အပိုင်း ၉၂၅
Viewers 53k

အခန်း ၉၂၅

ကမ်းခြေပေါ်မှာ ပင်လယ်စာတွေရှိတယ်


ပုန်းကွယ်နဂါးတိုက်ကြီးနှင့် မိုင်ရာပေါင်းများစွာဝေးသောနေရာတွင် မြင့်မားလှသောတောင်ကြီး တစ်လုံးရှိသည်။ ထူထဲလှသော အနက်ရောင်ငရဲစွမ်းအင်များက ထိုတောင်ကြီးကိုလည်ပတ်နေကာ ကောင်းကင်တိုင်အောင်ပင် မြင့်မားလှလေသည်။


တောင်တစ်ခုလုံးကို အနက်ရောင်ငရဲစွမ်းအင်များဖြင့် ဖုံးလွှမ်းနေကာ အလွန်အမင်းထိတ်လန့်ဖွယ်ဖြစ်နေသည်။


ထိုတောင်၏ထိပ်တွင် အရိုးဖြူနန်းတော်တစ်ခုရှိလေသည်။


နတ်ဆိုးဘုရင်ခြောက်ပါးက ခန်းမကျယ်ကြီးထဲတွင်ထိုင်နေကြပြီး သူတို့၏အလယ်တွင် အနီရောင်မျက်လုံးတစ်လုံးက လေပေါ်ပေါ်နေသည်။


ထိုအနီရောင်မျက်လုံး၏ပိုင်ရှင်သည် အခြားသူမဟုတ်ပဲ နတ်ဆိုးမျက်လုံး နတ်ဆိုးဘုရင်ဖြစ်သည်။ သို့သော်ယခုတွင် ထိုမျက်လုံးသည် နတ်ဆိုးမျက်လုံးဘုရင်ကျန်ရှိသည့် တစ်ခုတည်းသော အစိတ်အပိုင်းဖြစ်ပြီး အလွန်သနားစဖွယ်ပင်ကောင်းနေသည်။


"နတ်ဆိုးမျက်လုံး... ငါတို့ အဲ့တာကို တကယ်ရောလုပ်ချင်ကြရဲ့လား..."


မျောလွင့်နေသော မျက်လုံးကိုကြည့်ပြီး နတ်ဆိုးဘုရင်တစ်ပါးမေးလိုက်သည်။


"ငါတို့မှာ ရွေးချယ်စရာမရှိဘူး... အစားကြူးတောင်ကြားရှိနေသ၍ ငါတို့ ပုန်းကွယ်နဂါးတိုက်ကြီးရဲ့ တောင်ဘက်ပိုင်းကို မရောက်နိုင်ဘူး... ဒါပေမယ့် ဒီကမ္ဘာကြီးကအရမ်းကျယ်ပါတယ်... ကျယ်ပြောလှတဲ့တိုက်ကြီးအပြင် အဆုံးမဲပင်လယ်ကိုလည်း မမေ့နဲ့ဦးပေါ့..."


လူကြီးဆန်ဆန် ခပ်တိုးတိုးအသံတစ်ခုထွက်ပေါ်လာသည်။ မျက်လုံး၏ပတ်ပတ်လည်တွင် အနက်ရောင်အခိုးအငွေ့များထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုအဖြစ် အသွင်သဏ္ဍာန် ဖြစ်ပေါ်လာသည်။


"ငါတို့ ပစ်မှတ်ကို အဆုံးမဲ့ပင်လယ်အဖြစ် ပြောင်းလိုက်ရမလား..."


နောက်ထပ် နတ်ဆိုးဘုရင် သံသယဖြင့်မေးလိုက်သည်။


ပုန်းကွယ်နဂါးတိုက်ကြီးတွင် အဆုံးမဲ့ပင်လယ်ဟုခေါ်သောနေရာတစ်ခုဖြစ်ကြောင်း သူတို့သိကြသည်။ သို့သော် ပုန်းကွယ်နဂါးတိုက်ကြီးနှင့်ယှဉ်လျှင် အဆုံးမဲ့ပင်လယ်က တိုင်းတာ၍မရနိုင်အောင် နက်ရှိုင်းလှသဖြင့် အစွမ်းထက်သည့် သတ္တဝါများစွာရှိလောက်ပေသည်။


ထို့အပြင် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ကျင့်ကြံသူများက ပင်လယ်ရေအောက်တွင် တိုက်ခိုက်ကြသည်မှာ ရှားပါးကြသည်။ ပင်လယ်ထဲတွင် သူတို့၏အစစ်အမှန်စွမ်းအင်များသုံး၍ရနိုင်မည်လားဟု မသိကြပေ။


ထို့ကြောင့် သူတို့ ထိုနေရာကိုကျူးကျော်ပါက သူတို့ကိုပြဿနာများစွာဖြစ်ပေါ်စေမည်ဖြစ်သည်။


"အသန်မာဆုံးနတ်ဆိုးဘုရင်သာ ဒီမှာရှိနေမယ်ဆိုရင် တကယ်ကောင်းမှာ..."


နတ်ဆိုးဘုရင်တစ်ပါး ဒေါသထွက်လာပြီး သူထိုင်နေသောထိုင်ခုံကို လက်သီးတစ်ချက်ဖြင့်ထိုးချလိုက်သည်။


အခြားနတ်ဆိုးဘုရင်များလည်း သက်ပြင်းချလိုက်သည်။ နတ်ဆိုးဖား နတ်ဆိုးဘုရင်က သူတို့အတွေးများထဲတွင် အမြဲတမ်းရှိနေကြသည်။


သူတို့အစားကြူးတောင်ကြားကို ကျူးကျော်သည့်စစ်ဆင်ရေးအတွင် နတ်ဆိုးဘုရင်များက ကြီးမားသောဆုံးရှုံးမှုကြီးတစ်ခုနှင့်ရင်ဆိုင်ခဲ့ရသည်။ နတ်ဆိုးမျက်လုံး နတ်ဆိုးဘုရင်၏ခန္ဓာကိုယ်ပျက်ဆီးသွားခဲ့သည်။ 


သူအားလုံး နတ်ဆိုးဖားပြုပ်နတ်ဆိုးဘုရင် ဘယ်သောအခါမှပြန်မလာတော့မည်ကိုသိနေသဖြင့် ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ကျင့်ကြံသူများကို စိတ်ဓာတ်ကျသွားစေရန် လုံလောက်ပေသည်။


"ငါတို့ အစားကြူးတောင်ကြားရဲ့တောင်ပိုင်းကို မကျူးကျော်နိုင်မှတော့ ငါတို့ပစ်မှတ်ကို အဆုံးမဲ့ပင်လယ်ကိုပဲပြောင်းလိုက်ကြရုံပေါ့... ပြင်ဆင်ထားကြ... မနက်ဖြန်ကျရင် အဆုံးမဲ့ပင်လယ်ကို တိုက်ခိုက်ကြမယ်..ငါကြားတာတော့ အဆုံးမဲ့ပင်လယ်မှာ မရေမတွက်နိုင်တဲ့ရတနာတွေနဲ့ အဆုံးမရှိတဲ့ သယံဇာတတွေရှိတယ်ဆိုပဲ... အဲ့အပြင် တိုက်ကြီးနဲ့ယှဉ်ရင် အဆုံးမဲ့ပင်လယ်က ငါတို့နဲ့ပိုပြီးသင့်တော်တယ်..."

နတ်ဆိုးမျက်လုံး နတ်ဆိုးဘုရင်ကပြောလိုက်သည်။



ထောင်တျဲစားသောက်ဆိုင်ထဲတွင်...


လွန်ခဲ့သော ရက်များအတွင်း ပုဖန် ဝမ်ရန်ရှန်ကို သူ၏မီးဖိုချောင်အတွင်းရှိပစ္စည်းများကို မည်ကဲ့သို့အသုံးပြုရကြောင်း သင်ကြားပြသပေးခဲ့သည်။ ဝမ်ရန်ရှန်က ပထမတန်းစား စားဖိုမှူးတစ်ယောက်ဖြစ်သဖြင့် သူ၏မွေးရာပါ အရည်အချင်းများက သာမန်လူများထက် သာလွန်ပေသည်။


မကြာမီပင် သူမီးဖိုချောင်ထဲရှိ အချက်အပြုတ်ပစ္စည်းများကို ကျွမ်းကျင်စွာအသုံးပြုနိုင်သွားခဲ့သည်။


တစ်ချိန်တည်းတွင် ပုဖန်အဆုံးမဲ့ပင်လယ်ကိုသွားရန် ပြင်ဆင်နေခဲ့သည်။ ထိုနေရာကို သွားရန်မလွယ်ကူပေ။ အဆုံးတွင် ပင်လယ်ကအလွန်ကျယ်ပြောပြီး အင်အားကြီးမားလှလေသည်။ သူသာ အစီအစဉ်ကောင်းကောင်းမဆွဲထားပါက ပင်လယ်ကသူ့ကိုဝါးမြိုသွား ပေလိမ့်မည်။


ထို့အပြင် ပင်လယ်ထဲတွင် မရေမတွက်နိုင်သော အစားအသောက်များရှိကြသည်။ ထို့ကြောင့် သူ၏ ဟင်းချက်ပစ္စည်းများကို ပြင်ဆင်ရန် လိုအပ်လေသည်။


ငါးဖမ်းကြိုး၊ ပိုက်ကွန်နှင့် အခြားသောပစ္စည်းများစွာက စနစ်သိုလှောင်အိတ်ထဲတွင်ရှိနေပြီဖြစ်သည်။ ထို့အပြင် သူသည် စနစ်ကို အဆုံးမဲ့ပင်လယ်တွင်ရှိသော သတ္တဝါမျိုးစုံအကြောင်းပါဝင်သည့် စွယ်စုံကျမ်းတစ်ခုပေးရန် တောင်းဆိုထားခဲ့သည်။


ထိုအရာများက အခြေခံလိုအပ်ချက်များဖြစ်သည်။ ထိုအချက်အလက်များကို အသုံးပြုပြီး ပုဖန် ထို ပင်လယ်သတ္တဝါများက ပေါင်းသင့်သည် ကြော်သင့်သည်ကို ဆုံးဖြတ်နိုင်မည်ဖြစ်သည်။


နောက်ဆုံးတွင် သူ ရက်ပေါင်းများစွာပြင်ဆင်ခဲ့ရသော ပြင်ဆင်မှုက ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။


တစ်နေ့ ကောင်းကင်ကြီးကပြာလဲ့နေပြီး နွေးထွေးသောနေရောင်ခြည်တို့ ဖြာကျနေသည်။


ထောင်တျဲစားသောက်ဆိုင်ထဲတွင် ပုဖန် ဝှိုက်တီ၏ခေါင်းပေါ်မှ ပုစွန်ပိစိကိုယူပြီး သူ့ပခုံးပေါ်တင်လိုက်သည်။ ဝှိုက်တီ၏မျက်လုံးများက တောက်ပလာသည်။


ဝှိုက်တီ၏ အဆင့်မြှင့်တင်မှုက ပြီးဆုံးသွားပြီဖြစ်သော်လည်း ဝှိုက်တီ၏ခန္ဓာကိုယ်တွင် အမြဲတမ်းလိုလို လျှပ်စီးကြောင်းတို့ ကခုန်နေဆဲဖြစ်သည်။


၎င်းသည် မိုးကြိုးပြစ်ဒဏ်ကိုဝါးမြိုခြင်း၏ ဘေးထိုးဆိုးကျိုးဖြစ်ကာ ပုဖန်တွင် ယင်းကိုဖြေရှင်းနိုင်မည့် အဖြေမရှိပေ။


အစက ပုဖန် မီးဖိုချောင်ထဲတွင် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ကိုအသုံးပြုချင်ခဲ့သည်။ သို့သော် နယ်သာရီက မီးဖိုချောင်ထဲမဝင်နိုင်သဖြင့် သူအခြားတစ်နေရာကို ရွေးချယ်ရပေမည်။ပထမဆုံးအနေဖြင့် သူတို့ အဆုံးမဲ့ပင်လယ်အထိ လမ်းလျှောက်သွားကြမည်ဖြစ်သည်။


ပုဖန် နယ်သာရီ၏ငရဲကမ္ဘာသင်္ဘောကို ငှားရန် အစီအစဉ်ဆွဲထားခဲ့သည်။ သူအဆုံးမဲ့ပင်လယ်မှပြန်ရောက်လျှင် သူမကို သင်္ဘောပြန်ပေးလိုက်မည်ဖြစ်သည်။


သို့သော် နယ်သာရီက သဘောမတူခဲ့ချေ။ ကြီးမားသောကျောက်ပုစွန်ပေါင်းများကိုစားချင်သဖြင့် သူမ ပုဖန်နှင့်အတူ အဆုံးမဲ့ပင်လယ်သို့လိုက်ချင်ခဲ့သည်။


ခွေးဘုရင်က သွားလာရန်ပျင်းရိနေခဲ့သည်။


ငရဲဘုရင်အာဟက အလွန်စိတ်လှုပ်ရှားနေခဲ့သော်လည်း ထိုလူပြက်တွင် သွားလာရန် ကိစ္စအချို့ရှိနေပုံပေါ်သည်။ သူပုဖန်နှင့်အတူ မလိုက်ခဲ့ရ၍ နောင်တရနေလေသည်။


ထို့ကြောင့် အဆုံးမဲ့ပင်လယ်သို့သွားကြမည့် ခရီးစဉ်တွင် ပုဖန်၊နယ်သာရီ၊ ဝှိုက်တီနှင့် ပုစွန်ပိစိတို့သာ ပါဝင်ကြပေသည်။


ဟုတ်သား.. ပန်းပွင့်လေးလည်း ပါလာခဲ့သည်။ ပုဖန်နှင့် နယ်သာရီတို့ အစားကြူးနတ်ဘုရားမြို့မှ ထွက်ခွာသွားသည်နှင့် သူမက သူတို့နောက် အလျှင်အမြန် လိုက်လာခဲ့ခြင်းဖြစ်သည်။


ပုဖန်က ထိုကောင်မလေးကို လိုက်မလာစေချင်ခဲ့ပေ။ သို့သော် ပန်းပွင့်လေး၏ သုံးပန်လှမြွေမျက်လုံးလေးများက ပုဖန်ကို တောင်းဆိုနေသည့်ပုံဖြင့် အသနားခံလာသောအခါ နယ်သာရီကလက်ခံလိုက်သဖြင့် ပန်းပွင့်လေးကို သူတို့နှင့်အတူ ခေါ်လာခဲ့ရတော့သည်။


ပုဖန်ဘာများ ထပ်ပြောနိုင်ဦးမှာလဲ...


နယ်သာရီ အစားကြူးနတ်ဘုရားမြို့တော်အပြင်ဘက်တွင် ရပ်နေပြီး သူမ၏ရှည်လျားနက်မှောင်သော ဆံနွယ်များက ရေတံခွန်ငယ်လို ဝဲဖြာကျနေသည်။ ခဏအကြာတွင် စွမ်းအင်များမြင့်တက်လာပြီး သူမ၏ဆံပင်များက ဝဲပျံလာသည်။


ဝီး


ငရဲကမ္ဘာသင်္ဘောက ရုတ်ချည်းပင် ကြီးမားလာတော့သည်။ ၎င်းသည် လေပေါ်တွင်မောလွင့်နေလေသည်။


နယ်သာရီ လေပေါ်ပျံသန်းသွားပြီး သင်္ဘောကုန်းပတ်ပေါ် သက်ဆင်းလိုက်သည်။


ပန်းပွင့်လေး လေပေါ်လွင့်ပျံလာပြီး သူမ၏ခန္ဓာကိုယ်က လေထဲတွင် တလွင့်လွင့်လူးလွန့်နေကာ ခဏအကြာတွင် ကုန်းပတ်ပေါ်သက်ဆင်းလိုက်သည်။


ပုဖန် အလျှင်မလိုပဲ ဖြေးဖြေးချင်းလမ်းလျှောက်နေသည်။ သူ့ခြေထောက်ကို မြှောက်လိုက်တိုင်း မမြင်ရသောလှေကားထစိများပေါ်ပေါက်လာကာ ထိုလှေကားများအပေါ်နင်းတက်၍ ငရဲကမ္ဘာသင်္ဘောပေါ်တက်လိုက်သည်။


ပုဖန်က အနီရောင်စားဖိုမှူးဝတ်ရုံကိုဝတ်ဆင်ထားပြီး ထိုဝတ်ရုံက လေနှင့်အတူလွင့်ပျံနေကာ သူ့မျက်နှာကအေးစက်နေသည်။


"အဆုံးမဲ့ပင်လယ်ကို ထွက်ခွာကြမယ်..."


ပုဖန်၏ မျက်လုံးများ တလက်လက်တောက်ပနေရင်း သူပြောလိုက်သည်။ ကုန်းပတ်ထိပ်တွင်ရပ်ပြီး သူ့ဆံပင်များက လေယူရာအတိုင်း ယိမ်းနွဲ့နေသည်။


ထို့နောက် ငရဲကမ္ဘာသင်္ဘောမှ စွမ်းအင်များထွက်ပေါ်လာပြီး လေထဲတွင် စတင်ရွက်လွှင့်တော့သည်။


အစားကြူးတောင်ကြားအပြင်ဘက်တွင် သန့်စင်နယ်မြေများမှကျင့်ကြံသူများ လာရောက်နေထိုင်နေကြသော မြို့ပေါင်းများစွာရှိသည်။


သူတို့ တစ်စုံတစ်ခုကို အာရုံခံမိသွားသည့်ပုံဖြင့် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသည်။ သူတို့ခေါင်းပေါ်မှ အနက်ရောင်ငရဲကမ္ဘာသင်္ဘောဖြတ်သွားသည်ကို မြင်လိုက်ရသည်။


 မစ်ဇာကြယ်သန့်စင်နယ်မြေသူတော်စင်ဂိုဏ်းချုပ်သည် အရပ်ရှည်ပြီး ချောမောခန့်ညားပေသည်။ သူမြို့ရိုးပေါ်တွင် မတ်တတ်ရပ်နေချိန် ပုဖန်ကိုတွေ့လိုက်ရသောအခါ ချက်ချင်းပင် အပြုံးကြီးကြီးပြုံးပြ၍ လက်ဝေ့ယမ်းပြလိုက်သည်။


သူ လျှာထုတ်၍ နှုတ်ခမ်းသပ်လိုက်သည်။


နတ်ဆိုးဖားပြုတ်နတ်ဆိုးဘုရင်၏ အရသာသည်အလွန်ကောင်းမွန်ပြီး သူထိုနှစ်လိုဖွယ်ကောင်းသောအရသာကို မမေ့နိုင်ခဲ့ပေ။


လက်ရှိတွင် သန့်စင်နယ်မြေများမှကျင့်ကြံသူများအားလုံးက ပုဖန်ကို ယဉ်ယဉ်ကျေးနှင့် လေးလေးစားစားဆက်ဆံကြသည်။


အခြားသူက သူ့ကိုယဉ်ကျေးစွာဆက်ဆံနေကြသောကြောင့် ပုဖန်ခေါင်းငြိမ့်ပြလိုက်သည်။


ထို့နောက် ငရဲကမ္ဘာသင်္ဘောက သူတို့မျက်လုံးထဲမှ လျှင်မြန်စွာထွက်ခွာသွားကာ အစားကြူးတောင်ကြားမှထွက်ခွာသွားပြီး မိုးကုတ်စက်ဝိုင်းမှ ပျောက်ကွယ်သွားခဲ့လေသည်။



ထိုအချိန်တွင် ပုန်းကွယ်နဂါးတိုက်ကြီး၏အလယ်ရှိ ခမ်းနားထည်ဝါလှသော အနက်ရောင်တောင်ကြီးထဲမှ အေးစက်လှသော သတ္တုရောင် စစ်သင်္ဘောတစ်စင်းထွက်ပေါ်လာကာ အဆုံးမဲ့ပင်လယ်ကို ထွက်ခွာသွားသည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ ကျင့်ကြံသူများက သင်္ဘောကုန်းပတ်ပေါ်တွင် တိတ်ဆိတ်စွာရပ်နေကြသည်။ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်ချပ်ဝတ်များကို ဝတ်ဆင်ထားပြီး ၎င်းတို့၏မျက်လုံးများမှ ထိတ်လန့်ဖွယ် အော်ရာများကို ထုတ်လွှတ်နေသည်။


ထိုတပ်စု၏ခေါင်းဆောင်များသည် နတ်ဆိုးဖားပြုပ်မျိုးနွယ်မှ ကျင့်ကြံသူများဖြစ်ကြသည်။ ၎င်းတို့က ရေနှင့်အကျွမ်းတဝင်ရှိကြသဖြင့် ယခုစစ်ဆင်ရေး၏ အဓိကတပ်စုဖြစ်ကြခြင်းဖြစ်သည်။


ပျက်သုဉ်းခြင်းအကျဉ်းထောင်၏ ကျင့်ကြံသူများအားလုံးက အပြင်းအထန်တိုက်ပွဲဝင်ခဲ့ကြသည်။


သို့သော် သူတို့ အစားကြူးတောင်ကြားကို မဖျက်ဆီးနိုင်ခဲ့ကြပေ။ ထို့ကြောင့် သူတို့၏ ပစ်မှတ်ကို အဆုံးမဲ့ပင်လယ်အဖြစ် ပြောင်းခဲ့ကြသည်။


သူတို့ နောက်ထပ်စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲရမည်ဟု သိနေကြသဖြင့် စိတ်ဓာတ်တက်ကြွနေကြသည်။ သူတို့ အရင်းအမြစ်များကိုထပ်မံရိပ်သိမ်းရန် အခွင့်အရေးရလာခဲ့ပြီး သူတို့၏ အစွမ်းများကိုမြှင့်တင်ရန် နောက်ထပ် အခွင့်အရေး ရလာပြီဖြစ်သည်။



အစားကြူးတောင်ကြားသည် ပုန်းကွယ်နဂါးတိုက်ကြီး၏ အလယ်ပိုင်းတွင်တည်ရှိနေသည်။


အကယ်၍ သူတို့သာ တည်နေရာကူးပြောင်းခြင်းအစီအရင်ကိုအသုံးမပြုပါက ကုန်းမြေအစွန်ပိုင်းသို့ရောက်ရန် ငါးရက်၊ ခြောက်ရက် ကြာမြင့်မည်ဖြစ်သည်။


၎င်းက အတိုဆုံးလမ်းကြောင်းဖြစ်သည်။


ငရဲကမ္ဘာသင်္ဘောက အလွန်မြန်ဆန်ပေသည်။ ဘုန်းဟူသောမြည်သံကိုသာကြားလိုက်ရပြီး လူတိုင်းအနက်ရောင်အလင်းတန်းတစ်ခု ကောင်းကင်ပေါ် ဖြတ်ပြေးသွားသည်ကိုသာ မြင်လိုက်ကြရသည်။


အချိန် ခြောက်ရက် ကုန်ဆုံးသွားပြီဖြစ်သည်။


ပုဖန် ကုန်းပတ်ပေါ်တွင်ထိုင်နေပြီး မိုးကုတ်စက်ဝိုင်းကြီးကို ငေးကြည့်နေသည်။


ငန်ကျိကျိလေပြင်းတစ်ချက်က သူ့မျက်နှာကိုလာရောက်ထိခတ်လာသည်။ ပုဖန် အေးလာသည်ဟုခံစားလိုက်ရပြီး သူ့နားထဲတွင် ကမ်းစပ်သို့ရေလှိုင်းလုံးလေးများ လာရောက်ရိုက်ခတ်သံကိုကြားလိုက်ရသည်။


သူတို့ အဆုံးမဲ့ပင်လယ်သို့ ရောက်ရှိလာခဲ့ပြီပေပြီ။


ပုဖန်၏ မျက်လုံးများတောက်ပလာကာ အဝေးသို့ငေးမောနေရင်း ပင်လယ်လေညင်းလေးများ တိုက်ခတ်လာသည်ကို ခံယူနေသည်။


ကောင်းကင်ကြီးက ပြာလဲ့နေကာ အဆုံးမရှိပေ။ တိမ်လုံးဖြူလွလွတို့က ကောင်းကင်ယံတွင် အပူအပင်မရှိမျောလွင့်နေကြသည်။


မိုးကုတ်စက်ဝိုင်းရှိ ကောင်းကင်နှင့်ပင်လယ်ထိစပ်ရာနေရာတွင် ၎င်းတို့ကိုခွဲခြားထားသော မျဉ်းကြောင်းခပ်ဖျဖျရှိနေသည်။ ပူပြင်းတောက်လောင်နေသောနေမင်းကြီးက ကောင်းကင်ယံတွင်ရှိနေပြီး ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တောက်ပနေသော နေရောင်ခြည်တို့ဖြာကျနေသည်။ နေရောင်ခြည်တို့က ရေပြင်ကျယ်ကျယ်ကို လှပစွာ လင်းလက်နေစေသည်။


လေညင်းတို့က ရေပြင်ပေါ်တိုက်ခတ်နေကြပြီး ပင်လယ်ရေမျက်နှာပြင်ကို ရွှေအပိုင်းအစများကဲ့သို့ ခွဲဖြာသွားစေသည်။


သင်္ဘောအောက်ရှိမြင်ကွင်းသည် ပကတိမျက်စိဖြင့် မြင်နိုင်အောင်ပင် ပြောင်းလဲနေသည်။


ငရဲကမ္ဘာသင်္ဘောက လျှင်မြန်စွာပျံသန်းနေသည်။ သင်္ဘောအောက်တွင် တောင်စဉ်တောင်တန်းများရှိနေကြသည်။ တစ်ခါတစ်ရံ သားရဲများ၏ဟိန်းဟောက်သံကို ကြားနေရသည်။


သူတို့ရှေ့သို့ရောက်သွားလေလေ အစိမ်းရောင်တောင်တန်းများ ခပ်ကျဲကျဲဖြစ်လာကာ ရွေရောင်သဲသောင်ပြင်ကိုပင်မြင်လာရသည်။


သဲသောင်ပြင်ကို ရေလှိုင်းလုံးကိုအဆက်မပြတ်ရိုက်ခတ်နေလေသည်။


ဘုန်းဟူသောမြည်သံဖြင့် ငရဲကမ္ဘာသင်္ဘောသည် ကောင်းကင်ပေါ်မှ အဆုံးမဲ့ပင်လယ်ဆီသို့တဖြေးဖြေးနိမ့်ဆင်းသွားသည်။


နယ်သာရီ သင်္ဘော ကုန်းပတ်ပေါ်ရပ်လိုက်ကာ ပုဖန်ကိုလှည့်ကြည့်လိုက်သည်။


သူမ၏သွယ်ပြောင်းသော လက်ချောင်းလေးများက လက်စည်းတံဆိပ်လေးများပြုလုပ်နေသလို လှုပ်ရှားနေသည်။


ခဏအကြာတွင် လျှင်မြန်စွာ ရွေ့လျားနေသော‌ ငရဲကမ္ဘာသင်္ဘောသည် ဖြေးဖြေးချင်းသက်ဆင်းလာလေသည်။


ဘုန်း ဘုန်း


သဲနှင့်ကျောက်တုံးများ လွင့်ပျံလာကာ တည်ငြိမ်နေသော သဲသောင်ပြင်ကိုဖျက်ဆီးသွားသည်။


သူတို့မြေပြင်ပေါ် အန္တရာယ်ကင်းစွာသက်ဆင်းပြီးချိန်တွင် ငန်ကျိကျိပင်လယ်လေက သူတို့ကို လာရောက်မိတ်ဆက်ကြပေသည်။ နောက်ဆုံးတွင် သူတို့ အပြောကျယ်လှသော အဆုံးမဲ့ပင်လယ်သို့ ရောက်ရှိလာပြီဖြစ်သည်။


လှိုင်းလုံးများက အလွန်ငြိမ်သက်နေကာ အခြားသူများပြောသကဲ့သို့ လှိုင်းထန်မနေပေ။


"ငါတို့ အဆုံးမဲ့ပင်လယ်ကိုရောက်ပြီ..."


နယ်သာရီပြောလိုက်သည်နှင့်ပုဖန်ခေါင်းငြိမ့်ပြလိုက်သည်။ သူတို့ ပင်လယ်ထဲသို့သွားရန်အလျှင်မလိုကြပေ။ အရင်ဆုံး သူတို့အနားယူသင့်ပေသည်။


ပုဖန် သင်္ဘောကုန်းပတ်ပေါ်မှ သဲပြင်ပေါ်သို့ ဖြေးညင်းစွာခုန်ချလိုက်သည်။ သဲပြင်သည် နူးညံ့ကာ စိုထိုင်းနေပြီး သူရေမြှုပ်ပေါ်ရပ်လိုက်ရသလို ခံစားလိုက်ရသည်။


ပုဖန်၏မျက်လုံးများ တောက်ပသွားကာ ကမ်းခြေတွင် ဟိုလျှောက်သည်လျှောက်လုပ်နေသည်။


"ငါတို့ အနားယူသင့်တယ်... မနက်ဖြန်ကြမှ ပင်လယ်ထဲသွားကြတာပေါ့... ဒီနေ့ညကစပြီးငါတို့ ပင်လယ်ထဲက စားသောက်ဖွယ်ရာတွေကိုစ စားလို့ရပြီ...." 


နယ်သာရီနှင့် အခြားသူများက ကုန်းပတ်ပေါ်တွင် ထိုင်နေကြဆဲဖြစ်သော်လည်း ပုဖန်၏တိုးညင်းသော အသံကိုကြားလိုက်ကြသည်။


သူတို့ဒီည ပင်လယ်စာ စားရမှာလား...


သူတို့ ပင်လယ်ထဲတောင် မဝင်ရသေးဘူးလေ... ပင်လယ်စာက ဘယ်မှာသွားရှာရမှာလဲ...


နယ်သာရီ အံ့အားသင့်သွားကာ ခဏမျှတွေးလိုက်ပြီး သင်္ဘောပေါ်ကခုန်ချ၍ ပုဖန်နောက်သို့လိုက်တော့သည်။


နယ်သာရီ သူ့နောက်လိုက်နေသည်ကိုမြင်သော်လည်း ပုဖန်အနှောင့်အယှက်မဖြစ်ပေ။


ပုန်းကွယ်နဂါးတိုက်ကြီး၏ ကမ်းရိုးတန်းတစ်လျှောက်သည် အန္တရာယ်များလှပေသည်။ ထို့ကြောင့် ဤနေရာတွင် လူများမရှိကြခြင်းဖြစ်သည်။ ပုဖန်အချိန်ကြာမြင့်စွာ လမ်းလျှောက်နေသော်လည်း လူတစ်ယောက်မှရှာမတွေ့သေးပေ။ ၎င်းသည် သူ၏အရင်ဘဝရှိ သက်ဝင်လှုပ်ရှားနေကြသော ကမ်းခြေများနှင့်မတူပေ။


ပုဖန် လက်ပိုက်ကာ အေးအေးလူလူလမ်းလျှောက်နေသည်။


နယ်သာရီ ကမ်းခြေပေါ်တွင် ခြေဗလာဖြင့် လမ်းလျှောက်နေသည်။


ရေလှိုင်းလုံးများက သူမခြေထောက်ကို ထိတွေ့ပွတ်သပ်သွားကြသည်။ ပင်လယ်လေတိုက်ခတ်လာပြီး သူမ၏အနက်ရောင်ဝတ်ရုံ လွင့်ပျံနေကာ သူမ၏အနက်ရောင်ဆံနွယ်များကလည်း ယိမ်းနွဲ့နေပြီး ထိုမြင်ကွင်းက အလွန်တရာလှပနေသည်။


"ပုဖန် နင်အခုပင်လယ်ထဲသွားတော့မလို့လား... မဟုတ်ဘူးဆိုရင် ငါတို့ဒီနေ့ညစာ ပင်လယ်စာဘယ်လိုစားကြမှာလဲ..."

နယ်သာရီမေးလိုက်သည်။


ပုဖန် သူမကို ခဏမျှစိုက်ကြည့်လိုက်သည်။


"ပင်လယ်စာစားရဖို့ ပင်လယ်ထဲသွားရမယ်လို့ မင်းကိုဘယ်သူပြောလဲ... ဒီကမ်းခြေပေါ်မှာလည်း အစားအသောက်ကောင်းတွေရှိတယ်လေ..."


နယ်သာရီ အံ့ဩသွားခဲ့သည်။

ပုဖန် ကန်းသွားတာလား... ဒီနေရာတစ်ခုလုံးက သဲတွေနဲ့ပြည့်နေတာလေ... ဘယ်နားမှာ ပင်လယ်စာရှိလို့လဲ...


"ငါ့ကိုမယုံဘူးပေါ့လေ..."


ပုဖန် နယ်သာရီကို ခပ်ပြုံးပြုံးကြည့်လိုက်သည်။


ထို့နောက် စနစ်သိုလှောင်အိတ်ထဲမှ ပုလင်းအသေးလေးတစ်လုံးကိုထုတ်လိုက်သည်။ ၎င်းက သန့်စင်ပြီးသားဆားများဖြစ်ပြီး ပုဖန်ချက်ပြုတ်ရာတွင် ခဏခဏအသုံးပြုလေ့ရှိသည်။


သူဆားလက်တစ်ဆုပ်ကိုယူပြီး နယ်သာရီရှေ့ရှိ သဲပြင်ပေါ်ဖြူးလိုက်သည်။


"ပြီးတော့ရော..."


နယ်သာရီ ပုဖန်ကို ကြည့်လိုက်သည်။


"ပြီးတော့... ပင်လယ်စာတွေထွက်လာလိမ့်မယ်..."


နယ်သာရီ မျက်လုံးလှန်လိုက်ကာ ပုဖန်ကိုရူးနေပြီဟု တွေးလိုက်သည်။


ရုတ်တရက် နယ်သာရီ၏မျက်လုံးဝိုင်းဝိုင်းများ ပြူးကျယ်လာကာ သဲပြင်ကိုငုံ့ကြည့်လိုက်သည်။


ထို့နောက် သူ့ခြေထောက်အောက်ရှိသဲပြင်ကရွေ့လျားလာသည်။ ပုဖန် ဆားများဖြူးလိုက်သောနေရာတွင် ရုတ်တရက် အပေါက်နှစ်ခုပွင့်ဟလာသည်။


သဲထဲမှ မကောင်းဆိုးဝါးကြီးတစ်ကောင်ထွက်ပေါ်လာတော့မည့်ပုံဖြစ်နေသည်။