အပိုင်း ၉၂၄
Viewers 53k

အခန်း ၉၂၄

နယ်သာရီတွင် ‌စည်းမျဉ်းများရှိသည်


ဒါက မီးဖိုချောင်တဲ့လား...


ဝမ်ရန်ရှန် ပုဖန်၏ မီးဖိုချောင်ကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ပုံမှန်နှင့်မတူသော အတွင်းခန်းနှင့် ပစ္စည်းကိရိယာများကို ကြည့်ကာ အတော်အံ့ဩသွားသည်။


ဝီ...ဝီ...


တံခါးဘေးမှာ ရပ်နေသည့် ဝမ်ရမ်ရှန့် အံ့သြသွားသည်။ ကျယ်ဝန်းပြီး သန့်ရှင်းသော မီးဖိုချောင်သည် သူ့အား ထိတ်လန့်စေခဲ့ပြီး တောက်ပနေသော မီးဖိုခုံစားပွဲရှည်များ ဗီဒိုများနှင့် အခြားကိရိယာများက သူ၏အမြင်ကို လုံးဝပြောင်းလဲသွားစေခဲ့သည်။


ရုတ်တရက် မိုးခြိမ်းသံများ တဟုန်ထိုး မြည်လာသည်။


ဝမ်ရမ်ရှန် လန့်သွားသည်။ လှည့်ကြည့်လိုက်သောအခါတွင် တံခါးနားတွင် သံရုပ်သေးရုပ်တစ်ရုပ် ရပ်နေသည်ကို တွေ့လိုက်ရသည်။


ထိုရုပ်သေးခေါင်းပေါ်တွင် ရွှေပုဇွန်တစ်ကောင် တင်ထားသည်။ ရုပ်သေး၏မျက်လုံးများသည် လျှပ်စီးလက်သကဲ့သို့ စူးစူးရဲရဲနှင့် တောက်ပနေသည်။တစ်ချိန်တည်းမှာပင် လျှပ်စီးကြောင်းများသည် ၎င်း၏ခန္ဓာကိုယ်အနှံ့ ကခုန်နေသည်။


တစ်ခါတစ်ရံ‌တွင် ပုစွန်ကိုလျှပ်စီးများ ရိုက်ခတ်သွားပြီး ထိုပုစွန်ကို ပူဖောင်းများဖြင့် လှုပ်သွားစေသည်။


"ဝှိုက်တီလား..."


ဝမ်ရမ်ရှန်က ဝှိုက်တီ့ကို သိသည်။ ထိုရုပ်သေးသည် ၎င်း၏မြင့်မြတ်သော စွမ်းအားများကို ပြသကာ ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများနှင့် မိုးကြိုးအပြစ်ဒဏ်ကို ယှဉ်ပြိုင်တိုက်ခိုက်ခဲ့သည်ကို သူကိုယ်တိုင် မြင်ခဲ့ရသည်။ ထို့အတွက်ကြောင့် သူသည် ဝိုက်တီ့ကို ရိုးသားစွာဖြင့် ကြောက်ရွံ့ရိုသေသည်။


" အဲ့ဒီမှာပဲ ရပ်ပြီးမနေနဲ့... မီးဖိုချောင်ထဲဝင်ပြီး ကိရိယာတွေနဲ့ ရင်းနှီးအောင် အသုံးပြု... ဝိုင်လုပ်နည်းလေ့လာချင်ရင် ဒါတွေကို အသုံးပြုတတ်ဖို့လိုတယ်..."


ပုဖန်၏ ငြီးငြူသောအသံသည် ဝမ်ရမ်ရှန့်၏ အတွေးကို နှောက်ယှက် လိုက်သည်။  


ဤ မီးဖိုချောင်သည် သူယခင်ကမြင်ခဲ့သော မီးဖိုချောင်များနှင့် ကွာခြားလှသည်။


အစားကြူးနတ်ဘုရား အဆောက်အအုံတွင်ရှိသော အစားကြူးတောင်ကြား၏ အခမ်းနားဆုံးမီးဖိုချောင်နှင့် နှိုင်းယှဉ်လျှင်ပင် ပုဖန်၏ မီးဖိုချောင်သည် ပို၍ စိတ်ဝင်စားစရာကောင်းသည်။ 


အကယ်၍ သူသည် ဟင်းလျာကောင်းများကို ချက်ပြုတ်လိုပါက ပစ္စည်းကိရိယာများ မည်သို့အသုံးပြုရမည်ကို မဖြစ်မနေသင်ယူရမည်။ ထို့ကြောင့် ပုဖန်သည် ထိုပစ္စည်းများ မည်သို့ အသုံးပြုရမည်ကို ဝမ်ရမ်ရှန်အား မီးဖိုချောင်ထဲတွင် စိတ်ရှည်စွာ သင်ပေးနေသည်။


...


ဝမ်ရမ်ရှန်သည် ပုဖန်၏ အလုပ်သင်စားဖိုမှူး ဖြစ်လာခဲ့သည်။ ထိုသတင်းသည် အချိန်ခဏအတွင်းမှာပင် အစားကြူးတောင်ကြားကို ပျံ့နှံ့သွားသည်။


မယုံနိုင်လောက်စရာဟု ခံစားရသည့်အတွက် လူတော်တော်များများ အကြည့်ချင်းဖလှယ်နေကြသည်။


ဒါကဘယ်လို ဖြစ်ရတာလဲ...


ဝမ်ရန်ရှန်က ပထမတန်း စားဖိုမှူးတစ်ဦးဖြစ်ပြီး ဤနေရာတွင် အလားအလာအရှိဆုံးသူဆိုသည်မှာ ပြောရန်ပင်မလိုချေ။ ယခုမူ ရုတ်တရက် သူသည် ပိုင်ရှင်ပု၏ အလုပ်သင်စားဖိုမှူးဖြစ်လာသည်။


အလုပ်သင်စားဖိုမှူးက ကျောင်းသားတစ်ယောက်ပဲ မဟုတ်လား...


ပိုင်ရှင်ပု၏ ဟင်းချက်ကျွမ်းကျင်မှုသည် အလွန်ခမ်းနားသော်လည်း ပထမတန်းစားဖိုမှူး ဝမ်ရမ်ရှန်သည် သူ၏ကိုယ်ပိုင် ဂုဏ်သတင်းရှိသည်။ တစ်စုံတစ်ယောက်၏ အလုပ်သင်စားဖိုမှူး မည်သို့ဖြစ်လာသနည်း...


ဒါက အရှက်ကွဲခြင်းတစ်မျိုးပဲ...


ထိုသတင်းကိုကြားသည့် စားဖိုမှူးများစွာ အကယ်၍ ဝမ်ရမ်ရှန့်သာ အမှန်တကယ် ပြုလုပ်ခဲ့မည်ဆိုပါက ၎င်း၏ယုံကြည်ချက်များနှင့် ဆန့်ကျင်ဘက်ဖြစ်မည်ဖြစ်ပြီး သူ၏အနာဂတ် အောင်မြင်မှုသည် ဤနေရာတွင် အဆုံးသတ်သွားနိုင်သည်။


...


ဇာမဏီ အဆောက်အဦး


" အား... ဝမ်ရမ်ရှန် အဲ့ဒီ ယုတ်မာတဲ့ကောင်လေးက ပုဖန်ရဲ့ အလုပ်သင်စားဖိုမှူး ဖြစ်လာတယ်တဲ့လား ဒီမိန်းမအိုကြီးကတော့ ပုဖန်ကို ချဉ်းကပ်ဖို့ အခွင့်အရေးကောင်း ဆုံးရှုံးသွားပြီ..."


ဇာမဏီ အဆောက်အဦးမှ ဝန်ထမ်းများသည် ယခုမှ နောင်တရနေသော မုချန်ကိုကြည့်၍ စကားမပြောနိုင် ဖြစ်ကုန်သည်။


သူမသည် ဆွဲဆောင်မှု့ရှိသော ခန္ဓာကိုယ်ကို ဖော်ပြထားသည့် ပြေလျော့နေသောဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်များသည် ဖရိုဖရဲဖြစ်နေ၍ မိတ်ကပ်မလိမ်းခြယ်ထားပုံ ရသော်လည်း ရင်သပ်ရှုမောဖွယ် ကောင်းနေသည်။


သို့သော် ယခုအခိုက်တွင် မုချန်သည် သူမ၏ ပါးစပ်ကို ကျယ်ကျယ်ဖွင့်ကာ သွားများကြိတ်လျက် ခါးသီးသောနောင်တကို ခံစားနေသည်။


အမှန်တကယ်တွင် မူချန်သည် စိတ်ညစ်နေ၏ ။ ဖြစ်နိုင်လျှင် သူမသည် ပုဖန်၏ အလုပ်သင်စားဖိုမှူး ဖြစ်လာချင်သည်။


အကယ်၍ သူမသာ ပိုင်ရှင်ပု၏ အလုပ်သင်ဖြစ်လာပါက သူနှင့်စကားပြောရန် အခွင့်အလမ်းနှင့် အချိန်ပိုရှိလိမ့်မည်... ထို့နောက် ၎င်းတို့ကြားတွင် မရေရာသော တစ်စုံတစ်ရာ ဖြစ်လာနိုင်သည်...


ကံမကောင်းစွာဖြင့် သူမသည် ထိုကဲ့သို့ အခွင့်အရေးကောင်းကို လက်လွှတ်လိုက်ရသည်။ 


ခဏခန့် ရုန်းကန်လှုပ်ရှားပြီးသည့်နောက် အခြားသူများအား ထွက်သွားခိုင်းလိုက်သည်။ ထို့နောက် သူမသည် ဇာမဏီ အဆောက်အဦး၏ ပြတင်းပေါက်ဘောင်မှနေ၍ မျက်နှာချင်းဆိုင်ရှိ မီးရောင်ကောင်းစွာ ထွန်းညှိထားသော ထောင်တျဲစားသောက်ဆိုင်ကို ကြည့်နေသည်။


သူမသည် သက်ပြင်းချကာ ပြောလိုက်သည်။


 "ဒါက ကံတရားပဲလား... ဒီ မိန်းမအိုကြီး မယုံကြည်နိုင်သေးဘူး..."


...


မှောင်မိုက်သောညတွင် လေပြင်းများတိုက်ခတ်နေသည်။


ဝမ်ရမ်ရှန် အိမ်ပြန်ရန် အစားကြူးနတ်ဘုရားမြို့တော်ရှိ လမ်းငယ်တစ်ခုပေါ်တွင် လျှောက်လှမ်းနေသည်။


ဤအခိုက်အတန့်တွင် သူသည် ထိုအရာအသစ်များကို ထိတွေ့အသုံးပြုပြီးနောက် အလွန်အံ့ဩကာ ပီတိဖြစ်ခဲ့ရသည်။ စားဖိုမှူးများသည် ကွဲပြားသော ကိရိယာများကို အသုံးပြု၍ မတူညီစွာ ချက်ပြုတ်နိုင်မည်ဟု မည်သည့်အခါကမျှ မထင်ခဲ့ပေ။


ထိုကိရိယာများသည် အလွန်အသုံးဝင်ပြီး သူ၏ စိတ်ကူးယဉ်မှုထက် ကျော်လွန်သွားခဲ့သည်။


"ပိုင်ရှင်ပု... သူက တကယ်ကို ဆန်းသစ်တီထွင်တဲ့ စားဖိုမှူးတစ်ယောက်ပဲ..."


  ဝမ်ရမ်ရှန့် က ချီးမွမ်းပြီး သက်ပြင်းဖွဖွချလိုက်သည်။ ထို့နောက် လှည့်၍ မှောင်နေသော လမ်းကြားထဲသို့ လျှောက်သွားလိုက်သည်။


ထိုအချိန်တွင် ရုတ်တရက်...


ဝမ်ရမ်ရှန့်သည် ကောင်းကင်မှကျလာ‌ကာ သူ့အားဖုံးအုပ်ထားသော ဂုန်နီအိတ်ကြီးတစ်လုံးကြောင့် အရာအားလုံး မှောင်မိုက်သွားသည်ကို မြင်လိုက်ရသည် ။


ဘာတွေဖြစ်နေတာလဲ...


သူ တုန်လှုပ်သွားသည်။ တောက်ပသော ဤစကြဝဠာအောက်တွင် ပထမတန်းစား စားဖိုမှူးကို ပြန်ပေးဆွဲရန် တစ်စုံတစ်ယောက်သည် ဂုန်နီအိတ်ကို အသုံးပြုရဲသည်တဲ့လား...


သူ ချက်ချင်းပင် ဒေါသထွက်လာသည်။


သူသည်အားမနည်းပေ။ ဒေါသတကြီးဟိန်းဟောက်ကာ အိတ်ကို ဖောက်ထုတ်ရန် သူ၏စစ်မှန်သည့် စွမ်းအင်ကို အသုံးချရန် ကြိုးစားခဲ့သည်...


သို့သော်...


ဘန်း...


ဝမ်ရန်ရှန့်၏ စစ်မှန်သော စွမ်းအင်များ မြင့်တက်လာသည်နှင့် တပြိုင်နက် ပိုမိုပြင်းထန်သော စွမ်းအားတစ်ခုက သူ့ကို ထိမှန်သွားသည်။ သူ၏ စွမ်းအင်အစစ်အမှန်သည် တစ်ခဏအတွင်း ပြန့်ကျဲသွားသည်။


ဝမ်ရမ်ရှန့်၏ မျက်လုံးများ မှေးမှိန်လာသည် ။


ဘန်း...


သူ၏မျက်နှာကို ကျောက်တုံးတစ်ခု လာရောက်ထိမှန်သည်ကို ခံစားရပြီး ချက်ချင်းပင် သူ၏မျက်လုံးမှ ပြင်းထန်သော နာကျင်မှု့ကို ခံစားလိုက်ရသည်။


"ဘယ်သူက အစားကြူးတောင်ကြားမှာ ရာဇဝတ်မှု့ ကျူးလွန်ရဲတာလဲ..." 


ဝမ်ရန်ရှန့်၏ စစ်မှန်သော စွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲတွင် ပျံ့နှံ့သွားသည်။ နတ်ဘုရားစိတ်ဝိညာဉ်နယ်ပယ်တွင်ရှိနေသော သူ၏စွမ်းအားများ ပေါက်ကွဲထွက်လာသည်။


သို့သော် သူသတိပေးသော်လည်း ဝမ်ရမ်ရှန့်သည် သူ၏ခေါင်းကို လာရောက်ထိမှန်သည့် အခြားအရာတစ်ခုကို ခံစားလိုက်ရသည်။


နှိပ်စက်ညှင်းဆဲ ခံရသည်ဟု သူခံစားလာရသည်။ သူဘယ်လို အမုန်းတရားတွေ ဖြစ်ပေါ်စေခဲ့လို့လဲ... အခုလည်းတစ်ယောက်ယောက်က ဂုန်နီအိတ်နဲ့အုပ်ပြီး သူ့ကို ရိုက်နှက်နေတယ်တဲ့လား... လူတစ်ယောက်ကို ရိုက်သည့်အခါ သူတို့၏ မျက်နှာများကို မရိုက်သင့်ဘူးဟု ကြားဖူးသည်။ ဘာလို့ သူ့ကို တိုက်ခိုက်တဲ့သူက မျက်နှာကိုပဲချိန်ပြီး အမြဲလာရိုက်နေတာလဲ...


ဝမ်ရမ်ရှန့်သည် ကူကယ်ရာမဲ့စွာ ခံစားခဲ့ရသည်။ နောက်ဆုံးတွင် သူ့ကို မြေပြင်ပေါ် တွန်းချပြီး တစ်ဖက်လူက အကြာကြီး ရိုက်နှက်ကန်ကျောက်တော့သည်။


ခဏအကြာတွင် ဝမ်ရန်ရှန့်သည် မရုန်းကန်ချင်တော့ပါ။ ရိုက်ချက်ပြီးတိုင်း သူအော်လိုက်သည်...


နောက်ဆုံးတွင် တစ်စုံတစ်ယောက်၏ အသံကို ကြားလိုက်ရသည်။ အသံသည် နူးညံ့ပြီး မိန်းမဆန်ပုံရသည်။


မုချန်မျက်လုံးများကို ရွေ့လျားလိုက်သည်။ သူမသည် သူမ၏ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်ကို ကြော့ရှင်းစွာ ပြသထားသော ညဝတ်စုံအမဲရောင်ကို ဝတ်ဆင်ထားသည်။ သူမ လှုပ်ရှားလိုက်တိုင်း သူမ၏ ရင်ဘတ်သည် ပြင်းထန်စွာ လှုပ်ခါသွားသည်။


ရေနွေးကို မကြောက်သည့် ဝက်သေတစ်ကောင်ကဲ့သို့ ဝမ်ရမ်ရှန့်ကိုကြည့်လျက် မူချန်ဒေါသတကြီး အံကြိတ်လိုက်သည်။ထို့နောက် သူမ တိတိတ်ဆိတ်ထွက်ပြေးသွားလိုက်သည်။


အမှန်တွင်မူ သူမ၏ ဒေါသများကို ဖြေဖျောက်ရန် ဝမ်ရမ်ရှန့်ကို လက်သီးဖြင့်လာထိုးခြင်း ဖြစ်သည်။


ဝမ်ရမ်ရှန့်သည် နောက်ထပ် လှုပ်ရှားမှုများကို မကြားမချင်း စောင့်ဆိုင်းခဲ့သည်။ ထို့နောက် အခြေအနေများ တည်ငြိမ်သွားသည်နှင့် မတ်တပ်ထရပ်လိုက်သည်။ သူ၏ စစ်မှန်သော စွမ်းအင်ကြောင့် ဂုန်နီအိတ်သည် အပိုင်းပိုင်း အစစဖြစ်သွားသည်။


"ဘယ်ကောင်က ဒီအရှင်သခင် ဝမ်ရမ်ရှန့်ကို ခြုံခိုတိုက်ရဲတာလဲ... သတ္တိရှိရင် လူလုံးထွက်ပြစမ်း... မျက်နှာချင်းဆိုင် တိုက်ကြမယ်..."


သို့သော်၊ ဤလမ်းကြားငယ်တွင် သူ့အသံ၏ ပဲ့တင်သံမှလွဲ၍ ဘာမှမရှိပေ။


ကောင်းကင်မှ အေးစက်သောလရောင်သည် စုတ်ပြတ်သတ်နေပြီး သနားစရာကောင်းသည့် သူ့ ခန္ဓာကိုယ်ကို အလင်းရောင်ပေးနေသည်။


 သူ၏မျက်လုံးတစ်ဖက်ကြီးမားတဲ့ အမည်း‌ရောင်အမှတ်ကြီးကဲ့သို့ဖြစ်နေပြီး နှာခေါင်းမှာလည်း သွေးများထွက်ကာ ရောင်ရမ်းနေသည်။


သူ၏ရောင်ရမ်းနေသော မျက်နှာကို ပေါင်းထည့်လိုက်ရာ ဝမ်ရမ်ရှန့်သည် စိတ်ထိခိုက်နေသည်။


သူတစ်ယောက်ယောက်ကို ရန်စခဲ့မိလို့လား...


သူ အိမ်တံခါးဝ၌ပင် အရိုက်နှက်ခံခဲ့ရခြင်း ဖြစ်သည်။


သို့သော် သူ့ကို ချောင်းမြောင်းတိုက်ခိုက်ခဲ့သူက သူ့ထက် အနည်းငယ် ပိုသန်မာသည်ဟု သူခံစားနိုင်သည်။ မဟုတ်လျှင် သူသည် ထိုဂုန်နီအိတ်ကဲ့သို့ စုတ်ပြဲနေပြီဖြစ်သည်။


ရန်သူကို ရှာမတွေ့သဖြင့် ဝမ်ရမ်ရှန့်သည် အိမ်ကိုဖွင့်ကာ လမ်းလျှောက်ဝင်လာခဲ့သည်။


အဝေးရှိ အနက်ရောင် ကြွေပြားခေါင်မိုးပေါ်တွင် မုချန် ငြိမ်သက်စွာ ထိုင်နေ၏ ။ သူမ ဝတ်စုံနှင့် မျက်နှာဖုံးကို ချွတ်ကာ အသက်ရှူထုတ်လိုက်သည်။


...


နောက်တစ်နေ့တွင် ဝမ်ရမ်ရှန် စားသောက်ဆိုင်ထဲသို့ ဝင်သွားသောအခါ လူတိုင်း၏မျက်နှာသည် ကို့ရိုကားယား ဖြစ်သွားသည်။


သူ၏ ဖူးယောင်နေသောမျက်နှာကို ကြည့်လျက် အားလုံးမရယ်မိရန် ထိန်းချုပ်ထားရသည်။


ငရဲဘုရင်အာဟ ဝမ်ရမ်ရှန်ကို မြင်လိုက်သည့်အချိန်တွင် အိမ်ခေါင်မိုးပေါက်ကွဲသွားသကဲ့သို့အရူးအမူး ရယ်မောလိုက်သည်။


ဝမ်ရမ်ရှန့် ဒေါသထွက်သွားပြီး ငရဲဘုရင်အာဟကို စိုက်ကြည့်ကာ သူဖြစ်မည်ဟု တွေးလိုက်သည်။ ထိုလူသည် သူ၏ ချောမောခန့်ညားသော မျက်နှာကို မနာလိုဖြစ်ကာ ညသန်းခေါင်တွင် ဂုန်နီအိတ်စွပ်ပြီး ခြုံခိုတိုက်ခြင်းဖြစ်မည်။


ထိုအချိန်တွင် ပုဖန်သည် မီးဖိုချောင်မှ ထွက်လာခဲ့သည်။ ဝမ်ရမ်ရှန့်ကိုတွေ့ပြီးနောက် သူ၏မျက်နှာက မပြောင်းလဲပေ။ သူ မရယ်သောကြောင့် ဝမ်ရမ်ရှန် အနည်းငယ် စိတ်သက်သာရာ ရသွားသည်။


သို့သော်လည်း ပုဖန်၏ နှုတ်ခမ်းထောင့်လေးများ.တုန်ခါသွားသည်ကို မြင်လိုက်ရသဖြင့် မမြင်နိုင်သော မြှားတစ်စင်း သူ၏ရင်ဘတ်ကို လာစိုက်သလို ခံစားလိုက်ရသည်။


မင်းတို့ကောင်တွေ ရယ်တာ ရပ်ကြဦးမှာလား...


ဝမ်ရမ်ရှန်ကို ဟင်းချက်နည်း သင်ပေးရသည်မှလွဲ၍ ပုဖန်တွင် အချိန်များ အားလပ်နေသည်။ ဝမ်ရမ်ရှန်တွင် ကောင်းမွန်သည့် အခြေခံအုတ်မြစ်ရှိသည့်အတွက် ရှောင်ရှောင်လုံနှင့် အခြားသူများနှင့်မတူပေ။ သူ့ကို သင်ကြားပေးရသည်မှာ ပြဿနာမရှိပေ။


ပုဖန် လက်နောက်ပစ်လျက် အဆုံးမဲ့ပင်လယ်ဆီသို့ ခရီးကို တွေးတောရင်း စားသောက်ဆိုင်တစ်ဝိုက်တွင် လ‌မ်းလျှောက်နေသည်။


ထို့နောက် ထိုင်ခုံကိုဆွဲ၍ စားသောက်ဆိုင်ရှေ့တွင်ထိုင်ကာ ပန်းပွင့်များ ဖူးပွင့်သည်နှင့် ညှိုးနွမ်းသွားသည်ကို ကြည့်နေသည်။


အဆုံးမဲ့ပင်လယ်ဆီသို့ခရီး...ပုဖန်မျက်လုံးကိုမှေးလိုက်သည်။ ပင်လယ်ဖြစ်သည့်အတွက် သေချာပေါက် သင်္ဘောတစ်စီးလိုအပ်သည်။ သင်္ဘောမရှိလျှင် သူထိုနေရာသို့ ခြေလှမ်းနိုင်မည် မဟုတ်ပေ။


အမှန်တော့ သူ၏ ကျင့်ကြမှုအခြေခံဖြင့် ပုဖန်သည် လှိုင်းများစီးကာ ရွေ့လျားနိုင်သည်။ သို့သော် မောပန်းနွမ်းနယ်ကာ စိတ်ကို မတည်မငြိမ်ဖြစ်စေပြီး ပင်လယ်စာများ ချက်ပြုတ်နည်းကို တွေးတောနိုင်မည်မဟုတ်ပေ။


အမှန်ပင် လေးနက်သောကိစ္စဖြစ်သည်...


ရုတ်တရက်...


ပုဖန်၏ထိုင်ခုံမှာ လှုပ်သွားသည်...


သူသည် သိမြင်ခြင်းသစ်သီးပင်ဘက်သို့လှည့်၍ အေးမြ၍ချဉ်သော တရုတ်ဆီးသီးဖျော်ရည်ခွက်ကို ကိုင်ကာ သောက်နေသည့် နယ်သာရီ့ကို တွေ့လိုက်သည်။


နယ်သာရီသည် မျက်လုံးများ မှေးစင်းလျက် သူ၏ ဖြူဖွေးသော မျက်နှာသည် ပျော်ရွှင်မှု့များဖြင့် ပြည့်နှက်နေကာ ငရဲကမ္ဘာသင်္ဘောပေါ်တွင် ထိုင်နေသည်။


ပုဖန် နယ်သာရီကို ကြည့်လျက် မျက်လုံးများ အရောင်တောက်သွားသည်။


ပုဖန်ဘေးနားတွင် ထိုင်နေသာ ငရဲဘုရင်အာဟ သူ၏မျက်နှာကို မြင်လိုက်သောအခါ သူ၏နှာခေါင်းမှ မီးများ တောက်လောင်မတတ် ဖြစ်သွားသည်။


" လူငယ်လေးပုဖန် နယ်သာရီ့ကို သဘောကျလို့လား... ငါမင်းကိုပြောပြမယ်... မျှော်လင့်ချက်တွေထားမနေနဲ့... မင်းတို့နှစ်ယောက် အဆုံးသတ်ကောင်းမှာမဟုတ်ဖူး..." ငရဲဘုရင်အာဟသည် အစပ်ချောင်းကို စားလျက် တည်ငြိမ်စွာ ပြောလိုက်သည်။


ပုဖန် ငရဲဘုရင်အာဟဘက်သို့ လှည့်ကာ အရူးများကို ကြည့်သည့်အကြည့်ဖြင့် ကြည့်လိုက်သည်။


ထို့နောက် မတ်တပ်ရပ်ကာ နယ်သာရီ့ဆီသို့ သွားလိုက်သည်။


သူမဆီသို့ ရောက်သောအခါ ဇီးသီးဖျော်ရည်ကို သောက်နေဆဲဖြစ်သဖြင့် တစ်ဖက်သို့လှည့်ကာ ငရဲကမ္ဘာ သင်္ဘောကုန်းပတ်ပေါ်တွင် ထိုင်လိုက်သည်။


သိမြင်ခြင်းသစ်ပင်၏ အရိပ်အောက်တွင် ပန်းပွင့်လေးနှင့် ခွေးဘုရင်တို့သည် မျက်လုံးများပြူးလျက် ကြည့်နေကြသည်။ ကောင်မလေးတစ်ယောက်နှင့် ခွေးတစ်ကောင်သည် အတင်းအဖျင်းအတွက် စောင့်နေကြသည်။


"ဟေး...နယ်သာရီ ဇီးဖျော်ရည်က အရသာရှိလား..."


ပုဖန်မေးလိုက်သည်။


နယ်သာရီ စိတ်ရှုပ်ထွေးသွားသည်။ ပုဖန်ကိုကြည့်၍ အေးစက်စွာ ပြောလိုက်သည်။ 


" ဟင့်အင်း... နဂါးသွေးထမင်းနဲ့ သွေးကျောက်ပုစွန်တွေကမှ အရသာရှိတာ..."


ပုဖန် စိတ်ရှုပ်သွားသည်။ 


" အရသာရှိတဲ့ နဂါးသွေးထမင်းနဲ့ သွေးကျောက်ပုစွန်တွေက ဘယ်မှာလဲ..." 


နယ်သာရီ မသဲမကွဲ ရေရွတ်လိုက်သည်။ ဖျော်ရည်ကို သောက်လျက်နှင့်ပင် စိတ်ကူးနေသည်။


ပုဖန်၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။


"နယ်သာရီ ငါပင်လယ်ကိုသွားချင်လို့ မင်းရဲ့ ငရဲကမ္ဘာသင်္ဘောကို ငှားလို့ရမလား..."


ဖြီး...


ငရဲဘုရင်အာဟ၏ ဝိုင်များထွက်ကျသွားသည်။ ပုဖန်ပြောသည့် စကားများကို ကြားသောအခါတွင် သူမနေနိုင်ပဲ ဝိုင်များမှောက်သွားသည်။


လူငယ်လေးပုဖန်က ဘယ်လိုကစားရမယ်ဆိုတာ မသိဘူးပဲ... သူကခရီးထွက်ဖို့ နယ်သာရီ့ဆီက ငရဲကမ္ဘာသင်္ဘောကို ငှားနေတယ်...


ဒါပေမဲ့ ငရဲကမ္ဘာ သင်္ဘောက ပင်လယ်ကို ဖြတ်သန်းပြီး ခရီးသွားလို့ရရဲ့လား...


ငရဲကမ္ဘာသင်္ဘောသည် ပင်လယ်ပြင်တွင်မဟုတ်ဘဲ လျှို့ဝှက်ပိုင်နက်များမှတစ်ဆင့် ရွေ့လျားခြင်းဖြစ်သည်။


ပုဖန် ပြောလိုက်သည်နှင့် တပြိုင်နက် နယ်သာရီ၏ မျက်လုံးများသည် အလွန်စူးရှလာသည်။


သူမ၏ စူးရှသော အကြည့်သည် ပုဖန်ရင်တွင်း၌ တုန်လှုပ်သွားစေသည်။


" ငရဲကမ္ဘာသင်္ဘောက ပင်လယ်ပြင်က မဟုတ်ဘဲ လျှို့ဝှက်ပိုင်နက်တွေကတစ်ဆင့် ရွေ့လျားတာ ကျယ်ပြောလှတဲ့ သမုဒ္ဒရာထဲကို မဝင်နိုင်ဘူး..."


နယ်သာရီသည် ရိုးသားစွာ ပြောလိုက်ပြီး သူမ၏ နောက်ဆုံးကျန်သော တရုတ်ဆီးသီးဖျော်ရည်ကို သောက်လိုက်သည်။


နယ်သာရီ၏ ရိုးသားသော မျက်နှာကိုမြင်ပြီး ပုဖန်နောင်တရစွာဖြင့် ခေါင်းခါလိုက်သည်။


"အိုး... သူကပင်လယ်ထဲ မသွားနိုင်ဘူးတဲ့လား...ထားလိုက်ပါတော့...ငါကအဆုံးမဲ့ ပင်လယ်ထဲသွားပြီး ကျောက်ပုစွန်ကြီးတွေဖမ်းမလို့ပဲ...ပြုတ်ထားတဲ့ ကျောက်ပုစွန်ကြီးတွေက ဆီများတဲ့ သွေးကျောက်ပုစွန်တွေထက် ပိုအရသာရှိတယ်လို့ ကြားတယ်... မင်း မသွားချင်ရင် တခြားသူကို ရှာရမှာပေါ့..."


ပုဖန်သည် အလွန်ဝမ်းနည်းပူဆွေးကာ ရေရွတ်လိုက်သည်...


နယ်သာရီ၏ ခန္ဓာကိုယ်သည် တောင့်တင်းပြီ ဖျော်ရည်များ ထွက်ကျကုန်သည်။


မျက်နှာမှ ဖျော်ရည်များကို သုတ်လိုက်ပြီးနောက် ပုဖန်ကို မျက်နှာသေဖြင့် ကြည့်နေသည်။


"ငရဲကမ္ဘာသင်္ဘောက ဘာမဆိုလုပ်နိုင်တယ်... ကောင်းကင်ပေါ်ကို တက်တာဖြစ်ဖြစ်... ပင်လယ်ထဲဆင်းတာဖြစ်ဖြစ်...အကုန်လုံး လုပ်နိုင်တယ်... ငါမင်းနဲ့သွားမယ်... ဘယ်အချိန် စထွက်ကြမလဲ..."


ရယ်စရာကောင်းသည့် တစ်ခုခုကိုမြင်ရမည်ဟု မျှော်လင့်နေသော ငရဲဘုရင် အစပ်ချောင်းများ သီးသွားသည်...


ပြောင်းလဲသွားပြီ... နယ်သာရီလေး ပြောင်းလဲသွားပြီ...


မင်းရဲ့ ကြိုးပမ်းမှုတွေ ဘယ်မှာလဲ... မင်းရဲ့စည်းမျဉ်းတွေ ဘယ်မှာလဲ...


နယ်သာရီလေး အရင်က ဒီလိုမဟုတ်ခဲ့ပါဘူး...