အခန်း ၉၂၃
ထောင်တျဲစားသောက်ဆိုင်၏ အလုပ်သင်စားဖိုမှူး
ယုဖူဆီမှ သတင်းများ လက်ခံရရှိပြီးနောက် ပုဖန် ထောင်တျဲ စားသောက်ဆိုင်သို့ ပြန်လာခဲ့သည်။
ထိုင်ခုံကိုယူ၍ စားသောက်ဆိုင်ရှေ့တွင် ထိုင်ပြီး မျက်နှာပေါ်သို့ တိုက်ခတ်နေသော လေအေးများကို ခံစားနေကာ မျက်စိကိုမှေး၍ အနားယူနေသည်။
သို့သော်လည်း ခဏတာ အနားယူပြီးနောက် မျက်လုံးဖွင့်ကာ အတွေးထဲတွင် နစ်မွန်းသွားခဲ့သည်။
အဆုံးမဲ့ပင်လယ်ကို သူသွားလည်ချင်ခဲ့သည်မှာ မှန်သည်။ အဲ့ဒီကိုသွားရန် အချိန်တန်ပြီ...
သူ မသေမျိူး စွမ်းအင်များ ရရှိလာစဉ်က မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သည် နောက်ထပ် သုံးနှစ်အတွင်းတွင် ဖွင့်လှစ်တော့မည်ဟု စနစ်က ပြောခဲ့သည်။ထိုအချိန်တွင် သူသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ သွားရောက်ရမည်။
ယခု သုံးနှစ်နီးပါးပင် ရှိခဲ့ပြီ။ သူ့အတွက် အဆုံးမဲ့ပင်လယ်ကို တစ်ခေါက် သွားလည်ရန် အချိန်ကောင်းဟု ထင်သည်။
ဟုတ်ပါသည်။ ထိုနေရာ မသွားခင် တစ်ခုခုကို ဖြေရှင်းရန်လိုသည်။ ထောင်တျဲစားသောက်ဆိုင်အတွက် အလုပ်သင်စာဖိုမှူးတစ်ယောက် ရှာရန်လိုသည်။
မှန်တယ်... အလုပ်သင်တစ်ယောက်ပါပဲ...
တိမ်ခိုးစားသောက်ဆိုင် နှင့် ဖန်ဖန်ဆိုင်ငယ်လေးတို့နှင့် နှိုင်းယှဉ်ပါက စနစ်သည် ပုဖန်ကို အလုပ်သင် စားဖိုမှူးတစ်ဦးသာ ရှာရန် တောင်းဆိုခဲ့သည်။ မည်သို့ပင်ဖြစ်စေ အလုပ်သင်စားဖိုမှူးတစ်ဦးတည်း ရှာရန်မှာ မခက်ခဲပေ။
ဒါဆိုရင် ဘယ်သူက သူ့ရဲ့ အလုပ်သင်စားဖိုမှူး ဖြစ်သင့်သလဲ...
ပုဖန် အနည်းငယ် ခေါင်းကိုက်ချင်သွားသည်။ အစားကြူးတောင်ကြားတွင် ပါရမီရှိသော စားဖိုမှူးများစွာ ရှိပြီး အားလုံးသည် ရွေးချယ်ရန် သင့်တော်သူ များသာဖြစ်သည်။
သို့သော် တစ်ယောက်တည်းကို ရွေးချယ်ရန် ခက်ခဲလှသည်...
အချိန်အတန်ကြာအောင် တွေးပြီးသည်အထိ ပုဖန်သည် သင့်တော်သောသူကို မရွေးချယ်နိုင်ပေ။ ခေါင်းကိုပွတ်၍ ယနေ့အတွက် လေ့ကျင့်ခြင်းစတင်ရန် စားသောက်ဆိုင်သို့ ပြန်သွားသည်။
ထို့နောက် စီးပွားရေးအတွက် စားသောက်ဆိုင်ဖွင့်ရန် လိုသေးသည်။
ငရဲဘုရင်အာဟ ဖြေးညှင်းစွာ လျှောက်၍လာနေသည်။ အစားကြူးတောင်ကြား၏ ပထမတောင်ကြားသခင်နှင့်အတူ သူတို့သည် စားသောက်ဆိုင်အတွင်းသို့ ဝင်လာကြသည်။သူတို့ နှစ်ဦးကြားတွင် ရန်ငြိုးရန်စ မရှိပေ။ ပုဖန်၏ စားသောက်ဆိုင်တွင် မကြာခဏ တွေ့ဆုံကြပြီး တစ်နည်းနည်းနှင့် ကောင်းမွန်သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ခဲ့ကြသည်။
လူအိုကြီးသည် ခေါင်းပေါ်မှ ဆံပင်ဖြူများကို ပွတ်သပ်လိုက်သည်။ လင်းထိန်နေသော အလင်းတန်းတစ်ခုကို ဖုံးကွယ်ရန် မျက်လုံးများကိုမှိတ်ထားသည်။
သုံးနှစ်တာကာလသည် ပြီးလုနီးပါး ဖြစ်သောကြောင့် ယခုအချိန်တွင် မငြိမ်မသက်ဖြစ်နေသောခံစားချက်သည် သူ၏နှလုံးသားထဲတွင် စွဲနေခဲ့သည်။
သူသည် မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ ဝင်ရောက်ရန် အခွင့်အရေးအတွက် အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေခဲ့သည်။ ဤတစ်ကြိမ်တွင်အခွင့်အရေးကို လက်လွတ်မခံတော့ပေ။
ယခုအချိန် ပုန်းကွယ်နဂါးတိုက်ကြီးတွင် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ကျင့်ကြံသူများနှင့် တိုက်ကြီး၏ နိုင်ငံသားများသည် ရုန်းကန်နေရပြီး ရှေ့မတိုးသာသည့် အခြေအနေတစ်ခုနှင့် ရင်ဆိုင်နေရသည်။
သို့သော် အစားကြူးတောင်ကြားကြောင့် ထိုရှေ့မတိုးသာသည့် အခြေအနေသည် မပြိုကွဲသေးပေ။
မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ်သို့ ဝင်ရောက်ခွင့်ရသောအခါ နတ်ဆိုးဘုရင်များ အထူးသဖြင့် အသန်မာဆုံး နတ်ဆိုးဘုရင်သည် ၎င်းကို ဘယ်တော့မှ လွှတ်မည်မဟုတ်ကြောင်း လူအိုကြီးသိသည်။ ထို့ကြောင့် ဤတစ်ခေါက်တွင် တိုက်ပွဲသည် ကြောက်မက်ဖွယ်ရာ ကောင်းလိမ့်မည်။
ထို့အပြင် သူ၏ရှေ့ရှိ စားဖိုမှူးငယ်သည် ဤအရာအားလုံးအတွက် သော့ချက်ဖြစ်သည်။
လူအိုကြီးသည် လက်ရှိအလုပ်များနေသော ပုဖန်ကိုကြည့်လိုက်သည်။ ဝိုင်တစ်ခွက်ကို မော့သောက်လိုက်ပြီး အသက်ရှူထုတ်လိုက်သည်။
လူအိုကြီး မသိလိုက်သည်က သူသည် ပုဖန်အား အကဲဖြတ်နေချိန် ပုဖန်သည်လည်း သူ့အားအကဲဖြတ်နေခြင်းပင်။
ပုဖန်သည် အလုပ်သင်စားဖိုမှူးရှာဖွေခြင်းအတွက် ခေါင်းကိုက်နေသည့်အတွက် လူတစ်ဦးကို တွေ့သည့်အချိန်တိုင်း စစ်ဆေးအကဲခတ်နေသည်။
လူအိုကြီးကို ခေတ္တကြည့်ပြီးနောက် ပုဖန် ဝမ်းနည်းစွာဖြင့် ခေါင်းခါလိုက်သည်။ ဤ လူအိုကြီးသည် အလွန်အသက်ကြီးပြီဖြစ်၍ သူ၏ လိုအပ်ချက်များနှင့် မကိုက်ညီပေ။
ချူချန်းရှန်သည် ဖောက်သည်များကို တည်ခင်းရန်အတွက် ပြတင်းပေါက်မှ ပန်းကန်ကို ကျွမ်းကျင်စွာ ယူလိုက်သည်။
အခြားပုံသဏ္ဌာန်တစ်ခုသည် တံခါးဝမှ အေးဆေးစွာ လျှောက်လာသည်။ သူ၏ အင်္ကျီသည် ပွင့်နေပြီး အဖြူရောင်ရင်ဘတ်မှာ ထင်းနေသည်။ သူ၏ အထိန်းအကွပ်မဲ့ ပုံစံသည် စားသုံးသူအတော်များများ၏ အာရုံကို ဖမ်းစားခဲ့သည်။
ထိုသူသည် အခြားသူမဟုတ် အစားကြူးတောင်ကြား၏ ထိပ်တန်းစားဖိုမှူး ဝမ်ရမ်ရှန့်ဖြစ်သည်။
ပိန်ပားသောဝမ်ရန်ရှန်က နွေးထွေးစွာ ပြုံးနေသည်။
အစားကြူးတောင်ကြားတွင် စားသောက်ဆိုင်တစ်ဆိုင် ပိုင်သည်ဟူသောအချက်မှလွဲ၍ သူသည် အခြားစားဖိုမှူးများနှင့် ကွာခြားသည်။
အချိန်အများစုတွင် သူသည် ပုဖန်၏ စားသောက်ဆိုင်တွင် အမြဲလိုလို အစားအသောက်နှင့် ဝိုင်ကောင်းများကို မှာယူလေ့ရှိသည်။
သူ ဒီကို သောက်ဖို့သာ လာခြင်းဖြစ်သည်။
သူသည် ဤဆိုင်ရောက်သည့်အခါတိုင်း အလွန်အကြူးသောက်၍ မူးမှသာ ပြန်သွားသည်။
ဝမ်ရမ်ရှန်က ဝိုင်ကောင်းများအပေါ်တွင် အထူး စွဲလန်း၍ လိုချင်စိတ်လည်းရှိသည်။ ဝါးစိမ်းဝိုင်ဟုခေါ်သော ဝိုင်တစ်မျိုးကို ကိုယ်တိုင်ပြုလုပ်ခဲ့သည်။ သို့သော် ပုဖန်၏ဝိုင်ကို မြည်းစမ်းပြီးသည့်နောက်တွင် ဝါးစိမ်းဝိုင်ကို ထပ်မံ မပြုလုပ်တော့ပေ။
သူက တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်တစ်ခွက်ကို ဝယ်ရန်အတွက် အိမ်ပါရောင်းမည့် လူစားမျိုးပင် ဖြစ်သည်။
ပုဖန်သည် ဝမ်ရမ်ရှန်ကို ကြည့်လျက် မျက်လုံးများ အရောင်တောက်လာသည်။ ဝမ်ရမ်ရှန်သည် ရွေးချယ်မှုကောင်း ဖြစ်မည့်ပုံပင်။
ထိုသူ၏ ဟင်းချက်ကျွမ်းကျင်မှုသည် အလွန်ကောင်းမွန်ကြောင်း သံသယဖြစ်စရာမလိုပါ။ အကယ်၍ သူသာ အလုပ်သင်စားဖိုမှူးဖြစ်ခဲ့ပါက ပြဿနာများစွာမှ ကယ်တင်နိုင်မည်ဖြစ်သည်။
ရွဲ...ရွဲ...ရွဲ...
ပုဖန်သည် အစားအစာများကို အဖြူနှင့် အပြာရောင်စပ် ပန်းကန်ပြားတွင်ထည့်လျက် အေးခဲကျောက်စမ်းနှလုံးသားဝိုင်ကို ထုတ်၍ မီးဖိုချောင်မှ ထွက်လာသည်။
ချူချန်းရှန်က ပုဖန်ထွက်လာသောအခါ အံ့ဩ၍ သိချင်သွားသည်။ ပုဖန်ကို ဤအချိန်၌ မီးဖိုချောင်ထဲမှ ထွက်လာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
သို့သော် ပုဖန်က သူ့ကို ဂရုမစိုက်ပေ။ ပုဖန် ဝမ်ရမ်ရှန်ဆီသို့ တိုက်ရိုက်လျှောက်သွား၍ ပုလင်းကိုရှေ့တွင်ချကာ တိုးညှင်းစွာ ပြောလိုက်သည်။
" မင်းရဲ့ အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ပါ..."
ဝမ်ရမ်ရှန်က ပုဖန်ကိုကြည့်ပြီးနောက် အေးခဲကျောက်စိမ်းနှလုံးသားဝိုင်ကိုဖောက်၍ ပုလင်းထဲမှ ချက်ချင်းသောက်လိုက်၏။
ဝိုင်ကောင်းကောင်းကို ဝမ်ရမ်ရှန့် သောက်နေသည်ကိုကြည့်၍ ပြောမည့်စကားများကို ပုဖန်စဉ်းစားနေသည်။ သူမည်သို့ စကားစရမည်ကို မသိပေ။
ဝမ်ရန်ရှန့်ကို သူ၏ အလုပ်သင်စားဖိုမှူး ဖြစ်လာအောင် ဆွဲဆောင်ရန် လွယ်ကူမည်မဟုတ်ပေ။ ထိုသူသည် ဟင်းချက်ကျွမ်းကျင်သော စားဖိုမှူးတစ်ဦးဖြစ်သည်။ သူက ဟင်းချက်တတ်သော်လည်း ဝိုင်ချက်ရသည်ကို ပိုနှစ်သက်သည်။
ယခင်က အစားကြူးဘုတ်ပြားရှိ စားဖိုမှူးများကို ပုဖန်ချေမှုန်းခဲ့သည့်ထဲတွင် ဝမ်ရမ်ရှန်လည်း အပါအဝင်ဖြစ်သည်။
သူက အလုပ်သင်စားဖိုမှူး ဖြစ်ချင်ပါ့မလား...
ပုဖန်သည် ပိုစဉ်းစားရန် လိုမည်ဟု ထင်ခဲ့သည်။ထို့ကြောင့် သူ၏စကားများကို ရွေးချယ်ပြီး ကမ်းလှမ်းချက်ကို မည်သို့ပြောရမည်ကို လုပ်ဆောင်ရန် လိုအပ်သည်။
ဂလု...ဂလု...ဂလု...
ဝမ်ရမ်ရှန် ဝိုင်သောက်နေစဉ် ဝိုင်စက်များသည် သူ၏ပါးစပ်မှနေ၍ ရင်ဘတ်ပေါ်သို့ လှိမ့်ဆင်းသွားသည်။
သူ ပုလင်းတစ်ဝက်ကို တစ်ငုံတည်း မော့သောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားနှင့် စိတ်ကို လန်းဆန်းစေသည့် ခံစားချက်ကို ခံစားလိုက်ရသည်။
ထို့နောက် သူက ပုဖန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
" ပိုင်ရှင်ပု ပြောစရာ ရှိတာပြောပါ..."
အိုး... သူ ဒါကို သိတာလား...
ပုဖန် သူ့ လက်များကို စားပွဲပေါ်တင်ကာ ဝမ်ရမ်ရှန်ကို လေ့လာနေသည်။
ပတ်ဝန်းကျင်မှလူများ သိချင်စိတ် ပြင်းထန်နေကြသည်။ သူတို့သည် ပုဖန်၏ ရည်ရွယ်ချက်ကို မခန့်မှန်းနိုင်ပေ။
ဝမ်ရမ်ရှန်ကမူ ပုဖန်၏အကြည့်အောက်တွင် စိတ်မသက်မသာဖြစ်နေသည်။ သူသည်ဝိုင်ကို စိတ်အေးလက်အေး မသောက်နိုင်တော့ပေ။
"ငါ့ရဲ့ စားသောက်ဆိုင်အတွက် အလုပ်သင်စားဖိုမှူးလိုတယ်... မင်းငါ့ရဲ့ အလုပ်သင်စားဖိုမှူး ဖြစ်ချင်လား..."
ပုဖန်သည် ကွေ့ဝိုက်မနေပဲ လိုရင်းကိုသာ တည့်တည့်ပြောလိုက်သည်။
သူပြောပြီးသည်နှင့် အနီးအနားရှိ လူများ ထိတ်လန့်သွားကြသည်။
ဘာလဲ... ပိုင်ရှင်ပုက ဝမ်ရမ်ရှန်ကို သူ့အလုပ်သင်စားဖိုမှူး အဖြစ်ခေါ်ချင်နေတာလား...
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ...
ဝမ်ရမ်ရှန်သည် ပထမတန်းစား စားဖိုမှူးတစ်ဦးဖြစ်သောကြောင့် သူသည် စားဖိုမှူးတစ်ဦးအဖြစ် မာန်မာနရှိသည်။ မည်သို့ဖြင့် တစ်စုံတစ်ဦး၏ အလုပ်သင် ဖြစ်လာနိုင်မည်နည်း...
ပုဖန်က ဘာလို့ ဒီလို တောင်းဆိုမှုမျိုး လုပ်ရတာလဲ...
သူတို့မျက်စိမှိတ်ထားလျှင်တောင်မှ ဝမ်ရမ်ရှန်ငြင်းမည်ဆိုသည်မှာ သေချာပေါက်ပင်။
လူအိုကြီးသည် ခေါင်းပေါ်မှ ဆံပင်ဖြူများကို ပွတ်သပ်ကာ စိတ်ဝင်တစား ရယ်မောလိုက်သည်။
အမှန်တော့... ပိုင်ရှင်ပုသည် ကိစ္စများကို စတင်စီစဉ်နေပြီတဲ့လား...
အချိန်ကြာလာသည်နှင့်အမျှ မသေမျိုးချက်ပြုတ်ခြင်းနယ်ပယ် ဖွင့်ရန်အချိန် တဖြည်းဖြည်း နီးကပ်လာပေပြီ။ ပိုင်ရှင်ပုလည်း စိုးရိမ် ကြောင့်ကြနေတာပဲ...
သို့သော် သူက ဝမ်ရမ်ရှန်အား အလုပ်သင်စားဖိုမှူးအဖြစ် ရွေးချယ်ခဲ့သည်။ ထို ရွေးချယ်မှုသည် သိပ်မကောင်းမွန်လှပေ။
ငရဲဘုရင်အာဟသည် ထိုအရာကို မျက်ကွယ်ပြု၍ ဘေးတွင်ထိုင်ကာ ရှူးရှဲ အစပ်ချောင်းကို စားနေသည်။
အမှန်စင်စစ်တွင် သူသည်စိတ်ပူနေ၏ ။ သူ၏ ရှုးရှဲအစပ်ချောင်းများ ကုန်တော့မည်ဖြစ်သည်။ သူ ရှူးရှဲအစပ်ချောင်းများအတွက် အကြောင်းပြချက်တစ်ခု ရှာသင့်သည်ဟုထင်သည်။သို့မဟုတ်ပါက သူ၏အစားအစာများ ကုန်သွားသောအခါ ရူးသွားလိမ့်မည်ထင်သည်။
ဝမ်ရမ်ရှန်၏ လည်ချောင်းများ လှုပ်ရှားသွားသည်။ မဖြေမီ စိုစွတ်နေသော ပါးစပ်ကို သုတ်ရန် လက်ကို မြှောက်လိုက်သည်။
" ပိုင်ရှင်ပု... လာနောက်နေတာလား ငါ ဝမ်ရမ်ရှန်က ပေါ့ပေါ့ပါးပါးနဲ့ ပူပင်ကြောင့်ကြကင်းပြီး နေရပေမယ့် မာန်မာနရှိတယ်... မင်းက ငာ့ထက် ပိုတော်တယ်ဆိုတာ ဝန်ခံပါတယ်၊ ဒါပေမယ့် မင်းရဲ့အလုပ်သင်စားဖိုမှူးဖြစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး..."
ဝမ်ရမ်ရှန် ပြောပြီးနောက် ဝိုင်ကိုမော့ချလိုက်သည်။
တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင် ကိုဝယ်ရန် ဝမ်ရမ်ရှန်သည် ၎င်း၏ စားသောက်ဆိုင်ကိုပင် အပေါင်ထားခဲ့ပြီး ယနေ့တွင် သူသည် တစ်ယောက်တည်း ဆင်းရဲနွမ်းပါးသူအဖြစ် သတ်မှတ်ခံထားရသည်။
မည်သို့ပင်ဆိုစေကာမူ ထိုအခြေအနေမျိုးတွင် သူသည် မာနကြီးသူဖြစ်နေဆဲပင်... ပုဖန်က သူ့ကို အလုပ်သင်စားဖိုမှူးအဖြစ် ခေါ်ချင်တယ်ဆိုရင် သူ့ကို ဘာသင်ပေးနိုင်မလဲ...
ဓားကျွမ်းကျင်မှု အသားလွှာကျွမ်းကျင်မှု ဟင်းချက်ကျွမ်းကျင်မှုစသည်ဖြင့်... ပထမတန်းစားဖိုမှူးဖြစ်ခြင်းကြောင့် ၎င်းတို့အားလုံးကို ကျွမ်းကျင်ခဲ့သည်။ ပုဖန်က သူ့ကို နောက်ထပ် ဘာသင်ပေးနိုင်မလဲ...
သို့သော် ပုဖန်၏ လေးနက်သောအမူအရာက သူ့ကို မျက်မှောင်ကြုတ်သွားစေပြီး နောက်ထပ်ပြောသည့်စကားက သူ၏ကမ္ဘာကို ဇောက်ထိုးဖြစ်သွားစေခဲ့သည်။
"ဝိုင်က... အရသာရှိလား..."
ဝိုင်...ဝိုင်...ဝိုင်...
ပုဖန်၏ဝိုင်...
ဝမ်ရမ်ရှန်၏မျက်လုံးများသည် ပဲတီစိမ်းခန့် ကြီးလာသည်။
"အေးခဲကျောက်စိမ်းနှလုံးသားဝိုင်... နှင်းခါးမီးတောက်သိမြင်မှုဝိုင် ... ပြီးတော့ တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်... အဲ့တာတွေက အရသာရှိတယ် မထင်ဘူးလား..."
ပုဖန် မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။
ဂလု...
ဝမ်ရမ်ရှန်၏ ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ပုဖန်စကားကို နားထောင်လျက် ချွေးသီးများ လိမ့်ဆင်းလာကာ တုန်လှုပ်သွားသည်။
နှင်းခါးမီးတောက် သိမြင်မှုဝိုင် သို့မဟုတ် တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင် ဖြစ်ပါစေ သူသည် ၎င်းတို့ထဲသို့ နစ်မြုပ်နေပြီဖြစ်သည်။
အထူးသဖြင့် တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်... အဖုံးကို ဖွင့်လိုက်သည်နှင့် ဝိုင်အမွှေးအကြိုင်များက အစားကြူးတောင်ကြား တစ်ခုလုံး စိမ့်ဝင်သွားသည်...
အဲဒါက ဘယ်လို မြင့်မြတ်တဲ့ ဝိုင်မျိုးလဲ...
သူ တွယ်တာရာမဲ့ စမ်းချောင်းဝါဝိုင်ကို သောက်ပြီးနောက် ၎င်း၏ နှလုံးသားထဲသို့ နက်နက်ရှိုင်းရှိုင်း ထိုးဖောက်ဝင်ရောက်ခဲ့သည့် ထိုအရသာကို သူဘယ်တော့မှ မမေ့နိုင်ပေ။
ပုဖန်၏ တည်ငြိမ်လျက်ရှိသော မျက်လုံးများကိုကြည့်၍ သူမှားသွားကြောင်း သိလိုက်သည်။
"မင်းအဲ့တာတွေကိုသင်ယူချင်လား... မင်းငါ့ရဲ့ အလုပ်သင်စားဖိုမှူး ဖြစ်လာရင် ငါသင်ပေးမယ်..."
ပုဖန် တည်ကြည်စွာ ပြောလိုက်သည်။
ဝမ်ရမ်ရှန် အထပ်ထပ် အခါခါ တုန်လှုပ်သွားသည်။
ထို့နောက် လူအများ၏ စူးစူးဝါးဝါး အကြည့်များရှေ့တွင် သူသည် ပုလင်းထဲမှ ဝိုင်ကို ဖြည်းညှင်းစွာ အပြီးသတ်လိုက်သည်။ ပါးစပ်ကို သုတ်၍ မတ်တပ်ထရပ်ကာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။
သူသည်ပုဖန်ကို ရုတ်တရက် ဦးညွှတ်လိုက်သည်။
အကယ်၍ သူသာ ဝိုင်ပြုလုပ်နည်းများကို လေ့လာနိုင်လျှင် ပုဖန်၏ အလုပ်သင်စားဖိုမှူးဖြစ်ရန် ဆန္ဒရှိသည်။
"ကျွန်တော် ပိုင်ရှင်ပုရဲ့ အလုပ်သင်စားဖိုမှူးဖြစ်ဖို့ ဆန္ဒရှိပါတယ်... ပိုင်ရှင်ပုနဲ့ ဝိုင်လုပ်နည်းကို သင်ယူချင်ပါတယ်.."
ဝမ်ရမ်ရှန်က စိတ်အားထက်သန်စွာ ပြောလိုက်သည်။
ပုဖန်ကျေနပ်သွားပြီး ဝမ်ရမ်ရှန့်ကိုကြည့်ကာ ပြုံးလိုက်သည်။
အနီးနားရှိ လူများ ပါးစပ်အဟောင်းသားဖြစ်နေကြသည်။
" ငါအိမ်မက် မက်နေတာလား... ဒါမှမဟုတ် ငါ့မျက်လုံးတွေက လှည့်စားနေတာလာ...စားဖိုမှူး ဝမ်ရမ်ရှန်က ပုဖန်ရဲ့ အလုပ်သင်စားဖိုမှူးလုပ်ဖို့ သဘောတူလိုက်တယ်တဲ့လား..."
"ဘုရားရေ...အဲ့ဒီနတ်ဆိုးဘုရင်တွေနဲ့ အကြီးအကျယ်တိုက်ခိုက်ပြီးနောက် ဝမ်ရမ်ရှန်က ပိုင်ရှင်ပုကို သူ့ဆရာအဖြစ် လက်ခံလိုက်တာပဲ..."
" ဝိုး... စိတ်လှုပ်ရှားစရာကြီး... မယုံနိုင်စရာပဲ..."
အနီးနားရှိ အခြားလူများက ၎င်းတို့၏ အံ့အားသင့်မှုနှင့် ချီးကျူးမှုကို ပြသကုန်ကြသည်။ ပိုင်ရှင်ပု၏ အလုပ်သင်စားဖိုမှူးသည် ပထမတန်းစား စားဖိုမှူးဖြစ်သည်။ ဤအရာက ကမ္ဘာကြီးအပေါ် သူတို့၏အမြင်ကို လုံးဝပြောင်းလဲသွားစေခဲ့သည်။
ဝမ်ရမ်ရှန် ဦးညွှတ်နေသည်ကို ကြည့်ကာ ပုဖန်သည် အခြားတစ်ယောက်တွင် သင်ယူလိုသော စိတ်ရင်းမှန်အား မြင်နိုင်သောကြောင့် ပုဖန်၏ မျက်လုံးများသည် လေးလေးနက်နက်ဖြစ်နေ၏။
ဝိုင်ချက်တဲ့ နည်းလမ်းတွေတဲ့လား...
ပုဖန်တွေးတောလိုက်သည်။ သူ၏ ဝိုင်ပြုလုပ်နည်းများက တခြားသူများ အလွယ်တကူ သင်ယူနိုင်သည့်အရာမဟုတ်ပေ...
ပုဖန်က လူအုပ်ကြားထဲ သူ၏အကြည့်များကို ဖြတ်ပြီး ဝမ်ရမ်ရှန့်ကိုပြောလိုက်သည်။
"အခု မင်း ငါ့ရဲ့ အလုပ်သင်စားဖိုမှူးဖြစ်သွားပြီ... ငါ့နောက်ကို လိုက်ခဲ့..."
ပြီးနောက် သူသည် မီးဖိုချောင်ထဲသို့ ဦးဆောင်ကာ ဝင်သွားသည်။
"ကောင်းပါပြီ... ကျွန်တော်တို့စားသောက်ဆိုင်က ဖွင့်နေတုန်းပါပဲ ကျေးဇူးပြု၍ မှာကြပါ..."
ဝမ်ရန်ရှန့်သည် ပုဖန်၏နောက်မှလိုက်ကာ တကယ်ပင် စိတ်လှုပ်ရှားနေသည်။
ပိုင်ရှင်ပု၏ မီးဖိုချောင်... ယခုအချိန်ထိ ဘယ်သူမှ ခြေမလှမ်းရသေးသောနေရာ...
တံခါးဝကိုဖြတ်၍ဝင်လိုက်သည်နှင့် မီးဖိုချောင်၏ အတွင်းပိုင်းသည် ဝမ်ရန်ရှန်၏ အမြင်အာရုံထဲ၌ ပေါ်လာသည်။
သူ၏မျက်လုံးများ ချက်ချင်းပင် ကျဉ်းမြောင်းသွားသည်...