှေ့၌ လူအများအပြား ရပ်နေသည် ။ လွန်ခဲ့သည့် တစ်မိနစ်ခန့်က ဤနေရာတွင် ဆံချည်မျှင် တစ်မွှေးမျှပင် မရှိချေ။


ချူချန်းရှန်သည် ပိုးသားညအိပ်ဝတ်စုံကို ၀တ်ဆင်ထားပြီး သူ၏ဆံပင်ဖြူများ ပြန့်ကျဲနေသည်။ သူသည် စားပွဲဘေးကိုမှီ၍ တောက်ပသော မျက်လုံးများနှင့် စားပွဲပေါ်တင်ထားသည့် ပန်းကန်တွေကို စိုက်ကြည့်နေသည်။


မာနကြီးသည့် နယ်သာရီသည် သူ၏ဘေးတွင် ရပ်နေသည်။


ခွေးအရှင်သခင်သည်လည်း ထိုနေရာ၌ ရှိနေသည် ။ သူ၏ လက်သည်း နှစ်ဖက်လုံးကို စားပွဲပေါ်၌ တည်ငြိမ်စွာ တင်ထားသည်။ 


မွှေးရနံ့ကြောင့် သူတို့တွေ ရောက်လာတာပဲ...


ပုဖန်၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားသည်။


" ဒါက ဖားနတ်ဆိုးအသားလား... အနံ့က မွှေးနေတာပဲ... ငါဘာတစ်ခုမှ ထူးဆန်းတာ မတွေ့ဘူး..." 


ချူချန်းရှန်သည် အငွေ့တထောင်းထောင်းနှင့် နတ်ဆိုးဖားမွှေကြော်ကိုကြည့်၍ တံတွေးမျိုချလိုက်သည်။


ဟင်းလျာသည် သာမာန်ဟင်းမဟုတ်ကြောင်း ပြသနေသော တောက်ပမှု ထွက်လာသည်။ သို့သော် ထိုအရာသည် ချူချန်းရှန်ကို အံ့အားမသင့်စေပါ။ သူသည် ပုဖန် ချက်ပြုတ်ခဲ့သော အံ့ဩဖွယ်ရာ ဟင်းပေါင်းများစွာကို စားခဲ့ဖူးပြီ ဖြစ်သည်။


" ဖားနတ်ဆိုးကို ချက်ဖို့ ဟင်းချက်နည်းတွေ အများကြီးရှိပေမယ့် ကျွန်တော်က အဲ့ထဲက အရိုးရှင်းဆုံးတစ်ခုကို ရွေးလိုက်တာပါ... ဒီဟင်းပွဲက ဖားအသားဘယ်လို အရသာရှိတယ်ဆိုတာ သိချင်လို့ စမ်းသပ်ရုံပါ..."


 ပုဖန်က ဖြေလိုက်သည်။


ချူချန်းရှန်နှင့် တခြားသူများ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူတို့သည် တူများကို ဆွဲယူ၍ လျင်မြန်စွာ ကိုင်လိုက်ကြသည်။


ပန်းပွင့်လေးသည်လည်း စားပွဲသို့ ရောက်လာပြီး သူမ၏ ကြီးမား၍ ချစ်စရာကောင်းသော မျက်လုံးများဖြင့် မျက်တောင်ခတ်နေသည်။ ပန်းကန်များကို စိုက်ကြည့်လျက် သူမ၏ သုံးပန်လှ မြွေမျက်လုံးများသည် ဖြည်းညှင်းစွာ လှည့်ပတ်လျက် ရှိသည်။


"ဘာပဲဖြစ်ဖြစ်... အရသာက စပ်ပြီး မွှေးနေတာပဲ…"


 ချူချန်းရှန်သည် ပလုပ်ပလောင်းစား၍ ပြောလိုက်သည်။


အနီရောင်ရှိသော ဖားအသားတုံးတစ်တုံးကို ကိုင်လိုက်သောအခါ ငရုတ်ဆီသည် ရွှဲနစ်နေပြီး ချက်ပြုတ်ပြီးနောက် နီနေသော နို့နှစ်‌ရောင် နတ်ဆိုးဖားသားကို ပေါ်လွင်စေသည်။ စပ်သောအရသာသည် ရနံ့နှင့်တူတူ ထွက်ပေါ်လာသည်။


အိုး...ဟိုး...


ဖားအသားတုံး သူ၏ပါးစပ်ထဲ ဝင်သွားသည့်အခိုက်တွင် ချူချန်းရှန် တောင့်တင်းသွားသည်။ သူ၏မျက်လုံးထဲက အလင်းရောင်က ပို၍တောက်ပလာသည်။ သူ တုန်လှုပ်သွားသည်မှာ အမှန်ပင်။


" ဒီခံစားချက်က... မယုံနိုင်လောက်အောင်ပဲ..."


ဝုန်း... ဝုန်း...


ချူချန်းရှန်၏ ခန္ဓာကိုယ်အတွင်းမှ သန်မာသော အားတစ်မျိုး ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည်ကို ခံစားရသည်။


နတ်ဆိုးဖားအသားသည် သူ၏ခန္ဓာကိုယ်ထဲတွင် ခုန်နေသကဲ့သို့ ခံစားရသည်။ ထိုခံစားချက်ကို ခံစားလျက် ချူချန်းရှန်သည် သူ၏မျက်နှာကို ဖုံးကွယ်ထားရန် မတတ်နိုင်ပေ။


ခံစားရသည်မှာ အလွန်နွေးထွေးနေသည်။


"ကောင်းလိုက်တာ... အရသာရှိတယ်... အရမ်းလည်းစပ်တာပဲ..." 


ချူချန်းရှန် အံ့အားသင့်စွာ ပြောလိုက်သည်။


ဝှစ်...


သူ၏ခန္ဓာကိုယ်ပေါ်ရှိ ပိုးသားညအိပ်ဝတ်ရုံသည် အထည်အလိပ် အပိုင်းအစများအဖြစ် လေထဲတွင် လွင့်ပျံလာသည်။


နယ်သာရီ နတ်ဆိုးဖားအသားတုံးကို ဖြည်းညှင်းစွာ ယူလိုက်သည်။ အသားများ ပါးစပ်ထဲသို့ ရောက်သွားသည်နှင့် စိတ်ကျေနပ်စွာ မျက်လုံးများကိုမှိတ်လိုက်သည်။ သူမ ညှင်သာစွာဝါးပြီးနောက် မျိုချလိုက်သည်။


ဤအစားအစာသည် လူများကို အေးချမ်းစေသည်။ သူမ တိတ်ဆိတ်စွာဖြင့် ခံစားချင်ခဲ့သည်...


ခွေးဘုရင်လည်း တစ်ကိုက်စားလိုက်သည်...


စပ်‌သော အရသာသည် ခွေးဘုရင်၏ သွားများကိုက်စေပြီး မျက်လုံးများ ခဏကြာအောင် မှိတ်သွားစေသည်။


လူများ စိတ်ကျေနပ်စွာ စားသောက်နေသည်ကို ပန်းပွင့်လေးမြင်သောအခါ စိတ်မငြိမ်မသက်ဖြစ်သွားသည်။


ပုဖန်က မိန်းကလေးငယ်လေး၏ စားချင်၍ ဂနာမငြိမ် ဖြစ်နေပုံကို မြင်သောအခါ အသားတစ်တုံးယူ၍ ကျွေးလိုက်သည်။ 


" အလျင်လိုစရာမလိုပါဘူး... ဖြည်းဖြည်းစားပါ..." 


 ပန်းပွင့်လေးက ဖားအသား သူမပါးစပ်ထဲသို့ ပျော်ဝင်သွားသည်ကို ခံစားကာ မျက်လုံးမှိတ်လိုက်သည်။


အရမ်းအရသာရှိတာပဲ...


ပုဖန် ပေါက်ကွဲမီးတောက်ငရုတ်သီး ကိုယူ၍ စေးပျစ်သော ငရုတ်ဆီထဲနှစ်လိုက်သောအခါ ငရုတ်ဆီသည် စိုရွှဲ၍ အငွေ့များထွက်လာသည်။


ပေါက်ကွဲမီးတောက်ငရုတ်သီးများကို ပါးစပ်ထဲသို့ ထည့်ကာ မျက်စိမှတ်ပြီး ဝါးလိုက်သည်။


မွှေကြော်ပြီးသည့်နောက်တွင် ပေါက်ကွဲမီးတောက်ငရုတ်သီးသည် ပို၍ ပျော့ပျောင်းသွားပြီး ပါးစပ်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ရသည်။


ပါဝင်ပစ္စည်းများအား သူကိုယ်တိုင်စိုက်ပျိုးထားသည့်အတွက် စားလိုက်သည့်အချိန်တွင် အတော်လေး ကျေနပ်အားရသွားသည်။


ယခု သူတို့တွင် အစားအသောက်ကောင်းကောင်းရှိပြီ... ဝိုင်ကောင်းကောင်းသောက်ရန် မလိုပေဘူးလား...


ယခုလက်ရှိတွင် ပုဖန်၏ တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်သည် ပစ္စည်းပြတ်လပ်နေ၏။


သူကမ္ဘာမြေ အကျဉ်းထောင်သို့ မသွားရသေးသည့်အတွက် စမ်းချောင်းဝါမြက်နှင့် ကူကယ်ရာမဲ့ပန်းကို မခူးရသေးပေ။ ထို့ကြောင့် ဝိုင်ထပ်မံချက်ရန် မဖြစ်နိုင်ပေ။


မည်သို့ပင်ဖြစ်စေ တွယ်တာရာမဲ့စမ်းချောင်းဝါဝိုင် မှလွဲ၍ ပုဖန်တွင် အခြားဝိုင်ကောင်းများစွာ ရှိသည်။


သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်နှင့် ကျောက်စိမ်းဖြူရောင်ပုလင်း ပေါ်လာသည်။ တံဆိပ်ကို ချွတ်လိုက်သောအခါတွင် ထူထဲသော ရနံ့တစ်ခု ပျံ့လွင့်လာသည်။


တောက်... တောက်... တောက်...


ပုဖန်သည် လူတိုင်းကို အေးမြသောဝိုင်တစ်ခွက်စီ လောင်းထည့်ပေးသည်။


နတ်ဆိုးဖားကြော်စားကာ ဝိုင်ကောင်းကောင်းသောက်လျက် လန်းဆန်းပြီး ကြည်နူးစရာကောင်းစေသည့် ခံစားချက်သည် လူများ၏ စိတ်ကျေနပ်မှုကို ရစေသည်။


စားသောက်ပြီးနောက် ပုဖန်သည် စားသောက်ဆိုင်တံခါးကိုဖွင့်ကာ လုပ်ငန်း စတင်ခဲ့သည်။


စားသောက်ဆိုင် အပြင်ဘက်တွင် လူတန်းရှည်နေပြီ ဖြစ်သည်။ ပုဖန်သည် လူတန်းကိုကြည့်ကာ အသက်ရှူထုတ်လိုက်သည်။


နောက်ထပ် အလုပ်များသည့်နေ့တစ်နေ့ကို စတင်လိုက်ပါပြီ။


...


အချိန်တွေသည် တဖြည်းဖြည်း ရွေ့လျားလာသည်။


ပုန်းကွယ်နဂါးတိုက်ကြီးတွင် ထိုသို့ ငြိမ်းချမ်းသော ကာလတစ်ခုရှိရန် ရှားပါးပြီး ခက်ခဲလှသည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ကျင့်ကြံသူများသည် အစားကြူးတောင်ကြား၏ မြောက်ပိုင်းတွင် စောင့်ဆိုင်းနေကြသည်။ သူတို့သည် ထိုနေရာကို ထပ်မံကျူးကျော်ရန် အစီအစဉ်မရှိတော့ပေ။


ဖားနတ်ဆိုးဘုရင်သည် နောက်ကျ၍ အစားကြူးတောင်ကြားတွင် ဖမ်းဆီးခံရသည့် အချိန်မှစ၍ နတ်ဆိုးဘုရင်များစွာ သတိရှိနေကြသည်။


အသန်မာဆုံး နတ်ဆိုးဘုရင်သည် ၎င်းတို့ကို မစော်ကားရဲပါက သူတို့ကိုမည်သူမျှ မစော်ကားရဲပေ...


အမှန်တကယ်မှာ နတ်ဆိုးဘုရင်များသည် ပြဿနာ မတက်လိုကြပေ။ ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ကျင့်ကြံသူများသည် ပုန်းကွယ်နဂါးတိုက်ကြီးတွင် အေးဆေးစွာ အချိန်ဖြုန်းနေကြသည်။


သို့သော်လည်း ခဏအကြာတွင် မသိလိုက်သော ခံစားချက်တစ်ခုက လေထဲတွင် ပြည့်နှက်သွားသည်။


အစားကြူးတောင်ကြား၏ သန့်စင်နယ်မြေမှ ကျင့်ကြံသူများသည် ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများ၏ စခန်းချရာ နေရာများကို စောင့်ကြည့်သည့်အခါတိုင်း ၎င်းတို့၏ နှလုံးခုန်သံများထိတ်ထိတ်ပျာပျာ ဖြစ်ရသည်။


တိမ်မည်းများနှင့် ကောင်းကင်တွင် ဟိန်းဟောက်နေသော မိုးခြိမ်းသံကို သူတို့ မြင်နိုင်ပုံရသည်။


မှန်ပါတယ်... ထိုအရာက ပုဖန်ကို အနှောင့်အယှက် မဖြစ်စေနိုင်ပေ။ အလင်းတံခါးကိုဖွင့်၍ တိမ်ခိုးစားသောက်ဆိုင်သို့ ဝင်သွား၏။


ယန်မိန်ကျီနှင့် မှော်ကဝေ အန်ရှန့်တို့သည် မီးဖိုချောင်ထဲတွင် ချက်ပြုတ်ကာ အလုပ်များနေကြသည်။


ပိုင်ရှင်ပုကို‌ တွေ့သောအခါတွင်လည်း မအံ့ဩတော့ပေ။ ပေါ့ပေါ့ပါးပါး နှုတ်ဆက်၍ အလုပ်များ ဆက်လုပ်နေကြသည်။


ချက်ပြုတ်နည်း အသေးစိတ် အချက်အလက် အချို့ကို သင်ပေးပြီးနောက် သူသည် အလင်းတံခါးမှတစ်ဆင့် ဖန်ဖန် ဆိုင်ငယ်လေးသို့ သွားခဲ့သည်။


ဖန်ဖန်ဆိုင်ငယ်လေးတွင် ရှောင်းရှောင်လုံက တက်ကြွသောပုံစံဖြင့် ချက်ပြုတ်နေသည်။ ဒယ်အိုးထဲရှိ အစားအစာများကို ငရုတ်နှစ်ဖြင့်မွှေကြော်နေသည်။


သူ၏ဘေးနားတွင် ယုဖူက တည်ငြိမ်သောမျက်နှာနှင့် နူးညံ့သောအပြုံးဖြင့် ကြည့်နေသည်။ သူ၏မျက်လုံးများက လူငယ်လေးကို သဘောကျနေပုံရသည်။


ရုတ်တရက် အလင်းတံခါးတစ်ချပ် ပေါ်လာပြီး ပုဖန်၏ အနီရောင်ဝတ်ရုံလေထဲတွင် ဖြည်းညှင်းစွာ လှုပ်ခါလျက် ပေါ်လာသည်။


" ကျွန်တော် မအံ့ဩတော့ပါဘူး...ပိုင်ရှင် ပုက မကြာခဏ ပေါ်လာတာပဲ..."


ပုဖန်ကိုမြင်သောအခါ ရှောင်းရှောင်လုံသည် ဒယ်အိုးကိုချ၍ အစားအစာများကို ပန်းကန်ထဲသို့ ထည့်နေသည်။


ပုဖန် အနည်းငယ် ထိတ်လန့်သွားသည်။ ယုဖုကို ဤနေရာ၌တွေ့ရန် သူ မမျှော်လင့်မထားပေ။ 


ထိုမိန်းကလေးသည် မြွေလူသားမြို့တော်၏ဧကရီမဟုတ်လား...


" ပိုင်ရှင်ပု... နောက်ဆုံးတော့ ဒီကို ရောက်လာပြီပေါ့..." 


ယုဖူ သည် ပုဖန်ကိုကြည့်ကာ သူမ၏မြွေအမြီးသည် ဖြည်းညှင်းစွာယိမ်းနွဲ့နေသည်။ သူမ၏ လှပသော မျက်နှာသည် အပြုံးဖြင့် ပွင့်လန်းလာသည်။


" ဘာတွေထူးလို့လဲ...မင်းငါ့ကိုဘာလို့ တွေ့ချင်တာလဲ..." 


ပုဖန် သံသယ ဖြစ်သွားသည်။


ယုဖူသည် တုံပြန်သည့်အနေဖြင့် ပုဖန်ကို ခေါင်းငြိမ့်ပြလိုက်သည်။


" ကောင်းပြီလေ... အပြင်မှာပြောရအောင်... ရှောင်လုံ ဆက်ပြီး လေ့ကျင့်ထားလိုက်ပါ..."


မီးဖိုချောင်သည် စကားပြော၍ ကောင်းသောနေရာ မဟုတ်ပေ။ ပုဖန်သည်လည်း မီးဖိုချောင်အတွင်း စကားပြောရသည်ကို မနှစ်သက်ပေ။ 


ထို့ကြောင့် ရှောင်ရှောင်လုံကို လုပ်စရာရှိသည်များ ဆက်လက်လုပ်ခိုင်း၍ ယုဖူကို စားသောက်ဆိုင်သို့ ခေါ်သွားသည်။


"အိုး...ပိုင်ရှင်ပု မတွေ့ရတာကြာပြီ... လူအိုကြီးကျင်းကို မှတ်မိသေးလား..."


စားသောက်ဆိုင်အတွင်းလေထုသည်နွေးထွေးနေပြီး စားသောက်သူများစွာသည် မှာထားသည်များကို စောင့်ဆိုင်းနေကြသည်။


လူအိုကြီးကျင်းသည် ပုဖန်ကိုကြည့်လျက် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


ပုဖန်သည် ဖောက်သည်များနှင့် ခဏတာ စကားပြောပြီးနောက်တွင် နေရာတစ်ခုတွင် ထိုင်လိုက်သည်။ ယုဖူက သူ၏ရှေ့တွင် ထိုင်လိုက်သည်။


" ပြောပါဦး...‌မြွေလူသားမြို့တော်ရဲ့ ဧကရီက လေအလင်းအင်ပါယာကို ဘာကိစ္စလာရတာလဲ..." 


ပုဖန်မေးလိုက်သည်။


ယုဖူ မဖြေခင် အသက်တချက်ရှုသွင်းလိုက်သည်။ 


" ပိုင်ရှင်ပု... လွန်ခဲ့တဲ့ တစ်လက သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူတွေ မြွေလူသားမြို့တော်ကို လာခဲ့တယ်..."


သမုဒ္ဒရာမျိုးစိတ် ကျင့်ကြံသူတွေတဲ့လား... ဘာဖြစ်ခဲ့တာလဲ... သူတို့ မြွေလူသားမြို့တော်ကို လာကျူးကျော်တာလား...


 ပုဖန် သံသယဝင်သွားသည်။


သူတို့ မြွေလူသားမြို့တော်ကို ထပ်မတိုက်ခိုက်တော့ဘူးလို့ အောင်းပိုင် မပြောခဲ့ဘူးလား...


" မဟုတ်ဖူး... သူတို့က ရှင့်ကိုတွေ့ဖို့လာတာ...သမုဒ္ဒရာမျိုးစိတ်တွေရဲ့ သံတမန်က သူတို့ရဲ့ မဟူရာနဂါးဘုရင်က ရှင်နဲ့ ပုဇွန်ဘိုး‌ဘေးကို သူ့ရဲ့ မဟူရာနဂါးနန်းတော်မှာ သူ့ရဲ့ဧည့်သည်အဖြစ် ဖိတ်ကြားတယ်လို့ပြောတယ်..."


ပုဖန် ဝိုင်တစ်ခွက်သောက်၍ မသဲကွဲစွာပြောလိုက်သည်။ 


" ငါနဲ့ ပုစွန်ဘိုးဘေး ဟုတ်လား...ကြည့်ရတာ မဟူရာနဂါးဘုရင်ရဲ့ ပစ်မှတ်က ငါမဟုတ်လောက်ဖူး...ပုစွန်ပိစိပဲဖြစ်မယ်...ငါက အဖော်သက်သက်ပဲ..."


ယုဖူက ပုဖန်ကိုကြည့်၍ ပြောလိုက်သည်

 

"ပိုင်ရှင်ပု အဆုံးမဲ့ပင်လယ်က အရမ်းအန္တရာယ်များပြီး သမုဒ္ဒရာမျိုးစိတ်တွေရဲ့ နဂါးနန်းတော်က ပိုပြီးတောင် အန္တရာယ်များတယ်... ရှင်အဲဒီကိုမသွားသင့်ဘူး..."


သူမ၏ စိုးရိမ်မှုကို အသိမှတ်ပြုသည့် အနေဖြင့် သူ အသာပြုံး လိုက်သည် ။ ထို့နောက် စကားမပြောခင် ဝိုင်ကိုကုန်အောင်သောက်လိုက်သည်။ 


" ဘာလို့လဲ ငါကတော့သွားမှာ ... ငါပင်လယ်စာ ချက်ချင်နေတာ...နောက်ပြီး ငါ့လယ်မြေမှာ ပင်လယ်စာတွေ မွေးမြူစောင့်ရှောက်ဖို့ ဧရိယာရှိသေးတယ်..."