အပိုင်း ၉၂၈
Viewers 53k

အခန်း ၉၂၈

ဘယ်လိုတောင်အသားထူတဲ့ ဂဏာန်းကြီးလဲ


ငါးအမြှီး၏ရိုက်ချက်က လှိုင်းလုံးအမြင့်များကို ထွက်ပေါ်လာစေသည်။


ပုဖန်က လှိုင်းလုံးများကြားတွင်ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ သူပင်လယ်ထဲခုန်ချလိုက်သောအခါ အေးစိမ့်စိမ့်ပင်လယ်ရေများက သူ့ကိုဝန်းရံသွားပြီး အသက်ရှူရသည်ကိုပင် အခက်အခဲဖြစ်သွားစေသည်။


၎င်းက ပင်လယ်ရေဖိအားဖြစ်ပြီး ပုဖန်သူ့ပါးစပ်နှင့်နှာခေါင်းပေါက်တို့မှ ထွက်လာသော လေပူဖောင်းများကြောင့် အနှောင့်အယှက်ဖြစ်ရသော်လည်း သည်းခံထားရသည်။


အနီရောင်စားဖိုမှူးဝတ်ရုံက ပင်လယ်ရေအောက်တွင် ပြန့်ကားလာပြီး ရွှေရောင်ခပ်မှိန်မှိန်တောက်ပနေသော ရောင်ခြည်စက်ဝန်းတစ်ခုက တဖြေးဖြေးချင်း ကျယ်ပြန့်လာသည်။


ပုဖန် ပူဖောင်းများစွာကိုမှုတ်ထုတ်လိုက်သည်။


ရေအောက်ထဲတွင် နစ်မြုပ်နေရသောခံစားချက်သည် သူ့ကိုစိတ်အနှောင့်အယှက်ဖြစ်စေသည်။


သူမျက်မှောင်ကြုတ်လိုက်ပြီး အတွေးတစ်ချက်ဖြင့် သူ၏စိတ်ဝိဉာဉ်ပင်လယ်မြင့်တက်သွားကာ နဂါးဟိန်းသံတစ်ချက်နှင့်အတူ လှိုင်းလုံးများမြင့်တက်လာသည်။


သူ၏စိတ်စွမ်းအင်ကိုထုတ်လွှတ်လိုက်ပြီး အတိအကျထိန်းချုပ်ကာ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် အလွှာပါးလေးတစ်ခုကိုပြုလုပ်လိုက်သည်။


ထိုအလွှာပါးလေးက သူ့ကိုပင်လယ်ရေများဖြင့် ခွဲခြားပေးထားသောကြောင့် သူရေဖိအားကိုထပ်မံမခံစားရတော့ပေ။


ပုဖန် ပါးစပ်ဖွင့်ကာ အသက်ရှူထုတ်လိုက်ပြီး ပင်လယ်ထဲတွင်လမ်းလျှောက်နေသည်။ ခဏအကြာတွင် သူပိုမိုနက်ရှိုင်းသောနေရာသို့ နစ်မြှုပ်သွားခဲ့သည်။


သူ လမ်းသိသည့် စိတ်ဝိဉာဉ်သားရဲတစ်ကောင်ကိုရှာရမည်ဖြစ်သည်။ မဟူရာနဂါးနန်းတော်က အဆုံးမဲ့ပင်လယ်ထဲတွင် ထင်ရှားသောနေရာတစ်ခုဖြစ်သဖြင့် သန်မာသည့် ပင်လယ်စိတ်ဝိဉာဉ်သားရဲများက ထိုနေရာကိုသိလိမ့်မည်ဟု ယုံကြည်ပေသည်။


နောက်ဆုံးတွင် သူ့ခန္ဓာကိုယ်သည် ပင်လယ်ကြမ်းပြင်သို့ရောက်ရှိသွားသည်။ သူခလုပ်ကန်သင်းတို့များလှသောမြေပြင်ပေါ်ခြေချလိုက်သောအခါ ဖုန်နှင့်သဲများ မြင့်တက်လာပြီး သူ၏အမြင်အာရုံကို ပိတ်ကွယ်သွားခဲသည်။


ပင်လယ်ကြမ်းပြင်ပတ်ပတ်လည်သည် ကုန်းမြေပေါ်ရှိမြင်ကွင်းနှင့် အလွန်ကွဲပြားလှလေသည်။ ပုဖန် သူ့ဘေးမှ အံ့အားတသင့်ဖြတ်သန်းသွားကြသော ငါးတစ်အုပ်ကိုကြည့်လိုက်သည်။


ရှည်မျောမျောနှင့် မြွေနှင့်တူသော စိတ်ဝိဉာဉ်သားရဲများ ဝင်ချည်ထွက်ချည်ပြုလုပ်နေသော အရောင်စုံလှသည့် သန္တာကျောက်တန်းများကိုလည်း မြင်ရသည်။ သူနှင့်မနီးမဝေးတွင် ရေဘဝဲတစ်ကောင်က သူ၏ ပျော့ပြောင်းနူးညံ့သော လက်တံရှစ်ချောင်းကိုလူးလွန့်၍ ရေထဲတွင် လျှောက်သွားနေသည်။


အရာရာတိုင်းက အလွန်လှပနေပြီး သူ၏စိတ်ကူးယဉ်နိုင်စွမ်းများကိုပင် ကျော်လွန်နေသည်။


ရုတ်တရက်...


ပုဖန်ခေါင်းပေါ်တွင်ကြီးမားလှသော လှုပ်ခတ်မှုကြီးတစ်ခုဖြစ်သွားသည်။


၎င်းက ပင်လယ်ရည်များ ဆူပွက်သွားသည်နှင့်ပင် တူနေသည်။


ပုဖန်ရှေ့တွင် လူးလာတုံ့ခေါက်သွားနေကြသော ငါးများသည်လည်း ကြောက်လန့်သွားကြသည်။ ထိုငါးများက မြှားတံများနှယ်သူတို့၏အမြန်ဆုံးအရှိန်ဖြင့်ကူးခတ်သွားကြသည်မှာ မျက်စိတစ်မှိတ်အတွင်းပင် သူ့မြင်ကွင်းထဲမှပျောက်သွားကြသည်။


ရေဘဝဲသည်လည်း ကြောက်ရွံ့သွားပြီး မှင်ရည်များကို မှုတ်ထုတ်လိုက်ကာ နက်မှောင်နေသောအရည်များက ရေထဲတွင်လျှင်မြန်စွာပြန့်ကျဲသွားပြီး တစ်နေရာလုံးကိုမဲမှောင်သွားစေသည်။ ၎င်းက လျှင်မြန်စွာထွက်ပြေးသွားခဲ့ပြီဖြစ်သည်။


ဘုန်း ဘုန်း


ပင်လယ်ကြမ်းပြင်တစ်ခုလုံး လှုပ်ခါသွားသည်။


ပုဖန် အံ့အားသင့်သွားကာ သူ့ခေါင်းပေါ်ရှိနေရာကို မော့ကြည့်လိုက်သည်။


ထိုနေရာမှ ရက်စက်ကြမ်းကြုတ်သည့်အသွင်ဖြင့်ငါးတစ်ကောင်က သူ၏ချွန်မြနေသောသွားများကိုပြလျက် ပုဖန်ကို တိုက်ခိုက်လိုက်သည်။


ထိုငါးကြီးနောက်ကျောတွင် ရေစက်ပုံ သဏ္ဌာန်ဆူးတောင်ပါရှိပြီး ပိန်သွယ်သော ခန္ဓာကိုယ်ရှိနေသည်။ ၎င်းသည် အလွန်အမင်းလျှင်မြန်စွာကူးခတ်နေသည်။


"ကျားခေါင်းငါးမန်းလား..."


ပုဖန် တုန်ယင်သွားသည်။


ကျားခေါင်းငါးမန်းကြီးသည် နတ်ဘုရားခန္ဓာကိုယ်အထွတ်အထိပ်တွင်ရှိသော စိတ်ဝိဉာဉ်သားရဲတစ်ကောင်ဖြစ်သည်။ ၎င်း၏ခေါင်းတွင် ကျားတစ်ကောင်တွင်ရှိသော အစင်းကြောင်းများရှိပြီး ၎င်းက ထက်မြိလှသောရေဓားသွားများကို ထုတ်လွှတ်နိုင်သဖြင့် ပင်လယ်ရေအောက်ရှိ ရက်စက်အကြမ်းကြုတ်ဆုံးသော စိတ်ဝိဉာဉ်သားရဲ ဆယ်မျိုးထဲမှတစ်မျိုးဖြစ်သည်။


ကျားခေါင်းငါးမန်းသည် စိတ်ဝိဉာဉ်စွမ်းအင်တို့ရှိသော စိတ်ဝိဉာဉ်သားရဲများကို အမဲလိုက်ရသည်ကိုသဘောကျသည်။ စိတ်ဝိဉာဉ်သားရဲမျိုးစုံသည် သူတို့ရွေးချယ်နိုင်သော အရသာရှိသောစားဖွယ်မျိုးစုံဖြစ်ကြလေသည်။


၎င်းက ပုဖန်ပင်လယ်ထဲသို့ရောက်လာလာချင်း သူ၏စိတ်ဝိဉာဉ်စွမ်းအင်ကိုအာရုံခံမိခဲ့သည်။


ထိုအချိန်တွင် ကျားခေါင်းငါးမန်းသည် ပုဖန်ထံရူးလောက်စရာအရှိန်ဖြင့်တိုးဝင်လာသည်။ ၎င်းသည် လျှပ်စီးတစ်ခုအလားလျှင်မြန်စွာပြေးထွက်လာပြီး ၎င်း၏သွားချွန်ချွန်များကို ဖြဲပြနေလေသည်။


ပုဖန် ပင်လယ်ကြမ်းပြင်တွင် မတ်တတ်ရပ်နေပြီး ကျားခေါင်းငါးမန်းသူ့ထံဦးတည်၍ ကူးခတ်သည်ကို မျက်နှာသေဖြင့်ကြည့်နေသည်။


သူ၏ အနီရောင်စားဖိုမှူးဝတ်ရုံက ရေထဲတွင်လွင့်မျောနေသည်။


ကျားခေါင်းငါးမန်း၏ရောက်ရှိလာမှုကြောင့် သတ္တဝါများစွာက ပုဖန်နှင့်မိုင်များစွာဝေးရာသို့ပြေးသွားကြပြီဖြစ်သည်။


"ကောင်းပြီလေ... ငါကလမ်းပြပေးမဲ့သူမရှိမှာစိုးရိမ်နေတုန်း မင်းကရောက်လာတော့အဆင်ပြေသွားတာပေါ့..."


ပုဖန် ကျားခေါင်းငါးမန်းကိုကြည့်ပြီး သူ၏နှုတ်ခမ်းထောင့်များက မြင့်တက်လာသည်။


ကျားခေါင်းငါးမန်းက ပုဖန်၏မျက်လုံးထဲတွင် ကြီးသည်ထက်ကြီးလာသည်။ သို့သော် ပုဖန်ကလှုပ်ပင်မလှုပ်ပေ။


နောက်ဆုံးတွင် ကျားခေါင်းငါးမန်းကြီးက ပင်လယ်ကြမ်းပင်သို့ တရကြမ်းပြေးဝင်သွားသည်။


ဘုန်း ဘုန်း


ပေါက်ကွဲသဲများကြားတွင် ပင်လယ်ကြမ်းပြင်လှုပ်ခါသွားပြီး ဖုန်နှင့်သဲများမြင့်တက်လာ၍ လူတိုင်း၏အမြင်အာရုံကို ပိတ်ဆို့သွားသည်။


ဉာဏ်ရည်မြင့် စိတ်ဝိဉာဉ်သားရဲများက ထိုနေရာကိုစောင့်ကြည့်နေကြသည်။ သူတို့ ကျားခေါင်းငါးမန်းကြီးက ထိုလူသားကိုမြိုချသွားသည်ကို မြင်ချင်နေပုံပေါ်လေသည်။


သို့သော် အချိန်အတော်အကြာတွင်


ဖုန်နှင့်သဲများက ဖြေးဖြေးချင်း အနည်ထိုင်သွားကြသည်။


ထိုစိတ်ဝိဉာဉ်သားရဲများ ရှေ့ကမြင်ကွင်းကိုမြင်ရသောအခါ သူတို့မြင်လိုက်သောအရာက သူတို့ကိုထိတ်လန့်သွားစေသည်။


ထိုလူသားက မသေဆုံးခဲ့ပေ။


မသေရုံသာမက သူ့လက်ကို ကျားခေါင်းငါးမန်း၏ခေါင်းပေါ်တင်ပြီး ငါးမန်းကြီးကိုရပ်တန့်နေစေသည်။

သူက ရက်စက်ကြမ်းကြုတ်လှသော ကျားခေါင်းငါးမန်းကြီးကိုတားရန် လက်တစ်ဖက်တည်းကိုသာသုံးခဲ့သည်။


ပုဖန် မျက်နှာသေဖြင့်သာရှိနေပြီး သူ၏ လက်ပတ်ဖြင့်စီးနှောင်ထားသောလက်မောင်းက ခန္ဓာကိုယ်စွမ်းအင်တို့ကိုအသုံးပြုကာ ကျားခေါင်းငါးမန်းကြီး၏ နှာပေါက်မှကိုင်၍ ငါးမန်းကြီး၏ခန္ဓာကိုယ်ကို နောက်သို့ပြန်တွန်းလိုက်သည်။


"မာလိုက္တဲ့အသား..."


ပုဖန် ငါးမန်းကိုကြည့်၍ ခပ်ဆဆပြောလိုက်သည်။ ထို့နောက် သူ့လက်ပေါ်မှ လက်ပတ်က ပြန့်ကျဲသွားသည်။


ဝှစ်


အဖြူနှင့်အနက်ပက်တီးတစ်စုံက စက်ဝိုင်းများအဖြစ်ပြောင်းသွားပြီး ကျားခေါင်းငါးမန်းကြီးကို ချည်နှောင်လိုက်သည်။


ဝေါင်း


ပုဖန်လက်မောင်းပေါ်ရှိ အဖြူနှင့်အနက်ထောင်တျဲဝိဉာဉ်များမြင့်တက်လာကာ ပါးစပ်များဟ၍ အဆက်မပြတ်ဟိန်းဟောက်နေသည်။


ကျားခေါင်းငါးမန်းကြီးသည် ခေတ္တမျှကြောင်အသွားကာ ထောင်တျဲများ၏အော်ရာကိုအာရုံခံမိသွားခဲ့သည်။ ၎င်းက ထိုလူသားအဘယ့်ကြောင့် ရုတ်တရက်ကြီး ခွန်အားကြီးမားသွားမှန်း နားမလည်နိုင်ပေ။


ပုဖန်၏မျက်လုံးများက ကျားခေါင်းငါးမန်းကြီးကိုကြည့်လိုက်သည်။ ထို့နောက် မြေပြင်ပေါ်ခြေဆောင့်ကာအားယူလိုက်သည်။ ငါးမန်းပါးစပ်ကိုလက်ပတ်ဖြင့်ချည်နှောင်ထားဆဲဖြစ်ကာ ထိုငါးမန်းကြီးခေါင်းပေါ်ကိုခုန်တက်လိုက်သည်။


ကျားခေါင်းငါးမန်းကြီး အလွန်စိတ်တိုသွားကာ အဆက်မပြတ်ရုန်းကန်လာသည်။


ပုဖန် သူခေါင်းကိုငုံလိုက်ပြီး သူထောင်တျဲလက်မောင်းကိုမြှောက်လိုက်သည်။


ခဏအကြာတွင် သူ့လက်သီးကို ကျားခေါင်းငါးမန်း၏ခေါင်းပေါ်ထိုးချလိုက်သည်။


ဘမ်း


ကျားခေါင်းငါးမန်းကြီး ကြောင်အသွားတော့သည်။ ပင်လယ်ကြမ်းပြင်အထိ ရိုက်ချခံလိုက်ရပြီး ၎င်း၏သွားများကျိုးကြေကာ သွေးများပျံ့နှံ့သွားတော့သည်။


ဒီလူသားကဘာလို့ ဒီလောက်တောင် ကြမ်းနေရတာလဲဟ....


အသိဉာဏ်မြင့် စိတ်ဝိဉာဉ်သားရဲများ ထိတ်လန့်သွားကြသည်။


ပုဖန်သည် ကျားခေါင်းငါးမန်းကြီးပေါ်ရပ်လိုက်ပြီး စိတ်စွမ်းအင်အားလှိုင်းများကိုအသုံးပြု၍ သူ၏ခန္ဓာကိုယ်ကို အမြှောက်ဆန်တစ်ခုလို ရေပေါ်ထိုးတက်သွားစေသည်။


ကျားခေါင်းငါးမန်းကြီးသည် ပုဖန်၏လက်ပတ်ကြိုးဖြင့် အချည်ခံထားရပြီး ရေပြင်ပေါ်အတူပါသွားရသည်။



ငရဲကမ္ဘာသင်္ဘောပေါ်တွင်


နယ်သာရီနှင့် ပန်းပွင့်လေးတို့က ကုန်းပတ်ပေါ်တွင်ထိုင်နေကြပြီး သူတို့၏ခြေတံဖြူဖြူလေးများကို လွှဲရမ်းနေကြသည်။ သူတို့ လှိုင်းလုံးတို့ ခုံးကြွနေသောပင်လယ်ပြင်ကိုကြည့်ပြီး ပျင်းရိနေကြသည်။


ပုဖန်ပင်လယ်ထဲဒိုင်ဗင်ထိုးဆင်းသွားသည်မှာ တစ်နာရီနီးပါးကြာမြင့်ပြီဖြစ်သည်။ သူတို့ ပုဖန်တစ်ယောက် အနက်‌ရောင်နဂါးနန်းတော်သို့လမ်းညွှန်ပေးနိုင်မည့် တစ်စုံတစ်ယောက်ကိုရှာဖွေနိုင်မည်လားဟု သိချင်နေကြသည်။


ဒါမှမဟုတ်ရင် ပုဖန်ငါးတစ်ကောင်ကောင်ရဲ့ ပါးစပ်ထဲမှာ အသက်များဆုံးနေပြီလား...


အဆုံးမဲ့ပင်လယ်ထဲမှာရှိတဲ့ စိတ်ဝိဉာဉ်သားရဲကောင်တွေအကုန်လုံးက ရိုင်းစိုင်းကြမ်းတမ်းတယ်လို့တော့ ကောလဟာလတွေရှိတာပဲလေ...


ဝုန်း ဝုန်း


ရေမျက်နှာပြင်ပေါက်ကွဲသွားခဲ့သည်။


ဧရာမပုံရိပ်ကြီးတစ်ခုက ပင်လယ်ပြင်ထဲမှခုန်ထွက်လာပြီး တစ်ဖန်ပင်လယ်ထဲပြန်ကျသွားကာ ဧရာမလှိုင်းလုံးကြီးများကိုဖြစ်ပေါ်လာစေသည်။


ပုဖန် သူ့လက်ပတ်ကိုတင်းတင်းကိုင်ပြီး ပင်လယ်ပြင်အထက်ရှိ ဧရာမပုံရိပ်ကြီးပေါ်ထိုက်နေသည်။ သူ ခြေထောက်များလွှဲရမ်း၍ထိုင်နေကြသော နယ်သာရီနှင့်ပုဖန်ကိုကြည့်ပြီး ခေါင်းတစ်ချက်ငြိမ့်ပြလိုက်သည်။


"ဒါကြီးက လမ်းသိလောက်မယ်..."


ကျားခေါင်းငါးမန်းကြီး ဒေါသထွက်သွားခဲ့သည်။ ၎င်းက တစ်စုံတစ်ခုကိုအမဲလိုက်ပြီး စားချင်ခဲ့ရုံသာဖြစ်သော်လည်း ယခုတော့ သင်္ဘောကိုဆွဲရသည့် စိတ်ဝိဉာဉ်သားရဲဖြစ်လာရသည်။


ပုဖန် ကုန်းပတ်ပေါ်တွင် အေးအေးလူလူထိုက်နေပြီး လက်တစ်ဖက်တွင် ကျားခေါင်းငါးမန်းကြီးကိုချည်ထားသည့်ကြိုးကိုကိုင်ကာ ငါးမန်းကြီးကို အရှိန်ပြင်းပြင်းဖြင့်ရှေ့သို့ပြေးသွားစေသည်။ သူတို့ရေလှိုင်းများကိုထိုးခွဲကာ တည်နေရာတစ်ခုသို့ဦးတည်၍ သွားနေကြသည်။


ကျားခေါင်းငါးမန်းကြီးက မဟူရာနဂါးနန်းတော်၏တည်နေရာကိုသိသည်။ ၎င်းက ဤလူသား ထိုနေရာကိုသွားချင်နေသည်ဟု မထင်ခဲ့ပေ။


နဂါးနန်းတော်သည် အဏ္ဏဝါမျိုးစိတ်များအတွက် တားမြစ်နယ်မြေဖြစ်သည်။ မဟူရာနဂါးဘုရင်၏ လက်အောက်ခံများမှအပ အခြားသောပင်လယ်မျိုးစိတ်များက အနက်ရောင်နဂါးနန်းတော်၏ပိုင်နက်ကို ခြေချမိသည်နှင့် ချက်ချင်းသတ်ဖြတချက်ချင်းသတ်ဖြတ်ခံရမည်ဖြစ်သည်။


ဒီလူတွေက နဂါးဘုရင်နန်းတော်ကိုသွားချင်ရအောင် ဘယ်လောက်တောင်သန်မာနေလို့လဲ...


ကျားခေါင်းငါးမန်သည် ဤကဲ့သို့သော ကျွမ်းကျင်သူများကို အမဲလိုက်ရဲခဲ့သဖြင့် သူ့ကိုယ်သူရူးသွားပြီဟု ခံစားလိုက်ရသည်။


ကျားခေါင်းငါးမန်း၏ဦးဆောင်မှုဖြင့် အရာရာတိုင်း လွယ်ကူသွားတော့သည်။


နယ်သာရီနှင့်ပန်းပွင့်လေးတို့ အခန်းထဲဝင်ပြီး အနားယူလိုက်ကြကာ ပင်လယ်ပြင်ကိုငေးမောနေသော ပုဖန်ကိုသာ ကုန်းပတ်ပေါ်တွင် ထိုင်နေရန်ထားရစ်ခဲ့လိုက်ကြသည်။


ပင်လယ်ကလှိုင်းထန်လာကာ ငရဲကမ္ဘာသင်္ဘောက ဤအပြောကျယ်လှသောနေရာကြီးတွင် အစက်အပျောက်လေးတစ်ခုနှင့်တူနေသည်။


ရုတ်တရက်


ကျားခေါင်းငါးမန်းကြီး ရပ်တန့်သွားခဲ့သည်။


ပုဖန် အံ့အားသင့်သွားပြီး မျက်မှောင်ကြုတ်လိုက်ကာ ကျားခေါင်းငါးမန်းကြီးနှင့်ဆက်သွယ်ရန် သူ၏စိတ်စွမ်းအင်များကို ထုတ်လွှတ်လိုက်သည်။


၎င်းသည် ပုဖန်အသစ်သင်ကြားထားခဲ့သော နည်းစနစ်တစ်ခုဖြစ်လေသည်။ သူ၏စိတ်စွမ်းအင်ကိုအသုံးပြုကာ ထိုစိတ်ဝိဉာဉ်သားရဲများဖြင့် ဆက်သွယ်နိုင်လေသည်။


"မင်းပြောတာ ရှေ့ဆက်သွားရင် ရွှေပုစွန်မျိုးနွယ်စုရဲ့ပိုင်နက်ထဲရောက်သွားပြီမလို့ မင်းဆက်မသွားရဲတော့ဘူးလိုဆိုလိုတာလား..."


ကျားခေါင်းငါးမန်းကြီး၏အဖြေက ပုဖန်တွေးထင်ထားသည်ထက် ကျော်လွန်နေပေသည်။


ရွှေပုစွန်မျိုးနွယ်စု...


အဲ့တာ အောင်းပိုင်ရဲ့မျိုးနွယ်စု အဏ္ဏဝါမျိုးစိတ်မဟုတ်ဘူးလား...


အဲ့တော့ ရွှေပုစွန်မျိုးနွယ်စုနဲ့ နဂါးနန်းတော်နဲ့က တစ်နေရာတည်းမဟုတ်ဘူးပေါ့...


အဲ့တာသာတကယ်ဆို... မဟူရာ နန်းတော်က ဘာလို့ သူ့ဆီတစ်ယောက်ယောက် ပို့မပေးရတာလဲ...


ပုဖန် မျက်မှောင်ကြုတ်လိုက်ကာ အနည်းငယ်စိတ်လှုပ်ရှားသွားသည်။ မူလက သူရွှေပုစွန်မျိုးနွယ်စုနှင့် နဂါးနန်းတော်တို့က တူညီသောအင်အားစုကဟု ထင်ခဲ့သည်။ ယခုတော့ တစ်စုံတစ်ခုကထူးဆန်းနေပြီဖြစ်သည်။


သူတို့ကအင်အားစုတစ်ခုတည်းကမဟုတ်ရင် နဂါးနန်းတော်က သူ့ဆီမှာ ပုစွန်ဘိုးဘေးရှိနေကြောင်းသိနေရတာလဲ...


ပုဖန် တွေးတောနေစဉ် ပင်လယ်ရေမြင့်တက်လာသည်။


ရေတံတိုင်းတစ်ခုက ကောင်းကင်ထိတိုင်အောင် ဖြေးဖြေးချင်း မြင့်တက်လာသည်။


ကျားခေါင်းငါးမန်းကြီး တုန်ရီသွားပြီး အန္တရာယ်ကိုအာရုံခံမိလိုက်သည်။


ပုဖန် ကျားခေါင်းငါးမန်းနှင့် ငရဲကမ္ဘာသင်္ဘောပတ်ပတ်လည်ရှိ ရေတံတိုင်းများကို လှည့်ကြည့်လိုက်သည်။


ရေတံတိုင်းတစ်ခုစီပေါ်တွင် ပုဖန်နှင့် ကျားခေါင်းငါးမန်းတို့ကို လက်နက်များဖြင့်ချိန်ရွယ်ထားကြသော အဏ္ဏဝါမျိုးစိတ်ကျင့်ကြံသူများရှိနေကြသည်။


"မင်းဘယ်သူလဲ... ရွှေပုစွန်မျိုးနွယ်စုရဲ့ နယ်မြေဝင်ပေါက်ကိုတောင် ကျူးကျော်ရဲတယ်တဲ့လား..." 


ခေါင်းဆောင်ကျင့်ကြံသူသည် မသေမျိုးဝိဉာဉ်အဆင့် ကျင့်ကြံသူဖြစ်ကာ သူ၏စိတ်ဝိဉာဉ်စွမ်းအင်များကို ထုတ်လွှတ်ထားသည်။ ကြီးမားသည့်ခက်ရင်းခွကြီးကိုကိုင်ထားပြီး ကြောက်မက်ဖွယ်အော်ရာလှိုင်းများကို ထုတ်လွှတ်နေသည်။


ရွှေပုစွန်မျိုးနွယ်တဲ့လား...


ပုဖန် မျက်မှောင်ကြုတ်လိုက်ကာ စဉ်းစားနေသည်။ 


ပုစွန်ပိစိက ပုစွန်ဘိုးဘေးလေ... အဲ့တော့သူက ရွှေပုစွန်မျိုးနွယ်စုဆီ ပုစွန်ပိစိကိုခေါ်သွားပေးရမှာလား... ဒါမှမဟုတ် နဂါးနန်းတော်ကိုလား...


၎င်းက ယခုအချိန်တွင် အရေးကြီးသောပြဿနာတစ်ခုဖြစ်နေသည်။


"ငါမေးနေတယ်လေ... မင်းအနေတာလားကွ..."


ရုတ်တရက် ခက်ရင်းခွကြီးကိုကိုင်ထားသော ကျင့်ကြံသူက ပုဖန်၏အတွေးရထားတန်းကြီးကို ဖျက်ဆီးလိုက်သည်။


ပုဖန် ခေါင်းမော့ကာ အော်ဟစ်နေသော ကျင့်ကြံသူကိုကြည့်လိုက်သည်။


"ငါမင်းကိုပြောနေတာလေ... အနေတာလားလို့..."


ကျင့်ကြံသူက ပုဖန်ကိုကြည့်လိုက်ပြီး သူ၏ခက်ရင်းခွက ကျယ်လောင်စွာမြည်လာ၍ ရေမျက်နှာပြင်ပေါ် ရိုက်ချလိုက်သည်။ ရုတ်တရက် ရေမျက်နှာပြင်ပေါက်ကွဲသွားကာ ထိုအချိန်တွင် သူ၏တည်ရှိမှုက တုနှိုင်းမဲ့ဖြစ်နေသည်။


ကျားခေါင်းငါးမန်းက ရေထဲတွင် တုန်ရီနေသည်။


ထိုကျင့်ကြံသူက ၎င်းထက် ပိုမိုသန်မာသဖြင့် သဘာဝဆန်စွာဖြင့် သူ့ကိုခြိမ်းခြောက်နိုင်စွမ်းရှိနေသည်ဖြစ်သည်။


မည်သို့ပင်ဆိုစေ အခြားတစ်ဖက်က ရွှေပုစွန်မျိုးနွယ်မှကျင့်ကြံသူများဖြစ်ကြကာ ၎င်းသာထိုသူများကိုတိုက်ခိုက်ရဲပါက ၎င်း၏အသက်အဆုံးသတ်သွားမည်ဖြစ်သည်။


ရွှေပုစွန်မျိုးနွယ်က ဆုတ်ယုတ်လာပြီဖြစ်သော်လည်း ကုလားအုတ်ပိန်က ဝဖီးနေသောမြင်းထက် ပိုကောင်းနေဆဲဖြစ်သည်။ ထိုမျိုးနွယ်စုကြီးက ကျားခေါင်းငါးမန်းဆန့်ကျင်နိုင်သော မျိုးနွယ်မျိုးမဟုတ်ပေ။


"မင်းပြောတာများနေပြီ... ငါက မဟူရာနဂါးနန်းတော်ကိုသွားနေတယ်ထင်တာ.. ဒါပေမယ့် အခုတော့ ရွှေပုစွန်မျိုးနွယ်စုထဲဝင်ပြီးတစ်ချက်လောက်ကြည့်တာ ကောင်းမယ်ထင်တာပဲ..."


ပုဖန် ပုံမှန်လိုသာပြောလိုက်ပြီး လက်ပတ်ကိုသူ့လက်၌ဖြေးဖြေးချင်း ရစ်ပတ်လိုက်သည်။


ကျင့်ကြံသူ၏မျက်လုံးများ ပြူးကျယ်သွားသည်။


"ဝံ့ကြွားလိုက်တာ...ရွှေပုစွန်မျိုးနွယ်စုက မင်းလာချင်တိုင်းလာလို့ရတဲ့နေရာများမှတ်နေလား..."


ကျင့်ကြံသူ စိတ်တိုသွားကာ ရေတံတိုင်းပေါက်ကွဲသွားသည်။ ကျင့်ကြံသူက သူ၏ကြီးမားလှသော ခက်ရင်းခွကြီးကိုလွှဲရမ်းကာ ပုဖန်ထံဦးတည်လိုက်သည်။


သူပုဖန်ကို တစ်ချက်တည်းဖြင့် အဆုံးသတ်ပစ်ချင်သည်။ သူ ရွှေပုစွန်မျိုးနွယ်စု ဆုတ်ယုတ်လာချိန်တွင်အကျိုးအမြတ်ရလိုရငြား လာချောင်းကြသော ထိုလူကဲ့သို့ သူများစွာကိုမြင်ခဲ့ဖူးပြီးပြီဖြစ်သည်။ 


သို့သော်


ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ်တွက် အေးဆေးထိုင်နေပြီး ခက်ရင်းခွကြီးကိုကိုင်ထားသော ကျင့်ကြံသူကို စူးစူးစိုက်စိုက်ကြည့်နေသည်။ သူ့နှုတ်ခမ်းထောင့်များ တွန့်လိမ်သွားကာ မထူးခြားသည့်ပုံဖြင့်ပြောလိုက်သည်။


"ဘယ်လိုတောင် အသားထူတဲ့ ဂဏာန်းကြီးလဲ..."


ကျင့်ကြံသူ တုန်ယင်သွားကာ သူ့မျက်လုံးများ ကျဉ်းမြောင်းသွားသည်။


အသားထူးတဲ့ဂဏာန်းတဲ့လား...


ဒီလူသားဘာအကြောင်းပြောနေတာလဲ...


သူဘယ်လိုလုပ်ပြီး သူကဂဏာန်းကြီးတစ်ကောင်ဆိုတာသိတာလဲ...


ဘုန်း


ကြီးမားသည့် ခက်ရင်းခွကြီးသည် ကျယ်လောင်သည့်တုန်ခါသံဖြင့် ဒုန်းကနဲဆောင့်မိသွားသည်။


သို့သော် ရွှေပုစွန်မျိုးနွယ်မှ ကျင့်ကြံသူက တဖြေးဖြေးကြောက်ရွံ့လာတော့သည်။


သူ့ရှေ့တွင် လူသားက မျက်နှာသေဖြင့် သူ၏ကြီးမားကာ မာကျောလှသော ခက်ရင်းခွကြီးကို လက်တစ်ဖက်ဖြင့်ဖမ်းကိုင်ထားလေသည်။