အခန်း ၉၂၇
ငါတို့ရဲ့ဦးတည်ရာက ဘယ်ကိုလဲ...
ပုဖန်တစ်ယောက် ပန်းပွင့်လေး ဂုံးကင်ကိုစားလိုက်မည်ဟု မထင်ထားခဲ့ချေ။ ထိုကလေးမလေးက အလွန်အစားကြီးမှန်း သိလိုက်ရလေပြီ။
လေထဲတွင် ဂုံးကောင်ကင်၏ရနံ့များ မွှေးပျံ့နေသည်။
နဂါးခရမ်းပြာဂုံးကောင်သည် အဏ္ဏဝါမျိုးစိတ်တို့ကြားတွင် ထိပ်ဆုံးအဆင့်နားကပ်သဖြင့် ၎င်း၏အသားက အလွန်အမင်းအရသာရှိပေသည်။
အထူးသဖြင့် ပုဖန်၏အထူးဆော့စ်ကို သုတ်လိမ်း၍ ကင်ထားခြင်းကြောင့် ၎င်း၏အရသာက ပို၍ပင်ကောင်းမွန်လှလေသည်။
ပန်းပွင့်လေး ဂုံးကောင်ကိုစားလိုက်သော်လည်း ပုဖန်နှင့် နယ်သာရီတို့က အပြစ်မတင်ပေ။
သူတို့နှစ်ယောက်လုံး အကင်စင်နားတွင် သာဝိုင်းထိုင်လိုက်ကြလေသည်။
ပုဖန် သူ၏စနစ်သိုလှောင်အိတ်ထဲမှ သန့်စင်ပြီးသားဂုံးကောင်အသားများကို ထုတ်ယူလိုက်ပြီး အကင်ဇကာပေါ်တင်လိုက်သည်။ ချက်ချင်းပင် ထိုအသားများမှရေများက မဟူရာလိပ်ခုံးဒယ်အိုးထဲရှိ မီးတောက်များအပေါ် ကျဆင်းသွားကြသည်။
တရှဲရှဲမြည်သံများ အဆက်မပြတ်ထွက်ပေါ်လာသည်။
ကောင်းကင်ကမ္ဘာမြေမီးတောက်ကြောင့် ထိုရေစက်များ အငွေ့ပျံသွားသည်ကိုမြင်နေရသည်။ အသားကင်ဇကာပေါ်က အငွေ့များထွက်ပေါ်လာကာ အသားများ၏အရောင်ကလည်း သာမန်မျက်စိဖြင့်မြင်နိုင်အောင် ပြောင်းလဲသွားလေသည်။
ဂုံးသားများက အလွန်ကောင်းမွန်ပေသည်။ သို့သော် ယခုကင်နေသည်က ဂုံးကောင်ဘုရင်ဖြစ်သဖြင့် ကျက်ရန်အချိန်ပိုကုန်မည်ဖြစ်သည်။
လေထုထဲတွင် မွှေးရနံ့များဖြင့် ပြည့်နှက်သွားသည်။ ၎င်းသည် ရွှေရောင်ပြောင်းသွားသော ဂုံးကောင်အသား၏မွှေးရနံ့ပင်ဖြစ်သည်။
ပုဖန် သူကြိုတင်ပြင်ဆင်ထားသော ဆော့စ်ကိုယူလိုက်ကာ ဂုံးအသားပေါ်တွင် သုတ်လိမ်းလိုက်သည်။ ချက်ချင်းပင် ၎င်းကရွှေရောင်တောက်လဲ့လာကာ အသားမျက်နှာပြင်မှ မှိန်ဖျော့ဖျော့အလင်းတစ်ခု ထွက်ပေါ်နေသည်ကို မြင်နေရသည်။
ပန်းပွင့်လေးနှင့် နယ်သာရီတို့ တောက်ပသောမျက်လုံးများဖြင့် ဂုံးသားကင်ကိုကြည့်နေကြသည်။
ပန်းပွင့်လေး ပါးစပ်ကျယ်ကျယ်ဟကာ သွားရည်များကျဆင်းလာတော့သည်။ သူမ၏ သုံးပန်လှမြွေမျက်လုံးများသည်လည်း သူမအလွန်အမင်းပျော်ရွှင်နေကြောင်းပြသနေသည်။
ပုဖန် အကင်ဇကာပေါ်ရှိ ဂုံးအသားများကိုလှန်လိုက်ကာ ဆက်လက်ကင်နေခဲ့သည်။
အပူချိန်ကအလွန်အမင်းမြင့်မားနေပြီဖြစ်ကာ အကင်စင်ပေါ်ရှိ လေထုကိုပင် လိမ်တွန့်နေစေသည်။ အပေါ်စီးမှကြည့်လျှင် ရွှေရောင်ရင့်ရင့်မီးတောက်များနှင့် အနီရောင်မီးတောက်တို့ ကခုန်နေသယောင်ရှိနေသည်။
သူ ခရမ်းရောင်ကြက်သွန်ဖြူနှင့် နုတ်နုတ်ဆင်းထားသော ကြက်သွန်မြိတ်တို့ကို ရောမွှေလိုက်သည်။ ထို့နောက် ပူစပ်စပ်ငရုပ်အနှစ်ဇွန်းတစ်ဝက်ထည့်ကာ ပန်းကန်းလုံးအသေးတစ်ခုထဲ ထည့်လိုက်သည်။
ထို့နောက် ခရမ်းရောင်ကြက်သွန်ဖြူနှင့် နုတ်နုတ်ဆင်းထားသောကြက်သွန်မြိတ်တို့ကို ပူစပ်စပ်ငရုပ်အနှစ်ထဲ ထည့်လိုက်ပြီး ရောမွှေလိုက်ကာ ဆီရည်အနည်းငယ်နှင့် ရေခဲနှလုံးသားကျောက်စိမ်းဝိုင် အနည်းငယ်လည်း ထည့်လိုက်သည်။
ခဏတာရောမွှောပြီးနောက်တွင် ပုဖန်ဆော့စ်ပြုလုပ်၍ ပြီးသွားခဲ့လေပြီ။
ခဏအကြာတွင် အကင်ဇကာပေါ်ရှိ ဂုံးအသားများက ကျက်လုနီးပါးဖြစ်နေပြီဖြစ်သည်။
သေးသွယ်ရှည်လျားသော တူတစ်စုံကိုထုတ်ယူလိုက်ပြီး ပုဖန် ဂုံးအသားများကို လှန်လိုက်ကာ သူပြင်ဆင်ထားသော ကြွေပန်းကန်ပြားပေါ်သို့ တင်လိုက်သည်။
တရှဲရှဲမြည်နေဆဲဖြစ်သော ဆီတရွှဲရွှဲဂုံးကောင်သားကင်က ပန်းကန်ပြားပေါ်ရောက်ရှိသွားပြီး ပုဖန် ၎င်းတို့ကို ငရုတ်ဆီနှင့် သုတ်လိမ်းလိုက်သည်။
နဂါးခရမ်းပြာဂုံးကောင်ဘုရင်ကင် ပြီးဆုံးသွားပြီဖြစ်သည်။
ပုဖန် နယ်သာရီကို ပထမဆုံးပန်းကန်ကိုပေးလိုက်သည်။ နယ်သာရီက ဤနဂါးခရမ်းပြာဂုံးကောင်ဘုရင်ကို ရှာတွေ့ခဲ့သူဖြစ်၍ ပထမဆုံးအရသာခံသင့်သူဖြစ်လေသည်။
နယ်သာရီက မျက်နှာသေဖြင့်သာ ပုဖန်ဆီမှ နဂါးခရမ်းပြာဂုံးကောင်ဘုရင်ကင်ကို ယူလိုက်သည်။ သို့သော် သူမ၏ခပ်ဟဟပွင့်နေသော နှုတ်ခမ်းနှစ်လွှာကသာ သူမပျော်ရွှင်နေကြောင်း ပြနေလေသည်။
နယ်သာရီ ပုဖန်ဆီမှ ပန်းကန်ကိုလက်ခံပြီးနောက်တွင် အငွေ့တလူလူထွက်ကာ ဆော့များဖြင့်ရွှဲစိုနေလျက်ရှိသော ဂုံးကောင်သားကို ကြည့်လိုက်သည်။ သူမ မထိန်းနိုင်ပဲ အသက်ပြင်းပြင်းရှူမိလိုက်သည်။
ဂုံးကောင်၏ရနံ့သည် သူမ၏နှာခေါင်းကိုကလူကျီစယ်သွားပြီး အရသာခံဖုများကိုပင် လှုပ်ခါသွားစေခဲ့သည်။
အနံ့လေးကအရမ်းကောင်းတာပဲ... အရမ်းကို အရမ်းကိုကောင်းတယ်....
တစ်ချက်အနံ့ခံရှူရှိုက်ရုံဖြင့် နယ်သာရီ သူမ၏အစာစားချင်စိတ် အဆက်မပြတ်မြင့်တက်လာသည်ဟု ခံစားလိုက်ရသည်။
သူမတူကောက်ကိုင်ကာ ပုဖန်ထပ်ထည့်ပေးထားသောဆော့စ်ကိုဖြန့်လိုက်သည်။ သူမ ရွှေရောင်အသားတုံးတိုင်းကို ဆော့စ်များဖြင့်ဖုံးလွှမ်းစေလိုက်ကာ ဂုံးအသားများမှတောက်ပနေမှုကို ဖုံးကွယ်လိုက်သည်။
ထို့နောက် သူမ ပူလောင်၍အငွေ့တလူလူထွက်နေသော အသားတုံးကို သူမပါးစပ်ထဲပစ်ထည့်လိုက်သည်။
သူမ၏နီနီရဲရဲနှုတ်ခမ်းနှစ်လွှာကိုဖွင့်ဟကာ နယ်သာရီ အပူငွေ့များကိုမှုတ်ထုတ်လိုက်ပြီး စတင်ဝါးစားတော့သည်။
ဝှစ်
သူမ ဂုံးသားကိုကိုက်လိုက်သည်နှင့် အဆီရည်များနှင့်ဆော့စ်များက သူမပါးစပ်ထဲကို ဖြန်းပက်သွားလေသည်။
နယ်သာရီတစ်ယောက် ဝါးလေလေ အံ့အားသင့်လာလေဖြစ်ကာ ဂုံးကောင်အသားများက သူမကိုမယုံကြည်နိုင်ဖွယ်ရာ အရသာကိုပေးစွမ်းနေသည်။
နူးညံ့ပျော့အိသောအသားတုံးများက တဆတ်ဆတ်တုန်ခါနေကာ သူမ၏ပါးစပ်ထဲတွင်လှုပ်ခါနေပြီး အဆက်မပြတ်ဝါးချင်လာသည်။ သူမ
ငရုတ်နှစ်က အစပ်အရသာအနေတော်ဖြစ်ကာ အရသာရှိသောဂုံးကောင်အသားနှင့် ဟင်းချက်ဝိုင်တို့ဖြင့် သမမျှတစွာရောမွှေထားပြီး ခရမ်းရောင်ကြက်သွန်ဖြူနှင့် ကြက်သွန်မြတ်တို့၏ ပါဝင်အားဖြည့်ထားသည်။ ထိုအရာများအားလုံးက အရသာရှိလှသော ဟင်းပွဲတစ်ခုကိုဖန်တီးလေသည်။
နယ်သာရီ ဂုံးသားကိုဝါးကာ မြိုချလိုက်သောအခါ သူမတစ်ကိုယ်လုံး တသိမ့်သိမ့်တုန်ယင်သွားပြီး အဖြူရောင်အငွေ့များကို မှုတ်ထုတ်လိုက်သည်။
ပုဖန် နယ်သာရီ၏စိတ်ကျေနပ်နေသောပုံကိုကြည့်၍ ပြုံးရင်းမေးလိုက်သည်။
"ကောင်းတယ်မလား...."
သူဆက်လက်ချက်ပြုတ်နေဆဲဖြစ်သည်။ သူ၏တူက နောက်ထပ် အဆီတရွှဲရွှဲဂုံးကောင်အသားကိုကောက်ယူကာ အခြားပန်းကန်တစ်ခုထဲသို့ ထည့်လိုက်သည်။
ငရုတ်နှစ်အနည်းငယ်ကိုထပ်ထည့်ပြီး ပန်းပွင့်လေးကိုပေးလိုက်သည်။
ကလေးမလေးခုဏက ဂုံးကင်ကိုခိုးစားခဲ့သော်လည်း ပုဖန်သူမကို ထပ်ပေးနေဆဲဖြစ်သည်။ အဆုံးတွင် ဂုံးဘုရင်၏အရသာသည် သာမန်ဂုံးများနှင့်ကွဲပြားပေသည်။
ထို့အပြင် သူဆော့စ်အရသာကိုထပ်မံပြင်ဆင်လိုက်သောကြောင့် ကလေးမလေးက အရသာပြီးပြည့်စုံသောဆော့စ်ကို မမြည်းစမ်းရသေးပေ။
ဒီတစ်ခုက ပြီးပြည့်စုံသည့်အရာဖြစ်သည်။
ဂုံးသားကိုကိုက်လိုက်သောအခါ ပန်းပွင့်လေး၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။ သူမတစ်စုံတစ်ခုကို ပွစိပွစိပြောလိုက်ပြီး ခုဏကသူမ၏လုပ်ရပ်ကိုနောင်တသွားခဲ့လေသည်။
ပန်းပွင့်လေး ဝါးမြိုချလိုက်သည်။ သူဂုံးသားအတုံးအကြီးတစ်ခုကို မြိုချလိုက်ခြင်းဖြစ်သည်။
သူတို့စိတ်ကျေနပ်စွာ စားသောက်နေသောအခါမှ ပုဖန်လည်း အသားတုံးတစ်တုံးကိုယူ၍ စားတော့သည်။
အရသာကအလွန်ကောင်းမွန်လေသည်။ ရွှေရောင်ဂုံးကင်သည် ပေါကြွယ်ဝလှသောရနံ့များရှိပြီး လူတို့၏ပါးစပ်နှင့်နှာခေါင်းများကိုဖုံးလွှမ်းသွားကာ သူတို့ကို နစ်မြှုပ်သွားစေသည်။
ညရောက်လာပြီဖြစ်သောကြောင့် လခြမ်းကွေးနှစ်ခုက ကောင်းကင်ယံတွင်ချိတ်ဆွဲနေကာ အပြောကျယ်လှသောပင်လယ်ကြီးပေါ်တွင် ရောင်ပြန်ဟပ်နေသည့် အေးစက်စက်လရောင်ကို ထုတ်လွှတ်နေသည်။
ပတ်ဝန်းကျင်သည် အလွန်အေးချမ်းကာတိတ်ဆိတ်နေသဖြင့် လေတိုက်သံနှင့် လှိုင်းပုတ်သံတို့ကိုသာကြားနေရသည်။
လှိုင်းလုံးများက အဝေးမှရောက်လာပြီး ကမ်းခြေကိုရိုက်ခတ်ကာ ပြန့်ကျဲသွားသည်။
လေထဲတွင် မွှေးရနံ့များပြည့်နေပြီး လူများကို ပိုမိုစားသောက်ချင်လာစေသည်။
ပန်းပွင့်လေး ကမ်းခြေတွင် ကျေနပ်စွာလှဲလျောင်းနေပြီး သူမ၏ဆူဖောင်းနေသော ဝမ်းဗိုက်လေးကိုပွတ်သပ်ပြီး လေတစ်ချက်တက်လိုက်သည်။
နယ်သာရီက ထိုကလေးမလေးကဲ့သို့ မပြုမူသော်လည်း သူမ၏ရှည်လျားလှသော ခြေထောက်များကိုပိုက်ကာ ပင်လယ်ပြင်ကြီးကို ငေးမောနေသည်။
တစ်ခါတစ်ရံ ပင်လယ်ကိုငေးကြည့်လိုက်ရင် အရမ်းလှကြောင်းကို သိပေလိမ့်မည်။
လေများတိုက်ခတ်နေကာ နယ်သာရီ၏ အနက်ရောင်ဆံနွယ်များကို ပွတ်သပ်ကျီစယ်နေသည်။
ပုဖန်လည်း ကမ်းခြေတွင်လှဲလျောင်းနေသည်။ မဟူရာလိပ်ခုံးဒယ်အိုးက သူ့ဘေးတွင်ရှိနေဆဲဖြစ်ကာ ကောင်းကင်ကမ္ဘာမြေမီးတောက်က ဒယ်အိုးထဲတွင် တောက်လောင်နေသည်။
အရာအားလုံး တိတ်ဆိတ်နေသည်။
သူတို့စိတ်ကျေနပ်သည်အထိ အစာအိမ်ကိုဖြည့်ပြီးသောအခါ သူတို့သုံးယောက် တစ်နည်းတစ်ဖုံ ပျင်းရိနေကြသည်။
ပုဖန်နှင့် မနီးမဝေးတွင်ရှိနေသော ဝှိုက်တီသည် ၎င်း၏ခန္ဓာကိုယ်မှ လျှပ်စီးကြောင်းတို့ ထွက်နေဆဲဖြစ်ကာ ၎င်း၏စက်ရုပ်မျက်လုံးများက အဆက်မပြတ် လင်းလက်နေသည်။
ပုစွန်ပိစိက ဝှိုက်တီ၏ခေါင်းဝိုင်းဝိုင်းပေါ်တွင် လှဲလျောင်းနေသည်။ တစ်ခါတစ်ရံ လျှပ်စီးကြောင်းတို့ထွက်ပေါ်လာသောအခါ ၎င်းကိုထိမှန်ပြီး ၎င်း၏ခန္ဓာကိုယ်ကို တုန်ယင်သွားစသည်။
"ပင်လယ်ဆိုတာ နေရာကောင်းတစ်ခုပဲ.."
ညက ပိုမိုနက်လာကာ စိတ်ကျေကျေနပ်နပ်ဖြင့် သက်ပြင်းချသံတစ်ခုက တိတ်ဆိတ်မှုကို ဖြိုခွင်းသွားခဲ့သည်။
…
မှောင်မဲနေသောညလယ်တွင် ပင်လယ်ပြင် လှိုင်းထလာသည်။ အေးစက်သောအသွင်ရှိသည့် သတ္တုသင်္ဘောတစ်စင်းက ပင်လယ်ပြင်ကိုဖြတ်ကျော်ကာ ရွက်လွှင့်နေသည်။
ထို ဧရာမသင်္ဘောကြီးက ဖြေးညင်းစွာဖြင့် လှိုင်းလုံးတို့ကို ဖြိုခွင်း၍ ခရီးဆက်နေသည်။
အနက်ရောင်ဝတ်ရုံများဝတ်ဆင်ထားသောပုံရိပ်များက ကုန်းပတ်ပေါ်တွင်ရပ်နေကြသည်။ သူတို့က ပျက်သုဉ်းခြင်းအကျဉ်းထောင်မှ နတ်ဆိုးဘုရင်များဖြစ်ကြသည်။
"မယုံကြည်နိုင်စရာပဲ... အဆုံးမဲ့ပင်လယ်ကအရမ်းကျယ်ပြီးသန်မာတယ်... ပျက်သုဉ်းခြင်းအကျဉ်းထောင်က ငါတို့ရဲ့သေဆုံးခြင်းပင်လယ်နဲ့ အရမ်းကွာခြားတာပဲ..."
ပင်လယ်ထဲတွင် လှိုင်းလုံးများမြင့်တက်လာကာ ရေမှုန်ရေမွှားနှင့် ရေမြှုပ်များကိုဖြစ်ပေါ်လာစေသည်။
နောက်ထပ် နတ်ဆိုးဘုရင်တစ်ပါးက လက်မြှောက်လိုက်ကာ စွမ်းအင်များကိုထုတ်လွှတ်ပြီး ထိုအေးစက်နေသော ရေမှုန်များကိုကာကွယ်လိုက်သည်။
ရေမှုန်များက နတ်ဆိုးဘုရင်ထံရောက်ရှိလာသည်။ သူအသက်ပြင်းပြင်းရှူလိုက်သောအခါ ပင်လယ်လေ၏ ငန်ကျိကျိရနံ့က သူ့ကိုရွှင်မြူးသွားစေသည်။
"အဆုံးမဲ့ပင်လယ်ကနေ ငါအစားအသောက်ကောင်းတွေရဲ့အနံ့ရတယ်..."
ဝုန်း ဝုန်း
သန်မာသော ရေလှိုင်းလုံးကြီးတစ်ခုထွက်ပေါ်လာပြီး သင်္ဘောတစ်စင်းလုံးကို လှုပ်ခါသွားစေသည်။
သင်္ဘောကလှုပ်ခါနေရာ ဘယ်ညာယိမ်းခါသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်ရှေ့သို့ဆက်သွားနေဆဲဖြစ်ကာ လှိုင်းလုံးများကိုထိုးခွဲနေဆဲဖြစ်သည်။
…
ပုဖန် သူ့မျက်လုံးကိုဖွင့်လိုက်မိသည်။ ပင်လယ်ရေစက်များက သူ့မျက်နှာကိုဖြန်းပက်လာပြီး သူ့ကိုနိုးသွားစေခဲ့သည်။
နေ့လယ်ခင်းရောက်နေပြီဖြစ်၍ နေမင်းကြီးပင် ကောင်းကင်အမြင့်သို့ရောက်နေပြီဖြစ်သည်။ အဆုံးမဲ့ပင်လယ်နှင့် ပြာလဲ့လဲ့ကောင်းကင်ယံတို့က အလွန်အမင်းလှပနေလေသည်။
ညအချိန်ကုန်ဆုံးသွားပြီဖြစ်သည်။
လှည့်ပတ်ကြည့်လိုက်သောအခါ နယ်သာရီငရဲကမ္ဘာသင်္ဘောပ်ါတွင် သူမ၏ဖြူဖွေးရှည်လျားသော ခြေထောက်များကိုလွှဲရမ်းနေသည်ကိုမြင်လိုက်ရသည်။
ပန်းပွင့်လေးက ကမ်းစမ်းတွင်ပင်လယ်ရေများဖြင့်ဆော့ကစားနေပြီး အဆက်မပြတ်ရယ်မောနေသည်။
သူ့လည်ပင်းသူပွတ်ပြီး ပုဖန်ထလိုက်တော့သည်။ လေညင်းတစ်ခုကသူ့မျက်နှာကို ပွတ်သပ်သွားသဖြင့် စိတ်ကျေနပ်မှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
"ငါတို့သွားသင့်ပြီ..."
သူ ကလေးမလေးကိုလှမ်းခေါ်လိုက်ပြီး ငရဲကမ္ဘာသင်္ဘောပေါ်ပြန်ကြရန်ပြောလိုက်သည်။ ဤနေရာတစ် တစ်ညနားခိုပြီးနောက်တွင် နယ်သာရီ ငရဲကမ္ဘာသင်္ဘောကိုထိန်းချုပ်ပြီး ခရီးဆက်ကြတော့ပေမည်။
ဝုန်း ဝုန်း
ငရဲကမ္ဘာသင်္ဘောက ပင်လယ်ရေပြင်ကိုထိုးခွဲသွားကာ ဖြေးညင်းစွာရွေ့လျားနေသည်။
ကောင်းကင်နှင့်ပင်လယ်တို့ကပြာလဲ့နေပြီး ငရဲကမ္ဘာသင်္ဘောက ထိုဟန်ချက်ညီမှုကိုဖျက်ဆီးနေခြင်းဖြစ်သည်။
ငရဲကမ္ဘာသင်္ဘောပေါ်တွင် နယ်သာရီပုဖန်ကိုကြည့်ပြီးမေးလိုက်သည်။
"ငါတို့ရဲ့ ဦးတည်ရာက ဘယ်ကိုလဲ.."
"မဟူရာနဂါးဘုရင်ရဲ့ မဟူရာနဂါးနန်းတော်ကို သွားလည်ကြမှာ..."
ပုဖန်ပြောလိုက်သည်။
နယ်သာရီ သူမလက်နှစ်ဖက်ကို ရင်ဘတ်ပေါ်ယှက်တင်ကာ ပုဖန်ကိုမျက်နှာသေဖြင့်ပြန်ကြည့်လာသည်။
"ငါ့ကို မဟူနဂါးဘုရင်နန်းတော်ရဲ့ တည်နေရာကိုပြောပြ..."
ပုဖန် ကြောင်အသွားခဲ့သည်။ ထို့နောက် ကုန်းပတ်ရှေ့ကိုသွားကာ ပတ်ပတ်လည်ကိုကြည့်လိုက်သည်။
နေရာတိုင်းတွင် သူတို့ကို အဆုံးမရှိသောပင်လယ်ရေများကဝန်းရံနေသည်။ ထိုအချိန်တွင် သူ့နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားတော့သည်။
သူ အနက်ရောင်နဂါးဘုရင်၏နန်းတော် မည်သည့်နေရာတွင်ရှိသည်ဟူသော အရေးကြီးသောအရာတစ်ခုကိုမေ့သွားခဲ့သည်။
သူတို့ဘယ်ကိုသွားရတော့မှာလဲ...
"ငါ့ကိုလာမကြည့်နဲ့ ငါလည်းမသိဘူး... နဂါးဘုရင်နန်းတော်က လျှို့ဝှက်နယ်မြေမဟုတ်တော့ ငရဲကမ္ဘာသင်္ဘောကအာရုံခံလို့မရဘူး..."
နယ်သာရီပြောလိုက်သည်။
လျှို့ဝှက်နယ်မြေတစ်ခုဖြစ်ပါက ငရဲကမ္ဘာသင်္ဘောက နေရာလွတ်ကိုထိုးဖောက်၍ ထိုလျှို့ဝှက်နယ်မြေကို တိုက်ရိုက်သွား၍ရလေသည်။
ပုဖန် ဆွံ့အသွားတော့သည်။
သူ သင်္ဘောအခန်းထဲသို့ဝင်သွားလိုက်သည်။ ခဏအကြာတွင် ရွှေရောင်ပုစွန်ပိစိကိုသူ့လက်ထဲတွင်ထည့်ပြီး ကုန်းပတ်ပေါ်ပြန်လျှောက်လာခဲ့သည်။
"ပုစွန်ပိစိ မင်းကပုစွန်ဘိုးဘေးဆိုတော့ နဂါးဘုရင်နန်းတော်ဘယ်နေရာမှာလဲသိမှာပေါ့...ဟုတ်တယ်မလား..."
ပုဖန် ပုစွန်ပိစိနှင့် မျက်လုံးချင်းဆုံလိုက်သည်။
သို့သော် ပုစွန်ပိစိက ပုဖောင်းများကိုမှုတ်ထုတ်နေဆဲဖြစ်ကာ ၎င်း၏မျက်လုံးဝိုင်းဝိုင်းများကိုသာ ရွေ့လျားနေပြီး ဘာမှပြောမလာပေ။
အချင်းချင်း ခဏမျှစိုက်ကြည့်ပြီးနောက်တွင် ပုဖန် သူ၏မျက်လုံးများနာကျင်လာသည်ကိုခံစားရပြီး ပုစွန်ပိစိကို ဝှိုက်တီခေါင်းပေါ် ပြန်တင်ပေးလိုက်သည်။
ကုန်းပတ်ပေါ်ပြန်လျှောက်လာပြီး ပုဖန် နယ်သာရီကိုပြောလိုက်သည်။
"နည်းလမ်းမရှိတော့ဘူး... ငါပင်လယ်ထဲသွားပြီး လမ်းပြဖို့တစ်ယောက်ယောက်ရှာခဲ့မယ်... တစ်လက်စတည်း အစားအသောက်တွေပါရှာခဲ့မယ် စောင့်နေကြဦး..."
ထို့နောက် နယ်သာရီစကားပြန်ပြောသည်ကိုမစောင့်ပဲ သင်္ဘောလက်တန်းပေါ်ခြေချလိုက်သည်။ ချက်ချင်းပင် သူ့ခန္ဓာကိုယ်က မြှားတစ်ချောင်းနှယ် ပင်လယ်ပြင်ထဲခုန်ချသွားခဲ့သည်။
ထိုသည်ကို ပန်းပွင့်လေးမြင်သောအခါ ပျော်ပျော်ကြီးခုန်ချလိုက်ပြီး ပုဖန်နောက်လိုက်ရန်ပြင်လိုက်သည်။
သို့သော် သူမခုန်ချပြီးပြီးချင်း နယ်သာရီကသူမကိုဆွဲကာ သင်္ဘောပေါ်ပြန်တင်လိုက်သည်။
"ဒီမှာ ငြိမ်ငြိမ်လေးနေ... ခုန်ချဖို့မတွေးနဲ့..."
နယ်သာရီပြောလိုက်သည်။
သူပြောပြီးပြီးချင်းတွင် ငရဲကမ္ဘာသင်္ဘောကပြင်းပြင်းထန်ထန် လှုပ်ခါသွားသည်။
ပင်လယ်ပြင်လှုပ်ခါနေသည်မှာ ရေထဲမှ ဧရာမသတ္တဝါကြီးတစ်ကောင်ထွက်ပေါ်လာမည့်ဟန်ဖြစ်နေသည်။
ဝုန်း ဝုန်း ဝုန်း
သူတို့နှင့် မနီးမဝေးတွင် ပင်လယ်ပြင်ပေါက်ကွဲထွက်လာကာ ပုဖန်ရှေ့တွင် ငါးအမြှီးနှင့် မကောင်းဆိုးဝါးတစ်ကောင်ထွက်ပေါ်လာသည်။