အပိုင်း ၉၂၉
Viewers 54k

အခန်း ၉၂၉

ဝှိုက်တီမှာ လျှပ်စီးတွေရှိတယ်


ပုဖန် ဂဏာန်းများအကြောင်းကောင်းကောင်းသိသည်။


သူ လေအလင်းအင်ပါယာတွင်ရှိစဉ်က ပန်းဂဏာန်းကြော် ဟူသောဟင်းပွဲကို ချက်ခဲ့ဖူးသည်။ သို့သော် ပန်းဂဏာန်းကြာ်သည် သူ့ရှေ့ရှိ ဧရာမဂဏာန်းကြီးနှင့် လားလားမှမယှဉ်နိုင်ပေ။ ချက်ပြုတ်ပါဝင်ပစ္စည်းနှစ်ခုကြားတွင် ကွာခြားမှုအကြီးကြီးရှိလေသည်။


စိမ်းပြာရောင် ဂဏာန်းလက်မကြီးကိုလွှဲရမ်းနေသည့် သူကိုကြည့်ပြီး ပုဖန် ကိုးယိုးကားယားဖြစ်သွားသည်။


၎င်းသည် လူသားပုံစံနှင့် ဂဏာန်းတစ်ကောင်ဖြစ်သည်။ ၎င်းဒေါသထွက်သောအခါ ဂဏာန်းပုံစံသို့ ပြန်လည်အသွင်ပြောင်းသွားမည်ဖြစ်သည်။


ဧရာမဂဏာန်းကြီးကိုကြည့်ပြီး ပုဖန်ခပ်ဖွဖွသက်ပြင်းချလိုက်သည်။ သူ့လက်ထဲတွင်ရှိနေသော ဂဏာန်းလက်မကြီးကို ချက်ချင်းပင် လွှတ်ပစ်လိုက်သည်။


ဂဏာန်းကျင့်ကြံသူလည်း ကြောင်အသွားခဲ့သည်။ သူ့ရှေ့တွင် အဆက်မပြတ်ပြောင်းလဲနေသော မြင်ကွင်းကို ပြူးတူးကြောင်တောင်ကြည့်နေရင်း သူ၏ခန္ဓာကိုယ်ကြီး ဝုန်းဟူသောမြည်သံဖြင့် ပင်လယ်ရေမျက်နှာပြင်ပေါ်ကျသွားကာ လှိုင်းလုံးများထွက်ပေါ်လာသည်။


ပုဖန် ငရဲကမ္ဘာသင်္ဘော ကုန်းပတ်ပေါ်တွင်ရပ်နေသည်။ သူ့ခန္ဓာကိုယ်သည် ဧရာမဂဏာန်းကြီး ရေထဲကျသွားသည့်နေရာကို မြှားတစ်ချောင်းနှယ် ဦးတည်သွားလိုက်သည်။


ထိုအချိန်ခဏလေးအတွင်းတွင် ရေမျက်နှာပြင်ပေါက်ကွဲထွက်လာခဲ့သည်။ ကြောက်မက်ဖွယ်ဂဏာန်းကြီးက ၎င်း၏လက်မကြီးများကိုယမ်းကာ ပုဖန်ကို ညှပ်လိုက်သည်။


"သောက်လူသား သေစမ်း..."


ဂဏာန်းကျင့်ကြံသူက ထိုတိုက်ခိုက်မှုထဲတွင် သူ၏အင်အား အကုန်လုံးကိုသုံးလိုက်သည်။ ထိုကဲ့သို့ ကြောက်မက်ဖွယ်စွမ်းအင်အောက်တွင် လေဟာနယ်စူးရှစွာ အော်မြည်လာသည်။


သူတို့နှင့်မနီးမဝေးတွင် ကျားခေါင်းငါးမန်းကြီးက တိုက်ပွဲမှဖိအားများကိုခံစားမိလိုက်သဖြင့် တသိမ့်သိမ့်တုန်ယင်သွားခဲ့သည်။


ဒီဂဏာန်းက ရွှေပုစွန်မျိုးနွယ်စုရဲ့ ကျင့်ကြံသူဖြစ်ဖို့ထိုက်တန်တာပဲ... အရမ်းကို ကြမ်းတမ်းလွန်းတယ်..


သူက ပုစွန်မျိုးနွယ်စုထဲက ဂဏာန်းလေးတစ်ကောင်သာသာဆိုပေမဲ့ သူ၏စွမ်းအင်က ကြောက်စရာကောင်းလောက်အောင် ဖိနှိပ်နိုင်တာပဲ....


ကျားခေါင်းငါးမန်းကြီးက ၎င်း၏ ချွန်ထက်နေသောသွားစွယ်များရှိသော ပါးစပ်ကြီးကိုဟ၍ ရေများကိုမှုတ်ထုတ်လိုက်သည်။ အမှန်တကယ်တွင် သူ့ထံ၌ ရွှေပုစွန်မျိုးနွယ်စု၏ကျင့်ကြံသူက ထိုလူသားကို အသားပြားဖြစ်သွားအောင် ဖျစ်ညှစ်ပစ်သွားစေချင်ခဲ့သည်။


ထိုလူသားက ၎င်းကိုညှင်းပန်းနှိပ်စက်ပြီး သူတို့၏ သင်္ဘောကိုဆွဲသွားစေခဲ့သည်။ ၎င်းက ငါးမန်းတစ်ကောင်အတွက် ကြောက်မက်ဖွယ်ရာအတွေ့အကြုံတစ်ခုဖြစ်၍ ထိုလူသားကိုမုန်းသည်ထက် မုန်းလာမိသည်။


မည်သို့ပင်ဆိုစေ ၎င်းသည် အဏ္ဏဝါမျိုးစိတ်သတ္တဝါတစ်ကောင်ဖြစ်သည်။ ၎င်းသာ ရွှေပုစွန်မျိုးနွယ်စု၏ လက်အောက်သို့ခိုလှုံခွင့်ရပါက ၎င်း၏ အသက်လေးကိုကယ်နိုင်ပေလိမ့်မည်။ သို့သော် ထိုလူသားသာရှိနေသေးလျှင် မည်သို့ဆက်ဖြစ်မည်မှန်း ဘုရားသာ သိပေလိမ့်မည်။


ထို့ကြောင့် ငါးမန်းကြီးက ထိုလူသားအသတ်ခံရစေရန် မျှော်လင့်နေမိသည်။ ထို့အပြင် ၎င်းနောက်ကျောရှိ သင်္ဘောကြီးကိုလည်း တစ်စစီပျက်ဆီးသွားစေချင်နေသည်။


သို့သော် ၎င်း၏ စိတ်ကူးယဉ် မျှော်လင့်ချက်များအားလုံး ဖြစ်မလာခဲ့ပေ။


အဘယ့်ကြောင့်ဆိုသော် ဂဏာန်းကျင့်ကြံသူ၏တိုက်ခိုက်မှုက ထိုလူသားကို မည်သည့် နာကျင်မှုနှင့် အန္တရာယ်ကိုမှမပေးနိုင်သောကြောင့် ဖြစ်သည်။


ထိုလူသားက အလွန်အမင်းသန်မာလှပြီး မသေမျိုးဝိဉာဉ်အဆင့်ရှိ ဂဏာန်းတစ်ကောင်၏ တိုက်ခိုက်မှုကို အေးဆေးသက်သာစွာ ပုတ်ထုတ်လိုက်သည်။


ဘုန်း


နောက်ထပ်ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာကာ ရေမျက်နှာပြင်ကိုလှုပ်ခါသွားစေသည်။ ပုဖန် ဧရာမဂဏာန်းကြီးကို နောက်တစ်ကြိမ် အဝေးသို့ ပစ်လွှတ်လိုက်ပြန်သည်။


ကျားခေါင်းငါးမန်း ဆွံ့အသွားခဲ့သည်။ ပြန်လည်ဆန့်ကျင်တိုက်ခိုက်ရန် စွမ်းအင်အနည်းငယ်မျှပင် မရှိတော့သော ဂဏာန်းကျင့်ကြံသူကိုကြည့်၍ ပို၍စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့သည်။


ထိုလူသား ၎င်းအပေါ်အုပ်မိုးနေခဲ့သော အရိပ်မဲကြီးက ပိုမိုထူထပ်လာပြီး ထိုလူသားနှင့် တွေ့ဆုံခဲ့ရခြင်းသည် ၎င်းအတွက် ကြေကွဲဖွယ်ဖြစ်ရပ်ကြီးတစ်ခုဖြစ်နေလေသည်။


ရွှေပုစွန်မျိုးနွယ်စု၏ ကျင့်ကြံသူများသည် ဂဏာန်းကျင့်ကြံသူက ထိုလူသား၏ပြိုင်ဖက်တစ်ယောက် မဟုတ်မည်ဖြစ်ကြောင်း တစ်ခါမျှမတွေးမိခဲ့ဘူးပေ။ သူတို့၏ခေါင်းဆောင် ဒုက္ခရောက်နေသည်ကိုမြင်သောအခါ အခြားသော ဂဏာန်းကျင့်ကြံသူများက သူတို့၏ လက်မကြီးများကို လွှဲရမ်းကာ ပုဖန်ထံပြေးဝင်သွားကြသည်။


ပုဖန်က ပင်လယ်ရေမျက်နှာပြင်ပေါ်တွင် တည်တည်ငြိမ်ငြိမ်ရပ်နေပြီး သူ၏အနီရောင်စားဖိုမှူးဝတ်ရုံက လေနှင့်အတူ လူးလွန့်နေသည်။ သူမျက်စိလှန်လိုက်ကာ သူ့ထံပြေးဝင်လာသော ဂဏာန်းများကိုကြည့်၍ သူ့နှုတ်ခမ်းထောင့်များ ကွေးညွတ်သွားသည်။


ခဏအကြာတွင်


သူစိတ်စွမ်းအင်များ ထုတ်လွှတ်လိုက်သဖြင့် ၏ စိတ်ဝိဉာဉ်ပင်လယ်တွင် လှိုင်းများထန်လာသည်။ ထိုစိတ်စွမ်းအင်များက လှိုင်းလုံးတစ်ခုနှယ် နေရာအနှံ့သို့ လွှမ်းခြုံသွားသည်။


ဘုန်း


ပင်လယ်မျက်နှာပြင်သည် ကြောက်မက်ဖွယ် အာလှိုင်းကြီးဖြင့် ဖိချခံလိုက်ရသလို ချိုင့်ဝင်သွားခဲ့သည်။


အလုံးအရင်းပြေးဝင်လာကြသော ဂဏာန်းများက ပင်လယ်အတွင်းသို့ ဖိချခံလိုက်ရသည်။ သူတို့မျက်လုံများ ပြူးကျယ်သွားကာ သူတို့၏မျက်နှာတွင် မယုံကြည်နိုင်ဘူးဟူ၍ ရေးသားထားသလိုဖြစ်နေသည်။


လေထဲရှိ ကြောက်မက်ဖွယ်ဖိအားက ထိုလူသား မည်မျှစွမ်းအားကြီးကြောင်းပြသနေသည်။ သူတို့ ထိုကဲ့သို့ ဖိနှိပ်နိုင်စွမ်းပြင်းလှသော အော်ရာကို တစ်ခါမျှ မခံစားဖူးကြပေ။


ပင်လယ်ရေမျက်နှာပြင်က ပန်းကန်လုံးတစ်ခုနှယ် ချိုင့်ဝင်သွားပြီး ပုဖန်က ထိုချိုင့်ကြီး၏အလယ်တွင် မတ်တတ်ရပ်နေသည်။ သူ့ပတ်ပတ်လည်တွင် လှိုင်းလုံးများ အဆက်မပြတ်မြင့်တက်နေသည်။


ထို့နောက် သူ ပင်လယ်ရေမျက်နှာပြင်ပေါ် ခြေဖျားထောက်လိုက်ပြီး သူ၏ခန္ဓာကိုယ်ကကောင်းကင်ယံသို့ နဂါးတစ်ကောင်နှယ်ထိုးတက်သွားသည်။


ဘုန်း


ဂဏာန်းကျင့်ကြံသူများ ပင်လယ်ထဲတွင် နေနေရန်ဖိအားပေးခံနေရသည်။ သူတို့၏ခန္ဓာကိုယ်များ တွန့်လိမ်၍ ဂဏာန်းများအသွင် ပြန်ပြောင်းသွားကြသည်။ သူတို့၏ ဂဏာန်းလက်မများကို မြှောက်၍ ဘာလုပ်ရမည်မသိဖြစ်နေကြသည်။


"ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်လေ... ငါ့ရဲ့ လယ်မြေထဲမှာ ... ပင်လယ်စာတွေအများကြီးလိုနေသေးတာပဲ မင်းတို့ကောင်တွေကို ခေါ်သွားလိုက်တာပေါ့..."


ပုဖန် ရေရွတ်လိုက်သည်။


သူပြောသည်ကို ဂဏာန်းများကြားသောအခါ အလွန်ထိတ်လန့်သွားကြသည်။


အဲ့လူ ဘာတွေပြောနေတာလဲ....


ဝီး


ရုတ်တရက် ဆန်းကြယ်လှသော အားတစ်ခုထွက်ပေါ်လာကာ သူတို့ကို မူးဝေသွားစေခဲ့သည်။ ချက်ချင်းပင် သူတို့ပင်လယ်ရေမျက်နှာပြင်ပေါ်မှ ပျောက်ကွယ်သွားသည်။


ကျားခေါင်းငါးမန်းသည်လည်း ကောင်းကင်ပေါ်သို့ မြောက်တက်သွားပြီးနောက် ဆန်းကျယ်စွာပျောက်ကွယ်သွားခဲ့သော ဂဏာန်းကျင့်ကြံသူများကိုကြည့်၍ ကြောင်အနေခဲ့သည်။


အဲ့လူသား သူတို့ကိုဖောက်ခွဲပစ်တာလား...


ခေါင်းဆောင်ဖြစ်သူ ဂဏာန်းကျင့်ကြံသူက သူ့ ခေါင်းကို ပင်လယ်ထဲမှဆန့်ထုတ်၍ ပုဖန်ကို ထိတ်လန့်တကြီးကြည့်နေပြီး သူ၏ခန္ဓာကိုယ်က ပြင်းပြင်းထန်ထန် တုန်လှုပ်နေသည်။


ပုဖန် လက်ပိုက်ထားရင်း တုန်ရီနေစော ဂဏာန်းကိုကြည့်လိုက်သည်။


"အခု... ငါ့ကို ရွှေပုစွန်မျိုးနွယ်စုကို ခေါ်သွားလို့ရပြီလား..."


ခေါင်းဆောင် ဂဏာန်း ငိုချင်သွားသည်။ သူသာ ထိုလူသားက အင်အားကြီးမှန်းသိခဲ့ပါက အင်အားသုံးခဲ့မည်မဟုတ်ပေ။


အဆုံးမဲ့ပင်လယ်သို့ လူပေါင်းများစွာလာရောက်ခဲ့ကြသော်လည်း သူထိုလူကဲ့သို့သော ရက်စက်ကြမ်းကြုတ်လှသည့် လူသားကို ပထမဆုံးမြင်ဖူးချင်းဖြစ်သည်။


"ဟုတ်..ဟုတ်ကဲ့ ရပါပြီ.."


ဂဏာန်းကျင့်ကြံသူ သူ၏လက်မကြီးကိုသာ ဝေ့ယမ်းပြရုံသာ တတ်နိုင်လေသည်။


ဝှစ်


ပုဖန် သူ၏စိတ်စွမ်းအင်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ ရုတ်ချည်းပင် ပင်လယ်ပြင်က ပြန်လည်ငြိမ်သက်သွားပြီး ပန်းကန်လုံးတစ်လုံးနှယ် ချိုင့်ဝင်နေသော ပင်လယ်ရေမျက်နှာပြင်သည်လည်း ပြန်လည်ကောင်းမွန်သွားသည်။


ပုဖန် ငရဲကမ္ဘာသင်္ဘောပေါ် သက်ဆင်းလိုက်ပြီး ကုန်းပတ်ပေါ်မတ်တတ်ရပ်နေသည်။ သူရေပြင်ထဲတွင် တုန်ရီနေသော ကျားခေါင်းငါးမန်းကြီးကိုကြည့်လိုက်သည်။


နယ်သာရီနှင့် အခြားသူများ ပုဖန်ကိုကြည့်လိုက်ကြသည်။ သူတို့အားလုံး ပုဖန်၏ ကျင့်ကြံဆင့် ထိုမျှ မြင့်မည်ဟု မထင်ခဲ့ကြပေ။


"မင်း ကျားခေါင်းငါးမန်း.... မင်းလည်းငါ့ရဲ့ယာတောထဲမှာ နေသင့်တယ်... ငါကြားဖူးတာတော့ ကျားခေါင်းငါးမန်းသားက ကောင်းကောင်းချက်တတ်ရင် အတော်လေးစားကောင်းတယ်ဆိုပဲ..."


ပုဖန် မေးစေ့ကိုပွတ်ရင်း ပုံမှန်လိုပြောလိုက်သည်။


ကျားခေါင်းငါးမန်းကြီး တုန်ရီသွားပြီး သူ့အမြှီးပင် တဆတ်ဆတ်တုန်ယင်နေသည်။


ချက်ချင်းပင် ထွက်ပြေးရန်ကြိုးစားတော့သည်။


သောက်ကျိုးနည်း...


ကျားခေါင်းငါးမန်းကြီးလည်း ပေါက်ကွဲ၍မသေချင်သေးပေ။


ကျားခေါင်းငါးမန်းကြီး ထွက်ပြေးနေသည်ကိုကြည့်ပြီး ပုဖန် သက်ပြင်းချလိုက်သည်။


"ဝှိုက်တီ... သူ့ကိုဒီပြန်ခေါ်လာခဲ့..."


ဝီး


ဝှိုက်တီ သင်္ဘောအခန်းထဲမှ ထွက်လာကာ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် လျှပ်စီးကြောင်းတို့ ကခုန်နေသည်။ ပုဖန်၏အမိန့်ကိုရလိုက်သည့်အချိန်တွင် သူ့မျက်လုံးထဲတွင် လျှပ်စီးကြောင်းတို့ ဖြတ်ပြေးသွားသည်။


ခဏအကြာတွင် ဝှိုက်တီ ကုန်းပတ်ပေါ်မှ ပြေးထွပ်လာကာ ခုန်ချလိုက်သည်။ သူ၏သတ္တုအတောင်ပံများလည်း ဖြန့်ထွက်လာကာ မိုးကြိုးလျှပ်စီးတို့က အဆက်မပြတ်ထွက်ပေါ်နေသည်။


ဘုန်း


ပင်လယ်ရေမျက်နှာပြင်က ဝှိုက်တီ၏ဖိအားကြောင့် နှစ်ခြမ်းကွဲသွားခဲ့သည်။ ပုဖန်၏ ထောင်လွှားလှသော လှုပ်ရှားမှုနှင့်ယှဉ်လျှင် ဝှိုက်တီကသာ သားရဲကြီးတစ်ကောင်နှင့်တူလေသည်။ ၎င်း၏ခြေလှမ်းတစ်လှမ်းစီက ပင်လယ်ရေမျက်နှာပြင်ကို ပေါက်ကွဲစေသည်။


ဘုန်း


ခဏအကြာတွင် ရေအောက်ထဲသို့ထိုးဆင်းကာ ထွက်ပြေးသွားသော ကျားခေါင်းငါးမန်းကြီးက ၎င်းအပေါ်မှ အရိပ်တစ်ခုထွက်ပေါ်လာသည်ဟု ခံစားလိုက်ရသည်။


ကျားခေါင်း ငါးမန်းကြီးမျက်လုံးများ ပြူးကျယ်သွားအောင် အံ့ဩသွားခဲ့သည်။ ထို့နောက် သစ်ရွက်နှင့်တူသော လက်ကြီးတစ်ဖက်က သူ့ကိုပွတ်သပ်နေလေသည်။


ကျားခေါင်း ငါးမန်းကြီးဒေါသထွက်သွားသည်။ ၎င်းက ထိုလူသားကိုကြောက်သော်လည်း ဤသံရုပ်သေးရုပ်ကလည်း သူ့ကိုစော်ကားရဲသည်လား။


ငါဆိုတဲ့ငါးမန်းက အဲ့သံတုံးကြီးကိုမြိုချပြမယ်ကွ...


ဘုန်း


ပေါက်ကွဲသံတစ်ခုထွက်ပေါ်လာပြီး ကျားခေါင်းငါးမန်းကြီ ၎င်း၏အမြှီးကို ရမ်းခါ၍ ပင်လယ်ရေမျက်နှာပြင်ပေါ်တက်လာခဲ့သည်။


တောက်ပနေသော ပုဖောင်းလေးများ ပျောက်ကွယ်သွားတော့သည်။


၎င်းသည် ခမ်းနားကာယုံကြည်မှုရှိရှိဖြင့် အကြံဉာဏ်ကောင်းတို့ကိုပေါင်းစပ်ကာ ပြီးပြည့်စုံသောခုန်လျှိုးမှုတစ်ခုဖြစ်သည်။


သို့သော် ထိုလှပသည့် ခုန်လျှိုးချက်ကြောင့် ကျားခေါင်းငါးမန်းကြီး ခေါင်းကိုအထုခံလိုက်ရသည်။


ကျားခေါင်းငါးမန်းကြီး၏ခုန်ထွက်လာမှုနှင့် ရင်ဆိုင်ရသောအခါ ဝှိုက်တီ၏ သတ္တုအတောင်ပံကို တဖျပ်ဖျပ်ခတ်လိုက်ပြီး အနောက်သို့အနည်းငယ် တိမ်းရှောင်လိုက်ကာ ခြေဆောင့်ချလိုက်သည်။


၎င်းသည် ကျားခေါင်းငါးမန်း၏ခေါင်းပေါ် အားကြီးဖြင့် နင်းချလိုက်ခြင်းဖြစ်သည်။


ဘမ်း


ကျားခေါင်းငါးမန်းကြီး၏ခန္ဓာကိုယ်ကြီး ရေထဲပြန်ကျသွားခဲ့သည်။ 


ဝှိုက်တီ၏မျက်လုံးများ တောက်ပလာကာ ခဏအကြာတွင် ၎င်း၏ဗိုက်ထဲမှ အနက်ရောင်တွင်းပေါက်တစ်ခုထွက်ပေါ်လာပြီး နီရဲတောက်လောင်နေသော နတ်ဘုရားသတ်တုတ်က ၎င်း၏လက်ထဲတွင် ပေါ်လာခဲ့သည်။


စစ်နတ်ဘုရားတုတ်ကိုလက်တစ်ဖက်တွင် ကိုင်ထားပြီး ရေပြင်ထဲပြုတ်ကျသွားသော ကျားခေါင်း ငါးမန်းကိုကြည့်လိုက်သည်။


ရွဲ ရွဲ


စစ်နတ်ဘုရားတုတ်မှ ကြောက်မက်ဖွယ် မိုးကြိုးချက်များထွက်ပေါ်လာသည်။


သူတို့နှင့်အဝေးတွင် ပုဖန်ငရဲကမ္ဘာသင်္ဘောပေါ်တွင်ရပ်နေသည်။ အဝေးမှဖြစ်သော်လည်း သူမိုးကြိုးချက်မှာ ကြောက်မက်ဖွယ်အော်ရာကို ခံစားနေရဆဲဖြစ်သည်။


ရေထဲရှိ ခေါင်းဆောင်ဂဏာန်းသည်လည်း ထိတ်လန့်ကြောက်ရွံ့နေကာ ရေထဲမှ ဖြူဖျော့နေသောပုံဖြင့် ခုန်ထွက်လာသည်။


ဒီသောက်ကျိုးနည်းရုပ်သေးရုပ်က မိုးကြိုးပစ်ချနိုင်တယ်ဟ...


သူတို့လို အဏ္ဏဝါမျိုးစိတ်တွေအတွက် ဘာကကြောက်ဖို့အကောင်းဆုံးလဲ...


မိုးကြိုးချက်တွေပဲပေါ့...


သူတို့အတွက် မိုးကြိုးဟူသည်မှာ အိပ်မက်ဆိုးသာဖြစ်သည်။ ပင်လယ်ပြင်ထက် ကောင်းကင်ယံတွင် မိုးကြိုးမုန်တိုင်းများပေါ်လာပါက အဏ္ဏဝါမျိုးစိတ်များက ပင်လယ်ရေအောက်အနက်ထဲတွင် ပုန်းအောင်းနေကြမည်ဖြစ်သည်။ သူတို့အပြင်ထွက်ပြီးမနေရဲကြပါ။ မဟုတ်ပါက မိုးကြိုးများက သူတို့ကို သေသည်အထိပစ်ချပေလိမ့်မည်။


ပုဖန် မျက်တောင်ခတ်လိုက်မိသည်။


ပန်းပွင့်လေး လက်ရန်းကိုမှီပြီး သူတို့နှင့်အဝေးရှိ တိုက်ပွဲကို စိတ်ဝင်တစားကြည့်နေသည်။


အမှန်ပင်


ကျားခေါင်းငါးမန်းကြီး ပင်လယ်ရေနက်ထဲသို့ထိုးကျသွားသည်။ ခဏအကြာတွင် ၎င်း၏ဝမ်းဗိုက်ဖြူဖြူကြီးကိုပြ၍ ရေပေါ်ပေါ်လာတော့သည်။


၎င်း၏ခန္ဓာကိုယ်က တုန်ရီနေလေသည်။


ဝှိုက်တီ၏ထိုးနှက်မှုကြောင့် ငါးမန်းကြီးဓာတ်လိုက်၍ သေမလိုဖြစ်သွားခဲ့သည်။ ဝှိုက်တီ ရေပြင်ပေါ်လမ်းလျှောက်၍ ကျားခေါင်းနဂါးကြီးကို အမြှီးမှသယ်လာခဲ့သညခ။ ၎င်း၏သတ္တုအတောင်ပဲများကို ပြန်သိမ်းလိုက်ကာ ပုဖန်အနောက်တွင် ဆင်းသက်လိုက်သည်။


ထိုအချိန်တွင် ပုစွန်ပိစိက ဝှိုက်တီခေါင်းပေါ်တွင် ပူဖောင်းများမှုတ်ထုတ်နေသည်။


ကျားခေါင်းငါးမန်းကြီးကို သူ၏လယ်ယာမြေထဲသို့ ထည့်ပြီးနောက်တွင် ပုဖန်၏ လယ်ယာမြေထဲမည်သို့ဖြစ်နေသလဲ သိချင်လာသည်။ သို့သော် သူ့တွင် ထိုအကြောင်းဂရုစိုက်ရန် အချိန်မရှိပေ။


သူလုံးဝစိတ်မပူပေ။ မည်သို့ပင်ဆိုနေပါစေ နျိုဟန်ဆန်း သူ၏လယ်ယာမြေကိုစောင့်ရှောင့်မည်ဖြစ်သည်။ ထိုနတ်ဆိုးက ဤအဏ္ဏဝါမျိုးစိတ်များထက် သန်မာသည်ဖြစ်၍ ထိုသတ္တဝါများက လယ်ယာမြေထဲတွင် လေသံပင်ထွက်နိုင်မည်မဟုတ်ချေ။


ခေါင်းဆောင်ဂဏာန်းသည် ပုဖန်၏အင်အားကိုသိသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်တွင် သူတုံ့ဆိုင်းမနေတော့ပဲ လမ်းညွှန်ပေးလိုက်တော့သည်။


သူစိတ်အားထက်သန်စွာနှင့် လိုလိုလားလားသဘောတူရခြင်းမှာ ပုစွန်ဘိုးဘေးက ရုပ်သေးရုပ်၏ခေါင်းပေါ်တွင် လှဲလျောင်းနေခြင်းကြောင့်ဖြစ်သည်။


သဘာဝအားဖြင့်ခေါင်းဆောင်ဂဏာန်းက ပုစွန်ဘိုးဘေးကိုသိလေသည်။ သို့သော် သူမထင်ထားသည်မှာ ဤလူသားက ရွှေပုစွန်မျိုးနွယ်၏ပုစွန်ဘိုးဘေးကို ပြန်လည်ဆောင်ယူလာသူဖြစ်သည်ဟု မထင်ထားခဲ့ခြင်းဖြစ်သည်။


ထိတ်လန့်နေသောအမူအယာဖြင့် ပုဖန်နှင့် ပုစွန်ပိစိကိုကြည့်လိုက်ကာ ပင်လယ်ရေအောက်ထဲသို့ ခုန်ဆင်းသွားခဲ့သည်။


ပုဖန် ကြောင်အသွားကာနယ်သာရီကို လှည့်ကြည့်လိုက်သည်။


နယ်သာရီ လက်နှစ်ဖက်ကို သူမရင်ဘတ်ရှေ့တွင်ယှက်ထားကာ စိတ်တွင်းအမိန့်ပေးလိုက်သည်။


ရုတ်ချည်းပင် ငရဲကမ္ဘာသင်္ဘောက တဖြေးဖြေးချင်း ရေအောက်ထဲငုတ်လျှိုးသွားတော့သည်။


ပုဖန် ပိုမို အံ့အားသင့်သွားသည်။


ငရဲကမ္ဘာသင်္ဘောသာ ရေထဲငုတ်နိုင်ရင် သူခုဏကဘာလို့ ရေပြင်ထဲဒိုင်ဗင်ဆင်းခဲ့ရတာလဲ...


နယ်သာရီက ပြန်ဖြေပေးရန် အလွန်ပျင်းနေခဲ့သည်။


ငရဲကမ္ဘာသင်္ဘောက လျှို့ဝှက်နယ်မြေထဲသို့သွားနိုင်ပါက ရေထဲငုတ်လျှိုးရန်မှာပြဿနာမရှိပေ။


မှိန်ဖျော့ပါးလွှာသောအလွှာတစ်ခုက သင်္ဘောတစ်စင်းလုံးကို လွှမ်းခြုံသွားပြီး ပင်လယ်ရေများဝင်ရောက်လာမည်ကို ကာကွယ်ထားသည်။


ခေါင်းဆောင်ဂဏာန်းသည် ငရဲကမ္ဘာသင်္ဘောရှေ့မှဦးဆောင်၍ ကူးခတ်ကာ လမ်းပြနေသည်။ ခဏအကြာတွင် မြင်ကွင်းပြောင်းလဲသွားလေသည်။


သူတို့၏မျက်လုံးရှေ့တွင် လှပသောရေအောက်မြို့တော်တစ်ခု ပေါ်ထွက်လာခဲ့သည်။